ဝမ်လင်းက လက်ဝှေ့ယမ်းလိုက်ရာ ဆိုင်တံခါးက ညင်သာစွာ ပွင့်သွားလေ၏။ အရပ်မြင့်မြင့်နှင့် မိုးကာအင်္ကျီ အပေါ်ထည် ဝတ်ထားသော လူကြီးက အထဲသို့ ဝင်လာခဲ့၏။ သည်လူ ကိုယ်ပေါ်တွင်တော့ နှင်းများဖုံးလို့နေသည်။ သူက စကားဆိုခြင်း မပြုဘဲ ဆိုင်ထဲသို့ ဝင်လာခဲ့၏။
ဝမ်လင်းက ထိုလူကိုကြည့်၍ ပြောလိုက်သည်။
“ငါတို့ မတွေ့တာ ဆယ်နှစ်တောင် ရှိပြီ။ ရောင်းရင်းကတော့ အရင်လိုပဲနော် … ”
ထိုလူက အားပါးတရ ရယ်မောလိုက်၏။ သူက အပေါ်ဝတ်ရုံကို ဖယ်လိုက်ရာ ခံ့ညားသည့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူ့နားရွက်များ ကတော့ အခြား အစိတ်အပိုင်းများထက် သာ၍ ကြီးလို့နေသည်။ သည်လူက နားရွက်ကြီးကြီး ကျင့်ကြံသူ ကျောက်ဝူထိုင်ပင်။
သူက သူ့အပေါ်မိုးကာ အင်္ကျီကို ခါလိုက်ရာ နှင်းပွင့်များ လွင့်ကျလာ၏။ သို့သော် လေပြေတစ်ချက် တိုက်သွားပြီး သည်နှင်းပွင့်များက ဝမ်လင်းဆိုင်ထဲသို့ တစ်ပွင့်ပင် မကျပဲ ဆိုင်ပြင်သို့ လွင့်သွားလေ၏။
သည့်နောက် သည်လူက ဝမ်လင်းရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူ ထိုင်လိုက်သည်နှင့် ဆိုင်တံခါးကလည်း တိတ်ဆိတ်စွာ ပြန်ပိတ်သွားလေ၏။
ကျောက်ဝူထိုင်က ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ဝိုင်ဂျားကို လှမ်းယူလိုက်ပြီး ခွက်ထဲ မထည့်တော့ဘဲ ဝိုင်ဂျားလိုက် မော့သောက်ချ လိုက်လေ၏။
ဝမ်လင်းက ကျောက်ဝူထိုင်ကို ကြည့်နေသည်။ လွန်ခဲ့သော ဆယ်နှစ်ထက် ယှဉ်လျှင် သူ့မျက်နှာပေါ်တွင် အရေးအကြောင်း အချို့ ပိုရှိလာခဲ့ပေပြီ။ လွန်ခဲ့သော ဆယ်နှစ်က သူ့ကို စိုးရိမ်ပူပန်စေသော အရာတစ်ခုခု ရှိသည်မှာ ရှင်းလင်းလို့နေ၏။ သူ့ ကျင့်ကြံမှုအဆင့်က ဆယ်နှစ်တာ ကြာသွားပြီး နောက်တွင်လည်း ဝမ်လင်း အောက်တွင်သာ ရှိလို့နေပါသေးသည်။
တကယ်တော့ သေခြင်းရှင်ခြင်း နယ်ပယ်ကို ဝမ်လင်း ကြုံတွေ့ထိတွေ့ ပြီးနောက် သည်အရာက သူ့အား နက်နက်ရှိုင်းရှိုင်း နားလည်မှုကို ဖြစ်စေခဲ့၏။
နားရွက်ကြီးကြီး ကျင့်ကြံသူ ကျောက်ဝူထိုင်က ဝိုင်သောက်ပြီး နောက်မှာတော့ စင်ပေါ်မှာရှိသည့် ပန်းပုရုပ်သုံးရုပ်ကို လှမ်းကြည့်လိုက်သည်။ သည်ပန်းပုသုံးရုပ်က အဖြူရောင် တိမ်ကလန်၏ အဖွဲ့ဝင် သုံးယောက်ပင်။ လွန်ခဲ့သော ဆယ်နှစ်က ကျောက်ဝူထိုင် လာတုန်းက ပန်းပုနှစ်ရုပ်သာ ရှိသေး၏။ ခုချိန်မှာတော့ တစ်ခုပိုနေခဲ့ပေပြီ။
သူ့မျက်လုံးများက သုံးခုမြောက် ပန်းပုရုပ်ပေါ်တွင် အကြည့်ရောက် နေသည်။ သူ့မျက်နှာ ပေါ်တွင်လည်း အံ့အားသင့်ဟန် အချို့တစ်ဝက် ပေါ်လို့နေ၏။ သူ လက်ဝှေ့ယမ်းလိုက်ရာ သည်အရုပ်က သူ့ထံသို့ ပြန်ဝဲ ရောက်လာခဲ့သည် သူ သည်ပန်းပုရုပ်ကို ဂရုတစိုက် လေ့လာပြီးနောက် အောက်သို့ ချထားလိုက်သည်။ ထို့နောက်သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်၏။
အချိန်အတန်ကြာမှ သူက သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ သူက မပြုံးချင် ပြုံးချင်ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုဝမ် … သင်က ငါ့ထက် အမှန်ပိုသာခဲ့တာပဲ … ”
ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက လက်ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ဝိုင်တစ်ပုလင်း သူ့လက်ထဲ ရောက်လာခဲ့သည်။ သူက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ခေါင်းယမ်း၍ ပြောလိုက်သည်။
“ဒါက ကံကောင်းသွားလို့ပါ … ”
ကျောက်ဝူထိုင်က သက်ပြင်း ချလိုက်သည်။ သူက ခေါင်းငုံ့၍ သစ်သား ပန်းပုရုပ်များကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဦးလေး ချင်စုန်ရဲ့ အချိန်ကျော်ဖြတ်ခြင်း နယ်ပယ်ကို မင်းကိုယ်တိုင် ပန်းပုထွင်းထု နိုင်ခဲ့တယ်။ ဒီပန်းပုရုပ်က စဦးစိတ်ဝိညာဉ် ကျင့်ကြံသူတွေအတွက် ထိပ်တန်းရတနာ တစ်ခုပဲ။ လွန်ခဲ့သော ဆယ်နှစ်က အစ်ကိုဝမ်က ဒါကို မလုပ်နိုင်သေးခဲ့ဘူး။ ဒါပေမဲ့ ဆယ်နှစ်လောက် အချိန်လေးနဲ့ ဒီလောက်တိုးတက် လာခဲ့တယ်။ ငါ တကယ် အထင်ကြီးရပါတယ် … ”
ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။
“သင် ကြိုက်တယ်ဆိုရင် ငါ ပေးမယ်လေ … ”
ကျောက်ဝူထိုင်က မှင်တက်လို့သွား၏။ သူ့မျက်လုံး ထဲတွင်လည်း ပို၍ စိတ်ရှုပ်ထွေးမှုများ ပေါ်လွင်နေခဲ့သည်။ သူက ဝမ်လင်း ကြည့်လိုက်ပြီးနောက် ပန်းပုရုပ်ရှေ့တွင် ကျောက်စိမ်းပြား တစ်ပြားကို ချထားလိုက်၏။ သူက ပန်းပုရုပ်ကို ဘေးနည်းနည်း ရွှေ့လိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် … ”
ဝမ်လင်းအပေါ် ကျောက်ဝူထိုင်၏ ရန်လိုမှုက အနည်းငယ် လျော့ကျသွား၏။ သည်လို ရတနာမျိုးကို ပေးဖို့က စိတ်ပိုင်းဆိုင်ရာ အနည်းနှင့်အများ ကောင်းမွန်ရန် လိုပေသည်။ သူက သည်သစ်သား ပန်းပုရုပ်ကို ပိုင်ဆိုင်မည်ဆိုလျှင် အချိန်ဖြတ်ကျော်ခြင်း နယ်ပယ်ကို မသိရှိနိုင်တောင်မှ ၎င်းနယ်ပယ် အကြောင်းကို အနည်းအကျဉ်းတော့ နားလည်နိုင်စွမ်း ရှိသွားပေလိမ့်မည်။
တကယ်တော့ အခုသူ့လက်ရှိ နယ်ပယ်အပေါ် နားလည်ခြင်းသည် သည်အချိန်ကျော်ဖြတ်ခြင်း နယ်ပယ်နှင့်ယှဉ်လျှင် ဝေးကွာလွန်း သေးသည်။ ထို့ကြောင့် သည်နယ်ပယ် နှစ်ခုကြားတွင် ပဋိပက္ခ အချို့တော့ ဖြစ်လာပေလိမ့်မည်။
အချိန်တစ်ခု ကြာပြီးနောက် ကျောက်ဝူထိုင်၏ ခန္ဓာကိုယ်က တုန်ခါသွား၍ သူက ဝမ်လင်းကို ကြည့်လိုက်၏။ သည့်နောက် သူက ခနဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
“အစ်ကို ဝမ်၊ ငါ အရှုံးပေးပါတယ်။ ဒီ သစ်သားပန်းပုရုပ်ကို ငါ ထပ်မလိုချင် တော့ပါဘူး။ အစ်ကို ဝမ်မှာလည်း ဒီကျောက်စိမ်းပြား ရှိနေပြီပဲ။ ဒီထဲမှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်စဉ်ရှိနေတာပဲ … ”
ဝမ်လင်းက ကျောက်ဝူထိုင်ကို ကြည့်၍ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဖြစ်ပေါ်သွားသည်။ သူက ကျောက်ဝူထိုင်ကို ပန်းပုရုပ်လက်ဆောင် ပေးချိန်တုန်းက သည်နောက်ကွယ်တွင် ဖုံးကွယ်ထားသော ဆန္ဒတစ်ခု ရှိပေသည်။ သို့သော် ကျောက်ဝူထိုင်က ထိုအရာကို ခုလိုချက်ချင်း သဘောပေါက်ခဲ့၏။ ဝမ်လင်းက ကျောက်ဝူထိုင်လို လူမျိုးနှင့် ကြုံတွေ့ရန် မလွယ်ချေ။ သည်လူက ပါးနပ်လှပေ၏။
သူက ပြုံး၍ ခေါင်းညိတ်ပြ လိုက်သည်။
“ဒါက ပြဿနာ ရှိတယ်ဆိုလည်း ငါမင်းကို ထပ်ပြီး ဖိအား မပေးတော့ပါဘူး … ”
ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းပြားကို ကောက်ယူ၍ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ပြီး ဘေးနားမှာပင် ထားထားလိုက်၏။
ကျောက်ဝူထိုင်က ပန်းပုရုပ်ထံမှ အကြည့်ခွာလိုက်၏။ သူ့မျက်နှာ အနေထားကလည်း မကောင်းပေ။ သူက ပြောလိုက်၏။
“အစ်ကိုဝမ်။ ဒီနှင်းတွေနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု သတိထားမိလား … ”
ဝမ်လင်းက သူ့လက်ထဲက ဝိုင်ဂျားကို တစ်မော့ မော့ပြီးနောက် ပြန်ဖြေလိုက်၏။
“ဒီနှင်းကျတာက ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူး … ”
ကျောက်ဝူထိုင် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် သူက ပြောလိုက်သည်။
“မှန်ပါတယ်။ ဒီနှင်းတွေထဲမှာ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတွေ ပါနေတယ် … ”
ဝမ်လင်း အသွင်ကတော့ ပုံမှန်အတိုင်းပင် ရှိနေလျက်ပင်။
ကျောက်ဝူထိုင်က ဝမ်လင်းကို ကြည့်၍ ဆက်ပြောလိုက်သည်။ မဟာမိတ် ကလန်လေးခုရဲ့ စီနီယာအချို့က သွားစစ်ဆေးကြတယ်။
“ကောင်းကင်ထက် ကီလိုမီတာ တစ်သောင်းလောက် မြင့်တဲ့နေရာမှာ တည်နေရာ ကူးပြောင်းနိုင်တဲ့ အက်ကြောင်း တစ်ခုရှိပြီး အဲဒီနေရာမှာရှိတဲ့ အတားအဆီးတွေ နောက်မှာလည်း ရွှမ်ယွဲ့က ကျင့်ကြံသူတွေ ပုန်းနေကြတယ် … ”
“ရွှမ်ယွဲ့ ကျင့်ကြံသူတွေ … ”
ဝမ်လင်းက သည်နာမည်ကို ပထမဆုံး ကြားဖူးခြင်းပင်။
ကျောက်ဝူထိုင်က အသက်ဝဝရှူ၍ ပြောလိုက်သည်။
“ရွှမ်ယွဲ့ဆိုတာက အဆင့်လေး နိုင်ငံတစ်ခုပဲ။ ဒီကုန်းမြေကြီးရဲ့ မြောက်ဘက် အစွန်းပိုင်းမှာ တည်ရှိတယ်။ ဒီနေရာက ရေခဲတွေနှင်းတွေနဲ့ ဖုံးလွှမ်းနေပြီး သူတို့ရဲ့ ကျင့်ကြံခြင်းကလည်း နှင်းတွေ၊ ရေခဲတွေနဲ့ ဆက်စပ်ကြတယ်။ ရွှမ်ယွဲ့နိုင်ငံ အခြားနိုင်ငံ တစ်ခုကို တိုက်ခိုက်မယ်ဆိုရင် အရင်ဆုံး အဲဒီတိုင်းပြည်ကို နှင်းတွေနဲ့ ဖုံးလွှမ်းအောင် လုပ်ပြီးမှ တိုက်ခိုက်ကြတယ် … ”
ကျောက်ဝူထိုင်က ဤသို့ ပြောပြီးနောက် သူ့ညာလက်ကို လှုပ်ရှားလိုက်ရာ ဆိုင်တံခါးက ပြန်ပွင့်သွား၏။ သည့်နောက် သူက လက်ဆန့်တန်း လိုက်ပြီး အပြင်ဘက်မှ နှင်းလုံးတစ်လုံးကို ဆွဲယူလိုက်၏။ ထို့နောက် သူက လက်ဟန်တချို့ ပြုလုပ်လိုက်ရာ မီးလုံးတစ်လုံး ပေါ်လာခဲ့ပြီး အပူလှိုင်းများ ထုတ်လွှတ်လာ၏။
“အစ်ကို ဝမ် … ဒါကို တစ်ချက် ကြည့်လိုက်ပါ … ”
သူက ထိုသို့ပြောပြီးနောက် ခုနက ဆွဲယူထားသော နှင်းလုံးနှင့် မီးလုံးကို ပေါင်းစပ်လိုက်၏။ မီးလုံးက တစီစီ မြည်သွားသော်လည်း နှင်းခဲလုံးကို အရည်မပျော်စေခဲ့ပေ။
ဝမ်လင်းက ဒီလိုဖြစ်လာမည်ကို မမျှော်လင့်မိချေ။
“ဒီနှင်းတွေက အရည်မပျော်နိုင်ဘူး။ မဟာမိတ် ကလန်လေးခု နိုင်ငံတစ်ခုလုံးမှာ ဒီနှင်းတွေက ဖုံးလွှမ်းနေတယ်။ ဒီအချက်ကြောင့်ပဲ ရွှမ်ယွဲ့က တိုက်ခိုက်လာ လိမ့်မယ်လို့ ပြောလို့ရတာ … ”
ကျောက်ဝူထိုင်၏ အသံက ပို၍ လေးနက်လာခဲ့၏။
ဝမ်လင်းက အနည်းငယ် တွေးတောနေ လိုက်သော်လည်း စကားဆိုခြင်းတော့ မရှိပေ။
ကျောက်ဝူထိုင်က ရိုးသားစွာ ထပ်မေးလိုက်၏။
“အစ်ကိုဝမ်။ ငါဒီနေ့ လာခဲ့ရတာကလည်း မဟာမိတ် ကလန်လေးခု အဖွဲ့ကို ကိုယ်စားပြုပြီး ငါတို့နဲ့ လာပူးပေါင်း စေချင်လို့ပဲ။ အစ်ကိုဝမ် ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် မဟာမိတ် ကလန်လေးခုရဲ့ အင်အားလည်း အတော်လေး တိုးလာလိမ့်မယ် … ”
ဝမ်လင်းက သူ့ကိုကြည့်၍ ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။
“ငါက စဦးစိတ်ဝိညာဉ် အဆင့်လေးသာသာပဲ ရှိတာပါ။ ငါ့ထက် ကျင့်ကြံခြင်းအဆင့် ဖြစ်တဲ့လူတွေ မဟာမိတ် ကလန်လေးခုအဖွဲ့မှာ အများကြီး ရှိတယ်။ ဒါကြောင့် ငါက အဲဒီလောက် အရေးမပါပါဘူး … ”
ကျောက်ဝူထိုင်က မချင့်ပြုံးပြုံး မိလိုက်သည်။ သူက ခေါင်းယမ်း၍ ပြောလိုက်သည်။
“အစ်ကိုဝမ် … မင်းကိုမင်း လျှော့မတွက်ပါနဲ့။ မင်းကျင့်ကြံမှု အဆင့်က နောက်နှစ် အနည်းငယ်ဆိုရင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်တော့မှာပါ။ ဒီအချိန်ကျရင် မဟာမိတ်ကလန် လေးခုအဖွဲ့က နောက်ထပ် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင်ကြံသူ တစ်ယောက်ကို ထပ်ရလိုက် သလိုပဲလေ။ ဒါက ဒီနေ့ငါဒီကို လာခဲ့ရတဲ့အဓိက အကြောင်းရင်းပဲ … ”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ရုတ်တရက် ထမေးလိုက်သည်။
“ရွှမ်ယွဲ့ရဲ့ ကျင့်ကြံသူတွေက မဟာမိတ် ကလန်လေးခုနဲ့ ဘာလို့ စစ်ပွဲစချင်ရတာလဲ … ”
***