Switch Mode

အပိုင်း(၃၀၈)

နှစ်တစ်ရာအတွင်း သေရလိမ့်မယ်

ကောင်းကင်က မှောင်လို့ပင် လာလေပြီ။ နားရွက်ကြီးကြီး ကျင့်ကြံသူနှင့် လူငယ် ကျင့်ကြံသူတို့ ဝမ်လင်းဆိုင်ရှေ့ ရောက်သည့် အခိုက်တွင် ညအချိန် ရောက်သွားခဲ့ပြီ ဖြစ်၏။ သို့ရာတွင် လမ်းဘက်မှ မီးအလင်းများတော့ ဖြာလို့နေသေးသည်။

ရှုတောက်က မှုန်တိမှုန်ဝါးဖြင့် နိုးလာခဲ့သည်။ သူက ခဏတာတုံ့ဆိုင်း သွားပြီးနောက် ချက်ချင်း အိပ်ရာက ကောက်ထလိုက်သည်။ ရှုတောက်က ဝမ်လင်းကို မြင်လိုက်သည်နှင့် ချက်ချင်း မြေပေါ်သို့ ဒူးထောက် ချလိုက်၏။ သူ့မျက်နှာ ပေါ်တွင်လည်း စိတ်လှုပ်ရှားဟန်များ ပေါ်နေခဲ့သည်။ သူက စကားတစ်ခွန်းမှ မဆိုနိုင်ဖြစ်ရသည်။

ဝမ်လင်း အသွင်ကတော့ ပုံမှန်တိုင်း ရှိနေ၏။ သူက ရှုတောက်ကို လှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။

“ငါ မင်းဘဝကို ကယ်ခဲ့ပြီးပြီ၊ အခု မင်းထွက်သွားတော့ … ”

ရှုတောက်က ခဏတာတုံ့ဆိုင်း သွားပြီးနောက် အကြိမ်အနည်းငယ် ဒူးထောက်၍ ဦးညွှတ်လိုက်သည်။ ထို့နောက်သူက ခပ်တိုးတိုး ပြောလိုက်၏။ ဆရာဝမ်ရဲ့ ကျင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒါကို တစ်သက်လုံး မှတ်ထားပါ့မယ် … ”

ထိုသို့ပြောပြီးနောက် သူက မတ်တတ် ထရပ်လိုက်ပြီး တံခါးဖွင့်၍ ထွက်သွားတော့သည်။

ထိုအခိုက်တွင် ဝမ်လင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ရှုတောက် ပြန်လာခဲ့ဦး။ တံခါးမပိတ်ခဲ့နဲ့ … ”

ရှုတောက် ခန္ဓာကိုယ်က တုန်ရင်သွားပြီး သူက အထဲသို့ အမြန် ပြန်ဝင်လာခဲ့ပြီး ဝမ်လင်းကို စိတ်ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဝမ်လင်းက သူ့လက်ထဲက ဝိုင်တစ်ဂျားကို တစ်ကျိုက် မော့လိုက်ပြီး ပြောလိုက်၏။

“ဒီဘေးမှာ လာရပ်ချေ။ ငါတို့ ဧည့်သည်တွေ ရောက်လာတော့မယ် … ”

ရှုတောင် အမူအရာက အနည်းငယ် ပြောင်းသွားပြီး ဝမ်လင်းအနားတွင် လာရပ်၏။ သူက တံခါးကို ကြည့်နေရင်း တုန်လှုပ်လို့နေသည်။

သိပ်မကြာခင်မှာ ညင်သာသော ခြေသံများကို ကြားလိုက်ရသည်။ သည့်နောက် နားရွက်ကြီးကြီး ကျင့်ကြံသူနှင့် လူငယ် ကျင့်ကြံသူတို့က ဆိုင်ထဲသို့ လမ်းလျှောက် ဝင်လာနေသည်ကို တွေ့လိုက်ရ၏။ ရှုတောက်က သူတို့ကို ထိန့်လန့် ကြောက်ရွံ့စွာ ကြည့်မိလိုက်သည်။ သူ့စိတ်ထဲမှာလည်း ပရမ်းပတာ ဖြစ်နေခဲ့၏။ သို့သော်သူက ဝမ်လင်းကို ကြည့်၍ နောက်မဆုတ်မိရန် အားတင်းလိုက်၏။

လူငယ်ကျင့်ကြံသူက ဆိုင်ထဲဝင်လာသည်နှင့် သူက ရယ်မော၍ အော်ဟောက် လိုက်သည်။

“ဆရာ … ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ သူပဲ … ”

လူငယ်က ထိုသို့ပြောပြီးနောက် သူ့ဆရာကို လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ သူ့ဆရာက ဝမ်လင်းကို မကြည့်ဘဲ ဆိုင်ထဲရှိ ပန်းပုရုပ်များကို ကြည့်နေ သောကြောင့်ပင်။

ဝမ်လင်းက ခုထိ ဘာစကားမှ မပြောသေးပေ။ သူက ဝိုင်သောက်လျက်သာ ရှိနေဆဲပင်။

နားရွက်ကြီးကြီး ကျင့်ကြံသူက သစ်သားပန်းပုရုပ် တစ်ခုချင်းစီကို ဂရုတစိုက် ကြည့်နေ၏။ ရုတ်တရက် သူက ပန်းပုရုပ် နှစ်ရုပ်ပေါ်တွင် အာရုံစိုက်လိုက်သည်။ သည်ပန်းပုရုပ် နှစ်ရုပ်က အဖြူရောင် တိမ်ကလန်၏ သက်လတ်ပိုင်း လူကြီးနှင့် အသက်ကြီးကြီး အမျိုးသမီးတို့ ဖြစ်ကြသည်။

နားရွက်ကြီးကြီး ကျင့်ကြံသူက အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် သူက ပြုံးလို့သွား၏။ သူက သူ့ကိုယ်သူ ဧည့်သည် တစ်ယောက်နှင့် မတူသည့်အလားပင်။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်း၍ သူက ဝမ်လင်းနှင့် စလွယ်ခုတ် အနေထားတွင် ထိုင်ချလိုက်၏။

“ရောင်းရင်းကျင့်ကြံသူ … ။ ငါ့ကိုရော မတိုက်ခင်ဘူးလား … ”

နားရွက်ကြီးကြီး လူကြီးက ဝမ်လင်းထံ ခွက်ကမ်းပေး လိုက်သည်။ ဝမ်လင်းကလည်း ဝိုင်ဂျားကို ခွက်ထဲ ငှဲ့ပေးလိုက်၏။ သူက ဝိုင်ကို တစ်ကျိုက် သောက်လိုက်ပြီးနောက် ဤသို့ ပြောချလိုက်သည်။

“အရသာရှိလိုက်တာ … ”

ဝမ်လင်းက အားပါးတရ ရယ်မောလိုက်၏။

“သင် နှစ်သက်တယ်ဆိုရင် ငါ နောက်ထပ် ဝိုင်တစ်ဂျား လက်ဆောင် ပေးမှာပေါ့ … ”

နားရွက်ကြီးကြီး လူကြီးကလည်း အားပါးတရ ရယ်မောလိုက်သည်။ သူက ထိုလက်ဆောင်ကို မငြင်းဆိုပေ။ သူက သူကိုယ်တိုင် နောက်တစ်ခွက်ငှဲ့ပြီး ထပ်သောက်လိုက်၏။ အချိန်တစ်ခု ကြာပြီးနောက် သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်ပါတယ်။ သေမျိုးကမ္ဘာကို အသုံးပြုပြီး သေမျိုးအဖြစ် နေထိုင်တယ်။ လေးစားပါတယ် ရောင်းရင်း … ”

ဝမ်လင်းက သူ့ညာလက်ကို လှုပ်ရှားလိုက်ရာ ဝိုင်တစ်ဂျား ထပ်ပေါ်လာခဲ့သည်။ သူက တစ်ငုံထပ်သောက်၍ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူကလည်း သင့်တပည့်ကို အသုံးပြုပြီး သေမျိုး တစ်ယောက်အဖြစ် ကျင့်ကြံနေတာပဲလေ။ ဆရာတပည့် ဆက်ဆံရေးကို အသုံးပြုပြီး ကောင်းကင်နဲ့ မြေကြီးကို နားလည်အောင် လုပ်နေတာပါပဲ။ သင်နဲ့ ကျွန်ုပ်က တူတူပါပဲ။ ဒါ့ကြောင့် လေးစားစရာ မလိုပါဘူးလေ … ”

နားရွက်ကားကား လူကြီး၏ ဝမ်လင်းကို ကြည့်ရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ချက် ဖြစ်ပေါ်သွားသည်။ သူကခေါင်းညိတ်၍ ပြောလိုက်သည်။

“ငါထင်တာ မမှားခဲ့ဘူးပဲ။ ငါ့တပည့်ဆီက သတင်း ပြန်ရကတည်းက ငါနဲ့ တူညီတဲ့ နယ်ပယ်မှာရှိတဲ့ တစ်စုံ တစ်ယောက်ကတော့ မြို့တော်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ဖို့ လုပ်နေတယ်လို့ ခန့်မှန်းခဲ့တယ် … ”

ဝမ်လင်းက တိတ်တဆိတ် ပြုံးလိုက်သည်။

နားရွက်ကြီးကြီး လူကြီးကလည်း ပြုံး၍ ပြောလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူ … ငါတို့ထဲက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဘယ်သူအရင် ရောက်မလဲလို့ ပြိုင်ကြည့်ရင်ကော ဘယ်လိုလဲ … ”

ဝမ်လင်းက နားရွက်ကြီးကြီး ကျင့်ကြံသူကို ကြည့်၍ ပြောလိုက်သည်။ ငါ့နှလုံးသားထဲမှာ ပြိုင်ဆိုင်စိတ် ဖြစ်လာခဲ့ရင် ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဘယ်တော့မှာ မရောက်နိုင်တော့မှာ စိုးမိတယ်။ ရောင်းရင်း သင့်စကားတွေက ပြင်းထန်နေပါပြီ … ”

နားရွက်ကြီးကြီး လူကြီးက အားပါးတရ ရယ်မော၍ သူ့အင်္ကျီလက်ကို ဝှေ့ယမ်း၍ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။ ငါက ဒီနေရာမှာ ရောင်ရင်းလို ထူးချွန်တဲ့ ကျင့်ကြံသူ တစ်ယောက်နဲ့ လာဆုံရလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ကောင်းလိုက်တာ။ ငါ့နာမည်က ကျောက်ဝူထိုင်။ ငါမင်းကို ဘယ်လိုခေါ်သင့်လဲ … ”

ဝမ်လင်းက ဝိုင်တစ်ဂျားကို ကောက်ယူ၍ ထပ်သောက်ကာ ပြောလိုက်ပြန်သည်။

“ဝမ်လင်း … ”

ကျောက်ဝူထိုင်က ပြုံး၍ ပြောလိုက်၏။

“ရောင်းရင်းဝမ် … သင်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို နှစ် (၁၀၀) အတွင်း ရောက်လိမ့်မယ်။ ငါ ဒီနေ့တည်းက ကြိုပြီး ဂုဏ်ပြုပါတယ် … ”

ဝမ်လင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“ရောင်းရင်းကျောက် အခိုင်အမာကို ပြောနေတာပဲ။ ငါ့အမြင်တော့ ရောင်းရင်းကျောက်က နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ဖို့ မသေချာပေမဲ့ သင့်တပည့်ကတော့ လာမယ့်နှစ် တစ်ရာအတွင်း လုံးဝ သေရလိမ့်မယ်…”

ကျောက်ဝူထိုင်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သို့သော်သူက တိတ်ဆိတ်စွာ ရှိနေဆဲပင်။

လူငယ်ကျင့်ကြံသူ ကတော့ ဝမ်လင်းကို ရက်စက်စွာ ကြည့်လိုက်၏။ သို့သော် သူ့ဆရာက ဝမ်လင်းနှင့် ရင်းနှီးစွာ စကားပြောဆို နေသည့်အတွက် သူ့ဒေါသကို ဖိနှိပ်ထားရလေသည်။ သူက နှာခေါင်းရှုံ့၍ တွေးလိုက်သည်။ ဝမ်လင်းက ဘယ်အရာက ပိုကောင်းသလဲ ဆိုတာကို မသိဘူးပဲ။

ရှုတောက်ပင် ဝမ်လင်း စကားများက လွန်သွားသည်ဟု ခံစားလိုက်ရ၏။ သူက ပို၍ သတိထားလိုက် ပြီးနောက် နားရွက်ကြီးကြီး ကျင့်ကြံသူက ဒေါသထွက်လာမည်ကို ထိတ်လန့်လို့နေသည်။

သို့သော် ထိုလူကြီးက မည်သည့်ဒေါသမှ မထွက်ပဲ ပြုံးပင်ပြုံးလိုက် သေးသည်ကို တွေ့လိုက်ရသည့်အခါ သူက အံ့ဩလို့သွား၏။

လူငယ်ကျင့်ကြံသူ အဆင့်ဖြင့် နားရွက်ကြီးကြီး သူ့ဆရာနှင့် ဝမ်လင်းတို့ကြား တိုက်ပွဲကို သတိပြုမိနိုင်စွမ်း မရှိပေ။ ရှုတောက်ကတော့ သေမျိုးတစ်ယောက်သာ ဖြစ်သည့်အတွက် သူစကား အပြန်အလှန် ပြောဆိုနေမှုတွင် မည်မျှ အန္တရာယ် ရှိသည်ကို အဘယ်သို့ ခံစားမိနိုင် မည်နည်း။

နားရွက်ကြီးကြီး ကျင့်ကြံသည့်သူက အထဲသို့ ဝင်လာစဉ်က နူးညံ့ဟန် ရသော်လည်း သူ့ရည်ရွယ်ချက် ကတော့ မကောင်းသည့်ဘက်သို့ ရောက်နေခဲ့သည်။ သူပြောခဲ့သည့် စကားလုံးတိုင်းနှင့် သူလုပ်ဆောင်ခဲ့သည့် အရာအားလုံးက မကောင်းသည့် ဘက်သို့သာ ဦးတည်လို့နေ၏။

ပင်ကိုအားဖြင့် သူက ဝမ်လင်းကို ပြိုင်ဘက် တစ်ယောက်လို့ မြင်၍ စကားလုံးများဖြင့် မွှေနှောက်နေခြင်းပင်။ သူ့အကြံက အောင်မြင်ခဲ့လျှင် ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ လုံးဝ ရောက်နိုင်တော့မည် မဟုတ်ပေ။ အကြောင်းမှာ တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လိုလျှင် ကောင်းကင်နှင့်မြေကြီး အကြောင်းကို နားလည်ရပေမည်။ ထို့အတွက်လည်း စိတ်နှလုံး တည်ငြိမ်ရပေမည်။ သူ့စကားများကြောင့် ဝမ်လင်း နှလုံးသားထဲတွင် ပြိုင်ချင်စိတ် ဖြစ်လာပါက သူ့စိတ်နှလုံးက တည်ငြိမ်မှု ပျောက်ဆုံး၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ လုံးဝ ရောက်နိုင်တော့မည် မဟုတ်ပေ။

ဝမ်လင်းက သည်အတားအဆီးကို ဖယ်ရှားနိုင်မည် ဆိုရင်တောင် မရေမတွက်နိုင်သည့် နှစ်များစွာ ကြာပေလိမ့်မည်။ သည်အရာက သည်နားရွက်ကြီးကြီး ကျင့်ကြံသူ၏ မရိုးဖြောင့်မှုကို ပြသလို့နေသည်။

သူအစီအစဉ်က ဝမ်လင်း၏ ဖျက်ဆီးခြင်းကို ခံရလိုက်သော်လည်း သူက အရှုံးမပေး လိုသေးပေ။ သူက ဆက်လက်ပြီး ဝမ်လင်းက နှစ်တစ်ရာအတွင်း အောင်မြင်လိမ့်မည်လို့ ဂုဏ်ပြုလို့နေသည်။ သည်အရာက ဝမ်လင်းအတွက် နောက်ထပ် ထောင်ချောက် တစ်ခုပင်။

အဘိုးအိုက သည်လို တူညီသည့်အရာကို ပြောခဲ့သော်လည်း နားရွက်ကြီးကြီး လူကြီး ပြောသည်နှင့်တော့ လုံးဝ မတူညီပေ။ အဘိုးအိုက မြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေသူ တစ်ယောက် ဖြစ်သည်။

အဘိုးအိုနှင့် နားရွက်ကြီးကြီး ကျင့်ကြံသူတို့၏ ပြောသောစကားများက တူညီသော်လည်း အဓိပ္ပာယ်ကတော့ လုံးဝခြားနား၏။

နားရွက်ကြီးကြီး ကျင့်ကြံသူက သူ့ကို ဆက်တိုက် တိုက်ခိုက်ရန် ကြိုးစားနေသည့် အတွက် နောက်ဆုံးတွင် ဝမ်လင်းက ပြန်၍ တုံ့ပြန်လိုက်သည်။

သူက ပထမတုန်းက နားရွက်ကြီးကြီး ကျင့်ကြံသူက နှစ်တစ်ရာအတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် မသေချာဟု ပြောခဲ့သည်။ သည်စကားက နားရွက်ကြီးကြီး ကျင့်ကြံသူ၏ရည်ရွယ်ချက်အတိုင်း ပြန်၍ တိုက်စစ်ဆင်ထားခြင်း ဖြစ်သည်။

သို့ရာတွင် သည်အရာက ဝမ်လင်း ပြန်တုံ့ပြန်မှု၏ အဓိကအရာ မဟုတ်သေးပေ။ သူနောက်ဆုံး ပြောလိုက်သော စကားကသာ သူအစစ်အမှန် ပြန်တုံ့ပြန်လိုသည့် အရာဖြစ်သည်။

လာမည့်နှစ်ပေါင်း (၁၀၀) အတွင်း လူငယ် ကျင့်ကြံသူက သေဆုံးရမည်ဟု ဝမ်လင်းက ပြောခဲ့ပေသည်။ သည်စကားကသာ နားရွက်ကြီးကြီး ကျင့်ကြံသူကို အမှန်ထောက်ပြခြင်း ဖြစ်၏။ သည်လူငယ် ကျင့်ကြံသူနှင့် နားရွက်ကြီးကြီး ကျင့်ကြံသူတို့က ဆရာတပည့် ဆက်ဆံရေး ရှိ၏။

အမှန်တော့ နားရွက်ကြီးကြီး ကျင့်ကြံသူ ကျောက်ဝူထိုင်က သည်လိုဆရာတပည့် ဆက်ဆံရေးကို နားလည်အောင် လုပ်ရန်အတွက် သေမျိုးအဖြစ် ပြောင်းလဲ နေထိုင်နေခြင်း ဖြစ်သည်။ သည်လိုဆန္ဒကြောင့် သူက လူငယ်ကျင့်ကြံသူကို လက်ရင်း တပည့်အဖြစ် လက်ခံခဲ့ခြင်းပင်။ သူက သူ့တပည့်ကို သားတစ်ယောက်လို ဆုံးမတာက တစ်ဖုံ၊ သူ့အကြိုက်တိုင်း လိုက်ပြီး ကြင်နာမှုပြခြင်းက တစ်မျိုး ပြုမူ၍ သူ့နှလုံးသားထဲနေ သူ့တပည့်ကို ချစ်လာအောင် လုပ်ခြင်းပင်။ ထို့နောက်တွင်တော့ သူက သူ့တပည့် အဆုံးရှုံးခံပြီး သေမျိုးတစ်ယောက်လို ဝမ်းနည်းသည့် ခံစားမျိုးဖြစ်သည့် သေမျိုး အတွေ့အကြုံကို ထိတွေ့မိအောင် လုပ်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် အစီအစဉ်ချထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်လင်းက သူ့တပည့်ကို နောက်နှစ် တစ်ရာအတွင်း ကျိန်းသေ သေလိမ့်လို့ ပြောခဲ့ခြင်းပင်။

နောက်ဆုံးချိန်တွင် သူက သူ့ကိုယ်ပိုင် နယ်ပယ်ကို ခံစားမိပြီး စဦးစိတ်ဝိညာဉ် အဆင့်သို့ ဝင်ရောက်ရန် ဖြစ်သည်။ ထို့ကြောင့် သူက နောက်ဆုံးတွင် သူ့တပည့်ကို ကိုယ်တိုင်သတ်ပြီး သေမျိုး တစ်ယောက်လို ဝမ်းနည်းမှု ခံစားချက်ကို ရအောင်ယူ၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် ရည်ရွယ်ချက် ရှိလို့နေသည်။ သူက သည့်တပည့်ကို ကိုယ်တိုင် သတ်လိုက်လျှင် သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာမည် ဝမ်းနည်းမှုကို အသုံးချ၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်သာ ဖြစ်တော့၏။

သူ့လမ်းကြောင်းက စိတ်ခံစားချက်များ ပြည့်နေသည့် လမ်းကြောင်းပင်။ သို့သော် ထိုလမ်းကြောင်းက ရက်စက်၏။ ထိုရက်စက်မှု ထဲတွင်လည်း ခံစားချက် ပြန်ပါနေပြန်သည်။ သည်လိုနည်းလမ်းက သာမန်လူ တစ်ယောက် ပြုလုပ်နိုင်စွမ်း မရှိပေ။ အနည်းဆုံး ဝမ်လင်း အတွက်တော့ ထိုသို့ပြုလုပ်ရန် မလွယ်ကူချေ။

သည်အချက်များကြောင့်ပဲ ဝမ်လင်း၏ နောက်ဆုံး စကားကသာ နားရွက်ကြီးကြီး ကျင့်ကြံသူအတွက် စစ်မှန်သော ပြန်လည်တိုက်ခိုက်မှု ဖြစ်၏။

နားရွက်ကြီးကြီး ကျင့်ကြံသူကြီးက ပြုံး၍ ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် သူက မတ်တတ် ထရပ်လိုက်သည်။ သည့်နောက် သူက ရှုတောက်ကို ကြည့်၍ ပြောလိုက်သည်။ မင်း ဘုရင်ကို ပြောလိုက်ပါ။ ငါလိုချင်တဲ့ ပစ္စည်းကို သုံးရက်အတွင်း ဘုရားကျောင်းကို လာပို့ပါလို့ … ”

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို ထပ်ကြည့်လိုက်ပြီး လှည့်ထွက် သွားတော့သည်။

လူငယ်ကျင့်ကြံသူ ကလည်း သူ့ဆရာနောက်သို့ အလျင်အမြန် လိုက်သွားလေ၏။ ဒီနေ့တွင် သူက သူ့ဆရာက ပုံမှန်အတိုင်း မဟုတ်သည့်အပြင် သူ့အတွက်လည်း လက်စား မချေပေးသည့် အတွက် ဘယ်လိုကြီးမှန်းမသိ ခံစားနေရ၏။

တစ်ချိန်တည်းမှာ သူက ဝမ်လင်း သူ့ကို ပြောခဲ့သော နှစ်တစ်ရာအတွင်း ကျိန်းသေ သေလိမ့်မည်ဟူသော စကားကိုလည်း မတွေးမိဘဲ မနေနိုင်ဖြစ်ရသည်။ ထိုအကြောင်းကို တွေးမိပြီး သူက တုန်လှုပ်မိနေသည်။ သူက ခေါင်းမော့လိုက်ရာ သူ့ကို ညင်သာစွာ ကြည့်နေသော သူ့ဆရာကို တွေ့လိုက်မှ ရင်ထဲ ပြန်နွေးထွေး သွားခဲ့ရသည်။

ဖူအာ … ဒီအကြောင်းကို အများကြီးတွေးဖို့ မလိုပါဘူး။

“မင်း ဘာလို့ သကြားလုံးကို မစားသေးတာလဲ … ”

နားရွက်ကြီးကြီး လူကြီး၏အသံက နူးညံ့လို့နေ၏။

လူငယ်ကျင့်ကြံသူ၏ မျက်လုံးများက နီရဲလာပြီးနောက် သူက ပြန်ဖြေလိုက်သည်။

“တပည့်က ဒီသကြားလုံးကို တစ်သက်လုံး သိမ်းထားချင်လို့ပါ … ”

နားရွက်ကြီးကြီး လူကြီးက ပြုံး၍ သူ့တပည့်ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က ဝမ်လင်းတို့ လမ်းထဲမှ လမ်းလျှောက် ထွက်လာကြသည်။

ဝမ်လင်းက ဆိုင်ထဲတွင်သာ ဖြစ်သည်။ သူက အတွေးထဲတွင် မျောလို့နေ၏။ အချိန်တစ်ခု ကြာပြီးနောက် သူက အပြုံးတစ်ခု တပ်ဆင်ရင်း ထိုအကြောင်းကို မတွေးတော့ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မဟုတ်ရင် သည်လိုအတွေးက သူသေမျိုး တစ်ယောက်အဖြစ် ပြောင်းလဲနေသည့် လမ်းတွင် အနှောင့်အယှက် ဖြစ်လာလိမ့်မည် ဖြစ်၏။

ထိုအခိုက်တွင် ရှုတောက်က လုံးဝ တောင့်မတ်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူက ဝမ်လင်းကို ကျွမ်းကျင်သူ တစ်ယောက်အဖြစ်သာ ထင်ထားခြင်း ဖြစ်သည်။ အခြား တစ်ဖက်မှာလည်း ဝမ်လင်းက နန်းတော်ထဲရှိ အင်မော်တယ် နှစ်ယောက်ကို မည်သို့များ တုန်လှုပ်သွားစေ နိုင်ခဲ့သနည်း။

သူ့တော်ဝင် မင်းသားကပင် ဝမ်လင်းကို နှစ်စဉ်နှစ်တိုင်း လက်ဆောင်များ ပေးရန် သူ့အား အမိန့်ပေး ခဲ့ပေသည်။ ထို့ကြောင့်လည်း သူက ဝမ်လင်းကို ဆယ်နှစ်ကျော် လက်ဆောင်များ ပေး၍ ရိုရိုသေသေ ဆက်ဆံခဲ့ခြင်းပင်။ အခုသူ အန္တရာယ်နှင့် ကြုံတွေ့သည့် အချိန်တွင်လည်း သူ့စိတ်ထဲတွင် ပထမဆုံး သတိရသည့်လူက ဝမ်လင်းပင် ဖြစ်၏။

သို့သော် သူက ဝမ်လင်းက ဘုရင်ကိုပင် နန်းတော်ထဲတွင် ပုန်းနေအောင် ပြုလုပ်နိုင်သော လူကို ရင်ဆိုင်နိုင်သည့် စွမ်းအား ရှိနေလိမ့်မည်ဟ ယောင်၍ပင် မတွေးမိခဲ့ပေ။ သည်နားရွက်ကြီးကြီး အင်မော်တယ်နှင့် သူ့တပည့်က ဝမ်လင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သော်လည်း မည်သည့် နှောင့်ယှက်မှုမှ မပြုရဲဘဲ အလွယ်တကူ အလျှော့ပေးခဲ့ကြ၏။

***

Comment

  1. htet myat says:

    👂👂👂💀💨

Leave a Reply

Options

not work with dark mode
Reset