ကျောက်ဝူထိုင်က သူ့လက်ထဲရှိ နှင်းလုံးကို ကြည့်လိုက်သည်။ သူက ခဏတာ တုံ့ဆိုင်းသွား ပြီးနောက် အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
“ဒီလိုလုပ်တာက အမြဲတမ်း အစ်ကိုးအမြတ် အတွက်ပဲ မဟုတ်လား။ ရွှမ်ယွဲ့နိုင်ငံက သဘာဝ အရင်းမြစ်တွေ ရှားပါးတဲ့နိုင်ငံ အနည်းငယ်ထဲက တစ်ခုပဲ။ ဒါပေမဲ့ သူ့တို့ရဲ့အင်အားက အလွန် ထူးဆန်းစွာနဲ့ တိုးလာခဲ့ကြတယ်။ ဒီတော့ သူတို့က ပိုမိုသာလွန်တဲ့ အရင်းအမြစ်တွေ ရအောင် ပိုလို့သန်မာအောင် ဒီစစ်ပွဲကို စဖို့ လုပ်ခဲ့တာပဲ … ”
ဝမ်လင်းက အားပါးတရ ရယ်မောလိုက်သည်။ သူက ဝိုင်တစ်မော့ ထပ်မော့လိုက်ပြီး ပြောလိုက်၏။
“အစ်ကို ကျောက် … ငါမင်းကို တံခါးဝမှ တာဝန်ကျ နေတာကို မမြင်ချင်ပါဘူး … ”
ကျောက်ဝူထိုင်၏ မျက်နှာက ရှုံ့တွသွားပြီးနောက် သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။
“အစ်ကိုဝမ်က မဟာမိတ် ကလန်လေးခုနဲ့ လာရောက် ပူးပေါင်းမယ်ဆိုရင် အစ်ကိုဝမ် တောင်းဆိုတာ မှန်သမျှကို ငါတက်နိုင်တာ ထဲကဆို အားလုံးလုပ်ပေးပါ့မယ်။ အစ်ကိုဝမ် နည်းနည်းလေက ထပ်မစဉ်းစား ချင်တော့ဘူးလား … ”
ဝမ်လင်းက ခေါင်းမော့၍ ကျောက်ဝူထိုင်ကို ကြည့်နေလိုက်၏။ အချိန်တစ်ခု ကြာပြီးနောက် ကျောက်ဝူထိုင်က မျက်မှောင် ကြုတ်လိုက်ပြီး ပြောလိုက်၏။
“အစ်ကိုဝမ် … ဒါက ဘာအဓိပ္ပာယ်လဲ … ”
ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
“အစ်ကိုကျောက်။ ငါ့ကို သုံးနှစ်ကလေး တစ်ယောက်လို လာမလုပ်နေနဲ့။ ဟင်္သာပြဒါးဂြိုဟ်က အကျယ်ကြီးပါ။ ရွမ်ယွဲ့က အခြားနိုင်ငံ တစ်ခုခုကို ဘာလို့ မကျူးကျော်ခဲ့တာလဲ။ အစ်ကို ကျောက် မပြောချင်ဘူး ဆိုရင်လည်း ငါထပ်မမေး တော့ပါဘူးလေ …”
ကျောက်ဝူထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“သူက ဝမ်လင်းကို ကြည့်၍ အရှက်မရှိ ထပ်ပြောလိုက်သည်။ ငါ့ကို အပြစ်မတင်ပါနဲ့ အစ်ကိုဝမ်။ ဒီကိစ္စက အရမ်း အရေးကြီးလို့ပါ။ ဒီတော့ ပုံမှန်အားဖြင့် ငါက အလွယ်တကူ ပြောမပြနိုင်ဘူးလေ … ”
ထိုသို့ပြောပြီးနောက် သူက စကားပြောသည်ကို ရပ်တန့်လိုက်ပြီး ဝမ်လင်း အဖြေကို စောင့်စားနေလိုက်၏။ ဝမ်လင်းက သဘောတူမည် ဆိုလျှင် သူက အမှန်တရားကို ပြောပြလိုက်မည် ဖြစ်သည်။
