ညစာစားပြီးနောက် ရှီမာယူယူထွက်သွားရန်ပြင်ဆင်နေသည်ကို ဝူလင်းယူတွေ့လိုက်သည်။
“မင်းဘယ်သွားမလို့လဲ” သူရုတ်တရက်မေးလိုက်သည်။
“တောင်တွေဘက်ကိုသွားမလို့” သူမပြန်ပြောလိုက်သည်။
“ငါလည်းမင်းနဲ့လိုက်မယ်” သူ အရွှန်းဖောက်လိုက်သည်။
“ဘာပြောတယ်” သူမ တုန်လှုပ်စွာ သူ့အားကြည့်လိုက်သည်။ ဝူလင်းယူတွင်လည်း စိတ်ရှုပ်ထွေးသော အမူအရာဖြစ်နေပြီး တစ်ခဏမျှ တစ်ယောက်နှင့်တစ်ယောက် ကြက်သေသေကာကြည့်နေကြသည်။ သူကိုယ်တိုင်ပင် ဘာလို့အဲလိုပြောလိုက်မှန်းမသိပါ။
“အဟွတ်” “ကောင်းပြီ ဒီတစ်ခါငါ့အလှည့်ပဲ မင်းအပြင်မှာ ဘာလုပ်လဲဆိုတာ သိချင်တာ” ယူလင်းယူ ခေါင်းညိတ်လိုက်ကာ ထိုစကား သည် သူ့ကိုယ်တိုင် လက်ခံအောင်ပြောသည့်စကားလား ရှီမာယူယူ လက်ခံအောင်ပြောသည့်စကားလား မသေချာပါ…
သူ့အပြုံးအား ရှီမာယူယူမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည် “ဒီအပြုံးက အတုမှန်းသိသာလွန်းတယ် ခင်ဗျားမပြုံးတာကောင်းမယ်’
သူ့မေးစေ့အားကိုင်လိုက်ကာ ပြောလိုက်သည်။ “တခြားသူတွေကတော့ ငါ့အပြုံးက နေရောင်နဲ့တူပြီး သူတို့မျှော်လင့်ချက်နဲ့ နွေးထွေးတာကို ယူလာပေးတယ်တဲ့ ပြီးတော့ သူတို့ကျော်ကြားတာကို ခံစားနိုင်….”
“အဲလူတွေက ကန်းနေတာပဲ” သူမ စကားစဖြတ်လိုက်ကာ သူ့အား ပေါ့ပြက်ပြက် ကြည့်လိုက်သည်။
“ဟားဟား..” ဝူလင်းယူသည် ဟန်မဆောင်နိုင်စွာ ကျယ်လောင်စွာရယ်လိုက်သဖြင့် သူ့ရောင်ဝါသည် ပြောင်းလဲသွားတော့သည်။
သူ့အပြုံးသည် အလွန်တရာနက်သောချောက်အတွင်းတွင် တောက်ပသော နေရောင်ကဲ့သို့ ပြောင်းလဲသွားသည်။ သူ့မျက်နှာအသွင်အပြင်နှင့် ပြောပုံဆိုပုံမှာ ပြောင်းလဲသွားပြီး သူ့မျက်လုံးများသည် ရိုးသားကြည်လင်သော မျက်လုံးများအဖြစ်ပြောင်းလဲသွားပြီး သူ၏မကောင်းဆိုးဝါးကဲသို့ပြုမူပုံသည် လုံးဝတခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားတော့သည်။
“ဒါက ခင်ဗျားရဲ့ပုံစံအစစ်ဖြစ်မယ်” ရှီမာယူယူ သူ့အားကြည့်ကာ ဂရုမစိုက်သလိုပြောလိုက်သည်။
အရင်လူသည် ပြိုင်ဘက်ကင်းသော မြင့်မြတ်သောသူဖြစ်ပြီး သူစကားပြောသောအခါတွင် အရောင်အဝါများ တောက်ပလျက်ရှိသည်။ သို့သော် သူမရှေ့တွင် ရှိသော သူသည် လုံးဝကွဲပြားပြီး အန္တရာယ်များသော အငွေ့အသက်ရှိသည်။
