Switch Mode

အပိုင်း(၃၀၇)

သကြားလုံး

ကျင့်ကြံသူလူငယ် ရောက်လာပြီး ပြန်ထွက်ပြေး သွားသည်က အချိန်ခဏလေးသာ ဖြစ်သည်။ သူအသုံးပြုခဲ့သော နည်းစနစ်ကလည်း သေမျိုးများ မမြင်နိုင်သောကြောင့် မည်သည့် သေမျိုးများထံမှ အာရုံစိုက် လိုက်ခြင်းကို မခံခဲ့ရပေ။ သူတို့အများစုက လေအေးတစ်ချက် တိုက်သွားသည်ဟုသာ ခံစားလိုက်ရမည် ဖြစ်၏။

သို့ရာတွင် လမ်းပေါ်တွင် လူနည်းနည်းတော့ များလာခဲ့သည်။ အကြောင်းမှာ ရှုတောက်က သွေးအန် နေသောကြောင့်ပင်။

ရှုတောက်၏အိမ်က သည်လမ်းကနေ လွန်ခဲ့သော ရှစ်နှစ်ကတည်းက ရွှေ့ပြောင်း ခဲ့ပေသည်။ ထို့ကြောင့်သူ့ကို မည်သူမျှမ မှတ်မိ ဖြစ်နေ၏။

ဝမ်လင်းက သက်ပြင်း ချလိုက်သည်။ သူက လက်နောက်ပစ်၍ ကုန်စုံဆိုင်သို့ လမ်းလျှောက် သွားလိုက်သည်။ သူဝင်လာသည်နှင့် ဆိုင်ပိုင်ရှင်က ခပ်မြန်မြန် လာနှုတ်ဆက်လေ၏။

ဝမ်လင်းက လမ်းပေါ်တွင် လဲနေသော ရှုတောက်ကို လှမ်းကြည့်၍ ပြောလိုက်သည်။ “ဆိုင်ရှင် အလုပ်သမား နှစ်ယောက်လောက်ကို သူ့ကို ထမ်းပြီး ငါ့ဆိုင်ပို့ပေးဖို့ ပြောပေးပါ …”

ကုန်စုံဆိုင် ပိုင်ရှင်က ချီတုံချတုံ ဖြစ်သွားသည်။ ထို့နောက် သူက ဘေးဘီဝဲယာကို ကြည့်၍ ပြောလိုက်သည်။

“ဆိုင်ရှင် ဝမ်။ ဒီလူက သေလားရှင်လား ငါတို့မသိဘူး။ ရုံးတော်ကို အကြောင်းကြစို့။ မဟုတ်ရင် ဆိုင်ရှင်ဝမ် ပြဿနာ တက်နိုင်တယ် …”

ဝမ်လင်းက ပြုံးလိုက်သည်။ သူက ဆိုင်ရှင်၏ ပခုံးကိုပုတ်၍ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ငါ့အတွက် သူ့ကို သယ်ဖို့လူသာ ရှာပေးပါ …”

ထိုသို့ ပြောပြီးနောက် သူက လက်နောက်ပစ်၍ ပြန်လှည့်ထွက် လာခဲ့သည်။

ဆိုင်ရှင်က ဝမ်လင်း နောက်ကျောကို ကြည့်လို့နေ၏။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“လူကောင်းပဲ။ တကယ့်ကို လူကောင်း တစ်ယောက်ပဲ …” သူက ထိုသို့ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောပြီးနောက် လှမ်းအော်လိုက်သည်။

“ကောင်လေးနှစ်ယောက် သုံးယောက်လာ ထွက်လာကြစမ်း။ ဟို လဲနေတဲ့လူကို ထမ်းပြီး ဆိုင်ရှင်ဝမ်ဆိုင်ကို သွားပို့ပေး လိုက်ကြ …”

ဝမ်လင်းက သူ့ဆိုင်သို့ ပြန်ရောက်ခါစ အချိန်မှာပင် လူငယ် အလုပ်သမား နှစ်ယောက်က ရှုတောက်ကို ခေါ်လာပြီး ဆိုင်ကြမ်းပြင်တွင် ချထားလိုက်ကြ၏။

ဝမ်လင်းက သူတို့နှစ်ယောက်ကို ငွေစ အနည်းငယ်ပေး၍ ပြန်လွှတ်လိုက်သည်။ ထို့နောက်သူက မီးဖိုဘေးတွင် ထိုင်၍ တိတ်တဆိတ် စဉ်းစားလို့ နေသည်။

သူမကူညီဘူး ဆိုရင် ရှုတောက်က အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းက သက်ပြင်းချ လိုက်သည်။ ရှုတောက်က လွန်ခဲ့သော ဆယ်နှစ်က သူ့ကို မည်မျှလေးစားစွာ ဆက်ဆံကြောင်း ပြန်တွေးလိုက်ရင်း ဝမ်လင်းက သူ့သိုလှောင်အိတ် ထဲမှ ဆေးတစ်လုံးထုတ်၍ ရှုတောက် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက်သူက ဝိုင်ဂျားကို လှမ်းယူ၍ ရှုတောက်ကို ဝိုင်သောက်ရင်း စောင့်နေလိုက်သည်။

ကျင့်ကြံသူ လူငယ်လေးကတော့ အလွန်အမင်း ထိတ်လန့်စွာဖြင့် ထွက်ပြေး ခဲ့လေသည်။ သူက သေမျိုးများ သတိထားမိ မည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဓားပျံကို ထုတ်၍ မြို့အရှေ့ဘက်သို့ ပျံသန်း ပြေးလေသည်။

မြို့အရှေ့ဘက်တွင် တိတ်ဆိတ် ငြိမ်သက်နေသော ဘုရားကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုဘုရားကျောင်း ထဲတွင် ကြာပန်းများစွာ ဝေဆာစွာ ပွင့်နေသော ရေကန်ကြီးလည်း ရှိလို့နေ၏။

လူငယ် ကျင့်ကြံသူသည် ပျံသန်းလာရင်း ထိုဘုရားကျောင်းတံခါး ရှေ့သို့ ရောက်လာခဲ့သည်။ သူ့မျက်နှာကလည်း ဖြူရော်လို့ နေပြီး သူက တံခါးဖွင့်၍ ဘုရားကျောင်းထဲသို့ ဝင်လိုက်၏။

ဘုရားကျောင်း အထဲတွင်တော့ တင်ပျဉ်ခွေချိတ်၍ ထိုင်နေကြသော ကျင့်ကြံသူအချို့ ရှိလို့နေ၏။ သူတို့ထဲက တစ်ယောက်က မျက်လုံးဖွင့်၍ ကြည့်လိုက်ရာ လူငယ် ကျင့်ကြံသူ၏ ဆိုးရွားသော အခြေအနေကို တွေ့လိုက်ရ၏။ သူက ထလျှောက်လာခဲ့ပြီး မေးလိုက်သည်။

“ဂျူနီယာညီလေး။ သေမျိုး တစ်ယောက်ကြောင့် မင်းက အခုလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ဘယ်လိုများ ရလာရတာလဲ …”

လူငယ် ကျင့်ကြံသူက ထိုလူကို ဘေးသို့တွန်း၍ ပြောလိုက်သည်။

“ငါဆရာနဲ့ တွေ့ချင်တယ်။ ဆရာ …”

”ဒီလောက်ထိ ထိတ်လန့်ကြောက်ရွံ့ နေရာတာလဲ …” ဘုရားကျောင်းထဲမှ သက်လတ်ပိုင်း လူကြီးတစ်ယောက်က ထိုသို့ပြောရင်း ထွက်လာခဲ့သည်။ သည်လူကြီး၏ မျက်နှာက ကြီးမား၍ မျက်လုံးများကတော့ သေးငယ်လှသည်။ သူ့တွင် သတိပြုစရာက နားရွက်ကြီးများပင် ဖြစ်သည်။

သည်လူ ပေါ်လာသည်နှင့် ကျင့်ကြံသူ အားလုံးက ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူ့ဘေးတွင် လေးစားစွာ လာရပ်ကြသည်။

