ရှုတောက် ထွက်ခွာသွား ပြီးနောက် ဝမ်လင်၏ဘဝက ပြန်၍ တည်ငြိမ်သွား၏။
ဝမ်လင်းက မနက်တိုင်း စောစောထ၍ ဆိုင်တံခါးကို ဖွင့်ပြီးနောက် တနူး၏သား ယူလာပေးသော ဝိုင်တစ်ဂျားကို စောင့်၍ နေလေသည်။ ထို့နောက်သူက ဝိုင်သောက်ရင်း ပန်းပုထွင်း လေတော့သည်။ သူက နှစ်ပေါင်းများစွာ အခုလိုမျိုး နေထိုင်နေပြီး သူ့ဘဝကို ပန်းပုထွင်းရင်း အရိုးထုတ်မည့် ဟန်နှင့်ပင် တူလို့နေပေသည်။
သူက သတ်ဖြတ်ခြင်း များနှင့်လည်း ခုချိန်တွင် ကင်းဝေးလို့ နေပါ၏။ သူက အစတုန်းက ဝမ်လင်းနှင့် အလွန်ခြားနားသော လူတစ်ယောက် ဖြစ်လာခဲ့၏။ သူ့ခန္ဓာကိုယ် နားတွင်လည်း သတ်ဖြတ်လိုမှု အော်ရာများ မရှိတော့ပေ။ ထိုအစား သေမျိုး တစ်ယောက်အလား တည်ငြိမ်သော အော်ရာက အစားထိုးဝင်လာခဲ့၏။
ဝမ်လင်းက ဘယ်အချိန်တွင် သူ့ကိုယ်ပိုင် နယ်ပယ်ကို နားလည်လာ လိမ့်မည်ကို မသိပါ။ သို့သော် သူက အလျင်မလိုဘဲ တည်ငြိမ်စွာပင် ကောင်းကင်နှင့် မြေကြီးကို နားလည်ရန် ကြိုးစားလို့နေ၏။
ရှုတောက် ထွက်သွားပြီး ခုနစ်ရက်မြောက်တွင် မြင့်မြတ်ဟန်ရသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ရောက်လာခဲ့၏။ သည်လူက ရှုတောက်နှင့်အတူ ဆိုင်ထဲသို့ လေးစားသည့် ဟန်ပန်ဖြင့် ဝင်လာခဲ့သည်။ သူ့အဆင့်အတန်းကိုပင် ဂရုမစိုက်ဘဲ ဝမ်လင်းရှေ့တွင် ဒူးထောက်ချလိုက်၏။
ဝမ်လင်းက ထိုလူကို စစ်ဆေးလိုက်သည်။ သို့သော် သူက ဘာမျှမပြောချေ။ သည်လူက ရှုတောက် အထက်လူကြီး တစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်၏။
သေမျိုးများ၏ အမြင်တွင်သူက မြင့်မားသော အဆင့်တန်း ရှိနေသော်လည်း ဝမ်လင်း အတွက်တော့ ပုရွက်ဆိတ် တစ်ကောင်မျှသာ ရှိ၏။ သည်လူက ကျင့်ကြံမှုအချို့ ရှိသော်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ပင် မရောက်ရှိသေး။ ထို့ကြောင့်လည်း သူက သေခြင်းရှင်ခြင်း သံသရာက မလွတ်မြောက် နိုင်သေးပါ။
သက်လတ်ပိုင်း လူကြီးက ဝမ်လင်းအကြောင်းကို သိပြီး ဖြစ်ဟန်ရ၏။ သူက ဒူးထောက် ဦးညွှတ်ပြီးနောက် သိုလှောင်အိတ်ကို ထုတ်ယူ၍ စားပွဲပေါ်သို့ ရိုသေစွာ တင်လိုက်၏။ ထို့နောက် သူနှင့်ရှုတောက်က ရိုရိုကျိုးကျိုး ပြန်ထွက်ခွာသွား ကြတော့သည်။
ဝမ်လင်းက စကားတစ်လုံးမှ မပြောပေ။ သူက သူတို့ ထွက်သွားသည်ကို ခေါင်းမော့၍ပင် မကြည့်။ ဝမ်လင်းက သိုလှောင်အောင်ကို ကောက်ယူ၍ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ အထဲတွင် စိတ်ဝိညာဉ် ကျောက်တုံး အများကြီးကို တွေ့လိုက်ရ၏။
သူက ထိုသိုလှောင်အိတ်ကို ဆိုင်ဘေးနားတွင် ပစ်ချထားလိုက်၏။ သည့်နောက် သူက ဆိုင်အပြင်သို့ လမ်းလျှောက် ထွက်လာလိုက်သည်။ အပြင်ဘက်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဝမ်လင်းက အပြာရောင် ကောင်းကင်ကြီးနှင့် တိမ်များကို ကြည့်ရှုနေ တော့သည်။ သူ့မိဘတွေသာ ရှိလို့နေသေးရင် သူတို့က သည်ဆိုင်တွင် အတူရှိနေပြီး သူ့ဘဝတွင်လည်း မည်သည့် ဝမ်းနည်း ပူဆွေးမှုမှ ရှိတော့မည် မဟုတ်ပေ။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ နောက်ထပ်ငါးနှစ်ပင် ကုန်ဆုံးလို့ သွားခဲ့သည်။
သည်နေ့တွင် တနူး၏အဖေက သေခြင်းရှင်ခြင်း သံသရာကို မလွန်ဆန်နိုင်ခဲ့သည့် နေ့ပင်။ ပန်းပဲရုပ်ကလည်း ပိတ်ထားလေသည်။ ဆိုင်အပြင် ဘက်တွင်လည်း အဖြူရောင် အလံများ ထူထားပြီး ဆိုင်ထဲမှ ထွက်ပေါ်လာသော ငိုသံများလည်း ကြားလို့နေရ၏။
ဝမ်လင်းက သူ့ဆိုင်ရှေ့လေးတွင် မတ်တတ် ရပ်လျက်ရှိပြီး ပန်းပဲဖိုကို ကြည့်လို့နေ၏။ သူက လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့် သူ့ကို ညစာစားဖို့အတွက် ဖိတ်ခေါ်ခဲ့သော သဘောကောင်းသည့် လူငယ်လေး တစ်ယောက်အကြောင်း ပြန်သတိရလို့ နေသည်။
သည်နှစ်ပေါင်း နှစ်ဆယ်အတွင်းတွင် ဝမ်လင်းက သူတို့အိမ်တွင် အကြိမ်မည်မျှ ထမင်း စားသောက်ခဲ့မှန်း မသိပေ။ သို့သော် သေခြင်းရှင်ခြင်း စက်ဝန်းသံသရာကို ပြောင်းလဲရန်အတွက် သူလည်း မလုပ်နိုင်ခဲ့ချေ။
အသက်ကြီးလာ ပြီးနောက် သက်တမ်းစေ့၍ သေဆုံးသွားခြင်း သည်လည်း သူ့အတွက် ကောင်းကင်နှင့်မြေကြီး အကြောင်းကို နားလည်ရန်အတွက် အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။
တကယ်တော့ တနူးအဖေ၏ စိတ်ဝိညာဉ်က ဝမ်ကျောက်နှင့် မတူပေ။ ဝမ်ကျောက်က ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီ သူကကောင်းကင်ကို ဆန့်ကျင်သော လမ်းကြောင်းကို လျှောက်နှင့်ပြီးလည်း ဖြစ်သည်။ ထိုကြောင့် ဝမ်လင်းက ဝမ်ကျောက်၏ ဝိညာဉ်ကို ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ဝမ်းဗိုက်ထဲသို့ ပြန်ထည့်ပေး နိုင်ခဲ့သည်။
သို့သော် တနူး၏ အဖေကိုတော့ မလုပ်ပေးနိုင်ခဲ့ချေ။
ဝမ်လင်းက ဆိုင်ရှေ့တွင် မတ်တတ် ရပ်နေရင်းဖြင့် သက်ပြင်း ချလိုက်မိသည်။ သူ့လက်ထဲတွင်လည်း အနက်ရောင် အရိုးတံဖြင့် ပန်းတစ်စည်း ပေါ်လာခဲ့၏။ သည်ပန်းက သာမန်ပန်းတစ်ခု မဟုတ်ပေ။ စိတ်ဝိညာဉ် နှင်ထုတ်ခြင်း ဆေးလုံးအတွက် လိုအပ်သော ဆေးအမယ်ပင် ဖြစ်၏။
သေမျိုးတစ်ယောက်က သေဆုံးသွား ပြီးပြီးချင်း သူတို့စိတ်ဝိညာဉ်က လုံးဝပြိုကွဲသွားခြင်း မရှိသေးရင် သည်ပန်းက သူတို့စိတ်ဝိညာဉ်ကို ပို၍ စွမ်းအား ကောင်းအောင် ပြုလုပ်ပေး နိုင်ပေသည်။ သည်အရာက ဝိညာဉ်မြစ်ထဲတွင် မိသားစုကောင်း တစ်ခုကို ရရန်အတွက် ပိုသာသော အခွင့်အရေးကို ဖြစ်စေနိုင်၏။
ဝမ်လင်းက ပန်းပဲရုံသို့ ဖြည်းညင်းစွာ လမ်းလျှောက်လို့ လာသည်။ ဆိုင်ထဲတွင် တနူး၏ ဦးလေးတွေ၊ အဒေါ်တွေက ငိုကြွေးလို့ နေကြသည်။ ဝမ်းနည်းဖွယ် အငွေ့အသက်က ဆိုင်ထဲတွင် ပြည့်လို့နေ၏။
တနူးအဖေက ဆိုင်အနောက်ဘက်မှာ သူ့အတွက် ပြုလုပ်ထားသည့် အခေါင်းထဲတွင် အေချမ်းစွာ လှဲလျောင်းလို့နေ၏။ တနူးနှင့် သူ့မိန်းမတို့က ခေါင်းတလားဘေးတွင် ရှိလို့နေသည်။ တနူးမျက်လုံများက ငိုထားရသဖြင့် နီရဲလို့နေသည်။
သူတို့နှစ်ယောက် ဘေးတွင်တော့ တနူးအမေက မတ်တတ်ရပ်လျက် ရှိသည်။ သူမက အခေါင်းထဲရှိ သူမယောက်ျားကို ကြည့်ရင်း စိတ်ထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဝမ်လင်းက နှစ်ပေါင်း နှစ်ဆယ်ကျောက် ခိုင်မြဲခဲ့သော လင်မယား ဆက်ဆံရေးက လွန်စွာ နက်ရှိုင်းနေမည် ဖြစ်ကြောင်း သဘောပေါက်ပါသည်။
ဝမ်လင်း ဝင်လာသည့် အခိုက်တွင် လူတိုင်းက သူ့ကို လေးစားစွာ ကြည့်ကြသည်။ သည်လမ်းထဲတွင် ဝမ်လင်းက လူသိများပေ၏။
တနူးအမေက ဝမ်လင်းကို မြင်လိုက်သည့်အခါ ညင်သာစွာ ခေါင်းညိတ်ပြသည်။ ထို့နောက်သူက ဒူးညွှတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“မုဆိုးမ ဆန်စီက အစ်ကိုကြီးဝမ်ကို နှုတ်ဆက်ပါတယ် … ”
ဝမ်လင်းက သက်ပြင်းချလိုက်ပြီး သူမကို သွား၍ ဆွဲထူပေးလိုက်၏။ ထို့နောက် သူက သူ့ဘေးနားတွင် အမွှေးနံ့သာ တစ်ခုကို ရလိုက်၏။ ထိုအခါ သူက လေးစားသမှု ပြုလိုက်၏။
သူက လေးစားသမှု ပြုလုပ်သည့် အခိုက်တွင် ကောင်းကင်ကြီးက နက်မှောင်လို့လာ၏။ သို့ရာတွင် သည်လို နက်မှောင်မှုမျိုးကို သေမျိုးများက မြင်နိုင်စွမ်း မရှိကြပေ။ တနူးအဖေ၏ ခန္ဓာကိုယ် ပေါ်တွင်လည်း အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ သည့်နောက် သည်အခိုးအငွေ့များက စုစည်းသွားပြီး တနူးအဖေ၏ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ တနူးအဖေ အခိုးအငွေ့က သူ့ခန္ဓာကိုယ်ကို ထွေးပွေ့လိုက်သည်။ သူ့မျက်နှာကလည်း အလွန် ဖျော့တော့လို့နေပြီး အချိန်မရွေး ပျောက်ကွယ် သွားတော့မည့်ဟန် ရသည်။ သူက ဝမ်လင်းကိုလည်း စိတ်ရှုပ်ထွေးစွာ ကြည့်လို့နေ၏။
ဝမ်လင်းက ကျိတ်၍ သက်ပြင်းချလိုက်ပြီး သူ့လက်ထဲရှိ အနက်ရောင်ပန်းကို ခြေဆုပ်၍ အမှုန့်ဖြစ်စေ လိုက်သည်။ သည်အမှုန့်များ ပျောက်ကွယ် သွားသည်နှင့် ၎င်းက သေမျိုးများ မမြင်နိုင်သော အလင်းပွင့်လေးများ အဖြစ် ပြောင်းပြီး တနူးအဖေ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ တနူးအဖေက အေးစက်စက် ခံစားနေရမှု ရန်တန့်သွားပြီး သူက ဝမ်လင်းကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် တနူးအဖေ၏ ဝိညာဉ်က သူနှင့်အတူ နှစ်ပေါင်းနှစ်ဆယ်ကျော် တစ်လမ်းတည်း နေထိုင်ခဲ့သည့် အိမ်နီးချင်း ဖြစ်သူက သေမျိုးတစ်ယောက် မဟုတ်ကြောင်း သိလိုက်၏။ သူ့ဝိညာဉ်က လေထဲတွင် မျောလွင့်လို့နေသည်။ သူက ဒူးထောက်၍ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။ ထို့နောက် သူ့မိန်းမနှင့် သူ့သားကိုကြည့်၍ သူ့ခန္ဓာကိုယ်ကလည်း ကောင်းကင်ထက်သို့ တစ်ဆင့်ချင်း မြင့်တက်သွားပြီး သိပ်မကြာခင်မှာပဲ ပျောက်ကွယ်လို့ သွား၏။
“အဖေ၊ အမေ၊ ကျွန်တော် အဘိုးကို မြင်လိုက်တယ် … ”
ထိုအခိုက်တွင် ဆိုင်ထောင့်မှ ဤသို့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကိုးနှစ်အရွယ် တနူး၏သားက ကောင်းကင်ထက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လို့နေ၏။
သို့ရာတွင် မည်သူမျှ ကလေး၏စကားကို မယုံကြည်ကြချေ။ မည်သူမျှ သူ့စကားကို နားမထောင်သည်ကို တွေ့လိုက်သည့်အခါ ကလေးက နှာခေါင်းပွတ်၍ ဆက်မပြောတော့ပေ။
ဝမ်လင်းက ပတ်ဝန်းကျင်ကို စိတ်မကောင်းစွာ ကြည့်လို့နေသည်။ သေခြင်းရှင်ခြင်း သံသရာက လွတ်မြောက်ရန်မှာ မဖြစ်နိုင်ချေ။ သူက တနူးအဖေ၏ ခန္ဓာကိုယ်ကို ကြည့်ရင်း လွန်ခဲ့သော နှစ်နှစ်ဆယ်ကို ပြန်အောက်မေ့နေ၏။ သန်မာသော ငယ်ရွယ်သော လူတစ်ယောက်က အသက်ကြီးလာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ် ကျော်နေခဲ့ပြီးနောက် သေဆုံးသွား ခဲ့ရပေသည်။
သူက တနူးအမေအပေါ် အကြည့် ရောက်သွားသည်။ သူက ပထမဆုံးအချိန် သူမနှင့်တွေ့တုန်းက သူမက အသက် ၃၀ သာ ရှိသေး၏။ သူမက ခုချိန်တွင် အသက် (၅၀) စွန်းလာခဲ့ပြီ ဖြစ်၏။
ဝမ်လင်း အကြည့်က တနူးအပေါ်သို့ ကျရောက်သွား ပြန်သည်။ တနူးက တစ်ခါတုန်းက ဝမ်လင်းဆိုင်သို့ ခေါင်းလေး ငေါက်စိုက် ငေါက်စိုက်ဖြင့် သူပန်းပုထွင်းသည်ကို လာကြည့်သော ကောင်လေး တစ်ယောက်ပင်။ သူက အခုချိန်တွင်တော့ အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက လက်ထပ် ပြီးသည့်အပြင် ကလေး တစ်ယောက် ရှိနေရုံသာမက သူ့အဖေကိုပင် သင်္ချိုင်းသို့ ပို့ခဲ့ရပြီ ဖြစ်သည်။
ဝမ်လင်းက သည်အကြောင်းတွေကို တွေးနေရင်း တစ်ခုခုကို နားလည်လိုက်သည်။ သည်နည်းလည်မှုက ပို၍ပို၍ နက်ရှိုင်းလာခဲ့သည်။ သေမျိုး တစ်ယောက်အဖြစ် နှစ်ပေါင်း နှစ်ဆယ်ကျော် နေထိုင်ခဲ့ပြီးနောက် ဝမ်လင်းက ပထမဆုံးအကြိမ် ကောင်းကင်နှင့် မြေကြီး၏ ဂိတ်ပေါက်ဝကို ခံစားမိခြင်းပင်။
သူက ဘယ်အချိန် ပန်းပဲရုံမှ ထွက်လာလို့ ထွက်လာမိမှန်း မသိလိုက်ချေ။ စိတ်ရှုပ်ထွေးမှု အခြေအနေ တစ်ခုဖြင့် သူက သူ့ဆိုင်ထဲရှိ မီးဖိုဘေး ရှေ့တွင် ထိုင်လျက်ရှိပြီး ဆိုင်နံရံကို ငေးလို့နေ၏။ သူ့စိတ်ထဲတွင်လည်း ဗလာကြီး ဖြစ်လို့နေသည်။ ခုချိန်တွင် သူခံစားလို့ ရနေသည့် တစ်ခုတည်း အရာက အာရုံအပိုင်းအစ တစ်ခုပင်။
ဝမ်လင်း စိတ်ထဲတွင် သူနှင့် ဆက်နွှယ်နေသည့် တနူးအဖ၊ တနူးအမေနှင့် တနူးအကြောင်းတို့ တွေးမိနေသည်။ ဝမ်လင်းက သူ့တို့ကို ဝန်းရံထားသော မမြင်ရသည့် စွမ်းအင်ကို ခံစားနေရသည်။ သည်စွမ်းအင်က တနူးမိဘများနှင့် တနူးတို့ကို တဖြည်းဖြည်း အသက်ကြီးရင့် လာစေသည့် မမြင်ရသည့် စွမ်းအားတစ်ခုပင်။ ဝမ်လင်းက စိတ်ထဲတွင် ဖျတ်ခနဲ တစ်စုံတစ်ခုကို ဉာဏ်ပွင့်သွားသည်ဟု ခံစားလိုက်ရသည်။
***
🧓🧑🦳🧑🦱🙎