ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထို့နောက်သူက အဘိုးအိုကို ပြောလိုက်၏။
“စီနီယာ။ ငါတို့ အဲဒီလိုတကယ် လုပ်မှာလား …”
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ကောက်ရိုးဦးထုပ် နှစ်လုံး ပေါ်လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်၏။
“ဒါကို ဆောင်းလိုက်ပါ။ မင်းထက် ကျင့်ကြံမှုအဆင့် နှစ်ဆင့် မြင့်တဲ့လူ မဟုတ်ရင် သူတို့က မင်းရဲ့ အသွင်အပြင်ကို သိနိုင်လိမ့်မယ် မဟုတ်ဘူး။ မင်းကိစ္စ ပြီးသွားရင်တော့ ငါ့ကို ပြန်ပေးပါ …”
ဝမ်လင်းကို ဦးထုပ်ကိုဖမ်း၍ နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့် လိုက်ရာ ချက်ချင်း တုန်လှုပ်မိသွား၏။ သူကောက်ရိုး ဦးထုပ်က သာမန်လို့ ထင်ရသော်လည်း ၎င်းထဲတွင် လျှို့ဝှက်ချက်များစွာ ရှိလို့နေသည်။ သူ့နတ်ဘုရား အာရုံအောက်တွင် သည်ဦးထုပ် အောက်တွင် သူလုံးဝ မမြင်ဖူးသည့် အတားအဆီး အစီအရင်များ ရှိနေခဲ့သည်ကို သူက တွေ့လိုက်ရသည်။ သည်အတားဆီးများက ရှေးဟောင်း အတားအဆီးများဖြင့်ပင် နှိုင်းယှဉ်၍ ရပေသည်။
နောက်တစ်ချက်က သည်အတားအဆီးများက အပြင်ဘက် အလွှာတစ်ခုသာ ရှိသေးပေသည်။ အလယ်ရှိ အတားအဆီးများကိုတော့ ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့်ပင် အချိန်တိုအတွင်း မစစ်ဆေးနိုင်ခဲ့ချေ။ ဝမ်လင်းက ဘာပဲဖြစ်ဖြစ် သည်ဦးထုပ်ကို ပြန်မပေးရန် ဆုံးဖြတ်လိုက်၏။ တကယ်လို့ တစ်ခုခု ပြဿနာ ရှိခဲ့လျှင်လည်း သူက အဘိုးအိုအတွက် ပန်းပုရုပ်တွေ ပိုထွင်းထု ပေးလိုက်ရုံသာ ရှိသည်။
အဘိုးအိုကလည်း သည်ကောက်ရိုး ဦးထုပ်ကို ဆောင်းလိုက်ပြီးနောက် ရွှေရောင်အလင်း တစ်ခုက သူ့နားတွင် ဝန်းရံလာခဲ့သည်။ ဝမ်လင်းက အဘိုးအိုကို စစ်ဆေးကြည့်ရန် ကြိုးစားကြည့် လိုက်သည်နှင့် သည်ရွှေရောင် အလင်းများက သူ့ကို နာကျင် သွားစေခဲ့၏။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်မိသည်။ သည်ကောက်ရိုး ဦးထုပ်ကို သိမ်းထားချင်သည့် သူ့ဆန္ဒကလည်း ပိုခိုင်မာ လာခဲ့၏။
အဘိုးအိုက ဝမ်လင်းကို လှမ်းကြည့်ရင် သူက လက်ဟန်တချို့ ပြုလုပ်လိုက်ရာ ထူးဆန်းသော ချိပ်ပိတ်ဟန်များ ဖြစ်ပေါ် သွားပြီးနောက် လေထဲသို့ ညွှန်လိုက်သည်။ ရုတ်တရက် ကြီးမားသည့် တစ္ဆေကြီး တစ်ကောင်က လေထဲတွင် ပေါ်လာခဲ့သည်။ ထိုအခါ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက သည်တစ္ဆေကြီး ထံသို့ အပြင်းအထန် စုဝေးလာခဲ့သည်။
သည့်နောက် သည်တစ္ဆေက အထည်ဒြပ်ပုံစံ ဖြစ်ပေါ်လာခဲ့ပြီး ရွှေရောင် ချပ်ဝတ်ကို ဝတ်ဆင်ထား၍ ဓားတစ်လက်ကို ကိုင်ဆောင်ထားလျက် ရှိနေခဲ့သည်။ သည်တစ္ဆေကြီး၏ မျက်နှာက ရှုံ့တွလို့နေသည်။ သူက အဘိုးအို ညွှန်ပြလိုက်သော နေရာကို ဒေါသတကြီး စိုက်ကြည့်လို့ နေ၏။
အဘိုးအိုက ဂုဏ်ယူစွာ အော်ပြောလိုက်သည်။
“ရွှေ … ဖျက်ဆီး နင်းခြေလိုက် …”
ရွှေရောင် တစ္ဆေကြီးက ၎င်း၏လက်နက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ရွှေရောင်အလင်းတန်း တစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ၎င်းအလင်းတန်းက နေတစ်စင်း ပြိုကျဆင်းသက် လာသည့်အလားပင်။ သည်အလင်းတန်းမျာက ကောင်းကင်ကို ဖြတ်သန်းလို့ သွား၏။ ရုတ်တရက် အကွာအဝေး တစ်ခုတွင် ဆူညံသော လှိုင်းများ ဖြစ်ပေါ်လို့ သွား၏။ သည်လှိုင်းများက ပို၍ပို၍ ဆူညံပြင်းထန် လာခဲ့ပြီး နောက်ဆုံး အလင်းမျက်နှာပြင် တစ်ခုက အပိုင်းအစများ အဖြစ်သို့ ဗန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲလို့ သွားတော့သည်။
သိပ်မကြာခင်မှာ သည်ရွှေရောင် ချပ်ဝတ် တစ္ဆေကြီးက နှာခေါင်းရှုံ့၍ ပျောက်ကွယ် သွားတော့သည်။
အဘိုးအိုက မကျေမနပ်ဖြင့် တိုးတိုးတိုးတိုး ပြောလိုက်၏။ ဝမ်လင်းက အဘိုးအိုက သည်ရွှေရောင် တစ္ဆေကြီးကို ၎င်း၏ပျင်းရိမှု အတွက် မာန်မဲနေသည်ကို ကြားလိုက် ရပေ၏။
အလင်းမျက်နှာပြင် တစ်ခု ပြန့်ကျဲ သွားသည်နှင့် စွမ်းအင်လှိုင်းများက ပျံ့နှံ့လို့ သွားသည်။ သည်စွမ်းအင်များက အဖျက်အဆီး စွမ်းအားများဖြင့် ပြည့်နှက်လို့ နေခဲ့၏။ ဝမ်လင်းအသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဘေးသို့ ရှောင်မလို့ လုပ်လိုက်စဉ်မှာပင် အဘိုးအိုက လက်ဝှေ့ယမ်း လိုက်ရာ တိုင်လုံးတစ်ခုက ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့ပြီး သည် စွမ်းအင်လှိုင်းများကို ပိတ်ဆို့လိုက်၏။
ထို့နောက် ဝမ်လင်းက အဘိုးအိုကို ကြည့်လိုက်သည်။ သူက စွမ်းအင်လှိုင်းများ အလယ်တွင် ရပ်နေခဲ့ပြီး ပျော်ရွှင် နေသည့်ဟန်ပင် ရ၏။
သည်စွမ်းအင် လှိုင်းများ ပျံ့နှံ့ သွားပြီးနောက် သည်ဧရိယာ တစ်ခုလုံးလည်း ပြောင်းလဲ သွားခဲ့ပြီး အဆောက်အဦများကလည်း တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ သည်အဆောက်အဦများက တိမ်ထဲတွင် မျောနေခဲ့ပြီး သက်တံရောင် အလင်းများ ထုတ်လွှတ်လျက် ရှိ၏။ သည်နေရာက ကောင်းကင်ဘုံ နယ်မြေနှင့်ပင် ဆင်တူလို့ နေသည်။
သည်မြင်ကွင်းက ဝမ်လင်း ချူနိုင်ငံတွင် မြင်တွေ့ခဲ့သော မြင်ကွင်းထက် ပို၍ ထူးဆန်း အံ့ဩဖွယ် ဖြစ်လို့နေသည်။ သည်အဆောက်အဦများက အဆုံးမရှိသည့်ဟန် ဆက်ရှိလို့ နေသည်။ တစ်ချိန်တည်းမှာ သည်အဆောက်အဦများ ထဲမှ ဒေါသတကြီး အသံများ ထွက်ပေါ်လာခဲ့ပြီး လူပေါင်းဒါဇင်ခန့် သို့မဟုတ် အားကောင်းလှသော အော်ရာများက တစ်ဟုန်ထိုး ထွက်ပေါ် လာခဲ့တော့သည်။
ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ဖြန့်ကြက်လိုက်၏။ သည်အော်ရာများတွင် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ သုံးဆယ်ကျော်လောက် ပါဝင်လို့ နေခဲ့သည်။ ကျန်သည့် ငါးယောက်ကတော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ ဖြစ်ကြ၏။
သူက အသက်ဝဝ ရှူသွင်းလိုက်သည်။ သည်အဆင့် လေးနိုင်ငံက အမှန်ကို ၎င်းအဆင့်နှင့် ထိုက်တန်ပေ၏။ သည်နေရာမှာ ရှိသည့်ကလန် တစ်ခုက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အဆင့်သုံးနိုင်ငံ တစ်ခုအနေဖြင့် ပတ်သက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သည်နေရာမှာ ရှိသည့် ကလန်တိုင်းက အဆင့်သုံး နိုင်ငံတစ်ခုကို အမြစ်ဖျက် သုတ်သင်နိုင်စွမ်း ရှိသည်ဆိုလျှင် ပိုသည်လို့ ဆို၍ ရမည်မထင်။
သည်ကျင့်ကြံသူများ ထွက်ပေါ် လာသည်နှင့် သူတို့က ဝမ်လင်းနှင့် အဘိုးအိုတို့ကို ဝန်းရံထား လိုက်သည်။ သူတို့၏ အသွင်များကလည်း ရန်လိုလို့နေပြီး နတ်ဘုရား အာရုံဖြင့် ဝမ်လင်းနှင့် အဘိုးအိုကို စစ်ဆေးကြည့် ကြ၏။
သို့ရာတွင် သူတို့ထဲက တစ်ဝက်ကျောက်က အံ့အားသင့်လို့ သွားကြ၏။
ဝမ်လင်းက နတ်ဘုရားအာရုံများ သူ့ကို ဖြတ်သန်း သွားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ သည်ကောက်ရိုး ဦးထုပ်က ရွှေရောင် အလင်းအမြောက်အမြား ထုတ်လွှတ်လာ၏။ သည်ရွှေရောင် အလင်းများက သူတို့၏နတ်ဘုရား အာရုံများကို မီးနှင့်တွေ့သည့် ရေခဲအလား အရည်ပျော်လို့ သွားစေ၏။
အဘိုးအိုကတော့ ချိပ်ပိတ်ဟန် တစ်ခုကို ပြုလုပ်လိုက်ပြီးနောက် ရွှေရောင် အလင်းတန်းများက တစ္ဆေတောင်ပံ တစ်စုံဖြစ်ပေါ် သွား၏။ သည်တောင်ပံများက နတ်ဘုရား အာရုံများကို အဝေးသို့ ရိုက်ထုတ်ပစ် လိုက်လေသည်။
ရုတ်တရက် ကျင့်ကြံသူ အချို့က အင့်ခနဲ မြည်းကျွေး လိုက်ရပြီး သူတို့ခန္ဓာကိုယ်များ ကလည်း ပုံရက်သား ပြုတ်ကျ သွားကြ၏။ သူတို့အသွင်များ ကလည်း အလွန် ရုပ်ဆိုးလို့ သွားသည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးက လူအုပ်စုထဲမှ ထွက်လာခဲ့၏။ သူ့မျက်နှာက ဖျော့တော့လို့ နေပြီး သူ့မျက်လုံးများ ကလည်း အလင်း ကင်းမဲ့၏။ သူ့မျက်လုံးများက ဝမ်လင်းကဲ့သို အဖြူနှင့်အမည်း ကွဲပြားစွာ ဖြစ်နေခဲ့ပြီး သာမန်မဟုတ်သည့် အလင်းကို ဖြစ်ပေါ်လို့ နေခြင်းသာ ဖြစ်သည်။
သူက ရှေ့သို့ ထွက်လာခဲ့ပြီး လက်နှစ်ဖက် ယှက်၍ ပြောက်လိုက်သည်။
“မင်းတို့ နှစ်ယောက်က ငါတို့ အဖြူရောင် တိမ်ကလန်ရဲ့ မြင့်မြတ်တဲ့ အစီအရင်ကို ဖျက်ဆီး ခဲ့ကြတယ်။ ဒါကိုမရှင်းပြဘူး ဆိုရင်တော့ မင်းတို့နှစ်ယောက် ဒီမှာပဲ နေသင့်တယ် …”
အဘိုးအိုက နှာခေါင်းရှုံ့ လိုက်၏။ သူက လက်ယမ်း၍ ဝါးကုလားထိုင် တစ်ခုကို ဆွဲယူလိုက်သည်။ ထို့နောက်သူက လေထဲတွင် ၎င်းကို ထား၍ ထိုင်ချလိုက်သည်။ ထို့နောက်သူက ပြောလိုက်၏။
“ငါ ဂရုမစိုက်ဘူး။ ငါက ငှားရမ်းခံရတဲ့ လူပဲ။ သူက ငါ့ကို ဒီနေရာကို လာဖို့ ပြောခဲ့တယ်။ ဒီတော့ သူနဲ့ ပြောကျ …”
အဘိုးအို၏ စကားများကို ကြားလိုက်ပြီးနောက် ထိုလူ၏အကြည့်သည် ဝမ်လင်းအပေါ်သို့ ကျရောက် လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်၏။
“ရောင်းရင်း ကျင့်ကြံသူ။ ငါတို့ အဖြူရောင် တိမ်ကလန်က မင်းကို စောက်ကား နှောင့်ယှက်ဖူးလို့လား …”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သူက စကားတစ်လုံးမှ မပြောတော့ဘဲ သိုလှောင်အိတ်ထဲမှ သာမန်ဓား တစ်လက်ကို ထုတ်ယူလိုက်၏။ သူက ဓားကို အနည်းငယ် လှုပ်လိုက်ပြီး နတ်ဘုရား အာရုံကို ၎င်းအပေါ်တွင် ခတ်နှိပ် ထားလိုက်၏။ ထို့နောက် အက်ကွဲသံ တစ်ခုနှင့်အတူ သည်ဓားက သေးငယ်သော ငွေရောင်လုံးလေး တစ်လုံးအဖြစ်သို့ ပြောင်းသွားလေသည်။
”အကြောင်းက အဖြူရောင်တိမ် ကလန်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေများစွာ ရှိတယ်။ ငါက သူတို့က စိန်ခေါ်ချင်လို့ပဲ။ ငါ့ရဲ့ ကျူးကျော်ခြင်း အတွက်လည်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် …” ထိုသို့ ပြောပြီးနောက် သူက လက်ဟန်တစ်ခု ပြုလုပ်၍ ငွေရောင် ဘောလုံးကို ညွှန်ပြလိုက်သည်။
သည်ငွေရောင် ဘောလုံးက ရုတ်တရက် ပျံသန်းသွားပြီး တစီစီ ပေါက်ကွဲသံများ ဖြစ်ပေါ်လို့ သွား၏။ ၎င်းက ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်ပေသည်။
သက်လတ်ပိုင်းလူကြီးက သတိထား လိုက်သည်။ သို့သော် သူက ငွေရောင် ဘောလုံးကို မြင်လိုက်သည့် အခါ သူက နှာခေါင်းရှုံ့ လိုက်၏။
“မင်းက မင်းဝါးနိုင်တာထက် ပိုကိုက်ချင် နေတာပဲ …” ထိုသို့ ပြောပြီးနောက် သူကမည်သည့် ရတနာမှ ထုတ်ဖော်ခြင်း မပြုပေ။ ထိုအစား သူက လေထဲသို့ လက်ညွှန်လိုက်ရာ ခရမ်းရောင် စိတ်ဝိညာဉ် စွမ်းအင်များက သူ့လက်ချောင်း ထိပ်တွင် ပေါ်လာခဲ့သည်။
သည်စွမ်းအင်များ ပေါ်လာသည့် အခိုက်တွင် ၎င်းက ခရမ်းရောင် နဂါးတစ်ကောင် အဖြစ်သို့ ပြောင်းသွားလေ၏။ ဝမ်လင်းကလည်း သူ့နည်းစနစ်ကို ပြောင်းလဲလိုက်ရာ ငွေရောင် အလုံးလေးက ရုတ်တရက် ရပ်တန့်လို့သွား၏။ ထို့နောက် သူက အော်ဟစ်လိုက်သည်။
“ပြောင်းလဲစမ်း …”
ရုတ်တရက် ငွေရောင်အလုံးက ထူးဆန်းစွာ ရွေ့လျားသွားပြီး လိပ်ကြီး အသွင်သို့ ပြောင်းလဲသွား၏။ သည်အသွင် သဏ္ဌာန်က နတ်ဆိုး ပင်လယ်တွင် ဝမ်လင်း သတ်ဖြတ်ခဲ့သော ကျောင်းဂူပင်လယ် လိပ်ကြီး၏ အသွင်ပင် ဖြစ်သည်။
ငွေရောင် အလုံးကြောင့် သည်ပင်လယ်လိပ် သားရဲကြီးက အသက်ဝင် လာသလို ဖြစ်သွားပြီး သူ့၏ ထက်မြသော သွားများ ပေါ်လာခဲ့ကာ အော်ဟိန်းလိုက်၏။ သည်ဟိန်းသံက ကောင်းကင်ကို ဖြတ်၍ သွားပြီး သည်လိပ်ကြီးနှင့် ခရမ်းရောင်နဂါးတို့က တိုက်ခိုက်ကြ တော့သည်။
သက်လတ်ပိုင်း လူကြီးက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်ပြီးနောက် လက်ဟန်တစ်ခု ပြုလုပ်ကာ အော်ဟစ်လိုက်၏။
“ကွဲထွက်စမ်း …”
ရုတ်တရက် ခရမ်းရောင် နဂါးက နှစ်ကောင် ဖြစ်သွား၏။ တစ်ကောင်က လိပ်ကြီးနှင့် တိုက်ခိုက်နေပြီး နောက်တစ်ကောင်က ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။ ဝမ်လင်းက မျက်မှောင်ကြုတ်၍ ဘေးသို့ရှောင်မလို့ လုပ်လိုက်စဉ် အဘိုးအို၏အသံက နားထဲဝင် လာခဲ့သည်။
“မင်း ဘာလို့ ရှောင်မှာလည်း။ မလှုပ်ဘဲနေ။ စိဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်ရဲ့ နယ်ပယ်ကို ထိတွေ့ကြည့် …”
ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သိုလှောင်အိတ် ထဲကို လက်နှိုက်လိုက်၏။ သူက တစ်ခုခု မှားသွားလျှင် အတားအဆီး အလံကို ထုတ်ယူလိုက်မည် ဖြစ်သည်။ သူက သူသုံးနေကျ ရတနာ ပစ္စည်းများကို အသုံးမပြုခြင်းမှာ သူ့ပုံရိပ်ကို သိသွားကြမည် စိုးသောကြောင့်ပင်။
အဘိုးအို၏ အသံကို ကြားလိုက်ပြီးနောက် ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ ထို့နောက် သူက အံကြိတ်၍ သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားဘဲ နေလိုက်၏။ ထို့နောက် လိပ်ကြီးနှင့် တိုက်ခိုက်နေသော နဂါးတစ်ကောင်ကပါ သူ့ထံသို့ တိုးဝင်လာခဲ့၏။ ခရမ်းရောင် နဂါးနှစ်ကောင်က သူထံသို့ တစ်ဟုန်ထိုး တိုးဝင်လို့ လာနေပေသည်။
အဘိုးအိုက ဝမ်လင်းက ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ဝမ်လင်း အသွင်က သည်အတိုင်း မှင်သေစွာ ရပ်နေခဲ့၏။ သို့သော် အဘိုးအိုက ဝမ်လင်းမှာ ထိုသို့ မလှုပ်ရှားဘဲ ရပ်နေနိုင်ရန် မည်မျှခက်ခဲစွာ ပြုလုပ်နေရ သည်ကို သိနိုင်ပါ မည်လော။ အဘိုးအိုက ခရမ်းရောင် နဂါးနှစ်ကောင်ကို တစ်ချက် ဖျတ်ခနဲကြည့်ပြီး သူ့ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ ညင်သာသော ညှစ်အားနှင့်အတူ ခရမ်းရောင် နဂါးတစ်ကောင်က ကွဲကြေသွား ခဲ့တော့သည်။
သက်လတ်ပိုင်း လူကြီးအမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက အဘိုးအိုထံမှ အန္တရာယ် အငွေ့အသက်ကို ပို၍ ခံစားမိလိုက်၏။
ထိုအချိန်တွင် ကျန်နေသေးသည့် ခရမ်းရောင် နဂါးတစ်ကောင်က စွမ်းအားပြည့်သော အော်ရာနှင့်အတူ ကျယ်လောင်စွာ အော်ဟိန်း၍ ဝမ်လင်းထံသို့ ကျရောက်သွား၏။ ဝမ်လင်းခန္ဓာကိုယ်က တုန်လှုပ်လို့ သွား၏။ အားကောင်းသော ဖိအားက သူ့ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် လာသည်ကို ခံစားမိ လိုက်သည်။ သည်ဖိအားက အလွန် စွမ်းအားကောင်း လှသော်လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားပြီးနောက် နူးညံသော အသက်ရှူသံအလား ဖြစ်သွားလေသည်။ ၎င်းဖိအားတွင် အဖျက်အဆီး စွမ်းအားများ မပါဝင်ဘဲ သူ့ကိုလည်း အန္တရာယ် မဖြစ်စေခဲ့ပေ။
သို့သော် သည်နူးညံ့သော ဖိအားက သူ့စိတ်ခံစားချက် များကိုတော့ အလွန်အမင်း ပြင်းထန်မှုကို ခံစားသွား စေရသည်။ သည်ခံစားချက်က မျက်စိတစ်မှိတ် အတွင်း ဝမ်လင်းခန္ဓာကိုယ် ထဲသို့ ချဲ့ထွင် သွားလေသည်။ သူ့စဦးစိတ်ဝိညာဉ်ပင် ထိုခံစားမှုမှ မလွတ်မြောက်ခဲ့ပေ။
ဝမ်လင်းက သည်ပြင်းထန်သော ခံစားချက်က သက်လတ်ပိုင်း လူကြီး၏ နည်းစနစ်ထဲတွင် ပါဝင်သော နယ်ပယ်၏ အမျှင်တန်းတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ သည်နယ်ပယ်က နတ်ဘုရားပြစ်ဒဏ ်အလား ဖြစ်နေသည်။ သူ့တွင် ၎င်းကို ခုခံရန် နည်းလမ်းမရှိ ဖြစ်ရ၏။
သူက အတားအဆီး အလံကို ထုတ်ယူပြီး ရှေးဟောင်း အတားအဆီး အလွှာများဖြင့် ခုခံလိုက်လျှင်တော့ သည်ခံစားချက်က အခုလောက် သန်မာတော့မည် မဟုတ်ပေ။ တကယ်တော့ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများဖြင့် တိုက်ခိုက်လျှင် အတားအဆီး အလံက အတော်လေး အလုပ် ဖြစ်လေ၏။
သို့သော် ထိုအခိုက်တွင် သူက နယ်ပယ်ကို ထိတွေ့မိရန် အလို့ငှာ သူက ကာကွယ်ခုခံခြင်း မပြုပေ။ ရလဒ် အနေနှင့် ၎င်းက သူ့ကို အန္တရာယ် မဖြစ်စေခဲ့ပဲ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၏ နယ်ပယ်ကို လက်ဗလာဖြင့် ခုခံသည်ဟု ပြော၍ ရပေသည်။
အဘိုးအို၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လက်ကိုဆန့်ထုတ် လိုက်၏။ ရုတ်တရက် ဝမ်လင်း နဖူးထက်မှ ခရမ်းရောင် နဂါးတစ်ကောင်၏ အငွေ့တန်းက ထွက်ပေါ်လာခဲ့ပြီး သူ့လက်ထဲတွင် အလုံးတစ်လုံး ဖြစ်သွားလေသည်။ ဝမ်လင်းလည်း အသိပြန်လည် လာခဲ့၏။
ဝမ်လင်းက မျက်လုံးမှိတ် လိုက်သည်။ ထိုအခိုက်တွင် သူက သက်လတ်ပိုင်း လူကြီး၏ နယ်ပယ်ကို အပြည့်အဝ ထိတွေ့မိ သွားလေသည်။ သည်လို အခွင့်ရေးမျိုးကို သူက ရရှိရန် ဆန္ဒရှိခဲ့ပြီး အလွန်လည်း တန်ဖိုး ရှိခဲ့လေသည်။
အဘိုးအို၏က သူ့လက်ထဲရှိ အလုံးကို ခြေမွှလိုက်သည်။ သက်လတ်ပိုင်း လူကြီး၏ မျက်နှာက အလွန် ရုပ်ဆိုးလို့ သွားပြီး သူက အဘိုးအိုကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“ကျွန်တော် ခန့်မှန်းတာကတော့ စီနီယာက စီနီယာတပည့်ကို နယ်ပယ်ကို ထိတွေ့ခိုင်းပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ချိုးဖျက် စေချင်တာ မလား …”
သက်လတ်ပိုင်း လူကြီးက လှောင်ပြုံး ပြုံးလိုက်သည်။ သူက သက်လတ်ပိုင်းလူကြီး ဘေးနားရှိ လူတစ်ယောက်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“မင်းထွက်လာခဲ့။ အခု မင်းအလှည့် …”
***