လူငယ် ကျင့်ကြံသူက သက်လတ်ပိုင်း လူကြီးကို မြင်လိုက်သည်နှင့် ထိုလူကြီးရှေ့တွင် ဒူးထောက်ချ၍ ပြောလိုက်သည်။

“ဆရာကျွန်တော့် စောင့်ရှောက်သူ ဝိညာဉ်က ပျက်စီးသွားပြီး စိတ်ဝိညာဉ်လည်း ထိခိုက်ခဲ့တယ်။ ဆရာ … ကျေးဇူးပြု၍ တပည့်အတွက် လက်တုံ့ပြန်ပေးပါ …”

နားရွက်ကြီးကြီးနှင့် သက်လတ်ပိုင်း ကျင့်ကြံသူက သည်လူငယ်ကို ကြည့်လိုက်သည်။ ထို့နောက်သူက အင်္ကျီလက်အိုးကို လှုပ်ယမ်းလိုက်ရာ အမည်းရောင် အငွေ့မျာက လေထဲတွင် စုဝေးသွားပြီး အရိုးခေါင်းသဏ္ဌာန် ဖြစ်လာခဲ့သည်။

ထို့နောက် သည်လူကြီးက အရိုးခေါင်းကို လက်ညှိုး ညွှန်ပြီးနောက် ၎င်းကို ဖမ်းဆုပ်၍ လူငယ် ကျင့်ကြံသူ၏ နဖူးထဲသို့ သွင်းထည့်လိုက်သည်။ လူငယ် ကျင့်ကြံသူက အလွန် နာကျင် သွားပြီးနောက် အမည်းရောင် အငွေ့များကလည်း သူ့မျက်နှာကို ဖုံးအုပ်သွား၏။ သူက ချောင်းတစ်ချက် ဆိုးလိုက်ရာ သွေးမည်းများ အန်ထုတ် လိုက်ပြီးနောက် အမည်းရောင် အငွေ့များကလည်း တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားသည်။ သူ့မျက်နှာက သွေးရောင် ပြန်သန်းလာပြီး စောင့်ရှောက်သူ ဝိညာဉ်ကလည်း ပြန်ကောင်းသွား၏။

သည်နားရွက်ကြီးကြီး ကျင့်ကြံသူက သူ့လက်ကို ဝှေ့ယမ်း၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ ငါ့ကို ပြော …”

လူငယ် ကျင့်ကြံသူက အသက်ဝဝ ရှူ၍ ဖြစ်ပျက်ခဲ့သမျှကို ချဲ့ကား၍ ပြန်ပြောပြ လိုက်သည်။ နားရွက်ကြီးကြီး လူကြီးက တိတ်ဆိတ်စွာ နားထောင်လျက် ရှိသည်။ အခြားတပည့် များကလည်း ဘာမှ ဝင်ပြောခြင်း မရှိကြချေ။ သို့သော် သူတို့ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်နေခဲ့၏။

အချိန်တစ်ခု ကြာပြီးနောက် လူငယ် ကျင့်ကြံသူက ပြောလို့ ပြီးသွားသည်။ သူ့မျက်လုံး ထဲတွင်လည်း မုန်းတီးမှုများ ပြည့်နေခဲ့၏။

“ဆရာ တပည့်က ဆရာနာမည် သူ့ကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူက အလွန် မောက်မာလွန်းတယ်။ ဆရာ … ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို သင်ခန်းစာ ပေးရမယ် …” သူက ဤသို့ ထပ်ပြောလိုက်၏။

နားရွက်ကြီးကြီး ကျင့်ကြံသူ အသွင်က တည်ငြိမ်စွာ ရှိနေ၏။ သူက သူ့တပည့်ကို ကြည့်၍ ပြောလိုက်သည်။

“မင်းက ဒီကျင့်ကြံသူကို တွေ့ခဲ့တာ သေချာလား။ သူက စိတ်ဝိညာဉ် စွမ်းအင်တွေ မရှိဘဲ တကယ် သေမျိုးတစ်ယောက်နဲ့ တူနေတာလား …”

လူငယ် ကျင့်ကြံသူက အလျင်အမြန် ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်ပါတယ် … ဆရာ။ ပထမတုန်းက ကျွန်တော်က သူ့ကို သေမျိုး တစ်ယောက်လို့ပဲ ထင်နေခဲ့တာပါ …”

သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက ထူးဆန်းသော အလင်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်သည်။

“ငါတို့ သွားကြည့်ကြတာပေါ့။ ငါ့ကို ခေါ်သွားပါ။ ငါတို့ နည်းစနစ်တွေ မသုံးဘဲ လမ်းလျှောက်ပြီးပဲ သွားကြမယ် …”

လူငယ် ကျင့်ကြံသူလေးက အလွန် ပျော်ရွှင်သွားပြီးသူက သူ့ဆရာကို ဦးဆောင်၍ ဘုရားကျောင်း အပြင်သို့ ထွက်သွားတော့သည်။ ကျန်နေသေးသော တပည့်များထဲမှ တချို့ကလည်း လိုက်ချင်ကြ၏။ သို့သော် သူ့တို့ဆရာက ဘာမှမပြောသဖြင့် သူတို့က ချီတုံချတုံ ဖြစ်လို့နေ၏။ သူတို့ထဲက တစ်ယောက်က သက်ပြင်းချ၍ ပြောလိုက်သည်။

“ဆရာက ဂျူနီယာ ညီလေးကို အရမ်း အလိုလိုက်တာပဲ …”

သက်လတ်ပိုင်း လူကြီးတစ်ယောက်လည်း မချိပြုံးပြုံး၍ ပြောလိုက်သည်။

“ဒါက ပထမအဆုံး အကြိမ်မှ မဟုတ်တာ။ ဒီလိုမျိုးက ခဏခဏ ဖြစ်နေတာပဲလေ။ ဆရာ့ဉာဏ်ရည်နဲ့ ဆိုရင် ဂျူနီယာ စကားတွေထဲက အလိမ်အညာတွေကို မသိဘဲမနေဘူး။ ငါတို့ ဝင်မရှုပ်တာ ကောင်းပါတယ်လေ …”

“ဂျူနီယာရဲ့ စိတ်နဲ့ဆိုရင် အနှေးနဲ့အမြန် ဒုက္ခတွေ့မှာပဲလေ …” တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။

ပထမဆုံး ပြောခဲ့သည့် တစ်ယောက် ထပ်ပြောလိုက်သည်။

“ဆရာဒီမှာ ရှိနေမယ် ဆိုရင်တော့ ဂျူနီယာက် ပြဿနာတွေ ရှာထားရင်တောင် သူ အဆင်ပြေ ပါလိမ့်မယ်။ ငါတို့ထဲက တစ်ယောက် ဆိုရင်တော့ … အင်း … ပြေဖို့ခက်တယ် …”

“ဒါက ဆရာက ဂျူနီယာကို ဦးစားပေးတာ ပထမဆုံး အကြိမ်မှ မဟုတ်တော့တာ။ ဂျူနီယာရဲ့ ကျင့်ကြံခြင်း နည်းလမ်းကလည်း ငါတို့နဲ့ မတူဘူးလေ။ စိတ်ထဲမှာပဲ ထားလိုက်ပါ။ ငါတို့က ဒါကို ကျယ်ကျယ်လောင်လောင် လျှောက်ပြောနေရင် ငါတို့ကို ခက်ခဲ နေစေဦးမယ် …”

“ငါသိချင်တာက ဘယ်ကလန်ရဲ့ တပည့်ကများ ဂျူနီယာ ညီလေးကို ဒေါသထွက် စေခဲ့တာလဲ။ သူပြောပုံအရ ဆိုရင် ဒီလူက သေမျိုးတွေနဲ့ ရောနေနေတာပဲ …”

“ကလန်လေးခု မဟာမိတ်က အတော်လေး အင်အားတောင့်တယ်။ ကျင့်ကြံသူ မျိုးစုံလည်း ရှိတယ်။ ဒီကလန်လေးခု မဟာမိတ်အဖွဲ့က အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူကပဲ သူ့စောင့်ရှောက်သူ စိတ်ဝိညာဉ်ကို အလွယ်လေး ဖျက်ဆီးနိုင်မှာ …”

ငါတို့ ဘာအကြောင်း ပြောနေကြတာလဲ။ “ဆရာက ကလန်လေးခု မဟာမိတ်ရှေ့မှ ရပ်နေမယ်ဆိုရင် သူတို့က ဒီအမြုတေ ဖွဲ့တည်ခြင်း အဆင့်မပြောနဲ့ စဦးစိတ်ဝိညာဉ် အဆင့်တောင့် ရပ်တည်ဖို့အခွင့် ရှိမှာ မဟုတ်ဘူး …”

သူတို့က ထိုအကြောင်းနှင့် ပတ်သက်၍ စကားများ ပြောဆိုပြီးနောက် ဆက်၍ ကျင့်ကြံ နေကြသည်။

လူငယ် ကျင့်ကြံသူက လမ်းလျှောက် လာစဉ်မှာ သူက အလွန် ဂုဏ်ယူလို့ နေသည်။ သူက သူ့ဆရာသည် သူ့အတွက် အမြဲတမ်း အကောင်းဆုံး လုပ်ပေးသည်ကို သိလေသည်။

သူက ပြဿနာတက်လာတိုင်း သူ့ဆရာကို ပြောပြလျှင် သူ့ဆရာက သူ့ကိုခေါ်၍ သူသတ်ချင်သော မည်သူ့ကိုမဆို အမြစ်ဖျက် ပေးခဲ့သည်သာ ဖြစ်သည်။ နှစ်တွေကြာ လာသည့်အထိ သူတောင်းဆို သမျှကို သူ့ဆရာက တစ်ခါတောင် ငြင်းဆိုခဲ့ဖူးခြင်း မရှိပေ။

သူက ကျိတ်၍ နှာခေါင်းရှုံ့ လိုက်သည်။ သူ့ဆရာသည်မှာ ရောက်နေသည့်အတွက် သူက ထိုလူကို သေပြီးနောက်ပင် နားခိုစရာ မရှိအောင် လုပ်ပစ်မည် ဖြစ်သည်။ သူ့ကို လာရှုပ်သည့် အကျိုးဆက်ကို ထိုလူ သိသွားစေရပေမည်။

သူက ထိုသို့တွေးနေရင်း သူ့ဆရာကို လှမ်းကြည့်လိုက်ရာ သူ့ဆရာတွင် မည်သည့် စိတ်ခံစားချက်မှ မရှိသည်ကို တွေ့လိုက်ရသည်။ သူက ကျိတ်၍ ပျော်သွားသည်။ သူ့ဆရာက ခံစားချက်မဲ့သည့် အသွင်ဖြစ်လေ ပို၍ ဒေါသ ထွက်နေလေဖြစ်ကြောင်း သူက သိပေ၏။

သူ့မှတ်ဉာဏ်ထဲတွင် သူ့ကိုနှောင့်ယှက်လာသည့် လူတိုင်းကို သူ့ဆရာက သုတ်သင်ပစ်သည့် အချိန်တိုင်းတွင် အခုလိုမျက်နှာ အနေထားအတိုင်းပင်။ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ ရှိမနေခဲ့ပေ။ သူ့ရန်သူများက သူ့ဆရာကို တွေ့လိုက်သည်နှင့် ခွင့်လွှတ်ပေးရန် တောင်းဆိုကြပြီး အချို့ကတော့ ထွက်ပြေးရန် ကြိုးစားကြသည်၊အချို့ကတော့ ပြန်တိုက်ခိုက်ကြသည်။ သို့သော် သူတို့အားလုံး အဆုံးသတ်က တူတူပင်။ သူတို့အတွက် သေခြင်းသာ ရှိခဲ့သည်။

သူက ထိုသို့ဂုဏ်ယူရင်း ကျေနပ်လို့ နေသည်။ ထို့နောက်သူက ခြေလှမ်းခပ်သွက်သွက် လျှောက်လိုက်သည်။ သူက ထိုလူ ထွက်မပြေး သွားရန်သာ မျှော်လင့်လို့နေ၏။

သူတို့က လမ်းလျှောက် လာစဉ်မှာပင် နားရွက်ကြီးကြီး လူကြီးက ရုတ်တရက် ရပ်တန့်လိုက်သည်။ လူငယ်ကျင့်ကြံသူက နာက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်၍ ကြည့်လိုက်ရာ သူ့ဆရာက သကြားလုံး ရောင်းနေသော သူကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

နားရွက်ကြီးကြီး လူကြီး၏မျက်လုံးထဲတွင် နူးညံ့မှုများ ဖြစ်ပေါ်သွားသည်။ သူက သကြားလုံးသည်ထံ လျှောက်သွား၍ ညင်သာစွာ မေးလိုက်သည်။

“ဒီသကြားလုံးက ဘယ်လောက်လဲ … .”