ထိုသဘောတူညီချက်သည် ရိုးရှင်းစွာကောင်းလှသည်။
သူမ မျက်စိနှင့်မမြင်ရလျှင် ထိုသူသည် တစ်ယောက်တည်းဖြစ်သည်ဆိုသည်ကို သူမ ယုံနိုင်မည်မဟုတ်ပေ။
“အခု ငါ့ကိုခေါ်သွားလို့ရပြီလား” သူ ရယ်မောခြင်းတစ်ပိုင်းတစ်စနှင့် သူမအားမေးလိုက်သည်။
သူမ သည်တွေဆဲဖြစ်သည်။ တကယ်လို့ သူ့အားခေါ်သွားလျှင် ရာဟွောင်နှင့် သူမတို့ စာချုပ်အကြောင်းကို သိသွားတော့မည်။
“မစိုးရိမ်ပါနဲ့ ငါဘာကိုပဲမြင်မြင် ဘာမှမပြောပါဘူး” သူရယ်လိုက်သည်။ “ဘာမှပြောစရာမရှိပေမယ့်ပေါ့”
ရှီမာယူယူ သူ့မျက်လုံးများကိုကြည့်လိုက်သည်။ သူလိမ်ညာခြင်းမရှိသည်ကို သူမသိနေသည်။ “ကောင်းပြီ ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့ ဒါပေမယ့် ကျွန်တော့်မှာ ခင်ဗျားကိုဂရုစိုက်ဖို့အချိန်မရှိဘူးနော်”
“ကိစ္စမရှိပါဘူး” သူရယ်လိုက်သည်။ သူမသည် အားနည်းနေသည်။ သူ့အား ကာကွယ်မည်ဆိုသည်က ဟာသ တစ်ရပ်ပင်။
ဂူမှထွက်သည်နှင့် ရှီမာယူယူသည် ရာဟွောင်အားခေါ်လိုက်ပြီး သူ့နောက်ကျောသို့တက်ကာ ဝူလင်းယူဘက်လှည့်ပြီး ပြောလိုက်သည် “တက်လာခဲ့လိုက်”
ဝူလင်းယူသည် အံ့သြသွားသည်။ ဒီကောင်လေးမှာ နောက်ထပ် ဝိညာဉ်သားရဲရှိနေတာလား။ ပုံမှန်ဆိုလျှင် သူမလက်ရှိအားနှင့်ဆိုလျှင် စာချုပ်သားရဲတစ်ကောင်သာရှိရမည်။ သူမ ခေါ်လိုက်သော ဝိညာဉ်သားရဲမှာ သူတော်စင် အဆင့်ရှိသည်ကိုတော့ ပြောစရာပင်မလိုပေ။ ထိုစွမ်းဆောင်မှုမျိုးသည် သူမတွင် သန်မာသော စိတ်နှင့် လိပ်ပြာရှိမှသာ လုပ်ဆောင်နိုင်မည်။
သူ မှင်တက်စွာကြည့်နေသည်ကို ရှီမာယူယူမြင်သောအခါ သူသည် တခြားသူများနှင့် နီးနီးကပ်နေရသည်ကို မကြိုက်မှန်းသတိရသွားသည်။ “ခင်ဗျားမတက်ချင်ရင် ပြန်သွားလေ”
သူမ ချိုသာစွာပြုံးလိုက်ပြီး လှည့်လိုက်သည်။
ရာဟွောင် ထွက်သွားရန်ပြင်လိုက်ချိန်တွင် နွေးထွေးသော လက်တစ်စုံသည် သူမခါးအား အနောက်မှ တင်းတင်းကြပ်ဖက်လိုက်သည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
“ငါအခု ဝိညာဉ်စွမ်းအားကို မသုံးနိုင်ဘူး အဲဒါကြောင့် မင်းကို တင်းတင်းဖက်ထားမှရမယ်” ဝူလင်းယူ သူမအားမှီပြီး အသံတိုးတိုးဖြင့် သူမအားတွင် ကပ်ပြောလိုက်သည်။
သူမ မျက်နှာသည် မှောင်မိုက်သွားတော့သည်။ သူမ သူ့အားမမြင်ရသော်လည်း ခပ်တန်းတန်းအပြုံးကို ပြုံးနေမည်ကို သူမခံစားမိသည်။
“ဒါဆိုလည်း ကောင်းကောင်းကိုင်ထား ရာဟွောင် သွားကြမယ်” သူမအမိန့်အား ကြားသည်နှင့် သူခုန်ပေါက်ကာ မနေ့ကကဲ့သို့ အပြင်ပိုင်းသွားသည့်လမ်းအတိုင်း ထွက်လာခဲ့သည်။
ပူလွောင်တောင်တန်းအစွန်းသို့ရောက်သောအခါ ဝူလင်းယူ ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်လိုက်ကာ မေးလိုက်သည် “မင်းဒီမှာဘာလာလုပ်တာလဲ”
“ခဏနေရင် သိလိမ့်မယ် ဒါပေမယ့် ခဏလောက်တော့ထွက်သွားပေး ခင်ဗျားဒဏ်ရာရရင် ကျွန်တော်တာဝန်မယူဘ့ူးနော်”
သူမ တောင်းဆိုချက်အား သူစိတ်ရှုပ်သွားသော်လည်း ခဏအကြာတွင် သူမ ဒီကိုလာသောအကြောင်းကို သိရှိသွားတော့သည်။
ဒီတစ်ကြိမ်တွင် သူမ မနေ့က တွေ့ခဲ့သော ဝိညာဉ်သားရဲများထက် အဆင့်မြင့်သော မြွေပွေးနှင့် ထိပ်တိုက်တွေ့သည်။
သူမ မနေ့ကသာ ထိုမြွေအားတွေ့ခဲ့ပါက ရှုံးနိုင်ချေရှိသည်။ သို့သော် မနေ့ကတိုက်ပွဲနှစ်ပွဲတိုက်ပြီးနောက် သူမ ဝိညာဉ်စွမ်းအားအသုံးပြုသော အရည်အချင်းမှာတိုးတက်လာပြီး ဝိညာဉ်သားရဲများနှင့် တိုက်ခိုက်မှုတွင် ထိုးထွင်းမြင်နိုင်စွမ်းမှာ တိုးတက်လာသည်။
ထိုတိုက်ပွဲအား စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်ရန် ဝူလင်းယူသည် သစ်ပင်အားပျင်းရိစွာမှီလိုက်သည်။ သူသည် တိုက်ပွဲအား ရှင်းရှင်းလင်းမြင် ရသော အနည်းငယ်ကွားဝေးသော နေရာတွင်ရှိပြီး သေးငယ်သောလူသားနှင့် ကြီးမားသော ဝိညာဉ်သားရဲတို့အကြားမှ ပြင်းထန်သော တိုက်ပွဲကိုမြင်နေရသည်။ အကြိမ်များစွာ မြွေပွေး၏ ကိုက်ဖြတ်မှုကို ရှီမာယူယူ အနီးကပ် ကပ်လွတ်သွားသည်။ သူမသည် အကြိမ်တိုင်းတွင် သီသီကလေး လွတ်မြောက်သွားခြင်းဖြစ်သည်။
တိုက်ပွဲကြာလေ သူမသည် ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ ထိုခန္ဒာကိုယ်အား အသုံးချကာတိုက်ခိုက်တော့သည်။ ပစ်မှတ်ထိရန် သူမလှုပ်ရှားချင်သည့်အတိုင်း သူမ ခန္ဒာကိုယ်သည် ကျင့်သားရလာသည်။ တိုက်ခိုက်ခါစထက် မြွေပွေး၏တိုက်ခိုက်မှုကို ပို၍လွယ်ကူစွာ ရှောင်ရှားလာနိုင်သည်။ အစပိုင်းတွင် သူမအသက်စွန့်၍ သီသီလေး လွတ်မြောက်သည်ကို မြင်တွေ့ရပြီး အခုတော့ သူမ လှုပ်ရှားသည်ကို ရှင်းရှင်းလင်းလင်းတွေ့ရတော့သည်။ သူမသည် ထိုမြွေပွေးအား လေ့ကျင့်ဖော်ပြိုက်ဖက်အဖြစ် အသုံးချနေသည်။
လက်ထဲတွင် ဓားမြောင်ကိုင်ထားကာ လေထဲတွင် ခုန်လိုက်ပြီး ရှောင်တိမ်းကာ သူမခန္ဓာကိုယ်အား လှည့်လိုက်ပြီး မြွေအနောက်သို့ရောက်သွားကာ ကြီးမားသော ထိုခန္ဓာကိုယ်အတွင်းသို့ ဓားမြောင်ဖြင့် ထိုးလိုက်လေသည်။ မြွေပွေးသည် နောက်ကျောမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး မချိတင်ကဲဝေဒနာ အဖြစ်ပြောင်းသွားပြီး လျင်မြန်စွာ အားလျော့သွားလေသည်။
သို့သော် ထိုမြွေသည် သူမအား အလွယ်တကူအရှုံးမပေးချင်သည့်သဘောဖြင့် သူမအား တင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်သည်။
သူမ ဓားမြောင်ဖြင့် မြွေ၏ ချက်ကောင်းအားထိုးလိုက်သော်လည်း သူမအား ပြန်တိုက်ခိုက်ကာ ရစ်ပတ်မည်ကို သူမမျှော်လင့်ထားခြင်းမရှိပေ။ သူမခြေထောက်များသည် မြွေ၏ ရစ်ပတ်ခြင်းအားခံရပြီး ကြေးခွံများနှင့် ညှစ်ခံလိုက်ရသောအခါ သူမဘောင်းဘီသည် ပြဲသွားပြီး သူမခြေထောက်များမှာ နစ်ဝင်သွားလေသည်။
မြွေပွေးသည် သူမအားကျရှုံးစေရန် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် နောက်တစ်ခေါက်ကြိုးစားပြန်သည်။ သူမ ချက်ချင်းပင် ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ အားများကိုစုစည်းလိုက်ပြီး မြွေအား ထိုးလိုက်တော့သည်။
ဒီတစ်ကြိမ်တွင် သူမ အားအကုန်သုံးလိုက်သဖြင့် မြွေပွေးသည် အကြိမ်အနည်းငယ်သာ တောင့်ခံနိုင်ပြီး မြေပေါ်သို့ လဲကျသွားတော့သည်။
ထိုကဲ့သို့ လှုပ်ရှားရုန်းကန်ပြီးနောက် သူမသည် ခြေကုန်လက်ပမ်းကျသွားပြီး မြွေကဲ့သို့ပင် မြေပေါ်သို့လှဲချလိုက်တော့သည်။
ဝူလင်းယူဖြေးဖြေးချင်းလျှောက်သွားလိုက်ကာ သွေးအိုင်ထဲတွင် ခြေပစ်လက်ပစ်လဲနေသော အသက်လုထားသော ထိုကောင်လေးအားကြည့်လိုက်သည်။
သူမ အသက်နှင့်ရင်း၍ လေ့ကျင့်သည်ကို တွေ့သောအခါ တိုက်ပွဲစွမ်းရည်နှင့် ဇွဲကို သူအံ့သြမိသည်။ အရင်အမှိုက်ဖြစ်ခဲ့သော ပုံစံပျောက်ကာ မတူညီသော အမြင်ဖြင့် သူမြင်မိသည်။
“မင်းအဆင်ပြေလား”
“အဲဒါက ငါ့ကိုမသတ်နိုင်ပါဘူး”
ရှီမာယူယူ လှည့်လိုက်ကာ မြေပေါ်တွင် ခြေပစ်လက်ပစ်လှဲနေလိုက်သည်။ မြွေပွေးနှင့်တိုက်ပွဲသည် တစ်နာရီကျော်ကြာပြီး သူမခြေလက်များကို မခံစားမိတော့ပဲ ထိုအချိန်အတွင်း လှုပ်ရှားမှုမပြုလုပ်ချင်တော့ပေ။
ရှီမာယူယူပြောသည်ကို ကြားသည်နှင့် ဝူလင်းယူ ပေါ့ပေါ့ပါးပါးရယ်လိုက်ကာပြောလိုက်သည်။ “မင်း မသေသေးရင် ထလေ ဒီလိုဆက်လှဲနေရင် တခြားဝိညာဉ်သားရဲက သွေးအနံ့ခံပြီး ရောက်လာလိမ့်မယ်”
ရှီမာယူယူ ဝူလင်းယူအားကြည့်လိုက်ပြီး အသက်ပြင်းရှုလိုက်ကာ မြေပေါ်သို့လက်ထောက်ပြီးထလိုက်သည်။
ဝူလင်းယူဘေးတွင် ရပ်လိုက်ကာ စိတ်မချမ်းသာသောပုံစံဖြင့် မေးလိုက်သည် “အခုငါတို့ဘယ်သွားကြမလဲ”
ရှီမာယူယူ မြွေပွေးအား သိမ်းလိုက်ကာ ဘက်ပေါင်းစုံကို လှည့်ပတ်ကြည့်ရှုလိုက်ကာ နောက်ဆုံးတွင်ပြောလိုက်သည်။ “ဒီကို”
ဝူလင်းယူ ထင်မြင်ချက်တစ်ခုမှ မပြောပဲ သူမ တောင်ခြေတွင် မြင်ရသော စမ်းချောင်းရှိသော တောင်အောက်သို့ လိုက်လာသည်။
“ဒီမှာ ခင်ဗျားဒီမှာထိုင်ပြီး နားနေဦး ကျွန်တော် ရေချိုးလိုက်ဦးမယ် ခင်ဗျားချောင်းမကြည့်နဲ့နော်”
ရှီမာယူယူ ဝူလင်းယူအားသစ်ပင်အောင်တွင်ထိုင်ခိုင်းလိုက်ပြီး ပြောပြီးသည်နှင့် ရေချိုးရန်စမ်းချောင်းဆီသို့ လှည့်ထွက်ခဲ့လိုက်သည်။ သူမ ရေသို့မဆင်းခင်တွင် ရာဟွောင်အားသူမအားစောင့်ပေးရန် ဆင့်ခေါ်လိုက်သည်။
သူမသည် အပြင်ပန်းတွင် ယောက်ျားဖြစ်သော်လည်း မိန်းကလေးက မိန်းကလေးပဲလေ။ ပြီးတော့ အဲငနဲက ဘာမှလုပ်စရာမရှိလို့ပျင်းလာပြီး သူမဆီကို လာရင် ပြဿနာတက်မည်လေ။
ဝူလင်းယူ သစ်ပင်အောင်တွင်ထိုင်ကာ မှီထားသော နောက်ကျောဘက်မှ ရေသံကိုကြားနေရသည်။ သူ မြေပေါ်တွင် အချိန်အတန်ကြာထိုင်လိုက်ပြီး အနားယူကာ ပူပင်ကြောင့်ကြမှုမဲ့စွာခံစားရသည်။
ထိုသို့ခံစားရမှုကို သူအရသာတွေ့နေသည်။ သူသည် ဒီမှာ က္ကန္ဒြေမရှိနေထိုင်ပြီး ပညာရှိအိမ်တော်သို့ပြန်သွား ရရင်တော့ သူတော်ကောင်းအဖြစ်ပြန်သွားရမည်။