နန်းဟွမ်ဒေသကြီးသည် လွန်စွာကျယ်ပြန့်သည်။
ဝေဟင်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက နန်းဟွမ်ဒေသကြီးသည် ပင်လယ်သမုဒ္ဒရာများဖြင့် ဝန်းရံထားသော ပုံသဏ္ဍာန်မကျသည့် ဘဲဥပုံစစ်တုရင်ခုံကြီးတစ်ခုံနှင့် ဆင်တူသည်။
အဆုံးအစမဲ့ကျယ်ပြန့်သော ပင်လယ်တစ်စင်းက နန်းဟွမ်ဒေသကြီးကို ဝမ်ကူးဒေသကြီးနှင့် ပိုင်းခြားထားသည်ဖြစ်၍ ကျွန်းလေးတစ်ကျွန်းအလား ထင်မှတ်ရသည်။ သို့သော်လည်း ယင်းဒေသသည် အလွန်တရာ ကျယ်ပြန့်လှသည်ဖြစ်ရာ လူအများစုအနေဖြင့် သူတို့တစ်ဘဝလုံး ထိုဒေသကြီးကိုဖြတ်၍ သွားလာနိုင်မည် မဟုတ်ချေ။
ယင်းဒေသ၏နေရာအများစုသည် လူသားမျိုးနွယ်များ ဝင်ရောက်ရန် ခဲယဉ်းသည်။ ယင်းနေရာများကို နန်းဟွမ်ဒေသကြီးတစ်ခွင် ကွေ့ကောက်စွာ သွယ်တန်းနေသော ကျန်းလီတောင်တန်းကြီးဖြင့် ပိုင်းခြားထားသည်။
ယင်းအပြင် ကျန်းလီတောင်တန်းကြီး၏ အနောက်တောင်ဘက်တွင် လွန်စွာ ကျယ်ပြန့်သော တားမြစ်နယ်မြေတစ်ခု ရှိသည်။
ထိုနယ်မြေသည် နန်းဟွမ်ဒေသကြီး၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို နေရာယူထားသည်။ ထို့ကြောင့် ကျန်းလီတောင်တန်းကြီး၏ အရှေ့မြောက်ဒေသသည်သာ လူသားမျိုးနွယ်အတွက် နေထိုင်ရန် သင့်တော်သည်။ သို့ပေမည့် ထိုဒေသရှိ လူဦးရေမှာ နည်းပါးလှသည်တော့ မဟုတ်ပေ။
အရှေ့မြောက်ဒေသ၌ မြို့ကြီး၊ မြို့ငယ်များသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေသော ကြယ်ပွင့်လေးများအလား သိပ်သည်းထူထပ်စွာ ရှိသည်။ တောင့်တင်းခိုင်မာသော မြို့ကြီးများရှိသလို ရိုးရှင်းသော မြို့ငယ်များလည်း ရှိသည်။
သို့သော် ထိုမြို့များအားလုံးကို အရှေ့မြောက်ဒေသအနှံ့အပြား မြင်တွေ့ရသော တားမြစ်နယ်မြေလေးများကို ရှောင်ကွင်း၍ တည်ဆောက်ထားကြခြင်း ဖြစ်သည်။
ရွေးချယ်ခွင့်သာရှိမည်ဆိုပါက တားမြစ်နယ်မြေ ဝိုင်းထားသော နေရာတွင် နေချင်သည့်လူ တစ်ယောက်မှ ရှိမည်မဟုတ်ပေ။ တားမြစ်နယ်မြေအနီးအနားတွင် နေရသည်မှာ အချိန်မရွေး အန္တရာယ်နှင့် ကြုံရနိုင်သည်။ အိမ်ခြေယာမဲ့များ၊ လူဆိုးများသည်သာ အသက်ရှင်သန်ရန်အလို့ငှာ နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် တားမြစ်နယ်မြေအနီးတွင် နေကြသည်။
သို့ဖြစ်၍ ရတနာမုဆိုးစခန်းများ ပေါ်ပေါက်လာတော့သည်။ တားမြစ်နယ်မြေတိုင်းနီးပါး၏ ပတ်လည်တွင် ထိုကဲ့သို့ စခန်းတစ်ခန်း ရှိတတ်သည်။ လူသားမျိုးနွယ်တစ်ခုလုံးပိုင်နက်မှ ကြည့်ရှုမည်ဆိုပါက ရတနာမုဆိုးစခန်းများ၏ တည်နေရာများသည် တစ်ခုနှင့်တစ်ခု ထိစပ်နေပေသည်။
ထိုစဉ် ထိုကဲ့သို့ စခန်းတစ်ခန်း၏ပုံရိပ်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသော ရွှီချင်း၏မျက်ဝန်းများထဲ ထင်ဟပ်လာသည်။
အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် စခန်းက ကြီးကြီးမားမား မဟုတ်ဘဲ နေထိုင်သောလူအရေအတွက် ထောင်ချီရှိသည်။
အရုဏ်ဦးမနက်ခင်းအချိန်ဖြစ်နေ၍လော၊ ထမင်းဟင်းချက်ပြုတ်ရာမှ လွင့်ပျံတက်လာသော အခိုးအငွေ့များက ထူထပ်သိပ်သည်းလှသည်။ ယင်းနေရာသည် မြို့ကြီးတစ်မြို့ကဲ့သို့ သာယာဝဖြိုးခြင်း မရှိပါသော်ငြား လွန်စွာ သက်ဝင်စည်ကားနေသည်။
အော်ဟစ်သံများ၊ ဆဲဆိုကြိမ်းမောင်းသံများ၊ ပျံကျစျေးသည်များ၏ အော်ဟစ်သံများနှင့်အတူ တဟားဟား ရယ်မောသံများပင် ရှိနေပြီး အလွန်ဝေးကွာသောအရပ်သို့တိုင်အောင် လွင့်ပျံနေပေသည်။
ခေါင်းဆောင်လဲ့ ပြောခဲ့သော အဖိုးတန်အိမ်များကိုမူ စခန်း၏ အပြင်ဘက်မှ အတွင်းပိုင်းအထိ အစီအရီ တည်ရှိနေသည်ကို ရွှီချင်း မြင်နေရသည်။ အိမ်များ၏ အပြင်အဆင်က ရိုးရှင်းပြီး စခန်းအပြင်ဘက်စွန်းတွင် ရှိနေသည့်အိမ်များမှာ ရွက်ဖျင်တဲများသာ ဖြစ်ပေသည်။
စခန်းအနောက်ရှိ မနီးမဝေးနေရာ၌ တောနက်ကြီးတစ်ခု ရှိသည်။ ယင်းတောအုပ်ထဲတွင် ချောက်ချားဖွယ်ကောင်းသော သတ္တဝါများ ပုန်းကွယ်နေသည့်အလား မြူခိုးများက ရစ်ပတ်လွှမ်းခြုံထားသည်။
ဝေဟင်တွင် နေမင်းကြီး အရှိန်တညီးညီး ထွန်းလင်းနေသည့်တိုင်အောင် နေရောင်ခြည်တန်းများသည် ထိုတောအုပ်ကို ထိုးဖောက်၍ အလင်းပေးခြင်းငှာ မစွမ်းသာပေ။ တောအုပ်ကြီးထဲတွင် မိစ္ဆာများနှင့် နတ်ဘုရားများ တည်ရှိနေပြီး အေးစက်စက်အငွေ့အသက်များကို အရပ်မျက်နှာအနှံ့ ထုတ်လွှတ်နေသည့်အလား ထင်မှတ်ရသည်။
လူသားတစ်ယောက်၏ခန္ဓာကိုယ်ပေါ်ရှိ သန္ဓေပြောင်းအမှတ်နှင့် ဆင်တူသည်။ ယင်းက အံ့သြတုန်လှုပ်စရာ မြင်ကွင်းတစ်ရပ်ဖြစ်ပြီး တချိန်တည်းမှာပင် တခြားနယ်မြေများနှင့်လည်း တသီးတခြား ဖြစ်နေ၏။
“ ဒါကိုမြင်တော့ မင်း ဘယ်လိုခံစားရလဲ ”
တောင်ထိပ်ပေါ်၌ ခေါင်းဆောင်လဲ့က မေးမြန်းလိုက်သည်။
“ ဆင်းရဲသားရပ်ကွက်တွေလိုပဲ ”
ရွှီချင်းသည် အတန်ငယ်တွေးတောပြီးနောက် ရိုးသားပွင့်လင်းစွာ အဖြေပေးလိုက်သည်။
ခေါင်းဆောင်လဲ့သည် ပြုံး၍ စကားတစ်ခွန်းမဆိုဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။
ရွှီချင်းသည် သူ့အကြည့်ကို ရုတ်သိမ်း၍ ခေါင်းဆောင်လဲ့နောက်သို့ လိုက်သွားသည်။ သူတို့နှစ်ဦးသည် တောင်ပေါ်မှ ဆင်းလာပြီး စခန်းနှင့် တဖြည်းဖြည်း နီးသည်ထက်နီးလာသည်။
လမ်းတစ်လျှောက်တွင် လူနှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုကို သူတို့ မြင်ခဲ့ရသည်။ ထိုလူများ၏ အဝတ်အစားများက ဆင်တူပြီး အဓိကအားဖြင့် မီးခိုးရောင်သားရေအင်္ကျီကို ဝတ်ဆင်ကြသည်။
