ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။
“မှန်တာပေါ့။ ဦးလေးက ပိုက်ဆံတွေ အများကြီး ရှာပြီး အိမ်ပြန်ပြီး လက်ထပ်မှာလေ …”
တနူးက ဝမ်လင်းကို ပြန်ပြောမလို လုပ်လိုက်စဉ် သူ့အဖေက သူ့ကို လှမ်းခေါ်လိုက်သည်။ တနူးက ပြန်ထူး လိုက်ပြီးနောက် ဝမ်လင်းကို ပြောလိုက်သည်။
“ကျွန်တော် ပန်းပဲ ပြန်လုပ် လိုက်ဦးမယ် …” ထိုသို့ ပြောပြီးနောက် သူက သူ့အိမ်သို့ ပြန်ပြေးလေသည်။
ဝမ်လင်းကတော့ ဝိုင်လေးသောက်ရင်း ဆိုင်အပြင်မှာဘဲ ဆက်ထိုင်လျက် ရှိသည်။ တဖြည်းဖြည်းဖြင့် နှင်းများ တဖွဲဖွဲ ကျလာတော့၏။ သည်နှစ်၏ ပထမဆုံး နှင်းများက တိတ်တဆိတ် ကျဆင်းလာခဲ့၏။ နှင်းကျလာ သဖြင့် အပူချိန်လည်း လျော့ကျ လာခဲ့သည်။
နှင်းခဲများက ဝမ်လင်း မျက်နှာသို့ လာရောက် ထိမှန်ပြီး နှင်းရေစက်များ အဖြစ်သို့ ပြောင်းသွားကြသည်။ ဝမ်လင်းက ခေါင်းမော့၍ မှိန်ဖျော့ဖျော့ ကောင်းကင်ထက်ကို လှမ်းငေးလိုက်သည်။ ဝမ်လင်းက သူ့လက်ကို မြှောက်၍ ပူးကပ်လိုက်ရာ နှင်းပွင့် နှင်းခဲများက သူ့ထံသို့သာ လာရောက် စုဝေးကြလေ၏။ သူက အသက်ဝဝ ရှူလိုက်ပြီး ညာလက်ကို ဖြေလျော့လိုက်ရာ နှင်းခဲများက နေရာအနှံ့သို့ ပြန်၍ ပြန့်ကျဲသွား လေတော့သည်။ သည်အဖြစ်အပျက်က လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သဖြင့် သေမျိုးများက သတိထားမထားမိ လိုက်ကြချေ။
ကောင်းကင်က တဖြည်းဖြည်း ပိုမှောင်လာခဲ့ပြီး လမ်းပေါ်မှာ လမ်းလျှောက် နေကြသော လူများကလည်း နည်းသထက် နည်းလာခဲ့ ကြသည်။ ဆိုင်အားလုံးက အေးလှသဖြင့် ပိတ်ကုန်ကြ၏။ လူတိုင်းက အိမ်သို့ပြန်၍ သူတို့ မိသားစုများဖြင့် မီးဖိုနားမှ စုထိုင်ကြလေသည်။
သည်လို နွေးထွေးမှုမျိုးက အပြင် ရုပ်ပိုင်းဆိုင်ရာ နွေးထွေးမှု အပြင် စိတ်နှလုံးသား ကိုလည်း နွေးထွေး စေလေ၏။ သည်လို အတူတကွစု၍ မီးလှုံခြင်းဖြင့် မိသားစုများက အေးစိမ့်မှုကို ဖယ်ရှားကြသည်။
တဖြည်းဖြည်းဖြင့် ဝမ်လင်း မျက်လုံးထဲတွင်လည်း ဝမ်းနည်းရိပ်များ သန်းလာခဲ့သည်။ နှင်းခဲများကြောင့် အေးစိမ့်မှုက သူ့ကိုမည်သို့မျှ အကျိုး သက်ရောက်မှု မရှိနိုင်ပေ။ သို့သော် ထိုနှင်းများ ကျသည့်အခိုက်တွင် သူက အခြားဆိုင်များမှ ထွက်ပေါ်လာသော မီးရောင်ကြောင့် အမှောင်ထဲမှာ ထီးတည်းဖြစ်နေသော သူ့ဆိုင်လေးကို ကြည့်ရင်း နှလုံးသားထဲတွင် အေးစိမ့်လို့ လာခဲ့၏။
သည်အေးစိမ့်မှုက မီး သို့မဟုတ် အခြားနည်းစနစ် တစ်ခုခုဖြင့် ဖယ်ရှားပစ်ရန် မစွမ်းသာပေ။ သည်လို အေးစိမ့်မှုက ကောင်းကင်နှင့် မြေကြီးကို နားလည် သဘောပေါက်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ဘဝအတွေ့အကြုံ တစ်ခုလည်း ဖြစ်လေ၏။
အင်မော်တယ် တစ်ယောက်ဖြစ်ရန် အတွက် ပထမဦးဆုံး သေမျိုးတစ်ယောက် ဖြစ်ရပေမည်။
သေမျိုးတစ်ယောက် အဖြစ်သို့ ပြောင်းရန် လွယ်ကူ လှသည်လို့ ပြောကြသည်။ သေမျိုးတစ်ယောက် ဖြစ်ခြင်းက ဘယ်လိုမျိုး လွယ်ကူခြင်းမျိုးလဲ။ ခုချိန်တွင် ဝမ်လင်းက အထီးကျန်မှုကို ခံစားနေရ၏။ သူက ထိုအရာကို တွေ့ကြုံရန် လိုကြောင်း သိလေသည်။
သည်အထီးကျန်မှုက ပြီးခဲ့သော နှစ်များက သူသိသောသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားပြီး သူတစ်ယောက်တည်း ကျန်ခဲ့သည်နှင့် ယှဉ်လျှင် ဘာမျှ မဟုတ်သေးပေ။
ဝမ်လင်းက စဉ်းစားလို့ နေသည်။ အချိန် တစ်ခုကြာမှ သူက မတ်တတ် ထရပ်လိုက်၏။ သူက ကုလားထိုင် တစ်ခုကိုယူ၍ ဆိုင်ထဲသို့ ပြန်ဝင်လိုက်ပြီး ဆိုင်တံခါး ပြန်ပိတ်လိုက်သည်။
အချိန်တစ်ခု ကြာပြီးနောက် ဆိုင်ထဲတွင် မီးဖိုတစ်ခု ထံမှ မီးလင်း လာခဲ့သည်။ သည်မီးဖိုက အခြားဆိုင်များ၏ မီးဖိုနှင့် အတူတူဟု ထင်ရသော်လည်း သည်မီးဖိုတွင်တော့ အထီးကျန်မှုများ နက်ရှိုင်းစွာ ရှိနေလေ၏။
ဝမ်လင်းက မီးဖိုဘေးတွင် ထိုင်လျက်ရှိသည်။ ဆိုင်ထဲတွင် နွေးထွေးလို့ နေ၏။ သို့သော် သူ့နှလုံးသားက ပို၍ပို၍ အေးစက်လို့ လာသည်။ ဝမ်လင်းက တွေးလို့နေရင်း ပန်းပုရုပ် တစ်ရုပ်ကို လှမ်းယူ၍ သူ့ဘေးတွင် ထားလိုက်၏။ သည်ပန်းပုရုပ်က သူ့အဖေပင် ဖြစ်၏။
ပန်းပုရုပ်ကို ကြည့်ရင်း ဝမ်လင်း နှလုံးသားထဲက အေးစက်မှုက အနည်းငယ် လျော့ကျသွားသည်။ ထို့နောက် သူက သူ့အမေ၏ ပုံတူပန်းပုရုပ်ကို လှမ်းယူ လိုက်ပြန်သည်။ တဖြည်းဖြည်းဖြင့် သူ့ဘေးတွင် ပန်းပုရုပ် များစွာဖြင့် ပြည့်လာတော့၏။
သည်ပန်းပုရုပ်များတွင် လူငယ်ယောက်ျား၊ မိန်းမများအပြင် အဘိုးအဘွား များလည်း ပါဝင်ကြသည်။ သည်လူများ အားလုံးက ရွာငယ်လေး တစ်ရွာတွင် နေထိုင်ခဲ့သူ များပင်။
သည်ပန်းပုရုပ်များကို ကြည့်ရင်း ဝမ်လင်းက ပြုံးမိသွားသည်။ သူ့အပြုံးက ကျေနပ်မှုများဖြင့် ပြည့်နှက် နေသော်လည်း တခြားလူ တစ်ယောက်ယောက်သာ သူ့အပြုံးကို မြင်လျှင် ဤသို့ ပြောပေလိမ့်မည်။
“ဒါက ဘယ်လို အပြုံးမျိုးတုန်းလဲ။ ဒီအပြုံးက တိတ်ဆိတ်စွာ ငိုကြွေးခြင်း မလား …”
မီးပုံက မီးတလက်လက် တောက်ပလို့ နေ၏။ တစ်ခါတစ်ရံ မီးအလင်းက ဝမ်လင်းမျက်နှာသို့ လာဟပ်ပြီး တစ်ချက်တစ်ချက်တော့ မှိန်ဖျော့လို့ သွားသည်။ မီးအလင်းက သစ်သား ပန်းပုရုပ်ကို လာဟပ်သည့် အချိန်မှာတော့ သည်ပန်းပုရုပ် များသည် ထူးဆန်းသော ခံစားချက်ကို ပေးလို့နေ၏။
သူက သစ်သားရုပ် တစ်ရုပ်စီကို ညင်သာစွာ ဆွဲယူလိုက်တိုင်း သူ့နှလုံးသားထဲရှိ အေးစက်မှုက သက်သာရာ ရ၏။ သို့ရာတွင် သူ့စိတ်ထဲရှိ အေးစက်မှု လျော့နည်း လာသည်နှင့်အတူ ဝမ်းနည်းမှုတို့က အစားဝင်ရောက်ကာ တိုးဝင် လာခဲ့သည်။
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ထွက်သွားခွင့် မပြုနိုင်ဘူး။ သွားခွင့် မပြုနိုင်ဘူး …” ဝမ်လင်းက သူ့ကျင့်ကြံမှု အစပြုခဲ့သည့် အစောပိုင်း နှစ်တွေတုန်း ကလည်း သူ့မိသားစုထံ မပြန်ခဲ့ရပေ။ အခုချိန်မှာလည်း သူက သူ့မိသားစုထံ မပြန်နိုင်တော့ပေ။
သို့သော်အခု ခံစားချက်က အတိတ်တန်းက ခံစားချက်နှင့် မတူချေ။ သူက အင်မော်တယ် တစ်ယောက်ဖြစ်ရန် အလို့ငှာ သူက သေမျိုးတစ်ယောက် အရင် ဖြစ်ရပေမည်။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတိုင်းက ကျင့်ကြံခြင်းတွင် သန်မာသည့် အပြင် သူတို့နှလုံးသား ထောင့်တစ်နေရာတွင် နက်ရှိုင်းစွာ တည်ရှိနေသည့် စိတ်ခံစားချက် အမျှင်တန်း တစ်ခုတော့ ရှိခဲ့ကြပေသည်။ သူတို့က သည်စိတ်ခံစားချက် အမျှင်တန်းလေးကို အသုံးပြု၍ စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြသည်။ ထို့ကြောင့် အင်မော်တယ် တစ်ယောက် ဖြစ်ရန်အတွက် သေမျိုးတစ်ယောက် အရင်ဆုံး ဖြစ်ရပေမည်။
စိတ်ခံစားချက် ရှိသည့်အတွက်လည်း ဝမ်လင်းက သေမျိုးတစ်ယောက် အဖြစ်သို့ မည်သည့် အခက်ခဲမှ မရှိဘဲ အသွင်ပြောင်း နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သူက တဖြည်းဖြည်းဖြင့် သေမျိုး တစ်ယောက်နှင့် ပို၍ တူလာလေသည်။
သည်အခိုက်တွင် သူက သူ့မိဘများ အကြောင်းတွင်သာ အာရုံနစ်မြုပ် နေခဲ့ပြီး သူ့မိဘများနှင့် ပတ်သက်သည့် ခံစားချက်ကိုလည်း တိတ်ဆိတ်စွာ ခံစားထိတွေ့လို့ နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက တစ်ဖန်ပြန်၍ မြင့်တက် လာခဲ့ပြန်သည်။ သည်စိတ်ဝိညာဉ် စွမ်းအင်များက တဖြည်းဖြည်း သူ့ခန္ဓာကိုယ် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့၏။ သစ်သား ပန်းပုရုပ်များထံမှ ထွက်ပေါ်နေသည့် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ဝမ်လင်းထံမှ အခုထွက်ပေါ် နေသော စိတ်ဝိညာဉ် စွမ်းအင်များတို့သည် အခန်းထဲတွင် ပေါင်းစပ်၍ ဝဲကတော့ ဖြစ်လာခဲ့သည်။ တဖြည်းဖြည်းဖြင့် သည်စိတ်ဝိညာဉ် စွမ်းအင်ဝဲ ကတော့က ပိုမို မြန်ဆန်စွာ လှည့်ပတ်လာခဲ့ပြီး ဆိုင်အပြင်ထိ ပျံ့နှံ့လို့သွား၏။
ဆိုင်ခေါင်မိုးပေါ်တွင် ရှိနေသည့် နှင်းပွင့် နှင်းဖက်များကလည်း ဝဲတက် လာခဲ့တော့သည်။ စိတ်ဝိညာဉ် စွမ်းအင်များက နှင်းပွင့်များနှင့် အတူ ပေါင်းစပ် စီးဝင်သွားပြီး အကွာအဝေး တစ်ခုဆီသို့ လွင့်မျောလို့ သွားတော့၏။
တဖြည်းဖြည်းဖြင့် ဝမ်လင်းကလည် အသိပြန်ဝင် လာခဲ့ပြီး သူအသိပြန်ဝင် လာသည့် အခိုက်မှာပင် အချို့သစ်သား ပန်းပုရုပ်များ ထံမှ အက်ကွဲသံများ ဖြစ်ပေါ် လာခဲ့သည်။
သည်ပန်းပု ရုပ်များက အက်ကွဲရာ ဖြစ်သွားသော်လည်း ၎င်းတို့ထံမှ စိတ်ဝိညာဉ် စွမ်းအင်များက ပို၍ အားကောင်းလာခဲ့ သလို အရည်အသွေးပင် တိုးလာခဲ့သည်။
ဝမ်လင်းက ထိုအရာကို တစ်ချက်ကြည့် လိုက်ပြီး အသက်ဝဝ ရှူလိုက်၏။
သူကမတ်တတ် ရပ်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ နှင်းစက်များဖြင့် ရောနှောနေသည့် လေအေးတစ်ချက်က သူ့မျက်နှာသို့ လိုက်ရိုက်ခတ် လေသည်။ သူက ကောင်းကင်ကို မော့ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်။
“ငါ … ဝမ်လင်က ဘာပဲဖြစ်ဖြစ် ဒီအဆင့်ကို ရလိမ့်မယ် …”
နှင်းများက ပိုမို သိပ်သည်းလာခဲ့ပြီး မြေကြီးပေါ်တွင် နှင်းများက ထူထပ်သော အလွှာတစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ထိုအခိုက်တွင် ပန်းပဲရုံ၏ တံခါးပွင့် လာခဲ့၏။ တနူးနှင့် သူ့အဖေက အပြင်သွားမလို့ ထွက်လာခဲ့တာ ဖြစ်ပြီး သူတို့က နှင်းများအောက်တွင် ရပ်နေသော ဝမ်လင်းကို တွေ့လိုက်သည့်အခါ အလန့်တကြား ဖြစ်သွားမိကြသည်။ တနူးက နှင်းများ ကျနေသည့်ကြားမှ ဝမ်လင်းထံသို့ ပြေးလာခဲ့၏။ သူက ဝမ်လင်း အနားသို့ ရောက်လာသည့်အခါ အော်ပြောလိုက်သည်။
“ဦးလေးဝမ်။ ငါတို့ ဘယ်သွားမလဲ သိလား” ထိုသို့ ပြောပြီးနောက် သူက အခန်းထဲသို့ ဝင်၍ မီးဖိုဘေးတွင် ထိုင်လိုက်သည်။
တနူးအဖေက ခြင်းတောင်း တစ်ခုကို သယ်လာခဲ့ပြီး သူက ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုဝမ် … အလုပ်ရှုပ် နေတာလား …”
ဝမ်လင်းက ပြုံး၍ ဘေးသို့ ဖယ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် အလုပ် မရှုပ်ပါဘူး။ အထဲဝင်ပြီး စကားပြောကြ ရအောင် …”
တနူးအဖေက အခန်းထဲသို့ ဝင်လာခဲ့၏။ သူက အခန်းထဲရှိ ပန်းပုရုပ်များကို ကြည့်ရင်း အားကျသလို၊ မနာသလို ဖြစ်လာခဲ့သည်။ သူက သစ်သားခြင်းကို မြေပေါ်တွင် ချလိုက်ပြီး သူ့လက်ဝါး နှစ်ဖက်ကို ပွတ်သပ် နေလိုက်၏။ သူက တစ်ခုခု ပြောချင်နေသည့်ဟန် ရှိသော်လည်း ဘယ်က စပြောရမှန်း မသိဖြစ်နေ၏။
ထိုအခိုက်တွင် တနူးက ဝမ်လင်း မိဘများ၏ ပန်းပုရုပ်ကို မြင်လိုက်သည့် အခါ သူက ရုတ်တရက် ထအော်လိုက်၏။
“ဦးလေးဝမ် … ကျွန်တော် ဒီပန်းပုရုပ်တွေကို အစတုန်းက မမြင်ဖူးခဲ့ပါဘူး။ ဦးလေး မကြာခင်က ထွင်းထု ခဲ့တာလား …”
ဝမ်လင်းက တံခါးကို ပြန်ပိတ်လိုက်သည်။ ထို့နောက်သူက ထိုင်ချလိုက်ပြီး ပြန်ဖြေလိုက်၏။
“ငါ ဒီပန်းပုရုပ်တွေကို လွန်ခဲ့တဲ့ အချိန်တွေထဲက ထွင်းထု ထားခဲ့တာပဲ …”
တနူးက သည်သစ်သား ပန်းပုရုပ်များကို ကြည့်၍ မေးလိုက်ပြန်သည်။
“ဦးလေးဝမ် … ဒီပန်းပုရုပ်က ဘယ်သူ့ ပုံတွေလဲ …”
ဝမ်လင်း မျက်လုံးများထဲ၌ အတိတ်ကို လွမ်းဆွတ်ဟန်များ ပေါ်လာ ခဲ့ပြီးနောက် သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“ဒါက ငါ့မိသားစုပဲ …”
တနူးက မှင်တက် သွားခဲ့ပြီး သူက ဆက်၍ မမေးနိုင်တော့ပေ။ ထို့နောက်သူက ခြင်းတောင်းကို ဖွင့်၍ ဟင်းပွဲသုံးပွဲနှင့် သစ်သီးဝိုင် နှစ်ဂျားကို ယူလိုက်သည်။
ဝမ်လင်းက တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက်သူက တနူးအဖေကို လှမ်းကြည့် လိုက်ပြန်သည်။ သူက သည်လူနှင့်သိတာ အချိန် အတော်ကြာခဲ့ပြီ ဖြစ်သည်။ တနူး၏အဖေမှာ သည်ကို လာခဲ့သည့် အကြောင်းမှာ အကူအညီ တစ်ခုတောင်းရန် ဖြစ်၏။ သို့သော် သူက မည်သို့ ပြောရမှန်းမသိ ဖြစ်နေခြင်းပင်။
ဝမ်လင်းက ပြောလိုက်သည်။
“အစ်ကိုစန် … ပြောစရာ တစ်ခုခုရှိရင် ပြောပါ။ အားနာ မနေပါနဲ …”
တနူးအဖေက ချီတုံချတုံ ဖြစ်သွားလေ၏။ သူက လက်နှစ်ဖက်ကို ပွတ်၍ ပြောလိုက်သည်။
“ဘာမှ မဟုတ်ဘူး … ။ ဘာမှ မရှိပါဘူး …”
တနူးက ဟင်းပွဲများကို ကြည့်နေလိုက်သည်။ သူက ဟင်းပွဲများကို လက်လှမ်းမလို လုပ်လိုက်စဉ် ခက်ခက်ခဲခဲ ပြန်ဆုတ် လိုက်ရသည်။ သူက သူ့အဖေ၏ အကြည့်ကို သတိပြုမိ လိုက်သောကြောင့်ပင်။ ထို့နောက်သူက မကျေမချမ်း အသံဖြင့် ပြောလိုက်၏။
“ဒါက ပိုက်ဆံလေး နည်းနည်းပါးပါး ချေးတာပဲလေ။ ဘာများ ရှက်စရာ ရှိနေလို့လဲ …”
တနူးအဖေ၏ မျက်နှာက ရုတ်တရက် နီမြန်း သွားလေသည်။ သူက သူ့သားကို လှမ်းဆူလိုက်၏။
“ခွေးကောင်လေး။ အိမ်ရောက်တဲ့ ထိစောင့်ဦး …”
တနူးက လျှာထုတ်၍ ပြောလိုက်သည်။
“အဖေက မပြောဝံ့ ဖြစ်နေတာကို … .ဒါ့ကြောင့် ကျွန်တော် ပြောလိုက်ရတာ။ အမေက ကျွန်တော်တို့ ဆိုင်ကိုချဲ့ချင်လို့ ဘေးနားက ဆိုင်ကို ဝယ်ချင်နေတာ။ ဒါပေမဲ့ ပိုက်ဆံက မလောက်ဘူး ဖြစ်နေတယ်လေ …”
တနူးအဖေက သက်ပြင်း ချလိုက်မိသည်။ သူက ဝမ်လင်းကိုကြည့်၍ အကူအညီမဲ့စွာ ပြောလိုက်သည်။
“အစ်ကိုဝမ်။ မင်းညီမက ဆိုင်သေး နေတာက ငါတို့ စီးပွားရေးကို အကန့်အသတ် ဖြစ်နေတယ်လို့ ထင်နေတာလေ။ သူက လူအိုကြီးလီဆိုင်က ငှားမယ်ဆိုတော့ သူက ချက်ချင်းကို ငှားရမ်း နေချင်တာ …”
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူက ခြင်းထဲမှ ဝိုင်တစ်ဂျားကို ထုတ်၍ တစ်ငုံထပ်သောက် လိုက်သည်။ ထို့နောက် ဝမ်လင်းက ပြောလိုက်သည်။
“အစ်ကို … ဘယ်လောက် လိုလို့လဲ …”
တနူးအဖေက ခဏတာ တုံ့ဆိုင်း သွားပြီးနောက် ပြောလိုက်၏။
“ဒီဆိုင်က အတော်လေး ကောင်းတော့ ငါတို့က နှစ်နှစ်စာလောက် ပေးရမှာလေ။ ဒီနော့ ငွေတုံး (၅၀) … အာ … ငွေတုံး (၃၀)လောက်ဆို လောက်ပါပြီ …”
တနူးက ပွစိပွစိလုပ်၍ ခပ်တိုးတိုး ပြောနေလိုက်သည်။
“အမေက ငွေတုံး ရှစ်ဆယ်လို့ပြောတာ အရှင်းကြီး … သူက စကားပြောလို့ မဆုံးခင်မှာပင် သူ့အဖေ၏ နောက်ထပ် ကြိမ်းမောင်းသည့် အကြည့်က သူ့ထံသို့ ရောက်လာခဲ့၏။
ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။ ဝမ်လင်းက စကားဆိုခြင်း မပြုတော့ဘဲ ဆိုင်နောက်ဘက်က သူ့အခန်းထဲသို့ ဝင်သွားလေသည်။ ထို့အခန်းထဲတွင် ရွှေငွေ ထည့်ထားသော ခြင်းတောင်းတစ်လုံး ရှိနေ၏။ ဝမ်လင်းက ရွှေတုံးအချို့ကို ယူ၍ တနူးအဖေ၏ ရှေ့သို့ ပို့ပေးလိုက်သည်။
တနူးအဖေက ရွှေတုံးများကို မြင်လိုက်သည့် အခါ သူက အထိတ်တလန့် ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။ ငါ… အများကြီး မလိုပါဘူး။ အစ်ကိုဝမ် … အမြန်ပြန်ယူ လိုက်ပါ။ ငါ ငွေတုံးသုံးဆယ်ပဲ ချေးမှာပါ …” သူ့အမြင်အရ သူ့ရှေ့တွင် သူလိုသည်ထက် ပိုနေသော ရွှေတုံး ဆယ်တုံးခန့် အနည်းဆုံး ရှိနေလေသည်။
ဝမ်လင်းက ဝိုင်တစ်ဂျားကို ကောက်ကာ ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုစန် … ငါက ဒီပိုက်ဆံတွေကို ချေးတာ မဟုတ်ပါဘူး။ ဒါက ဝိုင်အတွက် အဘိုးအခပါ။ အခုက စပြီး ငါက နေ့တိုင်း မင်းရဲ့ ဝိုင်ကို ဝယ်ချင်ပါတယ်။ ဒီပိုက်ဆံက သစ်သီးဝိုင် ဆယ်နှစ်စာလောက် အတွက် ထိုက်တန် ပါတယ်လေ …”
တနူးအဖေက ချီတုံချတုံ ဖြစ်သွားလေသည်။ သူ့မျက်နှာ ပေါ်တွင်လည်း စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လို့ နေသည်။ သူက ပြောလိုက်၏။
“အစ်ကိုဝမ် … ဒါ … ဒါက …”
တနူးက ဝင်ပြောလိုက်၏။
“အဖေ။ ယူလိုက်ပါ။ ဦးလေးဝမ်က သစ်သားပန်းပုရုပ် တစ်ခုကို ရွှေတုံး ဆယ်တုံးနဲ့ ရောင်းလို့ရတယ် …”
တနူး အဖေက သူ့သားကို ထပ်မံ၍ စူးစိုက်ကြည့် လိုက်ပြန်သည်။ သူက ဝိုင်ဂျားကို ကောက်၍ တစ်ဝကြီး သောက်လိုက်ပြီး ပြောလိုက်၏။
“အစ်ကိုဝမ်။ ဘာဆယ်နှစ်၊ ရှစ်နှစ်လဲ။ အစ်ကို ဒီမှာ နေနေသ၍ ငါက နေ့တိုင်း ဝိုင်တစ်ဂျား လာပို့ပေးမယ် …”
ဝမ်လင်းက အားပါးတရ ရယ်မောလိုက်သည်။ ဝမ်လင်းက သူ့ရှေ့က သားအဖကို ကြည့်နေရင်း သူ့နှလုံးသားထဲရှိ အေးစိမ့်မှုက ထပ်မံ မဖြစ်ပေါ်တော့ပေ။ အခု သူက နွေးထွေးမှု အနည်းငယ်ကို ခံစားလိုက် ရသည်။
ထိုညတွင် တနူးအဖေက အတော်လေး သောက်ဖြစ်သွားသည်။ ဝိုင်နှစ်ဂျားက မလုံလောက်ခဲ့ချေ။ တနူးက ခေါက်တုံခေါက်ပြန် သူ့အိမ်နှင့် ဝမ်လင်းဆိုင်ကို ခေါက်တုံ့ခေါက်ပြန် ဝိုင်သယ်ပေး လိုက်ရတော့သည်။
နောက်ဆုံးတွင် တနူးအဖေက လစ်မစ်ကျော်သွားပြီး မူးသွားသော်လည်း သူက သူ့သား ကုန်းပိုး၍ သယ်ရစဉ်မှာတော့ ရွှေထုပ်ကို တင်းကျပ်စွာ ကိုင်ထားဆဲပင်။
သူတို့ အိမ်မပြန်ခင် တနူးက ဝမ်လင်းကို ကျိတ်၍ ပြောလိုက်သည်။
“ဦးလေးဝမ်။ ငါတို့မှာ ဝိုင်တွေအများကြီး ရှိတယ်။ ငါ့အဖေက အခြားလူတွေကို မပြောနဲ့လို့ ပြောထားတယ်။ အမှန်တော့ ငါတို့ အိမ်အောက်ထဲမှာ ဝိုင်အိုးတွေ အများကြီး မြှုပ်နှံထားတယ်။ အဖေက ဒီဝိုင်တွေကို ရောင်းဖို့ မငြင်ဆန်ခဲ့ရင် အမေကလည်း ဦးလေးဆီ ပိုက်ဆံ လာချေးခိုင်းမှာ မဟုတ်ဘူး …”
***
😵😵💫🫨🍷🍷