Switch Mode

အပိုင်း(၃၁၀)

သေခြင်းရှင်ခြင်း နယ်ပယ် (၂)

သူ့မျက်လုံးများ ကလည်း အဓိပ္ပာယ် ဖော်မရသော အလင်းများ ထုတ်လွှတ်လျက် ရှိ၏။ ထိုအခိုက်တွင် သူခန္ဓာကိုယ်မှာလည်း မျောလွင့်နေသလို ခံစားနေရ၏။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း မြင့်သထက်မြင့်အောင် မျောလွင့်လို့နေသည်။

သူက လေထဲတွင်မျောနေစဉ်မှာ သူက မရေမတွက်နိုင်သော သေမျိုးများကို တွေ့ခဲ့ရ၏။ သည်သေမျိုးများ၏ ပတ်လည်တွင်လည်း သူက သည်ထူးဆန်းသော၊ မမြင်ရသော စွမ်းအင်ကို ထပ်၍ တွေ့လိုက်ရပြန်သည်။ သူက သည်စွမ်းအင်ကို ပန်းပင်တွေ၊ သစ်ပင်တွေ၌လည်း ဝန်းရံနေသည်ကို တွေ့လိုက်ရ၏။ ဒါက အရာအားလုံးကို ဝန်းရံလို့ထား၏။

သည်စွမ်းအားက ကောင်းကင်နှင့်မြေကြီးမှ လာခြင်းဖြစ်သည်။ ဝမ်လင်းက မသိလိုက်ပါဘဲနှင့် သည်စွမ်းအား အရင်းမြစ်ကို ရှာဖွေချင်နေခဲ့၏။

တဖြည်းဖြည်းဖြင့် သူက ပို၍ပို၍ မြင့်အောင် မျောလွင့်လိုလာပြီး မြို့တော်ကလည်း သေး၍သေး၍ သွားလေသည်။ သိပ်မကြာခင်မှာ မြို့တော်က မြင်ကွင်းမှ ပျောက်သွားခဲ့ပြီး သူ့ရှေ့တွင် အညိုရောင် ဂြိုဟ်တစ်ခုကို တွေ့လိုက်ရ၏။

ကံမကောင်းစွာဖြင့် ခုချိန်ထိ သူက ထိုစွမ်းအင်၏ အရင်းမြစ်ကို ရှာမတွေ့နိုင်သေးပေ။ သည်စွမ်းအင် မရှိသည့် နေရာလည်း မရှိဘဲ ဖြစ်နေခဲ့သည်။

ဝမ်လင်းက ပင်ကိုအားဖြင့် အလွန်ပင် ခေါင်းမာပြီး အလျှော့ မပေးတတ်သည့် စရိုက်ရှိသည်။ သူသာ အလျှော့ပေးတတ်သူ တစ်ယောက်ဆိုလျှင် နှစ်ပေါင်း လေးရာကျော် ကုန်ဆုံးပြီးချိန်တွင် ကျောက်နိုင်ငံသို့ ပြန်သွား၍ လက်စားချေရန် အသည်းအသန် ကြိုးစားနေတော့မည် မဟုတ်ပေ။

သူက ဤသို့ ခေါင်းမာတတ်သည့်အပြင် ဆုံးဖြတ်ချက် ပြတ်သားသူလည်း ဖြစ်သည်။ သူသာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက် မဟုတ်ခဲ့ရင် ပေါက်စန ကျင့်ကြံသူ တစ်ယောက် ဘဝမှ အခုလိုမျိုး အနေထားထိ မည်သို့ ရောက်လာ နိုင်မည်နည်း။

သူ့ ခေါင်းမာမှု၊ အလျှော့မပေးတတ်မှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့က သူ့ကို သည်စွမ်းအင်၏ အရင်းမြစ်ကို ရှာတွေ့ရန် တွန်းအားပေးလို့ နေ၏။ အခုလက်ရှိချိန်တွင် သူက သူ့အပြုအမူကို ထိန်းချုပ်ရန် ပင်ကိုအသိစိတ် ပေါ်တွင်သာ လုံးဝဥဿုံ မှီတည်လို့ နေသည်။