ထိုလူများသည် ခေါင်းဆောင်လဲ့ကိုမြင်၍ သူတို့မျက်နှာများပေါ်တွင် လေးစားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ရွှီချင်း သတိထားမိလိုက်သည်။ သူတို့၏အကြည့်များထဲတွင် ရွှီချင်းကို ကြည့်၍ သိလိုစိတ်များလည်း ကိန်းအောင်းနေသည်။
ထိုအခြေအနေသည် ခေါင်းဆောင်လဲ့၏ပုံရိပ်နှင့် ပတ်သက်၍ ရွှီချင်းကို ပို၍ ခန့်မှန်းယူဆလာစေသည်။
ကောင်းကင်မြင့်မြင့်တွင် နေမင်းကြီး နေရာယူလာသောအခါ ရွှီချင်းသည် ခေါင်းဆောင်လဲ့နောက်မှလိုက်လာ၍ တောင်ခြေရှိ မြေပြန့်လွင့်ပြင်ကို ရောက်လာသည်။ ထို့နောက် သူတို့သည် ရတနာမုဆိုးစခန်းသို့ ဝင်သွားကြ၏။
စခန်းတွင် နံရံများမရှိဘဲ ဖွဲ့စည်းပုံအပြင်အဆင်က ပရမ်းပတာနိုင်လှသည်။ ဖုန်လုံးကြီးများ၊ ခြောက်သွေ့နေသော သစ်ရွက်များနှင့် အမှိုက်များကို နေရာအနှံ့ မြင်နေရပြီး မီးခိုးငွေ့များနှင့် အဆိပ်ငွေ့များကိုပါ ခံစားမိနေသည်။
ရွှီချင်းသည် အထဲသို့ ရောက်လာသည်နှင့်အမျှ တောင်ပေါ်တွင် သူ ကြားခဲ့ရသည့်အသံများသည် ပို၍ ရှင်းလင်းပြတ်သားစွာ သူ့နားထဲ တိုးဝင်လာသည်။
ထို့နောက် သူ့မြင်ကွင်းထဲ ရိုးရှင်းသော အဆောက်အအုံများစွာနှင့် ရတနာမုဆိုးများစွာ ဝင်ရောက်လာသည်။
တချို့ရတနာမုဆိုးများက နွားရိုင်းကြီးကဲ့သို့ ထွားကျိုင်းသန်မာကြပြီး အဆိပ်ပြင်းသည့် မြွေပွေးကဲ့သို့ အကြည့်များနှင့် ပိန်ပိန်ပါးပါး ရတနာမုဆိုးများလည်း ရှိကြသည်။ ထိုလူများအနက် မျက်လုံးများ ဖွင့်ခဲသော်လည်း တစ်ယောက်မှ ရန်မလုပ်ဝံ့ကြသည့် အသက်ကြီးရင့်နေပြီဖြစ်သော အဘိုးကြီးများလည်း ရှိသည်။
သူတို့အပြင် ချောင်တစ်ချောင်၌ ပျင်းရိပျင်းတွဲထိုင်နေကာ ကောင်းကင်ကြီးအား အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေသော သူနှင့်ရွယ်တူ လူငယ်များကိုလည်း ရွှီချင်း မြင်နေရသည်။
သူတို့ထဲမှ အများစုသည် ခြေကျိုးလက်ကျိုးများ ဖြစ်ကြသည်။
အားလုံးခြုံ၍ဆိုရလျှင် ဤနေရာ၌ လူပေါင်းစုံ ရှိနေသည်။ သူတို့ကို ကြည့်၍ ရွှီချင်း၏မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူတို့အငွေ့အသက်များမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို သူ အာရုံခံမိနေ၏။
အရွယ်အစားမျိုးစုံနှင့် လူမျိုး စုံလင်လှသည်။ ကုန်ပစ္စည်းဖလှယ်နေကြသူများ၊ ဒေါကန်နေသောလူများ၊ ကျောက်တုံးကြီးများပေါ် လှဲ၍ နေရောင်ခြည်လှုံနေသောလူများ ရှိသည်။
လူတချို့သည် ထိပ်တွင် ရောင်စုံငှက်မွေးများနှင့် ရွင်ဖျက်တဲများထဲမှနေ၍ ဘောင်းဘီများကို မ,ကာ ထွက်လာကြသည်။ သူတို့အမူအရာများအရ ကာမဂုဏ်ခံစားရ၍ သဘောကျကျေနပ်နေကြဟန်တူသည်။
ရွှီချင်းသည် ခေါင်းဆောင်လဲ့နောက်မှနေ၍ စခန်းထဲသို့ လိုက်ပါလာသည်။ အပြင်လူတစ်ယောက်အနေဖြင့် ငရဲတွင် ဖြတ်သန်းသွားလာနေရသည့်အလားပင်။
သို့ပေမည့် ရွှီချင်း၏ရင်ထဲတွင် သတိထားနေသည်မှလွဲ၍ တခြားထူးဆန်းသော အမူအရာများ ရှိမနေပေ။ ရင်းနှီးသောခံစားချက်မျိုးပင် ဖြစ်နေ၏။
“ ဟုတ်တယ်။ ဒီနေရာက ဆင်းရဲသားရပ်ကွက်နဲ့ သိပ်တူတာပဲ ”
ရွှီချင်းသည် ရင်ထဲတွင် မှင်သက်စွာ ရေရွတ်လိုက်မိသည်။ သူ့အကြည့်က ငှက်မွေးများတွဲလောင်းကျနေသော ရွက်ဖျင်တဲများကို ဖြတ်သန်းသွားစဉ် အထဲရှိ မလုံ့တလုံ့ ဝတ်ဆင်ထားသော ပုံရိပ်များကို မြင်လိုက်ရသည်။
ရွက်ဖျင်တဲတစ်တဲ၌ မိန်းမပျိုတစ်ယောက်သည် အပေါ်ပိုင်းဗလာကျင်းလျက်ပင် အပြင်သို့ ထွက်လာသည်။ သူမသည် ပျင်းရိပျင်းတွဲ ပြုံး၍ ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
“ လျှောက်မကြည့်နဲ့ ”
ခေါင်းဆောင်လဲ့၏အကြည့်က ရွှီချင်းထံ ကျရောက်သွားသည်။
“ ဒီနေရာက ဘယ်လိုမျိုးလဲဆိုတာ ကျုပ် သိပါတယ် ”
ရွှီချင်းသည် ဖြေ၍ သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။
ခေါင်းဆောင်လဲ့၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် လှုပ်ရှားသွားပြီး မပီမပြင် အပြုံးတစ်စ ဖြစ်သွားသည်။ သူသည် စကားတစ်ခွန်းမဆိုတော့ဘဲ ရွှီချင်းကို စခန်းဆီသို့ ဆက်လက်ဦးဆောင်ခေါ်သွားလိုက်ပြီး နောက်ဆုံးတွင် သူ ဦးတည်ရာအရပ်သို့ ရောက်သွားသည်။
ယင်းနေရာသည် စခန်း၏အလယ်ဗဟိုရှိ သစ်သားဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ ယင်းအဆောက်အအုံကြီးသည် စက်ဝိုင်းပုံစံရှိပြီး သားရဲများကို သတ်ပုတ်ရန်အတွက် ရောမခေတ်ပွဲကြည့်စင်ကြီးနှင့် ဆင်တူသည်။
ထိုနေရာတစ်လျှောက် ရွှီချင်းသည် လေ့လာနေပြီး သူ့ခေါင်းထဲတွင် ထိုစခန်း၏မြေပုံတစ်ဝက် ပေါ်လာသည်။
ယင်းသည် သူ့အလေ့အကျင့်ဖြစ်ပြီး ပတ်ဝန်းကျင်အနေအထားကို ရင်းနှီးနေခြင်းက ပြဿနာများအား ဖြေရှင်းရာတွင် အားသာချက်တစ်ခု ဖြစ်လာနိုင်သည်။
ထိုအခိုက် သူသည် ခေါင်းမော့၍ ရောမခေတ်ပွဲကြည့်စင်ကြီးကဲ့သို့ အဆောက်အအုံကြီးအား ကြည့်လိုက်သည်။ အလယ်ဗဟိုရှိ ကွင်းပြင်ကျယ်ကြီးအပြင် ဘေးပတ်လည်တွင် မြင့်မားသော ထိုင်ခုံတန်းများ တည်ဆောက်ထားသည်ကို သူ သတိထားမိလိုက်သည်။
ယင်းအပြင် အဆောက်အအုံအတွင်းမှ သားရဲများ၏ ဟိန်းဟောက်သံများကိုလည်း ကြားနေရသည်။ အဆောက်အအုံပတ်လည်တွင် သစ်သားရုံကြီးများလည်း အတန်းလိုက်ရှိနေသည်။ သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် ရတနာမုဆိုးအနည်းစုသည် သစ်သားရုံကြီးများအပြင်ဘက်၌ ပြုံး၍ စကားပြောနေကြသည်။
ခေါင်းဆောင်လဲ့ ရောက်လာပြီး မရှေးမနှောင်းမှာပင် သားရဲစိန်ခေါ်ပွဲကွင်းပြင်မှ သက်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာသည်။
ထိုလူ၏အဝတ်အစားများသည် ရတနာမုဆိုးများနှင့် သိသိသာသာ ကွဲထွက်နေသည်။ သူ့တွင် ထူထပ်သော မုတ်ဆိတ်မွေးအရှည်သုံးစုရှိပြီး သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားအငွေ့အသက်များ လွင့်ပျံနေသည်။ သူ ရောက်လာပြီးနောက် မျက်နှာပေါ်တွင် ဝတ်ကျေတန်းကျေ အပြုံးတစ်စ ဆင်မြန်းလိုက်ပြီး ရွှီချင်းကို တစ်ချက်ကြည့်ကာ ခေါင်းဆောင်လဲ့ကို ပြန်ကြည့်လိုက်သည်။
“ လူသစ်လား ”
“ စည်းမျဉ်းတွေကို သူ သိပြီးပြီ ”
ခေါင်းဆောင်လဲ့က ဖြည်းညင်းစွာ ဆိုသည်။
“ သူ့နာမည်ကရော … ”
မုတ်ဆိတ်မွေးသုံးစုနှင့် လူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ သူက ကောင်ဆိုးလေးတစ်ယောက်ဆိုတော့ နာမည်မရှိဘူး။ ကလေး လို့ပဲ ခေါ်တာပေါ့ ”
ခေါင်းဆောင်လဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ဒါဆို ငါ့နောက် လိုက်ခဲ့ဟေ့။ ကလေး၊ မင်း ကံကောင်းသွားတယ်ကွ။ မင်းအရင် လူနည်းနည်း ရောက်နေတာဆိုတော့ မနက်ဖန်မှပဲ ဝင်နွှဲလိုက်ပါလား ”
မုတ်ဆွတ်မွေးသုံးစုနှင့်လူသည် ရယ်မောကာ သစ်သားရုံကြီးများထံ လျှောက်သွားသည်။
ထိုအခိုက် ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို ကြည့်လိုက်၏။
“ လိုက်သွားလိုက်။ မနက်ဖန်ကျရင် ငါ မင်းကို လာခေါ်မယ် ”
ခေါင်းဆောင်လဲ့သည် ရွှီချင်းကို မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို လေးလေးနက်နက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် စကားဆက်မပြောတော့ဘဲ မုတ်ဆိတ်မွေးသုံးစုနှင့်လူနောက်သို့ လိုက်သွားသည်။
သစ်သားရုံကြီးရှေ့သို့ သူတို့ ရောက်လာသောအခါ မုတ်ဆိတ်မွေးသုံးစုနှင့်လူသည် ရတနာမုဆိုးများအား အနည်းငယ်ညွှန်ကြားပြီးနောက် ထွက်ခွာသွားသည်။
ရွှီချင်းကို သစ်သားရုံကြီးတစ်ရုံတွင် နေထိုင်ရန် စီစဉ်ပေးလိုက်ကြပြီး ခွင့်ပြုချက်မရှိဘဲ ထွက်မသွားရန် ပြောကြားလိုက်သည်။
ရွှီချင်းသည် သစ်သားရုံကြီးထဲ ခြေချလိုက်သည့်အခိုက် အထဲရှိ နေရာအသီးသီးမှ မျက်ဝန်းလေးစုံက သူ့အပေါ် ကျရောက်လာသည်။
ထိုမျက်ဝန်းများသည် သူနှင့်သက်တူရွယ်တူ လူငယ်လေးယောက်ထံမှ ဖြစ်သည်။ သူတို့သည် ယောက်ျားလေးသုံးယောက်နှင့် မိန်းကလေးတစ်ယောက်ဖြစ်သည်။
ယောက်ျားလေးနှစ်ယောက်သည် သူ့ထက် နှစ်အနည်းငယ် ပို၍ ကြီးဟန်တူသည်။ ထိုစဉ် သူတို့အကြည့်များသည် ရွှီချင်းအပေါ် ဖြတ်သန်းသွားပြီး သူ့ကို အကဲခတ်လိုက်ကြသော်လည်း များများစားစား ဂရုမစိုက်ကြချေ။
မိန်းကလေးသည် ရွှီချင်းအောက် မဆိုစလောက် ငယ်သည်။ သူမသည် ချောင်တစ်ချောင်တွင် ခပ်ရို့ရို့ကလေး ထိုင်နေပြီး သူမ၏မျက်နှာပေါ်၌ အမာရွတ်ကြီးတစ်ခုကို အထင်အရှား မြင်နိုင်သည်။
သူမသည် ယခုလေးတင် ရောက်ရှိလာသော ရွှီချင်းနှင့် လူငယ်သုံးယောက်အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးကို စိုးရိမ်တကြီး ကြည့်နေသည်။
ဤနေရာရှိ အသက်အကြီးဆုံး လူငယ်သည် မူလက ရတနာမုဆိုးတစ်ယောက်ဖြစ်ပြီး စခန်းပြောင်းရွှေ့လာခြင်း ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းကို မြင်သောအခါ သူ့နှုတ်ခမ်းများသည် အထင်သေးဟန်ဖြင့် တွန့်ကွေးသွားသည်။ ထို့နောက် သူသည် အကြည့်လွှဲလိုက်ပြီး မိန်းကလေးကို လျှာဖြင့် နှုတ်ခမ်းသပ်၍ ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲ၌ ရမ္မက်အခိုးအငွေ့များ တဟုန်းဟုန်း တောက်လောင်နေလေ၏။
သို့သော်လည်း သူသည် စခန်းအတွင်း၌ နေထိုင်ခွင့်မရသေးသည်ဖြစ်၍ ရိုင်းရိုင်းစိုင်းစိုင်း မပြုမူဝံ့ချေ။
ရွှီချင်းသည် သူတို့ကို လျစ်လျူရှုလိုက်ပြီး တံခါးအနီးအနားရှိ နေရာတစ်နေရာကို မြင်သွားကာ တင်ပျဉ်ခွေထိုင်၍ မျက်လုံးများမှိတ်ကာ တိတ်ဆိတ်စွာ တရားထိုင်လိုက်သည်။
အချိန်သည် တရွေ့ရွေ့ ဖြတ်သန်းသွားလာနေ၏။ ရွှီချင်းသည် တိတ်ဆိတ်စွာ ရောက်ရှိလာခဲ့ခြင်းကြောင့်ပေလော၊ ရုံကြီးအတွင်းရှိ လူငယ်သုံးယောက်သည် သူ့ကို အမှုမထားဘဲ အချင်းချင်း စကားပြောဆိုလာကြသည်။
လူငယ်နှစ်ယောက်သည် အသက်အကြီးဆုံးလူငယ်နှင့် စကားပြောရာတွင် မြှောက်ပင်သည့်လေသံများ ပါနေ၏။
သူတို့စကားများ၏ အဓိကအကြောင်းအရာသည် သူတို့ သွားရမည့် သိုင်းလေ့ကျင့်ပွဲအကြောင်း ဖြစ်သည်။
သူတို့စကားများထဲမှနေ၍ ဤစခန်းသည် နေထိုင်ခွင့်ရချင်သော လူများ အလုံအလောက် ရှိလာသည့်အခါ သိုင်းလေ့ကျင့်ပွဲကို ပုံမှန် ကျင်းပပေးလေ့ရှိသည်။
သိုင်းလေ့ကျင့်ပွဲများ၏ စည်းမျဉ်းသည် လွန်စွာ ရိုးရှင်းသည်။
စခန်းခေါင်းဆောင်သည် သန္ဓေပြောင်းသားရဲအများအပြား မွေးမြူထားသည်ဖြစ်၍ နေထိုင်ခွင့် ရယူလိုသော လူတစ်ယောက်သည် သားရဲတစ်ကောင်နှင့် သတ်ပုတ်ရမည် ဖြစ်သည်။ တိုက်ခိုက်မည့်လူက ဝါးခြမ်းပြားတစ်ချောင်းကို နှိုက်ပြီး ထိုကျလာသည့်သားရဲနှင့် တိုက်ခိုက်ရသည်။
သူတို့ အသက်ရှင်သွားသည်အထိ သို့မဟုတ် သားရဲများ၏ သားကောင်ဖြစ်ကာ အသက်ဆုံးရှုံးသွားရသည်အထိ တိုက်ခိုက်ရသည်။
အသက်ရှင်ကျန်သည့်လူများက သားရဲများအသေများကို ယူကာ နေထိုင်ခွင့် ရရှိကြသည်။ အသက်သေဆုံးသွားသူများသည် သားရဲများအတွက် အစာဖြစ်သွားသည်။
သိုင်းလေ့ကျင့်ပွဲတိုင်းကို သားရဲစိန်ခေါ်ပွဲကွင်းပြင်တွင် ကျင်းပလေ့ရှိသည်။
တချိန်တည်းမှာပင် ရတနာမုဆိုးအများစုက အနှီသွေးသံရဲရဲတိုက်ပွဲကို ကြည့်ရှုရန် လက်မှတ်များ ဝယ်ကြပြီး တိုက်ပွဲအရသာကို အပြည့်အဝရရှိစေရန် စခန်းခေါင်းဆောင်သည် အကျိုးအမြတ်အတွက် အလောင်းအစားများလည်း ဖွင့်ပေးထားသည်။
ဤရက်စက်ကြမ်းကြုတ်သော ကမ္ဘာကြီး၌ လူ့အသက်များသည် အဖိုးမတန်ချေ။
လူတစ်ယောက်သည် မြို့ထဲသို့ ဝင်ခွင့်မရသည့်အပြင် စခန်းမှာပါ ဝင်ခွင့်မရပါက တောရိုင်းဒေသများထဲ ရှင်သန်နေထိုင်ရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။ ထိုသို့ဖြစ်သွားပါက သူတို့ အသက်အန္တရာယ်နှင့် ကြုံတွေ့နိုင်မည့်အရေးမှာလည်း ပို၍ပင် မြင့်မားလာပေမည်။
ပုံမှန်အားဖြင့် ဆင်းရဲသားရပ်ကွက်များသို့ သွားခြင်းသည် ရွေးချယ်စရာတစ်ခုဖြစ်သည်။ သို့သော် ရတနာမုဆိုးစခန်းတစ်ခန်းကို ဝင်ရောက်ရွေးချယ်သူများမှာလည်း သူ့အကြောင်းနှင့်သူ ရှိပေသည်။
ရွှီချင်းသည် ဘေးတွင် ထိုင်၍ နားစွင့်နေသည်။
သူတို့စကားစများက နတ်ဘုရား၏မျက်လုံးများ ပွင့်လာသည့် နေ့ရက်များဆီသို့ ရောက်သွားသောအခါ လူငယ်တစ်ယောက်က ရုတ်တရက် မေးမြန်းလိုက်သည်။
“ ငါ ဒီကို ရောက်လာတော့ လူတွေပြောနေကြတာက အဲဒီကပ်ဘေးမှာ မင်းက တစ်ယောက်တည်းသော အသက်ရှင်တဲ့လူဆို ”
ထိုစကားများကြောင့် ရွှီချင်း၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။
သူ လှမ်းကြည့်လိုက်သောအခါ လူငယ်သည် သူ့ကို ပြောနေခြင်းမဟုတ်ဘဲ ချောင်တစ်ချောင်တွင် ထိုင်နေသော မိန်းကလေးအား ပြောနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။
မိန်းကလေး၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး ခေါင်းကိုအသာအယာ ညိတ်ပြလိုက်သည်။
ရွှီချင်း၏အကြည့်က မိန်းကလေးအပေါ် ကျရောက်သွားသည်။
ထိုအကြောင်းကို လူအားလုံး ကြားဖူးရုံသာကြားဖူးပြီး သူက အရာအားလုံးကို ကိုယ်တွေ့ကြုံခဲ့ရသူ ဖြစ်သည်။ သို့ဖြစ်၍ ကပ်ဘေးမှ ရှင်သန်လွတ်မြောက်ကာ ဤနေရာသို့ ရောက်လာသူများသည် သူတို့ပုံပန်းသွင်ပြင်အရ ထိလွယ်ရှလွယ်ဟန်ပန် ဖြစ်နေသည့်တိုင်အောင် စိတ်ဓာတ်ပျော့ညံ့သူများ မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်သည်။
မိန်းကလေးသည် ရွှီချင်း၏အကြည့်ကို သတိထားမိသွားဟန်တူသည်။ ထို့နောက် သူမသည် ခေါင်းမော့၍ ရွှီချင်းကို ကြည့်လိုက်သည်။
သို့သော် ရွှီချင်းသည် မျက်လုံးများကို ပြန်မှိတ်၍ တရားဆက်ထိုင်လိုက်သည်။ သူ့အနေဖြင့် ရသမျှ အချိန်တိုင်း ကျင့်ကြံနေရပေမည်။ ယင်းသည်သာ ပိုမိုကောင်းမွန်သော ဘဝကို ရစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါလား။
ညသည် ပုံမှန်အတိုင်း ကုန်လွန်သွားသည်။
နောက်တစ်နေ့မနက်ခင်း၌ ပြင်ပလောကကြီး၏ ဆူဆူညံညံအော်ဟစ်သံများ ဟိန်းထွက်လာပြီး သစ်သားရုံကြီး၏တံခါးကို လူတစ်ယောက်က လာဖွင့်ပေးသည်။
နေရောင်ခြည်တန်းများ ကျရောက်လာသည်။ တံခါးဖွင့်ပေးသော ရတနာမုဆိုးသည် တံခါးပေါက်တွင် ရပ်နေသည်ဖြစ်၍ သူ့အရိပ်က အခန်းတွင်းသို့ ဝင်သွားကာ ချောင်တစ်ချောင်တွင် ကပ်နေသော မိန်းကလေးကို လွှမ်းခြုံသွားသည်။ ထို့နောက် ထိုလူက အေးတိအေးစက် ပြောသည်။
“ သိမ်းစရာရှိတာသိမ်းပြီး ငါနဲ့ လိုက်ခဲ့။ မင်းတို့ကောင်တွေပါမယ့်ပွဲက သိပ်မကြာခင် စတော့မယ် ”
“ ကျုပ် စောင့်နေတာ ကြာပြီ ”
ရတနာမုဆိုးလူငယ်သည် ပထမဆုံး ထလာသည်။ သူသည် ပြုံး၍ လျှောက်လာပြီး တံခါးပေါက်ရှိ လူကို နှုတ်ဆက်လိုက်သည်။
တခြားလူငယ်နှစ်ယောက်သည်လည်း သူ့နောက်မှ ဒရောသောပါး လိုက်သွားကြသည်။ ရွှီချင်းသည် လေးယောက်မြောက် ထွက်လာသူဖြစ်ပြီး နောက်ဆုံးတစ်ယောက်သည် မိန်းကလေး ဖြစ်သည်။
တံခါးပေါက်ရှိ ရတနာမုဆိုးသည် ထိုရတနာမုဆိုးလူငယ်နှင့် ရင်းနှီးနေပြီး အတော်အတန်ကြာအောင် စကားပြောပြီးနောက် သူသည် တခြားလူငယ်များကို လျစ်လျူရှု၍ ရတနာမုဆိုးလူငယ်ကို သားရဲစိန်ခေါ်ပွဲကွင်းပြင်သို့ ဦးဆောင်ခေါ်သွားသည်။
သူတို့နီးကပ်လာသည်နှင့် ဆူဆူညံညံအသံများ ပို၍ ကျယ်လောင်လာသည်။ အော်ဟစ်အားပေးသံများသည်လည်း လှိုင်းများအလား အရှိန်အဟုန်ပြင်းစွာ လွင့်ပျံနေသည်။
ယင်းအသံများသည် သူတို့ သားရဲစိန်ခေါ်ပွဲကွင်းပြင်ကို ခြေချလိုက်သည့်အချိန်အထိ လွင့်ပျံနေသည်။ သူတို့ ထိုသို့ ခြေချလိုက်သည်နှင့် အော်ဟစ်သံများ ဟိန်းထွက်လာပြန်သည်။
သားရဲစိန်ခေါ်ပွဲကွင်းပြင်အတွင်းရှိ မြင့်မားသော ထိုင်ခုံများပေါ်တွင် လူတစ်ရာကျော် ရောက်ရှိနေသည်ကို သူတို့ မြင်နေရသည်။ ယောက်ျားများနှင့် မိန်းမများသည် အုပ်စုလိုက်အတူထိုင်ကာ ပွဲကြီးပွဲကောင်းကြည့်ရန်အတွက် အသင့်ပြင်ထားသည်။
သူတို့အသံများက လွန်စွာ ကျယ်လောင်လှ၏။ ထိုမြင်ကွင်းကြောင့် မိန်းကလေး၏ခန္ဓာကိုယ်သည် သိသိသာသာ တုန်ရီနေပြီး လူငယ်နှစ်ယောက်သည်လည်း မျက်နှာများ ဖျော့တော့သွားသည်။
ရတနာမုဆိုးလူငယ်လေးသည်သာ တဖိတ်ဖိတ်လက်နေသော မျက်ဝန်းများဖြင့် စိတ်လှုပ်ရှားစွာ ပရိသတ်ကြီးကို ကြည့်နေသည်။
နောက်တစ်ယောက်မှာ ရွှီချင်းပင်။ သူ၏အမူအရာသည် များများစားစား ပြောင်းလဲမသွားဘဲ သားရဲစိန်ခေါ်ပွဲကွင်းပြင်အတွင်းရှိ တိုက်ခိုက်မည့်နေရာကို လေ့လာလိုက်သည်။
“ နေရာက သိပ်မကျယ်တော့ အုပ်စုလိုက် တိုက်ခိုက်ဖို့ မကောင်းဘူး။ အကာအကွယ်တွေလည်း မရှိတော့ ပုန်းကွယ်လို့လည်း ရမှာမဟုတ်ဘူး ”
“ ဘေးပတ်လည်က သစ်သားအကာအရံတွေက သိပ်မြင့်နေတော့ ပရိသတ်တွေကို အန္တရာယ်ဖြစ်စေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဝင်ပေါက်နည်းနည်း ရှိနေတော့ အဲဒီမှာ ဥမင်လှိုဏ်ခေါင်းတွေ ရှိလောက်တယ် ”
“ ဒီတာ့ ငါက ပရိသတ်တွေရဲ့အားပေးသံနဲ့ သားရဲကို ခြိမ်းခြောက်ရင်း အခွင့်အရေးကို စောင့်နေမယ်ဆိုရင် သားရဲက ဒေါသထွက်လာပြီး ငါ့ကို အတင်းတရကြမ်း တိုက်လာရင် ငါ သေသွားနိုင်တယ်။ ဒီလိုမှမဟုတ် သားရဲကို ခပ်သွက်သွက်လှုပ်ရှားပြီး တိုက်ခိုက်သင့်လား ”
***
Good
Gg
LIKE
Good