သကြားလုံးသည်က သူ့ရှေ့က နားရွက်ကြီးကြီး လူကြီးကို ကြည့်၍ ဘာကြောင့်မှန်း မသိဘဲ နေလို့ကောင်း လာခဲ့၏။ ထို့နောက်သူက ပြန်ဖြေလိုက်သည်။

“ကြေးပြား တစ်ပြားဆို ရပါပြီ …”

နားရွက်ကြီးကြီး ကျင့်ကြံသူက ပြုံး၍ခေါင်းညိတ် လိုက်သည်။ ထို့နောက်သူက ကြေးပြား တစ်ပြားကိုထုတ်၍ သကြားလုံးသည်ကို ပေးလိုက်သည်။ သူက အမျိုးမျိုးသော သကြားလုံးများကို အနီးကပ်ကြည့်၍ တစ်ခုကို ကောက်ယူလိုက်သည်။

လူငယ် ကျင့်ကြံသူက ကြောင်ရီလို့ သွားသည်။ သူက သူ့ဆရာ ပထမဆုံးအကြိမ် အဖြစ် သကြားလုံး ဝယ်နေခြင်းကို တွေ့ဖူးခြင်းပင်။ ထို့ကြောင့် သူက ငိုရမလား၊ ရယ်ရမလား မသိ ဖြစ်သွား၏။ သို့သော် သူ့ဆရာက သူ့ကို ထိုသကြားလုံးကို လှမ်းပေးလိမ့်မည်လို့ သူက မမျှော်လင့်ခဲ့မိပေ။

“ဖူအာ … ငါတို့ပထမဆုံး တွေ့တုန်းက မင်းက သကြားလုံး တစ်လုံးအတွက် ကလေးတသိုက်နဲ့ ရန်ဖြစ်နေခဲ့တာလေ။ မင်း မေ့သွားတာ ဖြစ်နိုင်ပါတယ်လေ …” နားရွက်ကြီးကြီး လူကြီး၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုများ ပြည့်လာခဲ့သည်။

လူငယ် ကျင့်ကြံသူက မှင်တက် သွားပြီးနောက် သူ့ငယ်ဘဝကို ပြန်မတွေးမိဘဲ မနေနိုင်ခဲ့ချေ။

သူ့ဆရာကြောင့်သာ မဟုတ်ရင် သူက ခုချိန်ဆို သေနေလောက်ပေပြီ။ သူ့မျက်လုံးများက နီရဲလာပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ကျွန်တော် မမေ့ပါဘူး။ ဆရာက ကျွန်တော့်ကို ခေါ်သွားပြီး ကျင့်ကြံခြင်းကို သင်ပေးခဲ့တာပါ …”

နားရွက်ကြီးကြီးနှင့် ကျင့်ကြံသူက လူငယ် ကျင့်ကြံသူ၏ခေါင်းကို ပွတ်သပ် လိုက်ပြီးနောက် ပြောလိုက်သည်။

“လာသွားကြစို့။ ငါ့ကို ဟိုလူဆီ ခေါ်သွားပေး …”

လူငယ် ကျင့်ကြံသူက သကြားလုံးကို ကြည့်လိုက်ပြီးနောက် သူ့ငယ်ဘဝ ပုံရိပ်များက စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ သူက အသက်ဝဝ ရှူ၍ သကြားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သူက သည်သကြားလုံးကို သူ့ဘဝ တစ်လျှောက်လုံး သိမ်းဆည်းထားမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသကြားလုံးက သူ့ဆရာသူ့ကို ဝယ်ပေးခဲ့သောကြောင့်ပင် ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset