ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။
“စီနီယာ။ ငါတို့ မတွေ့ရတာ ခုနစ်နှစ်လောက် ရှိခဲ့ပြီ။ စီနီယာက အရင်တိုင်းဘဲနော် …”
အဘိုးအို၏အသွင်က ပို၍ ထူးဆန်း လာခဲ့သည်။ သူက ဝမ်လင်းကို အချိန်အတော်ကြာ စူးစိုက်ကြည့်၍ သက်ပြင်း ချလိုက်သည်။ သူ့မျက်လုံးထဲတွင် ချီးမွမ်းဟန် တစ်စွန်းတစ်စ ရှိနေခဲ့ပြီး သူက ဝမ်လင်းကို ပြောလိုက်၏။
“မင်းက သေမျိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီပဲ … မင်းက တကယ့်ကို သေမျိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တာပဲ …”
ဝမ်လင်းက ဝိုင်ကို ခွက်ထဲသို့ ငှဲ့ထည့်၍ သောက်လိုက်ပြီး ပြောလိုက်သည်။
“ဂျူနီယာက သေမျိုးဘဝမှာ ရုန်းကန်လှုပ်ရှား နေပါတယ်။ ဂျူနီယာက စီနီယာလိုမျိုး အေးဆေး သက်သောင့်သက်သာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ သေမျိုးတွေနဲ့ ကစားရင်းပေါ့လေ …”
အဘိုးအိုက အသက်ဝဝ ရှူလိုက်၏။ သူက ဝိုင်ဂျားကို ယူလိုက်ပြီး ခွက်ထဲ ထည့်ပြီးနောက် ပြောလိုက်သည်။
“ငါ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေ အများကြီး မြင်ဖူးခဲ့တယ်။ ဒါပေမဲ့ ခြောက်နှစ်ထဲနဲ့ သေမျိုး တစ်ယောက်လို ပြောင်းလဲနိုင်ခဲ့တာ မင်းကို ပထမဆုံး တွေ့ဖူးတာပဲ …”
ဝမ်လင်းက ခွန်းတုံ့ပြန် လိုက်ခြင်း မရှိပေ။ သူ့နှလုံးသားက လှုပ်ခတ်မှုများ မရှိတော့ဘဲ သူက သီဆို ဖျော်ဖြေပွဲကို ပြုံး၍ ကြည့်နေလိုက်သည်။
အဘိုးအိုက ဝမ်လင်းကို စူးစိုက်ကြည့် နေ၏။ အချိန်တစ်ခု ကြာသောအခါ သူ့မျက်လုံးထဲရှိ ချီးကျူးလိုမှု အရိပ်အယောင်က ပို၍ အားကောင်း လာခဲ့သည်။ သေမျိုး တစ်ယောက်နဲ့ အသွေးနဲ့အသားက မတူပေမဲ့ စိတ်ဝိညာဉ် ကတော့ တူညီသွားခဲ့ပြီ။
“လူငယ်လေး … မင်းက နယ်ပယ်တစ်ခုကို တွေ့ကြုံနိုင်ခဲ့မယ် ဆိုင်ရင် ငါကတိပေးတယ်။ မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို နှစ်တစ်ရာအတွင်း ရောက်နိုင်လိမ့်မယ် …” ဟု အဘိုးအိုက ပြောလိုက်၏။
ဝမ်လင်းက ခေါင်းပြန်လှည့် လိုက်ပြီး တစ်ငုံသောက်၍ မေးလိုက်သည်။
“နယ်ပယ်က ဘာကို ဆိုလိုတာလဲ …”
အဘိုးအိုက ပြောမလို လုပ်လိုက်စဉ်မှာပင် သူ့မျက်လုံးက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ပြောလိုက်၏။
“ကြည့်စမ်း … ငါက အိုနေခဲ့ပြီ။ ဗိုက်ဆာတဲ့အခါ ဆိုရင် ဘာမှကို မမှတ်မိတော့ဘူး …”
ဝမ်လင်းက အဘိုးအိုက အလေးအနက် ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“စီနီယာ … သင် အချိန်တွေကို သီဆို ဖျော်ဖြေပွဲကို ကြည့်ရင်းနဲ့ ပျော်ရွှင်စွာ နေလိုက်ပါ။ ဂျူနီယာ အရင် သွားတော့မယ် …” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက မတ်တတ်ထရပ် လိုက်ပြီးနောက် ဆိုင်ထဲမှ ထွက်လာခဲ့၏။
အဘိုးအိုက မှင်တက်သွားသည်။ ရုတ်တရက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
“စိတ်ဝင်စားစရာပဲ …”
ဝမ်လင်းက ဝိုင်တစ်ဂျားကို ကိုင်ဆောင်လာရင်း လမ်းပေါ်ရှိ သစ်ရွက်ကြွေများကို နင်းဖြတ်ရင်း လမ်းလျှောက် လာခဲ့သည်။ သူက သူ့ဆိုင်ကို ပြန်ရောက်လာသည့် အခါ တံခါးဖွင့်၍ အထဲသို့ ဝင်လိုက်၏။
သူက အထဲသို့ ခြေတစ်လှမ်း ချလိုက်သည်နှင့် အဘိုးအို၏ အသံကို ကြားလိုက်ရသည်။
“မဆိုးပါဘူး။ ဒီတော့ ဒီနေရာမှာ သေမျိုးတစ်ယောက် အဖြစ် ခြောက်နှစ်တာ ကုန်ဆုံးခဲ့တယ်ပေါ့ …”
အဘိုးအိုက ဝမ်လင်းရှေ့တွင် ထူးဆန်းစွာ ပေါ်လာခဲ့လေ၏။ ဝမ်လင်းအသွင်က အံ့ဩခြင်း မရှိပေ။ သူက ထိုင်ခုံတွင် ထိုင်လိုက်ပြီး ဝိုင်ကိုဆက်သောက် နေရင်း အဘိုးအိုကို လှမ်းကြည့်လိုက်၏။
“နဂါး၊ မီးတောက်ပင့်ကူ၊ ကောင်းကင်ဆူညံ သားရဲ၊ ကျောင်းဂူ၊ လက်သည်းရှစ်ခု ဓားသွားသားရဲ၊ တီလန် … မဆိုးဘူး … မဆိုးဘူး … လူငယ်လေးရေ။ မင်းက နတ်ဆိုးပင်လယ်ရဲ့ သားရဲတွေကို ဒီကိုခေါ်လာ နိုင်ခဲ့တာပဲ …” အဘိုးအိုက အခန်းထဲကို ပို၍ကြည့်လေ ပို၍ အံ့အားသင့်လာလေ ဖြစ်သည်။ နောက်ဆုံးတွင် သူ့အကြည့်က အခန်းထောင့်ရှိ သစ်သား သေတ္တာထံသို့ ရောက်သွားခဲ့၏။ သူက လက်ယမ်းလိုက်ရာ အထဲရှိ ပန်းပုရုပ်များက တစ်ခုပြီးတစ်ခု ပျံထွက် လာခဲ့သည်။
သည်ပန်းပုများက မပြီးပြည့်စုံ သေးသည့် ပန်းပုရုပ်များပင် ဖြစ်သည်။
အဘိုးအိုက သည်မပြီးပြည့်စုံသေးသည့် ပန်းပုများကို ကြည့်ရင်း သူ့အသွင်က အလေးအနက် ဖြစ်လာခဲ့သည်။ သူက တစ်ခုချင်းစီကို အသေးစိတ် ကြည့်ရှုနေ၏။ ထို့နောက်သူက ဝမ်လင်းကို ကြည့်လိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
“ငါမင်းကို အထင်သေးခဲ့ မိတာပဲ။ မင်းမှာ အခုလိုမျိုး အတွေ့အကြုံတွေ ရှိနေလိမ့်မယ်လို့ ငါဘယ်လိုမှ မထင်ထားခဲ့မိဘူး။ မင်းက အခုလိုမျိုး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူတွေနဲ့ အပျက်အစီး သားရဲတွေကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ခြင်း မရှိဘူးဆိုရင် အခုလို ပန်းပုရုပ်တွေကို ပုံဖော်နိုင်မှာ မဟုတ်ဘူး …”
ဝမ်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူက ဘာမှတော့ မပြောချေ။ ထိုအစား သူက ဝိုင်ကိုသာ တိတ်တဆိတ် ဆက်သောက်လို့ နေ၏။ အဘိုးအိုက သူနှင့် ပတ်သက်ပြီး ဘာမှ မပြောနေသလိုပင် ပြုမူနေ၏။
အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုက ပန်းပုရုပ်များကို အောက်ချလိုက်၏။ ထို့နောက် ဝမ်လင်းကို မေးလိုက်သည်။
“မင်းနာမည် ဘယ်လိုခေါ်လဲ …”
ဝမ်လင်းက ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
“ဝမ်လင်း …”
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။ သူက လက်ယမ်းလိုက်ရာ သူ့အော်ရာက လုံးဝ ပြောင်းလဲလို့ သွားသည်။ သူက အဘိုးအို တစ်ယောက်၏ပုံစံ အသွင်ကနေ အလွန်တရာ လွှမ်းမိုးခြယ်လှယ် နိုင်စွမ်းရှိသော လူတစ်ယောက် အသွင်သို့ ပြောင်းသွားခဲ့သည်။ သူ့ရုပ်ပိုင်းဆိုင်ရာ အသွင်က ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအင်များက အလွန် အံ့အားသင့်ဖွယ် ကောင်း၍ ထွင်းဖောက် မြင်နိုင်ရန် ခက်ခဲ လှပေသည်။
သည်လှုံ့ဆော်မှုကြောင့် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကလည်း လှုပ်ရှားလာခဲ့ပြီး သူ့မျက်လုံးများကလည်း တလက်လက် ဖြစ်လာ၏။ ထိုအခိုက်တွင် ဝမ်လင်းက အဘိုးအို၏ ကျင့်ကြံမှု အဆင့်ကို ထွင်းဖောက် မြင်နိုင်စွမ်း မရှိပေ။ သူ့မျက်လုံးထဲရှိ အလင်းက မြန်ဆန်စွာ ပြန်ပျောက်ကွယ် သွားပြီး သူက ဝိုင်တစ်ငုံသောက်၍ ပြောလိုက်သည်။
“စီနီယာ … ငါ့ဒီအိမ်အိုလေးက သင့်စွမ်းအားကို မခံနိုင်လောက်ဘူး။ ကျေးဇူးပြု၍ ပြန်ရုပ်သိမ်းပေးပါ …”
အဘိုးအိုက နှာခေါင်းရှုံ့လိုက်၏။
“ကလေး … ဒါကို အနည်းငယ် ထိတွေ့ကြည့်လိုက်။ ဒါက နယ်ပယ်ပဲ …”
ထိုသို့ ပြောပြီးနောက် သူ့အော်ရာက ပျံ့နှံ့လို့ သွား၏။ ရုတ်တရက် ဒေါသအာရုံက ဆိုင်ကို ဖြတ်သန်းလို့ သွားသည်။ သို့သော် ဆိုင်၏ အုတ်လေး တစ်ချပ်တောင် ပျက်စီးသွားခြင်း မရှိပေ။ အခန်းထဲတွင်လည်း မည်သည့် အော်ရာမှ ရှိမနေတော့ပေ။
ထိုအခိုက်တွင် ဆိုင်အတွင်းနှင့် အပြင်က မတူညီသော ကမ္ဘာနှစ်ခုလို ဖြစ်နေခဲ့သည်။
သည်ဒေါသ အာရုံက ပတ်ဝန်းကျင်ထဲသို့ ဝင်ရောက် ပျံ့နှံ့သွားပြီး ဝမ်လင်းက သူ့စိတ်ဝိညာဉ် စွမ်းအင်ဖြင့် အလိုအလျောက် ခုခံမိလိုက်သည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်က စလှုပ်ရှားမိ လိုက်သည်နှင့် ဒေါသအော်ရာ၏ ဆွဲချခြင်းကို ခံလိုက်ရသည်။
သည်အော်ရာ၏ အောက်တွင် ဝမ်လင်းက ထိတ်လန့် တုန်လှုပ်မိ သွား၏။ သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များလည်း လွတ်ထွက်လို့ သွားသည်။ သူ့စဦးစိတ်ဝိညာဉ် ကလည်း သည်အော်ရာဖြင့် တစ်သားတည်း ဖြစ်သွားသည်ဟုပင် ခံစားလိုက် ရသည်။ ထိုအခိုက်တွင် သူ့နှစ်ပေါင်း လေးရာကျော် ခက်ခဲစွာ ကျင့်ကြံထားမှုများက သည်အဘိုးအို၏ လက်နက်သဖွယ် အသုံးချစရာ တစ်ခုလို ဖြစ်သွားခဲ့ရသည်။
“ဒါက ငါ့ရဲ့ ဒေါသနယ်ပယ်ပဲ။ ဒီနယ်ပယ် အောက်မှာ စိတ်ဝိညာဉ် စွမ်းအင်များ အားလုံးက တစ်သားတည်း ဖြစ်သွားပြီး ငါက ထိန်းချုပ် နိုင်လိမ့်မယ် …” အဘိုးအို၏ အသံထဲတွင် ရူးသွပ်မှုတချို့ ပါဝင်လို့နေသည်။ သူက ဝမ်လင်းကို တစ်ချက်ငဲ့ကြည့် လိုက်ရင်း နယ်ပယ်က ပြန်ပျောက်ကွယ် သွား၏။ သည်ဒေါသ နယ်ပယ်က သည်နေရာတွင် လုံးဝ မရှိခဲ့သလိုပင်။
အသက်ရှူစာ အချိန်တိုအတွင်းမှာ ဝမ်လင်းက ချွေးများဖြင့် စိုရွှဲလာခဲ့သည်။ သူက ဝိုင်ဂျားကို လှမ်းဆွဲလိုက်ရာ သူ့လက်များက တုန်ရင်လို့ နေသည်။ ထို့နောက်သူက ဝိုင်တစ်ကျိုက် သောက်ချလိုက်၏။ ဝမ်လင်းက အချိန်အတော်ကြာမှ သူ့ခန္ဓာကိုယ် ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို အသားကျအောင် ပြုလုပ်နိုင်ခဲ့ ပေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။
“ငါတွေ့ဖူးတဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေက ဘာလို့ ဒီလိုနယ်ပယ်ကို ထုတ်ဖော်တာ မကြုံဖူးခဲ့ ရတာလဲ …”
အဘိုးအိုက ခဏတော့ မှင်တက် သွားသေးသည်။ ထို့နောက် သူ့ခေါင်းကို ကုတ်၍ ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
“ဒါ … ဒါက ငါမေ့သွားတာ။ ငါ့ကျင့်ကြံမှု အဆင့်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ထိ နိမ့်ချခဲ့ပေမဲ့ စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အဆင့်ရဲ့ စွမ်းအားကို အနည်းငယ် အသုံးပြုနေတုန်းပဲ။ ဒါကြောင့် ဒီနယ်ပယ်က စွမ်းအားနည်းနည်း ပိုကောင်းသွားတာ။ အမှန်တော့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေက သူတို့ရဲ့ နယ်ပယ်ကို အခုလို ထုတ်ဖော်နိုင်ခြင်း မရှိဘဲ သူတို့အသုံးပြုတဲ့ နည်းစနစ်တွေ ထဲမှာပဲ နယ်ပယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထည့်သွင်းအသုံးပြု နိုင်ကြတယ်။ ဒါ့ကြောင့် သူတို့ နယ်ပယ်ကို မသိရှိနိုင်ကြဘူး။ ဟီးဟီး တောင်းပန်ပါတယ် …”
ဝမ်လင်းက မပြုံးချင်ပြုံးချင် ပြုံးလိုက်ရသည်။ သူက လူအိုကြီးကို ကြည့်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။
“နယ်ပယ် … ဒါကနယ်ပယ် …”
လူအိုကြီး၏ မျက်လုံးမျာက ပြောင်းလဲသွားသည်။ သူက ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်၏။
“သေမျိုး တစ်ယောက်အဖြစ် ပြောင်းလဲပြီး မင်းရဲ့ကိုယ်ပိုင် နယ်ပယ်ကို ထိတွေ့မိရင် ဒီနယ်ပယ်ကို အသုံးပြုပြီး စဦးစိတ်ဝိညာဉ် အဆင့်ကနေ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ချိုးဖျက်ရောက်ရှိ နိုင်လိမ့်မယ်။ ကောင်လေး … မင်းအခြား လူတွေရဲ့ နယ်ပယ်တွေကို မကြုံတွေ့ချင် ဘူးလား။ ဒါက မင်းအတွက် အရမ်း အကျိုးရှိလိမ့်မယ် …”
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက အခြား စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ၏ နယ်ပယ်များကို ထိတွေ့ခြင်းက အလွန် အန္တရာယ်များ သလို သူ့အတွက် အလွန်လည်း အကျိုးကျေးဇူး ရှိပေလိမ့်မည် ဖြစ်သည်။
သူက လူအိုကြီးကို ကြည့်လိုက်၏။ သူက ချက်ချင်း သဘော မတူသေးပေ။ ဝမ်လင်းက မေးလိုက်၏။
“စီနီယာ ကျွန်တော့်ရှိကနေ ဘာလိုချင်တာလဲ …”
လူအိုကြီး၏ မျက်လုံးများက ကျဉ်းမြောင်းလို့ သွားသည်။ သူက သူ့ရင်ဘက်ကို ပုတ်၍ ပြောလိုက်သည်။
“တန်ဖိုးလား … ဘာမှမင်းပေးစရာ မလိုဘူး။ ဒီအဆင့်လေး နိုင်ငံမှာ ငါကမင်းကို ကာကွယ်ပေးမယ်။ ငါတို့ တူတူလျှောက်သွား ကြတော့ပေါ့။ ဒါက အဆင်ပြေတယ် မလား …”
ဝမ်လင်းက စကားတစ်ခွန်းမှ ပြန်မဆိုတော့ဘဲ အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးအိုက သူ့ခေါင်းကို ကုတ်၍ ရှက်ရွံ့ဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ဒါ … ငါပြောချင်တာက ဒီပန်းပုရုပ်တွေက အရမ်း ကြည့်ကောင်းတယ် … ဒါ …”
ဝမ်လင်းက ပြောလိုက်သည်။
“ဟုတ်ပါပြီ … စီနီယာဒါတွေ အကုန်ယူသွားပါ …”
အဘိုးအိုက မျက်လုံး ကလယ်ကလယ် ဖြစ်သွားသည်။ သူက သူ့ရင်ဘက်ကို ပုတ်၍ ပြောလိုက်သည်။
“မင်းရဲ့ ဒီလိုအဆင့်နိမ့် ရတနာတွေကို ငါဘာလုပ်ရမှာလဲ။ တစ်ဝက်တစ်ပျက် ပန်းပုရုပ်တွေကမှ နည်းနည်းတန်ဖိုး ရှိဦးမယ်။ ဒါပေမဲ့ ငါ့အတွက် အသုံးမလိုဘူး။ ငါ တိုက်ရိုက်ပဲ ပြောတော့မယ်ကွာ။ ငါ့ကို ကြည့်စမ်း … ဘယ်လောက် ကြည့်ကောင်းလဲ၊ ထက်မြက်လဲ၊ လွှမ်းမိုးနိုင်စွမ်း ရှိလဲ။ မင်းစိတ် မလှုပ်ရှားဖူးလား။ မင်း အတွက် ပန်းပုရုပ်ပုံကောင်း တစ်ခုအတွက် ကိုယ်ဟန်ပြနိုင်တဲ့ လူတစ်ယောက်လို့ မထင်ဘူးလား … ”
အဘိုးအိုက ထိုသို့ ပြောပြီးနောက် သူ့မျက်နှာက အနည်းငယ် နီရဲသွားသည်။ သို့သော် သူက ပြောရင်းပြောရင်း စိတ်လှုပ်ရှား လာခဲ့၏။ သူက သူ့ရင်ဘတ်ကိုပင် ပုတ်ပြ လိုက်သေးသည်။
ဝမ်လင်းက အထိတ်တလန့်ပင် ဖြစ်သွားခဲ့သည်။ သူကခေါင်းညိတ်၍ ပြောလိုက်၏။
“အဆင်ပြေပါတယ်။ ဒါပေမဲ့ ငါ့ကျင့်ကြံမှု အဆင့်က လုံလောက်မှု မရှိသေးဘူး။ ငါ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ရောက်မှ စီနီယာရဲ့ ပုံတူကို ကောင်းကောင်းထွင်းထု ပေးနိုင်လိမ့်မယ် …”
အဘိုးအိုက ချက်ချင်း ပျော်ရွှင်သွားပြီး သူက လျင်မြန်စွာ ပြောလိုက်သည်။
“အလျင် မလိုပါဘူး။ အလျင် မလိုပါဘူး။ အို … ငါက အဝတ်မပါတဲ့ပုံ လိုချင်တာ။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ပုံတူ လုပ်နိုင်ရမယ်။ တစ်ရာ … နှစ်တစ်ရာ ငါစောင့်မယ် …”
အဘိုးအိုက အတွေးထဲမှာ ပျော်ရွှင်လို့နေ၏။ သူက နောင်တစ်ချိန် ကျရင် ပြည့်တန်ဆာအိမ်ကို သွားမည်၊ သို့မဟုတ် မိန်းမလှ တစ်ယောက်ဆီ သွားမည်။ ပြီးရင် သူက သူ့ပုံတူ ပန်းချီကားကို သူ့တို့ထံပေးပြီး သည်အမျိုးသမီးများ၏ နောက်ဆုံးအချိန်ထိ သူ့ကို သတိရနေ စေပေမည်။
သူက သည်လှပသော အမျိုးသမီးများက သူ့ပုံတူပန်းချီကို ကိုင်ထားသည့် အကြောင်းကို တွေးရင်း ပိုမို စိတ်လှုပ်ရှားလို့ နေသည်။ သူက ဝမ်လင်းကို ကြည့်လိုက်လေ ပို၍ ကျေနပ်လာလေ ဖြစ်တော့၏။ သူ ဝမ်လင်းကို လှမ်းဆွဲ၍ တစ်ချက်လှုပ်ရှား လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် သူတို့နှစ်ယောက်က ဆိုင်ထဲမှ ပျောက်ကွယ်လို့ သွားသည်။
သူတို့က မြို့တော်နှင့် ကီလိုမီတာ တစ်သိန်းလောက် ဝေးသော နေရာတွင် ပြန်ပေါ် လာခဲ့ကြ၏။ သည်လိုစွမ်းအားက အလွန် ကြောက်မက်ဖွယ်ပင်။ သည်စွမ်းအားက သူ့ဆံပင်များကိုပင် ထောင်မတ် သွားစေသည်။
စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူများက တစ်ထောင်ကီလိုမီတာ အကွာသို့ တည်နေရာရွှေ့ပြောင်း နိုင်ကြပေသည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများက တည်နေရာမည်မျှ ရွှေ့ပြောင်း နိုင်သည်ကို မသိသော်လည်း ကီလိုမီတာ တစ်သိန်းတော့ မဖြစ်နိုင်လောက်ပေ။
ဝမ်လင်း ထင်မြင်ချက်အရ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူပင် အခုလို အကွာအဝေးကို မရောက်နိုင်ဟု ယူဆနေသည်။ ပို၍ အရေးကြီးသည်မှာ သည်အဘိုးအိုက သူ့ကိုပါ သယ်လာရခြင်းပင်။ ရလဒ်အနေဖြင့် ဝမ်လင်းက သည်အဘိုးအိုကို အလွန်ဖြုံမိ သွားလေသည်။
အဘိုးအိုက အခုချိန်တွင် အမောတကော ဖြစ်နေသည်။ သူ့အတွက် ကီလိုမီတာ တစ်သိန်းကို ခရီးသွား လိုက်ခြင်းက လွယ်ကူသည့် အရာတော့မဟုတ်ပေ။ သို့ရာတွင် သူက ဝမ်လင်း၏ အံ့အားသင့် တုန်လှုပ်နေသည့် မျက်နှာကို ကြည့်၍ သူ့မေးစေ့ကို ဂုဏ်ယူစွာ ပွတ်သပ်၍ ပြောလိုက်သည်။
“အာ.. ငါက အသက် ကြီးလာပြီးပဲ။ ငါ့ခန္ဓာကိုယ်က တော်တော် ဆိုးနေပြီပဲ။ ဒီတည်နေရာ ရွှေ့ပြောင်းခြင်းက ကီလိုမီတာ တစ်သိန်းလောက်ပဲ ရောက်သွားတာလား။ ရှက်စရာပဲ …” အဘိုးအိုက အခုလိုမျိုး ပြောနေသော်လည်း သေမျိုးတစ်ယောက်ပင် သူ့မျက်နှာပေါ်ရှိ ဂုဏ်ယူဝင့်ကြွား နေမှုကို မြင်နိုင်ပေသည်။
ဝမ်လင်းက တိတ်တဆိတ် တွေးလိုက်၏။
အချိန်အတော် ကြာသည့်အထိ အဘိုးအိုက ပြင်းပြစွာ မောဟိုက် နေတုန်းပင်။ သူ့မျက်နှာပေါ်ရှိ ဂုဏ်ယူမှုများ ကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဒေါသ ထွက်ဟန်ဖြင့် မေးလိုက်လေ၏။
“ကောင်လေး။ ဒီလိုအကွာအဝေးကို တည်နေရာ ရွှေ့ပြောင်းတဲ့ လူကို မြင်ဖူးလား …”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“တစ်ခါမှ မမြင်ဖူးဘူး …”
“ငါဘယ်လောက် စွမ်းအားကောင်းလည်းကို မင်းမြင်သွားပြီး အီးတောင် ပေါက်မိ သွားတယ်မလား …”
ဝမ်လင်းက အဘိုးအိုကို ကြည့်ရင်း ထူးဆန်းသည့် အသွင် ဖြစ်သွားပြီး ပြောလိုက်သည်။
“စီနီယာကျင့်ကြံမှု အဆင့်ကို ဂျူနီယာကို တစ်ခါမှ မကြုံဖူး၊ မတွေ့ဖူးပါဘူး။ ဂျူနီယာ လေးစားပါတယ် …”
အဘိုးအိုက နှာခေါင်းရှုံ လိုက်ပြီး ကြွားလုံးထုတ်၍ ပြောလိုက်သည်။
“အခွင့်အရေးသာ ရှိရင် ငါက ကီလိုမီတာ တစ်သန်းလောက်ကို တည်နေရာ ရွှေ့ပြောင်း နိုင်လိမ့်မယ် …” ထိုသို့ ပြောပြီးနောက် သူက လေထဲသို့ ညွှန်ပြ၍ အကွာအဝေး တစ်ခုသို့ ပြောလိုက်၏။
“ဒါက အဖြူရောင် တိမ်ကလန်ပဲ၊ သွားကြစို့။ ဒီအဘိုးအိုက ဒီကလန်ကို သွားရမ်းကားဖို့ မင်းကို ခေါ်သွားမယ် …”
***