ဝမ်လင်းက ရွှမ်ယွဲ့ ကျင့်ကြံသူများ ကျူးကျော်လာသည် ကိုလည်း စိတ်ဝင်စားခြင်း မရှိပေ။ တကယ်တော့ ဒါက အဆင့်လေး နိုင်ငံနှစ်ခု၏ စစ်ပွဲတစ်ခုသာ ဖြစ်သည်။ သည့်အပြင် သူနှင့်မဟာမိတ် ကလန်လေးခု ကြားတွင်လည်း နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိမနေပေ။ ထို့ကြောင့် သူက အခြေအနေများ ဆိုးရွားစွာ ဖြစ်ပျက်သွားခဲ့လျှင် စတေးပွန်း တစ်ကောင်ပင် ဖြစ်သွားနိုင်သည်။
အချိန်တစ်ခု ကြာပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ ငါ ဒါကို စဉ်းစားဖို့ အချိန်တစ်ခု လိုတယ်။
“ငါ ကျူးကျော် ဝင်ရောက်တာ မတိုင်ခင် အဖြေပြန်ပေးမယ် … ”
ကျောက်ဝူထိုင်ကလည်း ဝမ်လင်း ချက်ချင်းကြီး သဘောတူ လိမ့်မည်လို့ မမျှော်လင့်ထားပေ။ သို့သော် မည်သို့ဖြစ်ဖြစ် သူက ဝမ်လင်းမှာ (၈၀) ရာခိုင်နှုန်းလောက် သဘောတူနိုင်ခြေ ရှိသည်ဟု သေချာလို့နေသည်။
သူက ထိုသို့တွေးပြီး မတ်တတ်ရပ်၊ လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်သည်။
“ဒီလိုဆိုတော့လည်း ငါအစ်ကိုဝမ်ရဲ့ အဖြေကို စောင့်နေရတော့မှာပေါ့ … ”
ထိုသို့ပြောပြီးနောက် သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား တစ်ပြားကို ထုတ်၍ထပ်မံ ပြောလိုက်သည်။
“အစ်ကို ဝမ် အကြောင်းပြန်မယ် ဆိုရင် ဒီကျောက်စိမ်းပြားကို အသုံးပြပြီး ငါ့ကို လှမ်းပြောလိုက်ပါ … ”
ထိုသို့ပြောပြီးနောက် သူက လက်နှစ်ဖက်ကို ယှက်၍ နှုတ်ဆက်ပြီး ပြန်ထွက်ခွာ သွား၏။
ဝမ်လင်းအသွင်က သည်အတိုင်းပင်။ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။
ကျောက်ဝူထိုင်က သူ့အပေါ်အင်္ကျီကို ပြန်ကောက်ယူ လိုက်ပြီးနောက် သူက တံခါးဝ အရောက်တွင် ရုတ်တရက် ရပ်လိုက်သည်။ သူက ဆိုင်ထဲသို့ ပြန်ဝင်လာခြင်း မပြုဘဲ ဖြည်းညင်းစွာ ပြောလိုက်၏။
“အစ်ကိုဝမ် … လေ၊ မိုး၊ လျှပ်စီး၊ မိုးကြိုး ဆိုတဲ့ ကောင်းကင်ဘုံ တံခါးပေါက်တွေ အကြောင်း ကြားဖူးလား။ ဟင်္သာပြဒါးဂြိုဟ်က မိုးကောင်းကင်ဘုံ တံခါးပေါက်နဲ့ နီးနီးမှာ ရှိတယ် … ”
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သည်တံခါးလေးခု အကြောင်း ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များတွင် ဖော်ပြထားပါသည်။ သည်တံခါးလေးပေါက်က ရှေးဟောင်း အချိန်တွေတည်းက တည်ရှိခဲ့သည်လို့တော့ ကောလာဟလ ရှိခဲ့ကြသည်။ ၎င်းတို့၏ မူလအစကိုတော့ သိရှိကြခြင်း မရှိပေ။
သို့သော် တစ်ခု သေချာသည်က သည်တံခါး လေးပေါက်ကနေ ရှေးဟောင်း ကောင်းကင်နယ်ပယ်ကို သွား၍ ရပေ၏။
ကျောက်ဝူထိုင်က တံခါးဝတွင်ရပ်၍ စကား ပြောဆိုပြီးနောက် လမ်းလျှောက် ထွက်သွားတော့သည်။ အပြင်ဘက်တွင် ကျနေသော နှင်းများကလည်း ပိုဆိုးလာခဲ့၏။
ကျောက်ဝူထိုင် အကွာအဝေး တစ်ခုသို့ ရောက်သွားသည့်အခါ အရိပ်လေးခုက သူ့ဘေးနားတွင် ပေါ်လာခဲ့သည်။ သည်လေးယောက်က ကျောက်ဝူထိုင်နောက်သို့ လိုက်နေပြီး သူတို့နတ်ဘုရား အာရုံကိုတော့ ဝမ်လင်းဆိုင်သို့ ပို့လွှတ်ထားသည်။
သူတို့ထဲက တစ်ယောက်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ ရောင်းရင်းကျောက်။ ကလန်လေးခု မဟာမိတ်အဖွဲ့ အမိန့်ပေးထားတာက နိုင်ငံထဲကို လွန်ခဲ့တဲ့ နှစ်နှစ်ရာက ဝင်လာခဲ့တဲ့ ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ်ခိုင်း ထားတာလေ။ သင် ဘာလို့ အဲဒီတိုင်း မလုပ်ခဲ့တာလဲ … ”
ကျောက်ဝူထိုင်က နောက်ပြန် လှည့်ကြည့်ခြင်း မရှိဘဲ နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့ လေးယောက်အပြင် ငါ ပါပါမယ် ဆိုရင်တောင် သူ့ကို တက်နိုင်မယ်လို့ ထင်နေတာလား … ”
နောက်ထပ် အင်္ကျီမည်းနှင့်လူက တည်ငြိမ်စွာ ပြောလိုက်၏။
“အဲဒီလောက် မလိုပါဘူး။ ငါတို့လေးယောက် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ဆိုပေမဲ့လည်း အစီအရင်တစ်ခုကို စုပေါင်းအသုံးပြုမယ် ဆိုရင်တော့ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မဟုတ်ရင် သူ သေရလိမ့်မယ် … ”
ကျောက်ဝူထိုင်က နှာခေါင်းရှုံ့လိုက်၏။ သူက အင်္ကျီလက်ကို ခါ၍ ပြောလိုက်သည်။ မင်းတို့ သွားချင်တယ်ဆိုလည်း သွားပါ။ ငါ မတားတော့ဘူး။
“ဒါပေမဲ့ ဒီလူက သူ့ထက် အဆင့်မြင့်တဲ့ ဆရာဦးလေးတို့ရဲ့ အသွင်တွေကို ပန်းပုထွင်းထု နိုင်ခဲ့တယ်၊ ဒါကြောင့် ငါတော့ သေလမ်း မရှာချင်သေးဘူး … ”
အနက်ရောင်အင်္ကျီနှင့် လူလေးယောက်က အနည်းငယ် စဉ်းစားလိုက်သည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ ပြီးနောက် ဝမ်လင်းဆိုင်သို့ လျှောက်လှမ်း သွားတော့သည်။
ကျောက်ဝူထိုင် မျက်နှာပေါ်ရှိ အပြုံးက ပို၍ အေးစက်လာခဲ့သည်။ သူက နောက်ပြန် လှည့်လိုက်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လုနီးပါး ကျင့်ကြံသူ တစ်ယောက်က သည်လိုမိုက်မဲ မောက်မာသည့် လေးကောင်ကို မည်သို့ ရိုက်နှက်လိမ့်မည်ကို ကြည့်ချင်ပါသေးသည်။
အနက်ရောင်အင်္ကျီနှင့် လူလေးယောက်က ဝမ်လင်းဆိုင်သို့ အလျင်အမြန် ရွှေ့လျားလာခဲ့ကြသည်။ သူတို့၏ အသတ်အဖြတ် စိတ်ဆန္ဒကလည်း ပို၍ မြင့်တက်လာခဲ့၏။
ဝမ်လင်းက ဆိုင်ထဲတွင် ထိုင်နေရင်း သူ့လက်ထဲရှိ ဝိုင်ပုလင်းကို ကြည့်ကာ သက်ပြင်း ချလိုက်သည်။ သူက သည်နှစ်တွေမှာ သေမျိုးတစ်ယောက်လို ပြောင်းလဲနေပြီး လူမသတ်တော့ပေ။ သို့သော် ဝမ်လင်းက ဝမ်လင်းသာ ဖြစ်သည်။ သူ့နှစ်ပေါင်း လေးရာကျောက် သတ်ဖြတ်မှုဆန္ဒကို သူကိုယ်တိုင် ချုပ်ထိန်းခဲ့သော်လည်း လုံးဝပျောက်ကွယ် သွားခြင်းတော့ မရှိသေးပေ။
သည်လေးယောက်က ဆယ်စုနှစ် တစ်ခုလောက် လူမသတ်ခဲ့သော မိစ္ဆာမွန်းစတား တစ်ကောင်ကို နှိုးမိလိမ့်မည်ဟု သူတို့ကိုယ်သူတို့ သိကြမည် မဟုတ်ပေ။
ဝမ်လင်းက ကျိတ်၍သက်ပြင်း ချလိုက်မိသည်။ သူ့မျက်လုံး များကလည်း ခုချိန်တွင် ပြန်လည် အေးစက်လို့ နေခဲ့ပေပြီ။ သူ့မျက်လုံးထဲရှိ သည်အေးစက်စက် အလင်းက လွန်ခဲ့သော နှစ်ပေါင်း လေးရာအတွင်း ဖြစ်ပေါ်ခဲ့သော အလင်းပင်။
၎င်းအလင်း ပေါ်လာသည့် အချိန်တိုင်း တစ်စုံ တစ်ယောက်တော့ သေရတော့မည် ဖြစ်၏။
ခုလည်း ခြွင်းချက်မရှိပါ။
ဝမ်လင်းက ဝိုင်တစ်မော့ သောက်လိုက်ပြီးနောက် မတ်တတ်ထရပ်၍ ခြေတစ်လှမ်း လှမ်းလိုက်၏။
ဝမ်လင်းက အဘိုးအို ဟန်ပန်မှသည် မိစ္ဆာ တစ်ကောင်အလား ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးထဲရှိ အေးစက်စက် အလင်းများကလည်း ပို၍ နက်ရှိုင်းလာခဲ့၏။ ထိုအခိုက်တွင် နှင်းထဲရှိ သတ်ဖြတ်လိုမှု စိတ်ဆန္ဒကလည်း ပိုအားကောင်း လာသည်။ သို့သော် ဝမ်လင်း၏ သတ်ဖြတ်လိုမှု စိတ်ဆန္ဒနှင့် ယှဉ်လျှင်တော့ မီးပုံလေးက နေမင်းနှင့် ယှဉ်သလို ဖြစ်နေပေလိမ့်မည်။
အင်္ကျီအနက်ရောင် ဝတ်ဆင်ထားသော လူလေးယောက်က တဖြည်းဖြည်း နီးကပ်လို့လာ၏။ သူတို့က လက်ဟန်အချို့ လှုပ်ရှားလိုက်ပြီး ထူးဆန်းသော ချိတ်ပိတ်ဟန်များကို ဖြစ်ပေါ်စေ လိုက်သည်။ တစ်ချိန်တည်းမှာ သူတို့ထံမှ အစိမ်း၊ အနီ၊ အပြာနှင့် ခရမ်းရောင် ဓားအလင်းများ ထွက်ပေါ်လာပြီး ပိုက်ကွန်တစ်ခုလို ဖြစ်ပေါ်သွားသည်။ သည်ဓားအင်း ပိုက်ကွန်က ဝမ်လင်းအား ဝန်းရံလို့သွား၏။
ဝမ်လင်းက ဝိုင်တစ်ကျိုက် သောက်ချလိုက် ပြီးနောက် သူ့လက်ကို လေထဲသို့ ညွှန်လိုက်သည်။ စိမ်းပြာရောင် အင်္ကျီဖြင့် အကြီးအကဲ ပန်းပုရုပ်ထံမှ အချိန်ကျော်ဖြတ်ခြင်း နယ်ပယ်က ရုတ်တရက် ပျံ့နှံ့လို့သွားပြီး ဓားအလင်း လေးခုကို ရပ်တန့်စေလိုက်သည်။
တစ်ပြိုက်နက်တည်းမှာပင် ဝမ်လင်း ခန္ဓာကိုယ်က ရှေ့သို့လျင်မြန်စွာ ရွေ့လျားသွားပြီး ဓားအလင်း ပိုက်ကွန်ထဲမှ လွတ်မြောက်သွားသည်။ သူက အင်္ကျီနက် တစ်ယောက်ရှေ့သို့ ချက်ချင်း ရောက်ရှိသွား တော့သည်။
သူ့ညာလက်က တစ်ချက် လှုပ်ရှားသွား ပြီးနောက် သည်အင်္ကျီနက်လူကို ညွှန်လိုက်ရာ ခရက်ဆိုသော မည်သံနှင့်အတူ သည်လူက ပါးစပ်အပြည့် သွေးအန်ထုတ် လိုက်ပြီးနောက် ချက်ချင်း သေဆုံးသွားခဲ့သည်။ သူ့စဦးစိတ်ဝိညာဉ်လည်း ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်ပေါ်လာပြီး ထွက်ပြေး လွတ်မြောက်ရန် အကြောက်အကန် ကြိုးစားလိုက်၏။
ဝမ်လင်းက ထိုလူကို လှည့်ပင် မကြည့်တော့ဘဲ အသံတစ်ချက် ပြုလိုက်သည်။ ထိုအသံ ထွက်ပေါ်လာသည့် အခိုက်တွင် အမည်းရောင် အခိုးငွေ့များက သူ့ခေါင်းပေါ်တွင် စုဝေးလာပြီး ဝမ်လင်း၏ ဝိညာဉ်ဝါးမျိုသူ ထွက်ပေါ်လာ၏။ ဝိညာဉ်ဝါးမျိုသူက လွတ်မြောက်ရန် ကြိုးစားနေသော သည်စဦး စိတ်ဝိညာဉ်ကို ချက်ချင်း ဝါးမျိုပစ်လိုက် လေသည်။
ကျဆင်းနေသော နှင်းများပင် ဝမ်လင်းအဝေးသို့ လွင့်စဉ်သွား၏။ ကြည့်ရသည်မှာ သည်မိစ္ဆာ နတ်ဆိုးကို မည်သည့်အရာမှ နှောင့်ယှက် မဝံ့သည့်ပုံပင်။
သည်လူက အမှန်တော့ မသေသင့်ဘဲ သေရခြင်းပင်။ သူက နှစ်လေးရာ ကျောက်မိစ္ဆာ နတ်ဆိုးကို ဘာလို့များ ဆန့်ကျင်ခဲ့ရသနည်း။ သူသာ ဤသို့ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင် ပေလိမ့်မည်။
ကျန်သည့် သုံးယောက်ကလည်း ထိန့်လန့်ကြောက်ရွံ့ သွားကြသည်။ သူတို့သုံးယောက်လုံးက သိုလှောင်အိတ်ထဲမှ သူတို့၏ အစွမ်းထက်ဆုံး ရတနာများကို ထုတ်ယူလိုက် ကြသည်။ သည်အရာတွေထဲက တစ်ခုက ထီးတစ်လက်ပင်။
ဝမ်လင်းက ထိုထီးဖြင့်လူထံသို့ ခေါင်းလှည့် ကြည့်လိုက်သည်။ ထိုလူက သူ့လျှာကို ကိုက်၍ သွေးထွက်စေလိုက်ပြီး ထိုသွေးများကို သူ့ထီးရတနာပေါ်သို့ ထွေးချလိုက်သည်။ ထိုအခါ ထီးက ပွင့်သွားပြီး အထဲမှ ရွှေရောင်မြွေ တစ်ကောင်က ဝမ်လမ်းထံသို့ ကမူးရှူးထိုး တိုးဝင်လာခဲ့သည်။
ကျန်နှစ်ယောက်ကလည်း သူတို့၏ လက်နက် ရတနာများဖြင့် ပစ်လွှတ်လိုက် ကြသည်။
ဝမ်လင်း၏ မျက်လုံးထဲတွင် လှောင်ပြောင်ဟန်များ ဖြစ်ပေါ်လို့နေသည်။ သူက ရွှေရောင်ငွေကို လှည့်ပင်မကြည့်ဘဲ ထိုအစား သိုလှောင်အိတ်ထဲက အလံငယ် တစ်ခုကို ထုတ်ယူလိုက်သည်။ ရုတ်တရက် အလံက သည်ဧရိယာကို အမည်းရောင် အခိုးငွေ့များဖြင့် ဖုံးအုပ်ပစ် လိုက်သည်။ သည့်နောက် သည်အခိုးငွေ့များ ကြားမှ နဂါးဆယ့်နှစ်ကောင်ခန့် ထွက်ပေါ်လာပြီး ရွှေရောင်မြွေကို အပိုင်းပိုင်း ပြတ်အောင် ချေနင်းဖျက်ဆီး ပစ်လိုက်ကြသည်။
ထို့နောက် ဝမ်လင်းက ထီးပိုင်ရှင်ထံသို့ ဆက်လက် တိုးဝင်သွားပြီး လည်ပင်းညှစ် လိုက်သည်။ သူက အားအနည်းငယ် စိုက်လိုက်ရာ ထိုလူမှာ ဇက်ကျိုး၍ ချက်ချင်း သေဆုံးသွား တော့သည်။
ဝမ်လင်းက သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ငါက မရေမတွက်နိုင်တဲ့ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူတွေကို သတ်ပစ်ခဲ့ပြီးပြီ။ မင်းတို့က ပထမဆုံး မဟုတ်ဘူး … ”
ထို့သို့ပြောပြီးနောက် သူက ထိုလူ၏ဝမ်းဗိုက်ထဲက စဦးစိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။ သည်စဦးစိတ်ဝိညာဉ်က လွတ်မြောက်ရန် ကြိုးစားနေသော်လည်း ဝမ်လင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဆိုးရွားစွာ အော်ဟစ်၍ ဇာတ်သိမ်းသွား တော့သည်။
ထိုအခိုက်တွင် ကျန်နေသေးသည့် နှစ်ယောက်က တိုက်ခိုက်ချင်စိတ်များ မရှိတော့ဘဲ သူတို့၏ အကောင်းဆုံး လွတ်မြောက်ခြင်း ရတနာများကို ထုတ်၍ ခွေးတစ်ကောင်လို ကမူးရှုးထိုး ထွက်ပြေးတော့သည်။ သို့သော် ဝမ်လင်းထံမှ လွတ်မြောက်ရန် နောက်ကျသွား ခဲ့လေပြီ။
***