Switch Mode

အပိုင်း(၃၀၆)

နောက်ထပ်နှစ်များ

ဝမ်လင်းက ပြင်းထန်မှု ခံစားချက် နယ်ပယ်ကို တုပနိုင်ခဲ့၏။ သူက ပန်းပုရုပ်ကို ပြီးဆုံးအောင် ထွင်းထုနိုင်ခဲ့ သော်လည်း သက်လတ်ပိုင်း လူကြီး၏ နယ်ပယ်နှင့်တော့ မတူညီပေ။

ဝမ်လင်းက ကျိုးပဲ့နေသော ပန်းပဲရုပ်ထွင်းသည့် ဓားကို ကြည့်လိုက်၏။ ထို့နောက်သူက သည်ဓားအစား သူ့လက်ကို အသုံးပြု၍ နောက်ထပ်ပန်းပု ထွင်းထုလိုက်၏။

အချိန်က ကုန်လွန် သွားခဲ့လေပြီ။ မျက်စိတစ်မှိတ် အတွင်း ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

သည်ဆယ်နှစ်တွင် ဝမ်လင်း အသွင်ကလည်း ပို၍ အသက်ကြီး လာသည့်ပုံ ဖြစ်လာခဲ့သည်။ သူ့ခေါင်းပေါ်တွင်ပင် ဆံပင်ဖြူများ ထွက်နေခဲ့ပြီး ခါးလည်းအနည်းငယ် ကုန်းလာခဲ့၏။

ပန်းပုရုပ် ထွင်းနိုင်သည့် ပမာဏကလည်း လျော့ကျလို့ သွားသည်။ သည်ဆယ်နှစ်တွင် သူက အဖြူရောင် တိမ်ကလန်၏ အသက်ကြီးကြီး အမျိုးသမီးကြီး၏ ပုံတစ်ခုတည်းကိုသာ ပန်းပု ထွင်းနိုင်ခဲ့၏။

သူက လွန်ခဲ့သော ဆယ်နှစ်က သက်လတ်ပိုင်း လူကြီး၏ အသွင်ကို ပန်းပုထွင်း နိုင်ခဲ့သော်လည်း ထိုလူကြီး၏ စွမ်းအားကိုတော့ မမီသေးချေ။ အကြောင်းမှာ သူက ခုထိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ မရောက်သေးသောကြောင့် ဖြစ်၏။ နောက်ထပ် သူအပြီးမသတ် နိုင်သေးသည့် ပန်းပုရုပ်မှာ စိမ်းပြာရောင် ဝတ်စုံနှင့် လူကြီး၏ ပန်းပုရုပ်ပင် ဖြစ်သည်။

သူက မည်မျှ ကြိုးစားသည် ဖြစ်စေ သူက ထိုလူအိုကြီး၏ အချိန်ကျော်ဖြတ်ခြင်း နယ်ပယ်ကို ထွင်းထုလို့မရ ဖြစ်နေရ၏။ သူက ကိုးနှစ်လုံး ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

သည်နေ့တွင် ဝမ်လင်းက သည်လူအိုကြီး၏ ပန်းပုရုပ်ကို ကြည့်လို့နေသည်။ သူက သက်ပြင်းချ လိုက်ပြီး ပန်းပုရုပ်ပေါ်ကို လက်ဝှေ့ယမ်း လိုက်သည်။ ထိုပန်းပုရုပ်က ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားလေ၏။ ထို့နောက်သူက မတ်တတ် ထရပ်လိုက်ပြီး ဆိုင်တံခါးကို ဖွင့်လိုက်၏။

သူက ဆိုင်ရှေ့ ကုလားထိုင်တွင် ထိုင်နေရင်း နေရောင်ခြည်ကလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလျက် ရှိသည်။ သူက ကုလားထိုင်မှာ ထိုင်နေရင်း လမ်းသွား လမ်းလာများကို ကြည့်လို့နေ၏။ သူ့ဆိုင်နှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းရှိ ပန်းပဲရုံလေးကလည်း သည်ဆယ်နှစ် အတွင်း အဆများစွာ ပိုကြီးလာခဲ့သည်။

သိပ်မကြာခင်မှာ လေးနှစ်အရွယ် ကောင်လေး တစ်ယောက်က ပန်းပဲရုံထဲမှ ထွက်လာခဲ့၏။ သူက ဝမ်လင်းကို မြင်လိုက်သည်နှင့် ပြုံး၍ ပြေးလာသည်။ သူ့လက်ထဲမှာလည်း ဝိုင်တစ်ဂျားကို ကိုင်ထားလျက် ရှိ၏။ သူက ဝမ်လင်းကို ဝိုင်ဂျား ပေးလိုက်ပြီးနောက် မေးလိုက်သည်။

“အဘိုးဝမ်။ သား အဘိုးအတွက် ဝိုင်ခိုးခဲ့တယ်။ သကြားလုံးကော …”

ဝမ်လင်းက ပြုံးလိုက်၏။ သူက ကောင်လေး၏ခေါင်းကို ပွတ်သပ်၍ လက်သည်းခွံလောက် ရှိသော ဆေးလုံးတစ်လုံးကို ထုတ်ကာ ကောင်လေးကို ပေးလိုက်သည်။ ထို့နောက်သူက ဝိုင်ဂျားကို တစ်ကျိုက်မော့ လိုက်၏။

ကလေးက သကြားလုံးလေးကို လျင်မြန်စွာ မျိုချလိုက်ပြီး ကျေနပ်သွားသည့်ဟန် ရသည်။ သည့်နောက်သူက မေးလိုက်သည်။

“အဘိုးဝမ်။ သည်ဝိုင်က‌ အရသာ ကောင်းလား။ သား အဘိုးသောက်တာ နေ့တိုင်းတွေ့ နေရတယ် …”

ဝမ်လင်းက ပြုံးလိုက်၏။ ထိုအခိုက်တွင် ကြံ့ခိုင်သော လူငယ်တစ်ယောက်က ပန်းပဲရုံထဲမှ ထွက်လာခဲ့သည်။ လူငယ်က ဝမ်လင်းကို မြင်လိုက်သည့်အခါ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“ဦးလေးဝမ်။ ဦးလေး ဒီနေ့ဆက်မသောက် သင့်တော့ဘူး …”

ဝမ်လင်းက ရယ်မော၍ ပြောလိုက်သည်။

“ကောင်းပါပြီ။ နောက်ထပ် တစ်ငုံပါပဲ။ ဆက်မသောက်တော့ပါဘူး။ တနူး မင်း အဖေရော နေကောင်းလား …”

တနူးက မျက်နှာ သိပ်မကောင်းဘဲ ပြန်ဖြေလိုက်သည်။

“လူကြီးရောဂါနဲ့ တူပါတယ်။ အရမ်းကြီးတော့ မဆိုးပါဘူး …”

ဝမ်လင်းက ကျိတ်၍သက်ပြင်း ချလိုက်သည်။ သူက သေမျိုးဘဝကြားထဲ ဝင်ရောက် မစွက်ဖက်နိုင်ပေ။ အသက်ကြီး၍ နာမကျန်း ဖြစ်လာခြင်းက သေမျိုးအတွက် သဘာဝပင် ဖြစ်သည်။ တနူးကလည်း ဆိုင်ရှင်ကျောက်၏ သမီးနှင့်လက်ထပ်ခဲ့ပြီး သည်ကောင်လေးက သူ့သားလေးပင် ဖြစ်သည်။

သည်ကလေးက ဝမ်လင်း၏အင်္ကျီလက်ကိုဆွဲ၍ မေးလိုက်သည်။

“အဘိုးဝမ်။ ဘိုးဘိုးသားကို ခုထိ ဒီဝိုင်ကောင်းလား၊ မကောင်းဘူးလား မပြောရသေးဘူး …”

တနူးက ဝမ်လင်းကို ကြည့်လိုက်၏။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“သား အဘိုးဝမ် သောက်တာက ဝိုင် မဟုတ်ဘူး။ ဂျင်ဆင်းရည်ပါ …”

ဝမ်လင်းက တနူးကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

“တနူး … ကလေးကို အိမ်ခေါ်သွားတော့။ ငါ ဟိုနားဒီနား သွားလိုက်ဦးမယ် …”

တနူးက ဝမ်လင်း လက်ထဲမှ ဝိုင်ကို လှမ်းယူလိုက်သည်။ သူက ဝိုင်ဂျားကို ဆိုင်ထဲထည့်၍ တံခါးပိတ် လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“ဦးလေး ကျွန်တော်ကို ခုနလေးကမှ ဒီနေ့ထပ ်မသောက်တော့ဘူးလို့ ကတိပေး ထားတယ်လေ …”

ဝမ်လင်းက ပြုံး၍ ထကာ လမ်းလျှောက် သွားတော့သည်။

တနူးက သက်ပြင်းချ၍ သူ့သားလေးကို ကောက်ချီ၍ ပန်းပဲရုံသို့ ပြန်လာခဲ့၏။ သည်ကောင်လေးက ပြုံး၍ ပျော်ရွှင်စွာ ပြောလိုက်သည်။

“အဖေ။ အဘိုးဝမ်ပေးတဲ့ သကြားလုံးက တကယ့်အရသာ ရှိတယ်။ သား ဒီဟာကို စားတဲ့အချိန်တိုင်း အရမ်း နေလို့ကောင်းတာပဲ …”

ဝမ်လင်းက သူနှစ်ပေါင်းများစွာ နေထိုင်ခဲ့သော လမ်းအောက်ဘက်တိုင်း လျှောက်လာခဲ့၏။ သည်လမ်းတစ်လျှောက်ရှိ ဆိုင်များက သူလမ်းလျှောက် လာတာ သိသွားပုံ ရသည်။ သူတို့အားလုံးက ဆိုင်အပြင် ထွက်လာခဲ့ပြီး ဝမ်လင်းကို လာရောက် တောင်းပန်ကြသည်။

“ဆိုင်ရှင်ဝမ် … ။ စီးပွားရေးတွေ လုပ်လို့ မကောင်းတာ သင်သိပါတယ်။ နောက်လ … ။ ငါကတိပေးတယ် နောက်လ။ ငါ ချေးထားတာ ပြန်ပေးပါ့မယ် …” သူကတော့ လွန်ခဲ့သော သုံးနှစ်က ဒီကို ပြောင်းလဲခဲ့သည့် ကုန်စုံဆိုင် ပိုင်ရှင်အသစ် ဖြစ်သည်။

“ဟုတ်ပါတယ်။ သူဌေးဝမ် … စီးပွားရေးတွေက တကယ့်ကို မကောင်းတာ။ အစ်ကိုဝမ် ရက်နည်းနည်းလောက် ထပ်စောင့်ပေးပါဦး …” သူကတော့ အရက်ဆိုင်ပိုင်ရှင် လူဝကြီးပင် ဖြစ်သည်။

သည်လိုအသံများက နေရာတိုင်းမှ ထွက်ပေါ်လာခဲ့၏။ ဝမ်လင်းက မချိပြုံးသာ ပြုံးလိုက် ရတော့သည်။ သူက ဘယ်ကနေ ဘယ်လိုဖြစ်မှန်း မသိပေ။ လွန်ခဲ့သော ဆယ်နှစ်က သည်လမ်းထဲရှိ အိမ်တိုင်းက သူ့ရှိတွင် ပိုက်ဆံများ ချေးငှားခဲ့ကြ ပေသည်။

အခုဆိုင်တော်တော် များကလည်း ဝမ်လင်း ပိုင်ဆိုင်တာ ဖြစ်နေခဲ့သည်။ ဆိုင်ပိုင်ရှင် တစ်ယောက်က ပိုက်ဆံလိုတိုင်း သူတို့ဆိုင်ကို အပေါင်ခံ၍ ဝမ်လင်းထံက ပိုက်ဆံ လာချေးကြသည်။

ဝမ်လင်းက အခုလို အပြင်လမ်းလျှောက် ထွက်လာတိုင်း သည်ဆိုင် ပိုင်ရှင်များက သူ့ဆီက အမြင်ကောင်းရအောင် ကြိုးစားကြသည်။ ထို့ကြောင့်လည်း သူက အပြင်သိပ် မထွက်ခြင်းပင်။ တစ်ခါတစ်လေ ဝမ်လင်းက တစ်လလောက် အပြင်မထွက်ပေ။ သူ အပြင်ထွက် လာတိုင်း သည်ဆိုင်ရှင်များက စိတ်ရှုပ်ထွေး သွားကြပြီး သူ့တို့ချေးထား သည်များကို ပြန်တောင်းမှာ စိုးရိမ် နေကြသည်။

တကယ်တော့ သူတို့ ချေးထားတာက အရမ်းမမျာပေ။ သို့သော် သည်နား ပတ်ဝန်းကျင်မှာ နေသောလူတိုင်းက ဝမ်လင်း သဘောကောင်းမှန်း သိကြသည်။ ထို့ကြောင့်လည်း သူတို့က အကြွေးကို ချက်ချင်း ပြန်မဆပ်ဘဲ အချိန်ဆွဲ နေကြခြင်းပင်။ တဖြည်းဖြည်း သည်လိုချေးပြီး ပြန်မဆပ်တာက အကျင့် တစ်ခုလိုပင် ဖြစ်လာခဲ့ကြသည်။

တကယ်တော့ သေမျိုးကမ္ဘာတွင် မည်သူ့မျှ ငွေကို သုံးစွဲလိုခြင်း မရှိကြပေ။ လူတိုင်းက “ပိုက်ဆံပိုရှိလေ ကောင်းလေ” ဟု တွေးထားကြ၏။

ဝမ်လင်းက ထိုအရာများကို ဂရုစိုက်ခြင်း မရှိပေ။ သူ့အတွက်က ကောင်းကင်နှင့် မြေကြီး၏ အစိတ်အပိုင်း တစ်ခုကို နားလည်ရန်သာ ဖြစ်၏။

သည်ကိုးနှစ်တွင် အတော်များများက ပြောင်းလဲ သွားကြသည်။ မျက်နှာ ဟောင်းတွေလည်း သိပ်မကျန်တော့ပေ။ ထိုသို့တွေးမိပြီး ဝမ်လင်းက စိတ်မကောင်း ဖြစ်သွား၏။ ထို့နောက်သူက လက်ဝှေ့ယမ်း၍ ဆိုင်ရှင်များကို ပြောလိုက်သည်။

“ငါဒီနေ့လာတာ အကြွေးလာတောင်းတာ မဟုတ်ဘူး။ မင်းတို့အားလုံး ထွက်သွားကြတော့ …”

ဆိုင်ရှင်အားလုံး စိတ်သက်သာ ရဟန်ဖြင့် ပြန်ထွက် သွားကြသည်။

ဝမ်လင်းက လက်နောက်ပစ်၍ လမ်းအတိုင်း ဆက်လျှောက် လာခဲ့သည်။ ခဏအကြာတွင် သူက လမ်းအဆုံးသို့ ရောက်လာခဲ့၏။ သို့သော် ထိုအခိုက်တွင် မြင်းကြီး တစ်ကောင်ကို စီးလာသော သက်လတ်ပိုင်း လူကြီးတစ်ယောက်က ဝမ်လင်းဘက်သို့ တစ်ဟုန်ထိုး လာနေသည်ကို တွေ့လိုက်ရသည်။ သက်လတ်ပိုင်း လူကြီး၏အသွင်က အလွန် ကြည့်မကောင်း ဖြစ်နေသည်။ သူ့ပါးစပ်ထောင့်မှလည်း သွေးများ ကျလို့နေ၏။

သူက ဝမ်လင်းကို ဖြတ်ကျော်သွားမလို ရှိစဉ် သူ့မျက်လုံးများက ပြူးကျယ်လို့ သွား၏။ သူက အလျင်အမြန် မြင်းဇက်ကြိုးကို ဆွဲလိုက်ရာ မြင်းက ဟီး၍ ပတတ်ရပ် လိုက်သည်။ သူက မြင်းကျောပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက ဝမ်လင်းရှေ့သို့ ရောက်လာခဲ့သည်။ သို့သော် သူက စကားပြောမလို လုပ်စဉ်မှာပင် သွေးတစ်လုတ် အန်လိုက်ရ၏။

သူ့မျက်နှာက ဖျော့တော့လို့ သွား၏။ သူက ဒူးထောက်၍ ပြောလိုက်သည်။

“ကျေးဇူးပြု၍ ငါ့ကိုဝယ်ပါ။ ဆရာ ဝမ် …”

ဝမ်လင်းက ထိုလူကိုကြည့် လိုက်သည့်အခါ ပုံမှန်သာ ရှိသည်။ သည်လူက အားလပ်ရက်တိုင်း သူ့ရှိလာလည်ပြီး ပိုက်ဆံများစွာ ပေးခဲ့သော ရှုတောက်ပင် ဖြစ်သည်။

ဝမ်လင်းက ပြောလိုက်သည်။

“ပြဿနာ တစ်ခုခုရှိရင် ငါ့ကိုပြောပါ …”

“ဆရာဝမ်။ မင်းသားက အန္တရာယ် ကျနေလို့ပါ …” ရှုတောက်စကားကို ကြားလိုက်သည့်အခါ ဝမ်လင်းက တဖြည်းဖြည်း ဘာဖြစ်သွားသည်ကို နားလည် လိုက်၏။ သူ့မင်းသား အားကောင်းသော ကျင့်ကြံသူ တစ်ယောက်ကို ဒေါသထွက်သွား စေပုံရသည်။ သည်လူ ပေါ်လာသည်နှင့် မင်းသားအနားတွင် ရှိသောကျင့်ကြံသူများက နောက်ဆုတ် သွားကြသည်။ သူတို့က ပါဝင် ပတ်သက်လိုခြင်း မရှိပေ။

သည်နေ့တွင် မင်းသားက နန်းတော်ထဲတွင် ပုန်းလို့နေ၏။ ကျင့်ကြံသူကလည်း နန်းတော်ထဲဝင်ရန် ပြဿနာတစ်ခုခု ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့ဒေါသက မင်းသား၏ နောက်လိုက်များပေါ်သို့ ကျရောက်လို့ သွားခြင်းပင်။

ရှုတောက်က တော်ပေ၏။ သူက တစ်ခုခု မှားနေသည်ကို သတိပြုမိ လိုက်သည်နှင့် ချက်ချင်း ထွက်ပြေး လာခဲ့သည်။ သို့သော် သူက ကျင့်ကြံသူ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့်သူက ကြောက်လန့်တကြား ထွက်ပြေးလာရခြင်း ဖြစ်သည်။

ရှုတောက်စကား ပြောပြီးပြီးချင်းမှာပင် လမ်းထောင့်မှ လူငယ်ကျင့်ကြံသူ တစ်ယောက်က လမ်းလျှောက်ထွက်လို့ လာ၏။ သူက ရှုတောက်ထံသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

ရှုတောက်က သည်ကျင့်ကြံသူကို မြင်လိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ရင်လို့ သွားပြီး နောက်ထပ် သွေးတစ်လုတ်ပင် အန်မိသွားသည်။ သူက ဝမ်လင်းကို အားကိုးတကြီး တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ကယ်ပေးပါ …” ထိုသို့ ပြောပြီးနောက် သူက လဲကျ သွားတော့သည်။

သည်ကျင့်ကြံသူက နှာခေါင်းရှုံ့၍ ဝမ်လင်းကို ကြည့်လိုက်သည်။ ထို့နောက် သူကလက်ဝှေ့ယမ်း လိုက်၏။ ချက်ချင်းပင် အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။ သည်အငွေ့များက တဖြည်းဖြည်းဖြင့် အရိုးခေါင်းပုံစံသို့ ပြောင်းသွားပြီးနောက် ရှုတောက်ကို ဝါးမျိုရန် ရှေ့သို့ရွေ့ လာခဲ့သည်။ သည်ကျင့်ကြံသူက ဝမ်လင်းကိုပါ ရော၍ တိုက်ခိုက်လိုက်သည်။

သူ့မျက်လုံးထဲတွင် ဝမ်လင်းက သေမျိုး တစ်ယောက်သာ ဖြစ်သည်။ သူနှင့်ရှုတောက် ကလည်း ပတ်သက်မှု ရှိရပေမည်။ ထို့ကြောင့် သူက နှစ်ယောက်လုံးကို သတ်ပစ်ရန် ပြုလုပ်လိုက်ခြင်း ဖြစ်၏။

ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။ သည်ကျင့်ကြံသူက ရှုတောက်ကို ပစ်မှတ်ထားလျှင် သူက ဝင်ပါလိမ့်မည် မဟုတ်ပေ။ ရှုတောက်က သည်နှစ်တွေမှာ သူ့ကို ရိုသေလေးစားစွာ ဆက်ဆံခဲ့သော်လည်း ဒါက သူဝင်ပါရန်အတွက် မလုံလောက်သေးချေ။

သို့သော် ခုချိန်မှာတော့ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့ကိုပါ တိုက်ခိုက်ဝံ့ နေသည်။ ဝမ်လင်းက သူ့လက်ကို ယမ်းလိုက်ရာ ခြင်မောင်းသလိုလေး လှုပ်ရှားလိုက်သည်။ ရုတ်တရက် အရိုးခေါင်းက အလွန် လန့်သွားခဲ့သည်။ ၎င်းက အော်သံ တစ်ချက်ပြု၍ ရှေ့ဆက် မတိုးဝံ့တော့ပေ။ ၎င်းက နောက်ပြန်လှည့် လာခဲ့တော့၏။ ဝမ်လင်းက မကောင်းဆိုးဝါး ရှုလီကောကို ဆင့်ခေါ်လိုက်ပြီး သည်အရိုးခေါင်းကို ဝါးမျိုခိုင်းလိုက်သည်။ ကျင်ကြံသူ လူငယ်၏မျက်နှာက အလွန် ဖျော့တော့သွားပြီး သွေးတစ်လုတ် အန်လိုက်ရသည်။ သည်အရိုးခေါင်း ပျက်စီးသွားခြင်းက သူ့စိတ်ဝိညာဉ်ကိုလည်း အလွန် ထိခိုက် သွားစေ၏။ သူက အလွန်တရာ ထိတ်လန့် ကြောက်ရွံ့သွားပြီး ချက်ချင်းထွက်ပြေး လေတော့သည်။

ဝမ်လင်းက အလောတကြီး ထွက်ပြေးသွားသော ပုံရိပ်ကို အေးစက်စွာ ကြည့်နေလိုက်သည်။ သူက သည်ကျင့်ကြံသူ လူငယ်ကို မသတ်လိုက်ပေ။ အကြောင်းမှာ သူက သေမျိုးတစ်ယောက် လုံးလုံးဖြစ်လာအောင် နေထိုင်နေစဉ်မှာ အခုလို အသေးအမွှား ကိစ္စအပေါ် အားဖြုန်းတီး လိုခြင်းမရှိပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset