စင်မြင့်ရဲ့အပြင်ဘက်မှာ တိတ်ဆိတ်မှုက အချိန်အတော်ကြာကြီးစိုးနေခဲ့ပြီးမှ အလွန်ကျယ်လောင်တဲ့အားပေးသံတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ များစွာသောလူငယ်လေးတွေနဲ့ မိန်းခလေးတွေက စင်မြင့်ပေါ်မှ ပိန်ပိန်ပါးပါးလူငယ်လေးကို ကြည့်နေလျက်မှ သူတို့ရဲ့မျက်လုံးတွေထဲမှာ စိတ်အားထက်သန်မှုတွေဖြင့် ပြည့်နှက်နေပေသည်။ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းကို မပြုလုပ်နိုင်သေးဘူးလို့ထင်ရတဲ့ သူတို့ရဲ့မင်းသားလေးက ဒီနေ့မှာ ဒီလိုမျိုးအံ့အားသင့်ဖွယ်ကောင်းအောင် စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ စိတ်ကူးတောင်မယဉ်ဘူးခဲ့ပေ။
အခုအချိန်မှာတော့ သူတို့အားလုံးက ဇူယွမ်ဟာ ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့သည်ဆိုတာကို ယုံကြည်ခဲ့လိုက်မိသည်။
ဇူယွမ်က စင်မြင့်အောက်က အားပေးသံတွေကို ကြားလိုက်ရသည့်အခါ အနည်းငယ်ပြုံးလိုက်မိသည်။ သူကအားပေးနေတဲ့ ပရိတ်သတ်ကို လက်နှစ်ဖက်ဆုပ်၍ အသိအမှတ်ပြုခဲ့လိုက်ပြီး စင်မြင့်ပေါ်မှထွက်ခွာလာခဲ့ကာ စုယုဝေထံသို့လျှောက်လှမ်းလာခဲ့လိုက်သည်။
စုယုဝေက သူ့ကို တစ်လျောက်လုံး မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကို မြင်လိုက်ရသည့်အခါ ဇူယွမ်တစ်ယောက် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ရင်းမှ ပြောသည်… “အိုး… ငါ့ရဲ့အလှလေးက ငြိမ်ချက်သားကောင်းလှပါလား…”
စုယုဝေရဲ့မျက်နှာက အနည်းငယ်နီရဲသွားခဲ့ရသည်။ သူမက ခပ်တိုးတိုးကျိန်ဆဲလိုက်ရင်းမှ နှာခေါင်းတစ်ချက်ရှုံ့ကာပြောသည်… “နင့်ရဲ့ဖုံးကွယ်ထားတဲ့စွမ်းရည်က ထိပ်တန်းအဆင့်မှာ ရှိနေတာပဲ…”
အစောပိုင်းက ဇူယွမ်နဲ့လင်ဖုန်း ယှဉ်ပြိုင်နေခဲ့တစ်လျောက်လုံးမှာ သူမကလွန်စွာစိုးရိမ်နေခဲ့ရပေသည်။ ဘယ်သူကများ ဇူယွမ်ရဲ့လက်ထဲမှာ အံ့အားသင့်စရာကောင်းတဲ့ ဝှက်ဖဲများစွာရှိနေလိမ့်မယ်လို့ ထင်ထားမိမှာလဲ။ ဒါ့အပြင် လင်ဖုန်းကလည်း သူ့ရဲ့လက်ထဲမှာ ရှုံးနိမ့်သွားခဲ့လိမ့်မယ်လို့ စိတ်ကူးပင်မယဉ်ခဲ့ဘူးပေ။
“လင်ဖုန်းတောင်မှ နင့်ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး… ကြည့်ရတာ ကျောင်းသားသစ်တွေထဲမှာ အဆင့်တစ်နေရာက ကျိန်းသေပေါက်နင့်ရဲ့နေရာပဲ… ”
ဇူယွမ်က တည်ငြိမ်သည့်အပြုံးတစ်ခုဖြင့်သာ တုန့်ပြန်လိုက်သည်။ သူက ကျောင်းသားသစ်တွေထဲက နံပါတ်တစ်နေရာကို များစွာစိတ်ဝင်စားခြင်းမရှိခဲ့ပေ။ ဒီတစ်ကြိမ် ဝင်ပြီးတိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ဖို့အတွက်နဲ့ ကျောင်းအုပ်ချူကို သူ့နေရာတည်မြဲအောင်သာ ကူညီပေးခဲ့ခြင်းဖြစ်ပေသည်။
ဒီအရာအားလုံးက တော်ဝင်ဇူကျောင်းတော်ဟာ ဇူအင်ပါယာတော်ဝင်ကလန်အတွက် အဓိကအရေးကြီးသည့်အရာတစ်ခု ဖြစ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။
သူ့ရဲ့မူလရည်မှန်းချက်က ထိပ်ဆုံးဆယ်နေရာထဲကို ဝင်ရောက်နိုင်ရန်အတွက်သာဖြစ်ပြီး အခုအချိန်မှာ ဒါကိုရရှိခဲ့ပြီဖြစ်သည့်အတွက် သူ့အနေနဲ့ နောက်လာမယ့်တိုက်ပွဲတွေကို စိတ်ဝင်စားခြင်းအလျဉ်းမရှိတော့ပေ။ ဒါ့အပြင် လင်ဖုန်းတောင်မှ သူ့ရဲ့အနိုင်ယူခြင်းကို ခံခဲ့ရလေသည်။ ဒါ့ကြောင့်ပင် နောက်ထပ်ပြိုင်ပွဲအနည်းငယ်အတွက် ပုံမှန်အားဖြင့်သူ့မှာ စိုးရိမ်မှုအနည်းငယ်မျှပင် ရှိမနေချေ။
ဒီအတွေးတွေက ဇူယွမ်ရဲ့စိတ်ထဲမှာ လှည့်ပတ်နေလျက်ရှိနေပြီး ရုတ်တရက် သူ့ရဲ့ခေါင်းကိုမော့ကြည့်လိုက်ကာ ဘေးနားက မြင့်မားတဲ့စင်မြင်ပေါ်ကို ကြည့်လိုက်မိသည်။ ဒီအချိန်မှာ သူကချီယွဲ့ရဲ့ လွန်စွာနက်မှောင်နေတဲ့မျက်နှာကို မြင့်တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ပြုံးလိုက်မိလေသည်။
ဇူယွမ်ရဲ့အပြုံးကို မြင်လိုက်ရသည့်အခါ ချီယွဲ့ရဲ့မျက်နှာက ပို့လို့တောင်ပျက်ယွင်းသွားခဲ့ရသည်။ သူ့ရဲ့လက်ထဲကနေ စွမ်းအားတွေထွက်ပေါ်လို့လာခဲ့ရပြီး စင်မြင့်ရဲ့လက်ရန်းတွေ နောက်တစ်ကြိမ်ကျိုးကြေသွားခဲ့ပေသည်။ ဇူယွမ်တစ်ယောက်အရှက်တကွဲဖြစ်ကာ သူ့ရဲ့မျက်နှာကို မြေပြင်ပေါ်မှာပေကျံသွားစေဖို့ရန်အတွက် သူကနည်းလမ်းမျိုးစုံအသုံးပြုကာ ပြုလုပ်ခဲ့ပေသည်။ ဒါပေမဲ့လည်း သူလုပ်ခဲ့သမျှအရာတိုင်းက ဇူယွမ်ရဲ့ဂုဏ်သိက္ခာကို ပိုပြီးမြင့်မားလာစေခဲ့မယ်လို့ သူ့အနေနဲ့ ဘယ်လိုများထင်မှတ်ထားမိမှာလဲ။ ဒါက ချီယွဲ့ကို လွန်စွာမှပင် ဒေါသထွက်သွားစေခဲ့ပေသည်။
ဘေးမှာရပ်နေတဲ့ လျှိုစီက အံကိုတင်းတင်းကြိတ်လျက်မှ မုန်းတီးစွာဖြင့် ပြောလိုက်သည်… “အမှန်တကယ်ကိုပဲ တစ်စုံတစ်ယောက်က အရှုံးကိုမတွေ့ရမချင်း ပျော်ရွှင်နေဦးမှာပဲ… လင်ဖုန်းကို နိုင်လိုက်တာနဲ့ပဲ တော်ဝင်ဇူကျောင်းတော်ထဲမှာ သူကျေနပ်သလိုလုပ်ဖို့ အခွင့်အရေးရသွားတယ်လို့များ သူကအမှန်တကယ်ယုံကြည်နေတာလား…”
သူမရော သူမတို့လျှိုကလန်ရောက ချီအိမ်တော်ရဲ့အင်အားနောက်ကို လိုက်ပါခဲ့ကြပြီးဖြစ်သည်။ ဒါ့အပြင် ချီယွဲ့ဒီလိုမျိုးလုပ်ခြင်းခံခဲ့ရခြင်းက သူမကို ဇူယွမ့်အပေါ်မှာ ဒေါသထွက်စေခဲ့သည်။
“ဒါက ကျောင်းသားသစ်စာမေးပွဲပဲ ရှိသေးတယ်… တကယ်လို့ သူကနံပါတ်တစ်နေရာကို ရယူနိုင်ခဲ့မယ်ဆိုရင်တောင်မှ အတန်းများစွာရှိတဲ့အထဲက သူကြိုက်တဲ့အတန်းကို ရွေးချယ်နိုင်ရုံပဲရှိဦးမှာ… လင်ဖုန်းတောင်မှ နင့်ရဲ့ရှေ့မှာ ဘာလှုပ်ရှားမှုကိုမှ လုပ်ရဲတဲ့သတ္တိမရှိဘူးဆိုတာ သူမသိသေးဘူးထင်တယ်…” လျှိုစီက ဇူယွမ်ကိုကြည့်၍ အထင်သေးစွာ ပြောလိုက်သကဲ့သို့ ချီယွဲ့ကိုနှစ်သိမ့်ခဲ့လိုက်သည်။
ချီယွဲ့က အသက်တစ်ချက်ပြင်းစွာရှူလိုက်ပြီး သူ့နှလုံးသားထဲက ဒေါသတွေကို ပြန်ပြီးထိန်းချုပ်ထားလိုက်သည်။ သူ့ရဲ့မျက်နှာပေါ်က ဒေါသတွေပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး နဂိုအေးစက်စက်အမူအယာကို ပြန်လည်ရောက်ရှိသွားခဲ့ရင်းမှ ပြောလိုက်သည်… “ဘာမှစိုးရိမ်စရာမရှိဘူး… သူကပါရမီရှင်အတန်းကို ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်တောင် ဒါကဘာမှ အသုံးဝင်မှာမဟုတ်ဘူး… နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲရောက်ရင် နောက်တစ်ကြိမ်အရှက်ရသွားအောင် ငါကသူ့ကို ရိုက်ပေးရတော့မှာပေါ့… ဒီလိုဖြစ်လာခဲ့ရင် တော်ဝင်ဇူကျောင်းတော်ကလည်း ငါတို့ချီအိမ်တော်ရဲ့လက်ထဲမှာ အဆုံးသတ်သွားရလိမ့်မယ်…”
ချီယွဲ့ရဲ့စကားကို ကြားလိုက်ရသည့်အခိုက် လျှိုစီခေါင်းညိတ်လိုက်မိသည်။ သူမအနေနဲ့ ချီယွဲ့၏စကားကို သံသယမဖြစ်မိပေ။ ဇူယွမ်ဒီနေ့ပြသခဲ့တဲ့ခွန်အားက အံ့အားသင့်စရာကောင်းနေခဲ့ရင်တောင်မှပဲ ချီယွဲ့ကလက်ရှိအချိန်မှာ စွမ်းအင်ဝင်ပေါက်ခြောက်ခုအထိဖွင့်ထားနိုင်ပြီးတာကို လူတိုင်းသိပေသည်။ ဒါ့အပြင်နှစ်ကုန်ရောက်တဲ့အခါ သူကပိုလို့တောင်မှ သန်မာလာလိမ့်ပေမည်။
ဒါ့ကြောင့်ပင် ချီယွဲ့နဲ့ နှိုင်းယှဉ်ဖို့က ဇူယွမ့်အတွက် အရမ်းကိုဝေးကွာလွန်းလှပေသည်။
သူမအနေနဲ့ ဇူယွမ်ရုတ်တရက် ဒီလိုမျိုးဘာကြောင့် မြင့်တက်လာခဲ့ရလဲဆိုတာကို မသိနိုင်ပေမဲ့ လျှိုစီမြင်နိုင်တာက ချီယွဲ့ဟာ မိုးကောင်းကင်ရဲ့အစစ်အမှန်ဂုဏ်ယူခြင်းခံခဲ့ရသူဖြစ်သည်ဆိုတာကိုပင်။ မသန်မစွမ်းဖြစ်နေတဲ့မင်းသားနဲ့ ဇူအင်ပါယာတော်ဝင်ကလန်တို့က ချီယွဲ့နဲ့ ချီအိမ်တော်ရဲ့ ခြေထောက်တွေအောက်မှာ လုံးဝကိုနင်းချေခြင်းခံရပေလိမ့်မည်။
ဒီအတွေးတွေက သူမရဲ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သလို နောင်အနာဂတ်မှာလည်း သူတို့တွေရင်ဆိုင်တွေ့ဖို့ကို သူမအနေနဲ့ မျှော်လင့်မိပေသည်။ အဲ့ဒီအချိန်ရောက်လို့ ဇူယွမ်က ချီယွဲ့ရဲ့ခြေထောက်အောက်မှာ နင်းချေခံရတဲ့အခါ သူ့အနေနဲ့ အခုလိုမျိုးရော ပြုံးနေနိုင်ပါဦးမည်လား။
ကွင်းပြင်ထဲမှာတော့ စာမေးပွဲက ဆက်လက်ကျင်းပနေလျက်ပင်ရှိနေသေးသည်။ သို့ပေမဲ့လည်း ဇူယွမ်နဲ့ လင်ဖုန်းတို့ရဲ့ပြင်းထန်သည့်တိုက်ပွဲပြီးကတည်းက အခြားတိုက်ပွဲတွေက သိပ်ပြီးအသက်မပါတော့သည့်ပုံပင်။
ကံအားလျော်စွာပင် နောက်ထပ်ကြီးမားတဲ့ တိုက်ပွဲတစ်ခုပြီးသွားသည့်နောက်မှာ ကျောင်းသားသစ်စာမေးပွဲက နောက်ဆုံး အဆုံးသတ်ကိုရောက်ရှိလို့လာခဲ့သည်။
ပွဲကြည့်စင်ရဲ့အပေါ်မှာ ချူထျန်းယန်က စာမေးပွဲပြီးဆုံးသွားတာကို ကြည့်နေလျက်မှ စိတ်ကျေနပ်စွာဖြင့် သူ့ရဲ့ခေါင်းကို ညိတ်လိုက်မိသည်။ ဇူယွမ်နဲ့ စုယုဝေတို့ နှစ်ယောက်စလုံး ထိပ်ဆုံးဆယ်နေရာထဲကို ဝင်ရောက်နိုင်တယ်ဆိုသည့်အချက်က သူ့ကိုအထူးသဖြင့်ပျော်ရွှင်စေပေသည်။
ဒါ့အပြင် အရင်က သူ့ရဲ့မျှော်လင့်ချက်တွေကို စုယုဝေတစ်ယောက်တည်းအပေါ်တွင်သာ ထားခဲ့ရသည်။ ဘယ်သူကများ ဇူယွမ်အနေနဲ့ ဒီလိုမျိုးတိုးတက်လာပြီးတော့ လင်ဖုန်းကိုတောင် သူ့ရဲ့လက်ထဲမှာရှုံးနိမ့်သွားအောင် ပြုလုပ်နိုင်လိမ့်မယ်လို့ ထင်ထားမိမှာလဲ။ ဒါ့အပြင် ဇူယွမ်အနေနဲ့ ဝင်ပေါက်ဖွင့်ခြင်းလေ့ကျင့်မှုနဲ့ တစ်လသာထိတွေ့မှုရှိခဲ့ရတာကို သူသိပေသည်။
ဝင်ပေါက်နှစ်ခုကို တစ်လအတွင်းဖွင့်နိုင်ရုံသာမကဘဲ တိုက်ပွဲစွမ်းရည်ကလည်း ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့ လင်ဖုန်းကို ကောင်းစွာဖိနှိပ်နိုင်စွမ်းရှိခဲ့သည်။ ဒီလိုမျိုးပါရမီက စုယုဝေထက်တောင်မှ ပိုပြီးမြင့်မားပေသည်။
ဒီလိုမျိုးမမျှော်လင့်တဲ့ အဖြစ်အပျက်က ဘယ်လိုလုပ်ချူထျန်းယန်ကို မပျော်ရွှင်စေဘဲ နေလိမ့်မည်နည်း။ မူလက မျှော်လင့်ချက်လုံးဝမရှိခဲ့တဲ့ နှစ်ကုန်အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲက အခုအချိန်သူ့မှာ ယုံကြည်မှုအနည်းငယ်ရှိလာခဲ့ရပေသည်။
“အခု ကျောင်းသားသစ်စာမေးပွဲ ပြီးသွားပြီဆိုတော့ နောက်တစ်ခုက အတန်းရွေးချယ်ခြင်းပဲ… မင်းတို့တွေက မင်းတို့ရရှိခဲ့တဲ့အခြေအနေအလိုက် မင်းတို့တက်ရောက်ရမဲ့အတန်းကို ရွေးချယ်နိုင်တယ်… ” ချူထျန်းယန်က ကွင်းပြင်ထဲမှာရှိတဲ့ များစွာသောလူငယ်တွေနဲ့ မိန်းခလေးတွေကိုကြည့်လျက်မှ သူ့ရဲ့စွမ်းအားပြည့်ဝတဲ့အသံက လူတိုင်းရဲ့နားထဲကို ပျံ့လွင့်သွားခဲ့သည်။
သူ့ရဲ့အကြည့်တွေက ပထမဆုံးထိပ်ဆုံးဆယ်နေရာထဲဝင်တဲ့ ကျောင်းသားသစ်တွေကို ကြည့်လိုက်ရင်းမှ “ထိပ်ဆုံးဆယ်ယောက်က ပါရမီရှင်အတန်းကို ဝင်ရောက်နိုင်တယ်… မင်းတို့ကရော ဆန္ဒရှိရဲ့လား…”
တစ်ချိန်တည်းမှာ ရှုဟောင်ကလည်း ချူထျန်းယန်ရဲ့ဘေးကို လျှောက်လာခဲ့ပြီး ပေါ့ပါးတဲ့အပြုံးတစ်ခုနဲ့အတူ ထပ်ပြောလိုက်သည်… “တကယ်လို့ မင်းတို့သာစိတ်ဝင်စားမယ်ဆိုရင် မင်းတို့က ငါ့ရဲ့ဒုတိယအတန်းကို ဝင်ရောက်နိုင်တယ်… ငါ့ရဲ့ဒုတိယအတန်းက တော်ဝင်ဇူကျောင်းတော်ထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ပထမနေရာရခဲ့တယ်ဆိုတာကို မင်းတို့အားလုံးလည်း သိကြပြီးဖြစ်လိမ့်မယ်…”
ချူထျန်းယန်ရဲ့ မျက်လုံးထဲမှာ ဒေါသတွေမြင့်တက်လာခဲ့ရပေမဲ့ ရှုဟောင်ပြောနေတာတွေက အမှန်တရားတွေဖြစ်သည့်အတွက် သူ့အနေနဲ့ ဘာတစ်ခုမှပြန်ပြောနိုင်ခြင်းမရှိခဲ့ဘဲ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်မိသည်။
“ကျွန်တော်က ဒုတိယအတန်းကို ဝင်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်…”
“ကျွန်တော်လည်းပဲ ဒုတိယအတန်းကို ဝင်ရောက်ချင်ပါတယ်…”
“…..”
ရှုဟောင်ရဲ့စကားသံ ရပ်တန့်သွားသည်နှင့် တစ်ချိန်တည်းမှာ များစွာသောအသံတွေက ချက်ချင်းလွင့်ပျံထွက်ပေါ်လာခဲ့သည်။ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ခုနှစ်ယောက်က ဒုတိယအတန်းကို ဝင်ရောက်ဖို့ဆန္ဒရှိကြောင်း ပြသခဲ့ပေသည်။ ဒီလူတွေက ယခင်ကတည်းက ချီယွဲ့ရဲ့ရက်ရောတဲ့ပေးကမ်းမှုတွေကို လက်ခံခဲ့သည့်လူတွေဖြစ်သည်မှာ ထင်ရှားလှသည်။
ချူထျန်းယန်က ဒါကိုကြိုတင်မျှော်မှန်းထားခဲ့ပေမဲ့လည်း သူ့ရဲ့မျက်နှာက အနည်းငယ်မနာလိုမှုတော့ ဖြစ်သွားခဲ့ရပေသည်။ ဒါ့အပြင် တိတိကျကျပြောရရင် လွန်ခဲ့တဲ့နှစ်တွေတုန်းက ထိပ်ဆုံးဆယ်ယောက်ဝင်တဲ့ ကျောင်းသားတွေအားလုံးက ပါရမီရှင်အတန်းကိုသာ ဝင်ရောက်ကြခဲ့သည်သာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ယောက် ဒါမှမဟုတ် သုံးယောက်လောက်သာ ဒီလိုမျိုးတူညီတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်ကြပေလိမ့်မည်။
ချူထျန်းယန်ရဲ့ ပျက်ယွင်းသွားသည့်အမူအယာကို မြင်လိုက်ရသည့်အခါ ရှုဟောင်က ဟက်ဟက်ပက်ပက်နှစ်ကြိမ်ရယ်မောလိုက်ခဲ့ပြီး “ကောင်းပြီ… တခြားကိစ္စထွေထွေထူးထူးမရှိတော့ဘူးဆိုရင် မင်းတို့အားလုံး ခုချိန်ကစပြီး ငါ့ရဲ့ဒုတိယတန်းက ကျောင်းသားတွေဖြစ်သွားကြပြီ…”
“ကျွန်တော် ပါရမီရှင်အတန်းကို ဝင်ချင်ပါတယ်…” တစ်ချိန်တည်းမှာ ဇူယွမ်ပြောလိုက်သည့်အသံက ရှုဟောင်ရဲ့အဆက်မပြတ် ကျယ်လောင်စွာ ရယ်မောနေတဲ့အသံကိုဖြတ်၍ ထွက်ပေါ်လာခဲ့သည်။
“ကျွန်မလည်း ပါရမီရှင်အတန်းကို ဝင်ချင်ပါတယ်…” စုယုဝေက တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ ပြောလိုက်သည်။
နောက်ဆုံးကျန်နေသည့်ကျောင်းသားတစ်ယောက်က ခဏကြာအောင် တုန့်ဆိုင်းနေခဲ့ပြီးမှ နောက်ဆုံးမှာ ပါရမီရှင်အတန်းကို ရွေးချယ်လိုက်သည်။
ဒီတစ်ခေါက်ကျောင်းသားသစ်စာမေးပွဲရဲ့ အထူးချွန်ဆုံးနှစ်ယောက်က ပါရမီရှင်အတန်းကို ရွေးချယ်လိုက်တာ မြင်လိုက်ရသည့်အခါ ရှုဟောင်ရဲ့ကျေနပ်နေတဲ့အမူအယာက အနည်းငယ် မှေးမှိန်သွားခဲ့ရပြီး သူ့ရဲ့အင်္ကျီလက်ကိုခါလိုက်ရင်းမှ အေးစက်စွာနှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
ဇူယွမ်၊ စုယုဝေနဲ့ တတိယတစ်ယောက်ကို လှည့်ကြည့်လိုက်ရင်းမှ ချူထျန်းယန်ရဲ့ အမူအယာက အနည်းငယ်စိုးရိမ်မှုလျော့ကျသွားသည်ကို မြင်တွေ့ရပေမည်။
“ဒါဆို မင်းတို့သုံးယောက်က ဒီနေ့ကစပြီး ငါ့ရဲ့ပါရမီရှင်အတန်းက ကျောင်းသားတွေဖြစ်သွားကြပြီ…”
“ငါ့ရဲ့ ကျန်တဲ့အတန်းကဆရာတွေလည်း မင်းတို့ရဲ့ကျောင်းသားတွေကို စပြီးရွေးချယ်နိုင်ပြီ…”
ချူထျန်းယန်က အခြားအတန်းများမှ ဆရာတွေကို ကြည့်လိုက်သည်။ အတော်ဆုံးကျောင်းသားသစ်ဆယ်ယောက်ကို ခွဲယူခဲ့ပြီးနောက်မှာ ကျန်ရှိနေတဲ့ကျောင်းသားတွေကိုလည်း အခြားအတန်းတွေထံသို့ ခွဲပေးရပေလိမ့်မည်။
သိုင်းပညာလေ့ကျင့်ရေးကွင်းတစ်ခုလုံး လှုပ်ရှားမှုတွေဖြင့် အသက်ဝင်လာခဲ့သည်။ ကျောင်းသားသစ်တွေအားလုံး သူတို့ရဲ့သက်ဆိုင်ရာအတန်းတွေကို ခွဲပေးသွားပြီးတဲ့နောက်မှာ ကွင်းပြင်ကြီးက နောက်တစ်ကြိမ်ပြန်လည်၍ တိတ်ဆိတ်သွားခဲ့ရသည်။
“ဒီနေ့ရဲ့ ကျောင်းသားသစ်စာမေးပွဲက အားလုံးပြီးဆုံးသွားခဲ့ပြီ… ဒီနေ့ကစပြီးတော့ မင်းတို့အားလုံးက ကိုယ့်ရဲ့သက်ဆိုင်ရာအတန်းတွေမှာ လေ့ကျင့်ဖို့ဝင်ရောက်ကြရလိမ့်မယ်… လုံးဝပျင်းရိနေလို့မရဘူး…” ကျောင်းအုပ်ချူရဲ့ နက်ရှိုင်းတဲ့အသံက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကွင်းပြင်ထဲမှာရှိတဲ့ လူငယ်လေးတွေနဲ့ မိန်းခလေးတွေက ရိုသေစွာပြန်ပြီး တုန့်ပြန်ခဲ့လိုက်ကြသည်။
အရာအားလုံးနေသားတကျဖြစ်အောင် စီစဉ်သွားပြီးတဲ့နောက်မှာ ကျောင်းအုပ်ချူက ဇူယွမ်နဲ့စုယုဝေတို့ရပ်နေသည့်နေရာကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကိုခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ နောက်လှည့်၍ ထွက်ခွာသွားလိုက်သည်။
ကွင်းပြင်ကြီးက ဆူညံသံတွေ စိတ်လှုပ်ရှားမှုတို့ဖြင့် ပျာပန်းခပ်မျှလှုပ်ရှားသွားခဲ့သည်။ များစွာသောလူငယ်လေးတွေနဲ့ မိန်းခလေးတွေက အလွန်အမင်းပျော်ရွှင်နေကြလျက်ရှိပေသည်။ ဒီနေ့ကစပြီးတော့ သူတို့တွေက ကျောင်းသားသစ်ဆိုတဲ့အခြေအနေကနေ တော်ဝင်ဇူကျောင်းတော်ရဲ့ အစစ်အမှန်ကျောင်းသားတွေ ဖြစ်လာကြပေတော့မည်။
ဒါ့အပြင် ကျောင်းသားသစ်နဲ့ အစစ်အမှန်ကျောင်းသားအကြား ပြုမူဆက်ဆံပုံက အဖြူနဲ့ အမဲကဲ့သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဇူယွမ်က စုယုဝေကိုခေါ်၍ ပြန်လည်ထွက်ခွာဖို့ ပြင်လိုက်စဉ်မှာ တစ်ခုခုကိုခံစားမိလိုက်ပြီး သူ့ရဲ့ခေါင်းကိုရုတ်တရက်မော့ကြည့်လိုက်သည်။ ဘေးနားက မြင့်မားတဲ့စင်မြင့်ပေါ်မှာ ချီယွဲ့က ခံစားချက်ကင်းမဲ့စွာဖြင့် ဇူယွမ့်ကို စိုက်ကြည့်နေလျက်ရှိပြီး သူရဲ့မျက်လုံးထဲမှာ လူတစ်ယောက်ကို ကျောချမ်းသွားစေနိုင်လောက်သည့် အေးစက်စက်အလင်းရောင်တွေ ဖြတ်ခနဲပေါ်ပေါက်လာခဲ့ပြီး နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ဇူယွမ်က ချီယွဲ့ထွက်သွားတာကို အေးချမ်းစွာကြည့်နေလိုက်ပြီး သူ့ရဲ့လက်ငါးချောင်းကို ဆုပ်ချည်ဖြန့်ချည်ပြုလုပ်နေလျက်ရှိပေသည်။ ကျောင်းသားသစ်စာမေးပွဲပြီးဆုံးသွားခဲ့တာတောင်မှ သူနဲ့ချီယွဲ့အကြားတိုက်ပွဲက မပြီးဆုံးသေးဘူးဆိုတာကို သူသိပေသည်။ အဲ့ဒီအစား သူက ပါရမီရှင်အတန်းကို ဝင်ရောက်ခဲ့ပြီးနောက်မှာ သူ့တို့နှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေက ပိုပြီးကြီးထွားလာလိမ့်ပေမည်။
ဒါပေမဲ့လည်း ဇူယွမ်ဘာကိုမှကြောက်ရွံ့နေခဲ့ခြင်းမရှိပေ။ ချီအိမ်တော်က ကျောင်းအုပ်နေရာကို ရယူဖို့ရည်ရွယ်နေတာကို သူသိသလို ဇူအင်ပါယာရဲ့ မင်းသားတစ်ယောက်အနေနဲ့ သူက သူတို့တွေအောင်မြင်သွားမှာကို ခွင့်မပြုနိုင်ပေ။
သူ့အနေနဲ့ အခုချိန်မှာ ချီဘုရင်နဲ့ရင်မဆိုင်နိုင်သေးပေမဲ့လည်း တခြားတစ်ဖက်မှာတော့ ချီယွဲ့က သူရဲ့ပြိုင်ဘက်တစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး နောက်ရက်အနည်းငယ်ကြာရင် သူတို့နှစ်ယောက်အကြား ရင်ဆိုင်တိုက်ခိုက်ကြရဦးပေလိမ့်မည်။