“ဒီလို ကျင့်ကြံဖို့အတွက် စုတ်ပြတ်သတ်နေတဲ့ ဂြိုဟ်တစ်ခုမှာ ခုလိုမျိုး နက်ရှိုင်းစွာ နားလည်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတာ ငါ့အတွက် တကယ့်ကို မယုံနိုင်အောင်ပဲ။ ဒါပေမဲ့ မင်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုလေးနဲ့ ဆိုရင်တော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ဖို့ ဒီနားလည်မှုကို အသုံးပြုမယ်ဆိုရင်တော့ … ဟင်း အရမ်း လောဘမကြီးတာ အကောင်းဆုံး ဖြစ်မှာပါ။ ဒီလိုမျိုး ကောင်ကင်နဲ့ မြေကြီးတာအိုရဲ့ ရင်းမြစ်ကို ရှာနိုင်ဖို့က မင်းအတွက် နှစ်သန်းပေါင်းများစွာ ကြာသွားမှာကိုပဲ ငါစိုးရိမ်မိတယ်။ ဒီလိုသာဆိုရင် မင်းခန္ဓာကိုယ်က တောင့်မခံနိုင်ဘဲ ဆွေးမြည့်ပျက်စီး သွားရလိမ့်မယ်။ မင်းက … ဒါကိုရော တွေးမိရဲ့လား၊ သိရော သိရဲ့လား … ”

ဝမ်လင်း မျက်လုံးထဲတွင်တော့ စိတ်ရှုပ်ထွေးမှုများ ဖြစ်နေ၏။ အဘိုးအိုက ရယ်မောလိုက်သည်။ သူက ဝမ်လင်းကို သေချာ ကြည့်ပြီးနောက် လှမ်းအော် ပြောလိုက်၏။ “ငါ့နာမည်က ထျန်ယမ်ဇီ။ ငါတို့နှစ်ယောက် ဆုံခဲ့ရတဲ့အနေနဲ့ ငါမင်းကို တစ်ခုကူညီပေးခဲ့မယ်။ မင်း ဒီအစုတ်အပြတ် ဂြိုဟ်ကနေ ထွက်လာနိုင်တဲ့ တစ်နေ့ကျရင် ထျန်ယမ် ဂြိုဟ်မှာ ငါ့ကို လာရှာပါ။ ငါမင်းကို ဂုဏ်ယူရတဲ့ တပည့်တစ်ယောက် အနေနဲ့ လက်ခံပေးမယ် … ” ထိုသို့ ပြောပြီးနောက် သူက ဝမ်လင်းကို လက်ညှိုးထိုးလိုက်ရာ ဝမ်လင်းခန္ဓာကိုယ်က တုန်ခါလို့သွား၏။ ဝမ်လင်း ခန္ဓာကိုယ်က ပြင်းထန်သော အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရတော့၏။ ထိုအခါ သူက အညိုရောင် ဂြိုဟ်ထံသို့ လျင်မြန်စွာ ပြန်၍ ကျဆင်း လာတော့၏။

မြို့တော်က သေးငယ်သော အစက်အပြောက်လေး တစ်ခုမှသည် ပို၍ မြင်ကွင်းကျယ် လာခဲ့၏။ ဝမ်လင်းက မြို့တော်ရှိ သူ့ဆိုင်ထဲသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည်။

ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင်လည်း ချွေးများ စိုနစ်လို့နေ၏။ သည်ချွေးများကလည်း ငါးညှီနံလို အနံ့ဆိုးများ ထွက်လို့နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ သည်လို အညစ်အကြေး ချွေးများက ကြာရှည်စွာ ထွက်နေခဲ့သည်။ သူက အခြေခံ တည်ဆောက်ခြင်း အဆင့်တုန်းကလည်း အခုလို အညစ်အကြေး ချွေးများ ခန္ဓာကိုယ်ပြင်ပသို့ ထွက်ခဲ့ဖူးပေသည်။

ထိုအခိုက်တွင် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက အသက်ဝဝ ရှူ၍ သစ်သား အပိုင်းတစ်ခုကို လှမ်းကောက်လိုက်ပြီး ပန်းပု ထွင်းတော့လေသည်။ သည်အချိန်မှ စ၍ ဝမ်လင်းက တစ်ညလုံး ပန်းပုထွင်းလို့ နေတော့သည်။

နောက်ဆုံးတွင် သူက သူ့လက်ကို ပြန်ရုပ်သိမ်း လိုက်ပြီးနောက် စိမ်းပြာရောင် ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်း လူကြီး၏ အသွင်က ပုံပေါ်လာခဲ့တော့သည်။ သည်ပန်းပုရုပ်၌ အချိန် ဖြတ်ကျော်ခြင်း နယ်ပယ် အငွေ့အသက်များ ပါဝင်လို့နေ၏။

သူက သည်ပန်းပုရုပ်ကို တိတ်ဆိတ်စွာ ကြည့်လို့နေသည်။ အချိန်တစ်ခု ကြာပြီးနောက် သူက သည်ပန်းပုရုပ်ကို သက်လတ်ပိုင်း လူကြီးနှင့် အသက်ကြီးကြီး အမျိုးသမီးကြီး တို့ပုံစံ ထွင်းထုထားသည့် ပန်းပုရုပ်နှစ်ရုပ်ဘေးတွင် ထားထားလိုက်သည်။

သည့်နောက် ဝမ်လင်းက ဆိုင်အနောက်ဘက်ခြမ်းသို့ ထသွားပြီး သူ့ကိုယ်သူ ကိုယ်လက် သန့်စင်ခြင်းပြုလုပ်၊ အဝတ်အစားများလဲပြီး ဆိုင်ထဲသို့ ပြန်လာခဲ့သည်။

သည်အချိန်တွင် ကောင်းကင်နှင့်မြေကြီးကို နားလည်ပြီးနောက် ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်သည် စဦးစိတ်ဝိညာဉ် အလယ်အဆင့်မှ နောက်ဆုံး အထွတ်အထိတ် အဆင့်သို့ ရောက်ရှိသွားသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် အမျှင်တန်း တစ်ခုစာ လောက်သာ လိုတော့၏။

ဝမ်လင်းက ပြီးခဲ့သောအချိန်က အဖြစ်အပျက်ကို ပြန်တွေးမိလိုက်ပြီး သူ့စိတ်ထဲတွင် မကြောက်လန့်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ထျန်ယမ်ဇီလို့ခေါ်သည့် အဘိုးအိုကသာ သူ့ကို ပြန်တွန်းမလွှတ်ခဲ့ဘူး ဆိုရင် သူက ကောင်းကင်နှင့်မြေကြီး၏ အရင်းမြစ်စွမ်းအင်ကို ရှာဖွေရင်း သူ့ကိုယ်သူ ဆုံးရှုံး သွားရပေလိမ့်မည်။

ဤသို့ အမှန်ဖြစ်လာပါက သူ့အတွက် သေဖို့တစ်လမ်းသာ ရှိ၏။

ကောင်းကင်နှင့်မြေကြီးကို နားလည်ခြင်းက အေးဆေး သက်သာသော အရာတစ်ခု မဟုတ်ပါ။ အန္တရာယ်များဖြင့် ပြည့်နေကြောင်းကို သည်အချိန်တွင် ဝမ်လင်း နားလည် လိုက်မိ၏။

သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ မရောက်သေးသော်လည်း ကောင်းကင်နှင့် မြေကြီးအပေါ် သူ့နားလည်မှုက များစွာ တိုးလို့လာခဲ့၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ကြောင်း ယုံကြည်ပေ၏။

အခုချိန်တွင် သက်လတ်ပိုင်း လူကြီး၏ နယ်ပယ်ပါဝင်သော ပန်းပုရုပ်ကို သူက ပြီးမြောက်အောင် ထွင်းထုလိုက်ခြင်း ဖြစ်သည်။ သူ့နယ်ပယ်က သေခြင်းရှင်ခြင်း စက်ဝိုင်းသံသရာကို တုပထားခြင်း ဖြစ်သည်။ သို့ရာတွင် ဝမ်လင်းက သည်လူကြီး၏ လမ်းကြောင်းသည် တုပထားရုံ သက်သက်သာ ဖြစ်၍ အစစ်အမှန် သေခြင်းရှင်ခြင်း စက်ဝိုင်းနှင့်တော့ အလွန် ခြားနားကြောင်းကို သိ၏။

အကြောင်းမှာ သည်လိုမျိုး ကောင်းကင်နှင့် မြေကြီးတာအို အစစ်အမှန်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူများ နားမလည်နိုင်သော အရာပင် ဖြစ်သည်။

ထိုအခိုက်တွင် ဝမ်လင်းစိတ်ထဲတွင် ကြယ်တာယာမြေပုံတစ်ခု ရှိလို့နေ၏။ သည်ကြယ်မြေပုံက ကျင့်ကြံသူ အဘိုးအိုထျန်ယမ်ဇီ ချန်ထားခဲ့သော မြေပုံပင်။ မြေပုံထဲတွင် ခုဝမ်လင်းတို့ ဟင်္သာပြဒါးဂြိုဟ်ထက် အဆပေါင်းများစွာ ကြီးမားသည့် အဘိုးအို ထျန်ယမ်ဇီတို့၏ ဂြိုဟ်ကို ဖော်ပြထားလေသည်။

ခုလက်ရှိတွင် ဝမ်လင်းအနေဖြင့် ထိုနေရာကို သွားနိုင်သည့်စွမ်းရည် မရှိသေးပေ။ သူက သက်ပြင်းချ၍ သူ့ခံစားမှု အနေအထားကို ပြန်တည်ငြိမ်အောင် လုပ်၍ သေမျိုးတစ်ယောက် အသွင် ပြန်ဖြစ်အောင် ပြုလုပ်လိုက်သည်။

သို့သော် သူ့စိတ်ထဲတွင် သေခြင်းရှင်ခြင်း တာအိုကို နားလည်သည့် ခံစားချက်ကိုတော့ သူ့တစ်ဘဝလုံးတွင် မေ့နိုင်တော့မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset