တော်ဝင်နန်းတော်အတွင်း…
“ကောင်းတယ်… ကောင်းတယ်… ယွမ်အာက ငါတို့ဇူကလန်ရဲ့ အစစ်အမှန်နဂါးတစ်ကောင်ပဲ…”
ထမင်းစားစားပွဲမှာတော့ ဇူချင်ရဲ့မျက်နှာပေါ်မှာ ဖြတ်လတ်တက်ကြွမှုတွေနဲ့ ပြည့်နှက်နေကာ သူရဲ့အမြဲတမ်းတင်းမာခက်ထန်တဲ့အမူအယာတွေအစား အခုချိန်မှာ ဖုံးဖိမရနိုင်လောက်တဲ့ ပျော်ရွှင်မှုတွေက အစားထိုးဝင်ရောက်နေပေသည်။ သူက အားပါးတရပြုံးနေသကဲ့သို့ ဇူယွမ်ကိုကြည့်လိုက်ကာ ရယ်မောရင်းမှပြောလိုက်သည်… “ချူထျန်းယန်က နန်းတော်ကို အထူးတလည်ရောက်လာခဲ့ပြီးတော့ သားကိုအလွန်အမင်းချီးကျူးခဲ့တာကို သားမသိခဲ့ဘူးမလား…”
ဒီနေ့ကျောင်းသားသစ်စာမေးပွဲမှာ ဇူယွမ်ရဲ့စွမ်းဆောင်မှုက သူ့ကိုစိတ်ဝင်တစားဖြစ်သွားစေခဲ့တာ ထင်ရှားလှပေသည်။
ဘေးနားမှာထိုင်နေတဲ့ ချင်ယုကလည်း ဇူယွမ့်ကို စိတ်ဝင်စားစွာဖြင့်ကြည့်နေသကဲ့သို့ သူမရဲ့မျက်လုံးတွေထဲမှာလည်း တူညီစွာပင် အပျော်တွေနဲ့ပြည့်နှက်နေရပေသည်။
ဇူယွမ်က သူ့ရဲ့စားစရာတွေကို စားနေခဲ့လိုက်ပြီး ဇူချင်နဲ့ချင်ယုတို့ရဲ့ ချီးကျူးနေမှုကို အပြုံးဖြင့်ပြန်လည်တုံ့ပြန်လိုက်ရင်းမှ သူကပြောလိုက်သည်… “ဒါက ကျောင်းသားသစ်စာမေးပွဲပဲရှိပါသေးတယ်… အရေးအကြီးဆုံးတစ်ခုက နှစ်ကုန်မှာပြုလုပ်မယ့် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲပဲ…”
ဇူချင်က ဒါကိုကြားလိုက်ရတဲ့အခါ ခေါင်းညိတ်ပြလိုက်ပြီး အားရဝမ်းသာပြောလိုက်သည်… “နိုင်ပွဲရသွားပြီဆိုပြီး လေ့ကျင့်မှုတွေကိုလည်း လစ်ဟင်းမသွားစေနဲ့ဦး… လူရှုပ်ကလေး သားကနှစ်ပေါင်းများစွာ ဝေဒနာခံစားခဲ့ရတဲ့အတွက်ဒီလိုမျိုးဖြစ်သွားမှာတော့ မဟုတ်ပါဘူး…”
“နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အမှန်တကယ်ကို အရမ်းအရေးကြီးတယ်…”
ဇူချင်ဖြည်းညှင်းစွာဆက်ပြောသည်… “ချီအိမ်တော်က တော်ဝင်ဇူကျောင်းတော်ကို မျက်စိကျနေခဲ့တဲ့အတွက် အချိန်အတော်ကြာတည်းက လျှို့ဝှက်အကြံအစည်တွေရှိခဲ့ကြတယ်… သူတို့ကိုသာ နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာထပ်ယူနိုင်ဖို့ ခွင့်ပြုခဲ့ရမယ်ဆိုရင် သူတို့တွေ ခက်ခဲတဲ့အရာတွေ စတင်ပြုလုပ်လာမှာကို ငါစိုးရိမ်မိတယ်…”
အေးစက်တဲ့အလင်းရောင်တွေ ဇူချင်ရဲ့မျက်လုံးထဲမှာ ဖြတ်ပြေးသွားခဲ့သည်။ သူက ချီအိမ်တော်ပေါ်မှာ အလွန်အမင်းမုန်းတီးနေခဲ့တာကို ဒါကဖော်ပြနေပေသည်။
ချင်ယုက ဇူယွမ်ကို ကြင်နာစွာကြည့်လိုက်ပြီး အနည်းငယ်တွန့်ဆုတ်စွာဖြင့်ပြောသည်… “ဒါပေမဲ့လည်း အဲ့ဒီချီယွဲ့က စွမ်းအင်ဝင်ပေါက်ခြောက်ခုဖွင့်ထားနိုင်ခဲ့ပြီမလား… ဒီနှစ်ကုန်ရင် သူကပိုလို့တောင်သန်မာလာလိမ့်ဦးမယ်… ဇူယွမ်စပြီးလေ့ကျင့်တဲ့အချိန်က သူ့ထက်အရမ်းကိုနောက်ကျတယ်…”
သူတို့နှစ်ယောက်ကြားထဲက ကွာခြားမှုကို လျှော့ချနိုင်ဖို့အတွက်က ဇူယွမ့်အနေနဲ့ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်မှုကို အံ့သြတုန်လှုပ်စရာအရေအတွက်လောက်အထိ ပြုလုပ်ရပေမည်။
မျှော်မှန်းထားချက်နှင့်ပြောင်းပြန်ပင် ဇူယွမ်ရဲ့အမူအယာက ပုံမှန်အတိုင်းပဲရှိနေသည်။ သူက ချင်ယုကို ပြုံးပြလိုက်ရင်းမှ ပြောသည်… “ဘာမှစိုးရိမ်စရာမလိုဘူး အဖေနဲ့အမေ… ကျွန်တော်က သူတို့ရဲ့အကြံအစည်တွေ အောင်မြင်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး…”
သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေ ရှာမတွေ့နိုင်ခဲ့တဲ့ အတိတ်တစ်ချိန်တုန်းက သူဟာသူ့အဖေရဲ့အရိပ်အောက်မှာ ပုန်းကွယ်၍သာ ရှင်သန်နေထိုင်ခဲ့ရသည်။ အခုအချိန်မှာ သူကကျင့်ကြံခြင်းကို စတင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် သူ့အနေနဲ့အကောင်းဆုံးကြိုးစားအားထုတ်ပြီး သူ့အဖေရင်ဆိုင်နေရတဲ့ ဖိအားတစ်ချို့တစ်ဝက်ကို ခွဲယူရပေလိမ့်မည်။
လက်ရှိအခြေအနေမှာ ဇူအင်ပါယာက ဘယ်လိုအန္တရာယ်တွေနဲ့ကြုံတွေ့နေရလဲဆိုတာကို သူ့အနေနဲ့ကောင်းစွာနားလည်နိုင်ပေသည်။
ဇူယွမ်ရဲ့သိတတ်မှုကိုမြင်လိုက်ရသည့်အခါ ဇူချင်နဲ့ချင်ယုတို့ ကျေနပ်နှစ်သက်မှုကို ခံစားခဲ့လိုက်ရသည်။ သို့ပေမဲ့လည်း ကိုယ့်ကိုကိုယ်အပြစ်တင်မှုနဲ့ စိတ်နှလုံးပူဆွေးမှုတို့ကို ကြီးစွာခံစားနေရဆဲပင်ရှိသေးသည်။ အကယ်၍သူတို့ကသာ ဝူဘုရင်ဆီက သူတို့ဆုံးရှုံးသွားခဲ့တဲ့အရာတွေကို ပြန်ရယူနိုင်ခဲ့မယ်ဆိုရင် ဇူအင်ပါယာအနေနဲ့ ဒီလိုအခြေအနေမျိုးကျဆုံးနေလိမ့်မည်မဟုတ်ပဲ ဇူယွမ်လည်း သူ့ရဲ့ငယ်ရွယ်တဲ့အသက်အရွယ်မှာ ဒီလိုကြီးလေးတဲ့တာဝန်တွေကို ပခုံးထမ်းထားရလိမ့်မည်မဟုတ်ပေ။
ဇူယွမ်က ဇူချင်နဲ့ချင်ယုတို့ရဲ့ ဝမ်းနည်းအားငယ်သည့်စိတ်ခံစားချက်တွေကို ခံစားလိုက်မိသည့်အတွက် ချက်ချင်းဆိုသလို အကြောင်းအရာပြောင်းလိုက်သည်… “အမှန်အတိုင်းပြောရရင် ကျွန်တော်ဒီစာမေးပွဲမှာအောင်မြင်မှုက အစ်မကြီးယောင်ယောင်ရဲ့ လမ်းညွှန်မှုတွေကို အများဆုံးကျေးဇူးတင်ရမယ်…”
ဘေးနားမှာ ထန်ထန်ကို ပေါင်ပေါ်မှာတင်ထားရင်းမှ တိတ်ဆိတ်စွာစားသောက်နေတဲ့ ယောင်ယောင်က ဒီစကားကိုကြားလိုက်ရသည့်အခါ လူတိုင်းရဲ့အာရုံကိုသူမထံလွှဲလိုက်သည့်အတွက် မပျော်မရွှင်ဖြစ်သွားသည့်အလား ဇူယွမ့်ကို ကြည့်လိုက်သည်။
ဇူချင်က ဒါကိုကြားလိုက်ရတဲ့အခါ ခေါင်းညိတ်လိုက်ပြီး ပြုံး၍ပြောသည်… “မိန်းကလေးယောင်ယောင်က အမှန်တကယ်ငါတို့ရဲ့ ကျေးဇူးရှင်ပဲ… လာ ငါမင်းကို တစ်ခွက်နဲ့ဂုဏ်ပြုပေးရမယ်… ”
ဇူချင်ဒီစကားကိုပြောလိုက်တဲ့ အခိုက်အတန့်မှာ ချင်ယုရဲ့မကျေနပ်တဲ့အကြည့်က သူ့ထံရောက်ရှိလာခဲ့သည်။ သူမရဲ့မျက်လုံးထဲမှာတော့ ယောင်ယောင်က ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဇူချင်ရဲ့အပြုအမူက လမ်းမှားကိုရောက်အောင် ဦးဆောင်နေသလိုပင်။
သို့ပေမဲ့လည်း သူမမပြောရသေးခင်မှာပင် မူလကငြိမ်သက်နေတဲ့ ယောင်ယောင်ရဲ့မျက်လုံးတွေက အနည်းငယ်တောက်ပလာခဲ့ကာ သူမရဲ့သေရည်ခွက်ကို မြှောက်လိုက်ပြီး တစ်ကြိုက်တည်းမော့သောက်ခဲ့လိုက်သည်။
ဇူချင် အံ့အားသင့်သွားခဲ့ရသည်။ သူက မကျေမနပ်အကြည့်နဲ့ ကြည့်နေသည့် ချင်ယုကိုတစ်ချက်ကြည့်လိုက်ပြီး ကို့ရို့ကားရားနိုင်စွာရယ်မောလိုက်လျက် သူ့ရဲ့သေရည်ခွက်ကို အလျင်အမြန်မော့သောက်ကာ အဆုံးသတ်လိုက်သည်။ ဒါ့အပြင် သူ့အနေနဲ့နောက်တစ်ကြိမ်ထပ်သောက်ဖို့ကို မပြောရဲခဲ့တော့ပေ။
…
ချီအိမ်တော်…
စာကြည့်ခန်းတစ်ခုအတွင်းမှာ ရေနံဆီမီးအိမ်တစ်ခု ထွန်းညှိထားလျက်ရှိပြီး ဝါကျင့်ကျင့်အလင်းရောင်က အခန်းထဲမှာ ပြန့်နှံ့နေပေသည်။
အဝါရောင်ဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က စားပွဲနောက်မှာ ခပ်မတ်မတ်ထိုင်နေလျက် စာအုပ်တွေကို ခံစားချက်ကင်းမဲ့စွာ လှန်လှောနေလျက်ရှိသည်။ အေးစက်ခက်ထန်တဲ့အရှိန်အဝါတွေက သူ့ရဲ့မျက်ခုံးနှစ်ခုကြားမှာ ထွက်ပေါ်နေခဲ့ပြီး ဖိအားတစ်ခုက အပြင်ဘက်သို့ပျံ့နှံ့ထွက်ပေါ်နေကာ သူနဲ့ရင်ဆိုင်ရတဲ့ဘယ်သူမဆို သူ့ကိုအထင်သေးရဲလိမ့်မည်မဟုတ်ပေ။
ချီယွဲ့က သူ့ရဲ့လက်တွေကို ခန္ဓာကိုယ်ဘေးမှာတွဲလောင်းချထားလျက် သူ့ရဲ့မျက်နှာမှာ ရိုသေးလေးစားမှုအပြည့်ဖြင့် စားပွဲရှေ့၌ ရပ်နေလျက်ရှိသည်။
“မင်းပြောပုံအရဆို မသန်မစွမ်းဖြစ်နေတဲ့မင်းသားက အခုချိန်မှာ ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုကို စပြီးပြုလုပ်နိုင်နေပြီပေါ့…” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်မှာ အဝါရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ်အမျိုးသားက သူ့ရဲ့အကြည့်ကို စာအုပ်တွေထံမှလွှဲလိုက်ပြီး လေးပင်စွာပြောလိုက်သည်။
“ဟုတ်တယ်အဖေ… သူ့ရဲ့ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ခွန်အားနဲ့တောင် သူက ဝင်ပေါက်လေးခုဖွင့်ထားတဲ့ လင်ဖုန်းကို အနိုင်ယူနိုင်ခဲ့တယ်…” ချီယွဲ့က ချက်ချင်းပြန်ပြောသည်။
အဝါရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ်အမျိုးသားက ဇူအင်ပါယာရဲ့ ချီဘုရင်ဖြစ်သူ ချီယန်ပင်ဖြစ်သည်။
ချီဘုရင်ရဲ့မျက်လုံးတွေက မြွေပွေးတစ်ကောင်အလား အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ပြီး ဖြည်းညှင်းစွာပြောသည်… “မြင့်မြတ်တဲ့နဂါးရဲ့ ကောင်းချီးပေးမှုကို ပိုင်ဆိုင်ခဲ့တဲ့လူတစ်ယောက်လို့ မပြောရဘူးပဲ… ဒီလိုမျိုးမသန်မစွမ်းဖြစ်သွားခဲ့တာတောင်မှပဲ သူကပြန်ပြီးနာလံထူလာနိုင်သေးတယ်… တကယ်ကို ဇွဲကြီးတာပဲ…”
သတ်ဖြတ်ချင်တဲ့ဆန္ဒက ချီယွဲ့ရဲ့မျက်လုံးတွေထဲမှာ ဖြစ်ပေါ်လာခဲ့ရသည်။
“အဖေ ကျွန်တော်တို့ ဒီသတင်းကို ဝူအင်ပါယာကို ပို့လိုက်ရမလား…”
ချီဘုရင်က တစ်ခဏကြာ ကိုယ့်ကိုကိုယ်ရေရွတ်နေခဲ့ရင်းမှ သူ့ရဲ့ခေါင်းကို ခါယမ်းပြလိုက်သည်… “ဝူအင်ပါယာက ခုလက်ရှိအချိန်မှာ အိမ်နီးချင်းအင်ပါယာနှစ်ခုနဲ့ စစ်ပွဲရင်ဆိုင်နေရတယ်… ပြိုကွဲလုနီးနီးဖြစ်နေတဲ့ ဇူအင်ပါယာအတွက် သူတို့မှာ ဘယ်လိုလုပ်အချိန်ပိုရှိနိုင်မှာလဲ… မသန်မစွမ်းဖြစ်နေတဲ့ မင်းသားအတွက်ကတော့ သူ့ရဲ့မြင့်မြတ်တဲ့နဂါးကောင်းချီးပေးခံရမှုက ယူဆောင်သွားခြင်းခံခဲ့ရပြီး နဂါးဒေါသအဆိပ်တောင်မှ သူ့ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့ရတယ်… ဒါကို ကုသနိုင်ဖို့က သူ့အတွက်တော့လွယ်မှာမဟုတ်ဘူး… သူ့ရဲ့လက်ရှိအခြေအနေက ပျောက်ကွယ်သွားရတော့မဲ့ ကြယ်တစ်ပွင့်လို နောက်ဆုံးအကြိမ်တောက်ပခြင်းမျိုးဖြစ်နိုင်တယ်…”
ဒါကိုကြားလိုက်ရသည့်အခါ ချီယွဲ့ကခေါင်းညိတ်ပြလိုက်မိသည်။ အရင်အချိန်တွေတုန်းမှာ ဇူယွမ်က အလွန်အမင်းမသန်မစွမ်းဖြစ်ခဲ့ရပေသည်။ ဒီလိုအခြေအနေကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့က သူ့အတွက်အရမ်းကို ခက်ခဲပေလိမ့်မည်။
“ဒါ့အပြင်ကို သူကအမှန်တကယ်ရုန်းထွက်နိုင်စေဦးတော့ ငါဆိုတဲ့ ချီယန်က ဒီလိုအရေးမပါတဲ့လူတစ်ယောက်အတွက် စိုးရိမ်နေစရာလိုမှာလား…” ချီယန်က အေးစက်စွာရယ်မောလိုက်ရင်းမှ ဆက်ပြောသည်… “ငါက ဒါအတွက်နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ပြီးတော့ ဇူချင်တောင်မှပဲ အခုအချိန်မှာ ငါ့ကိုဘာတစ်ခုမှမလုပ်နိုင်ခဲ့ဘူး… သူ့လိုမျိုးဝင်ပေါက်နှစ်ခုပဲဖွင့်ထားနိုင်သေးတဲ့ ကောင်လေးတစ်ယောက်က ငါ့ရဲ့အဓိကအကြံအစည်ကို ဘယ်လိုများပြောင်းလဲစေနိုင်မှာလဲ…”
“တကယ်လို့ ငါတို့ကသာ ဒီမသန်မစွမ်းဖြစ်နေတဲ့မင်းသားအတွက်နဲ့ ဝူအင်ပါယာကို သတင်းပို့ခဲ့ရမယ်ဆိုရင် ဒါက သူတို့ကို ငါတို့အပေါ်မှာ တစ်မျိုးမြင်သွားစေနိုင်တယ်… ဒီလိုသာဖြစ်သွားခဲ့မယ်ဆိုရင် နောင်အနာဂတ်မှာ ငါတို့ကဇူအင်ပါယာကို ရရှိခဲ့ရင်တောင်မှ ငါတို့ကကြိုးစားအားထုတ်မှုအနည်းငယ်သာလုပ်ခဲ့ပြီး အောင်မြင်ခဲ့တာလို့ သူတို့ယုံကြည်သွားကြလိမ့်မယ်…”
ချီယန်က သူ့ရဲ့လက်ထဲက စာအုပ်ကို စားပွဲပေါ်ပစ်တင်လိုက်ရင်းမှ ဆက်ပြောသည်… “ဒုတိယအတန်းကသာ ဒီနှစ်ကုန် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့မယ်ဆိုရင် တော်ဝင်ဇူကျောင်းတော်က ငါပိုင်ဆိုင်တဲ့အရာဖြစ်လာလိမ့်မယ်… ဒါကအရမ်းအရေးကြီးတယ်…”
“ဒါ့ကြောင့်ပဲ မင်းကဒီနှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ သေချာပေါက် ပထမနေရာကို ရယူရလိမ့်မယ်…”
ချီယွဲ့က ချီယန်ရဲ့အကြည့်ကို ခေါင်းညိတ်ကာ တုန့်ပြန်လိုက်ပြီး အနည်းငယ်မျှတုန့်ဆိုင်းခြင်းမရှိဘဲ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်… “စိတ်ချပါအဖေ… နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ တော်ဝင်ဇူကျောင်းတော်ထဲမှာရှိတဲ့ ဘယ်သူကမှ ကျွန်တော့ကိုယှဉ်နိုင်လိမ့်မှာမဟုတ်ဘူး…”
“ဇူယွမ်အတွက်ကတော့ သူသာလိမ္မာပါးနပ်မှုမရှိဘူးဆိုရင် သူ့အနေနဲ့ပြန်လည်ရုန်းထွက်လာနိုင်စေဦးတော့ ကျွန်တော်က သူ့ကိုနောက်တစ်ကြိမ် မသန်မစွမ်းဖြစ်အောင်လုပ်တာကို မြင်ရလိမ့်မယ်…”
သူကပြောလိုက်သလို သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာလည်း ရက်စက်တဲ့အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့ရသည်။
…
နောက်တစ်နေ့ မနက်စောစောမှာတော့ ဇူယွမ်က နဂါးကခုန်ခြင်းပုံစံ ၉၈ မျိုးကို မပျက်မကွက်ဆက်လက်လေ့ကျင့်ခဲ့ပြီး နေ့စဉ်ပြုလုပ်နေကြအတိုင်း သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ထိုးနှက်တိုက်ခိုက်နေလျက်ရှိပေသည်။
လေ့ကျင့်မှုပြီးဆုံးသွားတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်လိုက်ပြီး နန်းတော်မှ တော်ဝင်ဇူကျောင်းတော်သို့ ဦးတည်၍ ထွက်ခွာလာခဲ့လိုက်သည်။
အခုအချိန်မှာ သူကပါရမီရှင်အတန်းကို ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် ယခင်တုန်းကလည်း အတန်းလက်မဲ့အခြေအနေမျိုးမဟုတ်တော့ပေ။
တော်ဝင်ဇူကျောင်းတော် ပါရမီရှင်အတန်းလေ့ကျင့်ရေးကွင်းအတွင်း…
ဆယ်ယောက်ထက်မနည်းသောလူအုပ်စုက ကျယ်ဝန်းတဲ့ သင်ကြားရေးကွင်းပြင်ထဲမှာ စုဝေးနေလျက်ရှိပြီး ဆူညံသံတွေ စိတ်လှုပ်ရှားနေမှုတွေက လေထုထဲမှာ လွင့်ပျံထွက်ပေါ်နေလျက်ရှိသည်။
ဇူယွမ်၊ စုယုဝေနဲ့ ပါရမီရှင်အတန်းကို ဝင်ရောက်ခဲ့တဲ့ နောက်ထပ်ကျောင်းသားသစ်တစ်ယောက်တို့ ဝင်ရောက်လာသည့်အခါ ကွင်းပြင်ထဲမှာရှိနေသည့် လူတွေက စူးစမ်းလိုမှုတွေ မျှော်လင့်စောင့်စားနေမှုတွေဖြင့် ပြည့်နှက်နေလျက်မှ သူတို့ကို လှည့်ကြည့်လိုက်ကြသည်။
ဇူယွမ်တို့သုံးယောက်သား ဒီလိုအာရုံစိုက်ခံလိုက်ရတဲ့အတွက် အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ရသည်။
သူတို့တွေ အံ့အားသင့်သွားရစဉ်မှာပင် လူငယ်လေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက် သင်ကြားရေးကွင်းထဲကို လျှောက်လှမ်းဝင်လာခဲ့သည်။ ငယ်ရွယ်တဲ့လူငယ်လေးရဲ့ ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာသည့်ပုံပေါ်ပြီး သူ့ရဲ့အသားအရေက အညိုရောင်ဘက်ကို အနည်းငယ်သမ်းနေခဲ့ပေသည်။ သူ့ရဲ့ကြမ်းတမ်းတဲ့မျက်နှာပေါ်မှာ ရိုးသားတဲ့အပြုံးတစ်ခုပေါ်ထွက်လာခဲ့ပြီး ဒါကသူ့ကို ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်အဖြစ်မြင်တွေ့ရစေသည်။
ငယ်ရွယ်တဲ့မိန်းကလေးရဲ့မျက်နှာကလည်း လှပမှုရှိပေသည်။ သူမရဲ့အလှက စုယုဝေနဲ့ နှိုင်းယှဉ်ခြင်းငှါမစွမ်းသာသော်ငြားလည်း သူမရဲ့ရှည်လျားသေးသွယ်တဲ့ ခြေတံလေးတွေက လူတစ်ယောက်ရဲ့အကြည့်ကိုဖမ်းစားနိုင်စွမ်းရှိပေသည်။
အသားညိုညိုနဲ့ ဖြောင့်မတ်မှန်ကန်ပုံရှိတဲ့လူငယ်လေးက ဇူယွမ်တို့သုံးယောက်ကို ပြုံးပြလိုက်ရင်းမှပြောသည်… “ဟီဟီ… မင်းတို့သုံးယောက်ကို ကြိုဆိုပါတယ်… ငါက ပါရမီရှင်အတန်းရဲ့ အတန်းခေါင်းဆောင်ဖြစ်တဲ့ ယန်ဇန်းပဲ…”
“ငါ့နာမည်က ဆောင်ချူရွှီလို့ခေါ်တယ်…” လှပတဲ့မိန်းကလေးက သူတို့သုံးယောက်ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းကြည့်လိုက်၍ ပျော်ရွှင်စွာဖြင့်ပြုံးပြလိုက်ပြီး ဆက်ပြောသည်… “မင်းသားလေးဇူယွမ်နဲ့ မင်းတို့နှစ်ယောက်က ပါရမီရှင်အတန်းကို ရွေးချယ်ခဲ့တာ ငါတို့တွေမနေ့ကတွေ့ခဲ့ရတယ်… ဒါကြောင့်ပဲ ငါတို့က မင်းတို့ကို ဒီနေ့ဒီနေရာမှာ စောင့်နေကြတာ…”
သူမက စုယုဝေကို ကြည့်လိုက်ရင်းမှ သူမရဲ့ပြုံးနေတဲ့နှုတ်ခမ်းတွေက အနည်းငယ်စူသွားခဲ့ရကာ “တကယ်တော့ ဒီကောင်လေးတွေက တော်ဝင်ဇူကျောင်းတော်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို ပိုပြီးမြင်တွေ့လိုကြတာ…”
သူမရဲ့စနောက်မှုကို ကြားလိုက်ရသည့်အခါ စုယုဝေရဲ့လှပတဲ့မျက်နှာလေးက ရှက်စိတ်ကြောင့် အနည်းငယ်နီရဲသွားခဲ့ရသည်။ သူမရဲ့ရှက်ရွံ့သွားတဲ့အမူအယာက ကွင်းပြင်ထဲမှာရှိတဲ့ လူငယ်လေးတွေရဲ့အကြည့်ကို ဆွဲယူသွားခဲ့ပေသည်။
ယန်ဇန်းက ရယ်မောလိုက်ပြီး ဇူယွမ်ကိုကြည့်ကာ ပြောသည်… “မနေ့က ကျောင်းသားသစ်စာမေးပွဲမှာ မင်းသားလေးရဲ့ စွမ်းဆောင်ရည်က တော်ဝင်ဇူကျောင်းတော်တစ်ခုလုံးမှာ ပျံ့နှံ့နေခဲ့ပြီ… မင်းတို့သုံးယောက်က ပါရမီရှင်အတန်းကို ဝင်ရောက်လာခဲ့တဲ့အတွက် ငါတို့ရဲ့စွမ်းအားနဲ့ ဂုဏ်သတင်းက ကျိန်းသေပေါက်မြင့်တက်လာလိမ့်မယ်…”
ဇူယွမ်သူ့ရဲ့လက်နှစ်ဖက်ကို အတူတကွဆုပ်ကိုင်လိုက်ရင်းမှ ပြုံး၍ပြောလိုက်သည်… “ဒီနေရာမှ မင်းသားလေးဆိုတာမရှိပါဘူး… ကျွန်တော့်ကို ဇူယွမ်လို့ပဲခေါ်ပါ…”
ဇူယွမ်ရဲ့တည်ကြည်တဲ့အမူအယာကြောင့် ယန်ဇန်းအနည်းငယ် အံ့အားသင့်သွားခဲ့ရပေမဲ့ ရိုးရှင်းတဲ့အပြုံးတစ်ခု လျင်မြန်စွာထွက်ပေါ်လာခဲ့သလို သူ့ရဲ့ခေါင်းကိုလည်း ညိတ်ပြလိုက်မိသည်။
“မင်းသားလေးက ဒီလိုမျိုးပြောမှတော့ ငါတို့တွေဒီလိုပဲလွတ်လွတ်လပ်လပ်ပဲ ခေါ်ပြောကြတာပေါ့…”
သူတို့တွေက တစ်ဦးနဲ့တစ်ဦး မိတ်ဆက်လိုက်ခဲ့ကြပြီး ပါရမီရှင်အတန်းကကျောင်းသားတွေနဲ့ လျင်မြန်စွာပဲ ရင်းနှီးသိကျွမ်းသွားခဲ့ရသည်။ ဒီကျောင်းသားဟောင်းတွေက ငယ်ရွယ်ကြပြီး အကုန်လုံးခင်မင်နှစ်လိုဖွယ်ကောင်းကြပေသည်။ ဒါ့ကြောင့်ပဲ သူတို့ကြားထဲမှာ ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်းရယ်လို့ ခွဲခြားထားခြင်းမရှိပဲနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိကာ အလွန်လျင်မြန်စွာဖြင့်ရင်းနှီးသွားခဲ့ကြရသည်။
ဒီအချိန်မှာ ဇူယွမ်သိလာခဲ့ရတာက ယန်ဇန်းဟာ ပါရမီရှင်အတန်းရဲ့ နံပါတ်တစ်အထူးချွန်ဆုံးကျောင်းသားဖြစ်ပြီးတော့ ဒါ့ကြောင့်ပင်သူက ပါရမီရှင်အတန်းရဲ့ ကျောင်းသားခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ သူက ဝင်ပေါက်ငါးခုဖွင့်ထားနိုင်သူတစ်ယောက်ဖြစ်ပြီးတော့ ဆောင်ချူရွှီက သူ့ထက်အနည်းငယ် အားနည်းသော်ငြား သူမသည်လည်း ဝင်ပေါက်ငါးခုဖွင့်ထားနိုင်သည့်သူတစ်ယောက်ဖြစ်ပေသည်။
ဒီခွန်အားက အမှန်တကယ်ကို ချီယွဲ့ထက်နိမ့်ကျနေသည့်အတွက် ချူထျန်းယန်က နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲအတွက် စိုးရိမ်နေရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
သူတို့တွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့သိနားလည်လာခဲ့စဉ်မှာပဲ ချူထျန်းယန်က ကွင်းပြင်ထဲကို လျှောက်လှမ်းဝင်ရောက်လာခဲ့ပြီး တိုးညှင်းစွာချောင်းဟန့်လိုက်သည့်အခါ လူငယ်လေးတွေရဲ့ဆူညံသံတွေက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့ပြီး ရိုသေစွာနှုတ်ဆက်လိုက်သည်… “နှုတ်ဆက်ပါတယ် အတန်းပိုင်ဆရာ…”
ချူထျန်းယန်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီနေ့ကစပြီးတော့ ငါတို့ပါရမီရှင်အတန်းမှာ နောက်ထပ်ကျောင်းသားသုံးယောက် ထပ်ပြီးတိုးလာလိမ့်မယ်… မင်းတို့တွေ ကိုယ့်အချင်းချင်းနှုတ်ဆက်ပြီးသွားကြပြီမလား…”
လူငယ်လေးတွေနဲ့ မိန်းကလေးတွေက နှုတ်ဆက်ပြီးသွားပြီဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ဒီနေ့ကစပြီး မင်းတို့ရဲ့လေ့ကျင့်မှုတွေကို နှစ်ဆတိုးပြီး လေ့ကျင့်ရလိမ့်မယ်…” ချူထျန်းယန်က လက်နောက်ပစ်ထားလျက်မှ မထူးခြားသည့်လေသံဖြင့် ပြောသည်။
ဒီစကားကိုကြားလိုက်ရတဲ့အခိုက်အတန့်မှာ အကြောင်းပြမှုတွေနဲ့ ငြီးတွားမှုတွေက အစဉ်လိုက်ထွက်ပေါ်လာခဲ့ရသည်။
ချူထျန်းယန် အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဆူညံသံတွေကို ဖုံးလွှမ်းသွားအောင် အသံကိုမြှင့်၍ ပြောလိုက်သည်… “နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက သိပ်မလိုတော့ဘူး… မင်းတို့တွေက လေ့ကျင့်မှုမှာပိုပြီးကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ဒီနှစ်ကုန်သွားတဲ့အခါ ဘယ်သူမှ ဝင်ပေါက်ခြောက်ခုဖွင့်နိုင်မှာမဟုတ်ဘဲနဲ့ တခြားလူတွေနဲ့ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီနိုင်မှာမဟုတ်ဘူး… ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ငါတို့ရဲ့ပါရမီရှင်အတန်းက ဒုတိယအတန်းအဖြစ်ပြောင်းလဲသွားရလိမ့်မယ်… မင်းတို့အားလုံးက ဒီလိုမျိုးဖြစ်ချင်ကြလို့လား…”
ကျောင်းသားတွေရဲ့မျက်နှာပေါ်မှာ ရှက်ရွံ့တဲ့အမူအယာတွေ ထွက်ပေါ်လာခဲ့ပြီး အပြစ်လုပ်ထားသူတစ်ယောက်အလား သူတို့ရဲ့ခေါင်းတွေကို ငုံ့လိုက်မိကြသည်။ သူတို့ထဲမှာ အသန်မာဆုံးနှစ်ယောက်ဖြစ်သည့် ယန်ဇန်းနဲ့ ဆောင်ချူရွှီတို့နှစ်ယောက်ကလည်း ခါးသီးစွာရယ်မောလိုက်မိကြသည်။ သူတို့တွေက သူတို့တတ်နိုင်သမျှအရာအားလုံးကို ဖမ်းဆုပ်ရယူကာကြိုးစားခဲ့ပေမဲ့လည်း ဒုတိယအတန်းနဲ့ ချီယွဲ့တို့ရဲ့အင်အားက ကြီးမားလွန်းရကား သူတို့ကို အစမှအဆုံးတိုင် အလုံးစုံဖိနှိပ်ထားလျက်ရှိပေသည်။
လူတိုင်းက အချိန်အတော်ကြာအောင် ဘာမှပြန်မပြောရဲတာကို မြင်လိုက်ရတဲ့အခါ ချူထျန်းယန်ရဲ့အမူအယာက အနည်းငယ်လျော့ကျသွားခဲ့သကဲ့သို့ တစ်ဆက်တည်းသူကပြောလိုက်သည်… “လူတိုင်းက မင်းတို့ရဲ့ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားကြ… ကျောက်စိမ်းဝိညာဉ်ရေတံခွန်က ဒီနေ့ဖွင့်လိမ့်မယ်… မင်းတို့ထဲက ဘယ်သူမှအချိန်ဆွဲမနေဖို့ ငါမျှော်လင့်တယ်…”
ဒီစကားကိုပြောလိုက်တဲ့အချိန်မှာ ကွင်းပြင်ထဲမှာရှိတဲ့ လူငယ်လေးတွေရဲ့ မျက်လုံးတွေထဲမှာ အလင်းရောင်တွေတောက်ပလာခဲ့ရကာ သူတို့တွေရဲ့မျက်နှာပေါ်မှာလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားခဲ့ကြသည်။
“ကျောက်စိမ်းဝိညာဉ်ရေတံခွန်လား…”
ဒါကိုကြားလိုက်ရတဲ့အခါ ဇူယွမ်ရဲ့နှလုံးက အနည်းငယ်တုန်ခါသွားခဲ့ရပြီး သူ့ရဲ့မျက်လုံးထဲမှာ စိတ်ဝင်စားမှုတွေ သိချင်စိတ်ပြင်းပြနေမှုတွေ ထွက်ပေါ်လို့လာခဲ့ရသည်။
ချူထျန်းယန်ပြောခဲ့တဲ့ ကျောက်စိမ်းဝိညာဉ်ရေတံခွန်က တော်ဝင်ဇူကျောင်းတော်ထဲမှာ တန်ခိုးကျင့်ရာနယ်မြေတစ်ခုဆိုတာကို အရင်ကသူ့အဖေပြောတာကို ဇူယွမ်ကြားခဲ့ဖူးသည်။
ဒါက ဇူယွမ့်အနေနဲ့ တခြားအတန်းတွေကို မရွေးချယ်ဘဲ ဘာကြောင့်ပါရမီရှင်အတန်းကိုသာ ဝင်ရောက်ခဲ့ရခြင်းလဲဆိုတဲ့ အဓိကအကြောင်းပြချက်တွေထဲက တစ်ခုပင်ဖြစ်သည်။