ဝမ်လင်က အိပ်ရာပေါ်တွင် လဲလျောင်းလျက် ရှိ၏။ သူ့ဘေးတွင်တော့ ဝိုင်တစ်ဂျား ရှိလေသည်။ သူက ဝိုင်ဂျားကို ကောက်ယူ၍ သောက်ချလိုက်သည်။ ဝမ်လင်း လွန်ခဲ့သော တစ်နှစ်က ကျင့်ကြံသူ တစ်ယောက်၏ စိတ်နေ စိတ်ထားကို ဖယ်ရှား ထိန်းချုပ်နိုင်ခဲ့သည်။ သူက သေမျိုး တစ်ယောက်နှင့် ပို၍ တူလာခဲ့သည်။
ဥပမာ အနေဖြင့်
သူက အခုလို လဲလျောင်း အိပ်စက်ခြင်းလည်း မပြုခဲ့ပေ။ အတိတ်တုန်းက သူက ညတိုင်း ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
သည်လို ဘဝက စိတ်လှုပ်ရှားမှုများနှင့် စိတ်ပြင်းပြမှု များသာ ရှိခဲ့သည်။ သို့သော် စိတ်ဒုက္ခများ ဖြင့်သာ ပြည့်နေခဲ့၏။ သည်လို ဘဝက တစ်ခုခု လွဲနေခဲ့ ပေသည်။
အခု ဝမ်လင်း၏ ဘဝတွင် မည်သည့် စိတ်ပဋိမက္ခများ မရှိပေ။ သည်အရာက အနည်းငယ် ပျင်းစရာ ကောင်းလှသော်လည်း ဝမ်လင်း၏ စိတ်ဝိညာဉ်ကိုတော့ သန့်ရှင်းစေ၏။
ဝမ်လင်းက ပထမဆုံးအကြိမ် သည်ခံစားချက်ကို သတိပြုမိသည့် အချိန်တွင် အလွန် ထူးဆန်းစွာ ခံစားခဲ့ ရသည်။ သူက သေမျိုး တစ်ယောက်လို ဆက်၍ ရှင်သန် နေခဲ့သည်။
သူက ဝိုင်တစ်ဂျားကို ကောက်ယူ၍ တစ်ကျိုက် မော့ချလိုက် ပြန်သည်။ ထို့နောက် သူက ရုတ်တရက် မျက်မှောင်ကြုတ် လိုက်၏။
ထိုအခိုက်တွင် သူ့ဆိုင်ရှေ့သို့ ကျင့်ကြံသူ နှစ်ယောက် ရောက်လာခဲ့သည်။ သူတို့ နှစ်ယောက်က သူ့ဆိုင်ရှေ့တွင် တစ္ဆေနှစ်ကောင် ကဲ့သို့ မျောလွင့် နေကြသည်။ သူတို့ထဲက တစ်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဝမ်လင်း ဆိုင်တံခါးက တိတ်တဆိတ် ပွင့်သွားခဲ့သည်။
သည်နှစ်ယောက်က အထဲသို့ လျင်မြန်စွာ ဝင်လာခဲ့သည်။ ဆိုင်တံခါး ကလည်း လေတစ်ဝှေ့ကြောင့် ပြန်ပိတ် သွားခဲ့သည်။
ဆိုင်ထဲတွင် သည်လူ နှစ်ယောက်က ပန်းပုရုပ်များကို ကြည့်ရင်း သူတို့ မျက်လုံးများ မြင့်တက်သွားသည်။ သူတို့ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နေခဲ့၏။ သို့သော် ထိုကြောက်ရွံ့မှုက သိပ်မကြာခင်မှာ အတော မသတ်နိုင်သည့် လောဘများဖြင့် အစားထိုး သွားခဲ့၏။
“ဒီမှာ ရတနာတွေ အများကြီး ရှိနေတာပဲ …” ကျင့်ကြံသူ တစ်ယောက်က လေအေးတစ်ချက် ရှိုက်လိုက်သည်။ သူက ပန်းပုရုပ်ထဲက တစ်ခုကို ဆွဲယူလိုက်ပြီး ကြည့်လိုက်သည်။ သူခန္ဓာကိုယ်က တုန်ခါသွားပြီး သူက ပန်းပုရုပ်ကို ချက်ချင်း အဝေးသို့ ပစ်လွှတ်လိုက်သည်။
သူ့မျက်လုံးထဲရှိ လောဘက ပို၍ ပြင်းထန် လာခဲ့သည်။ သူက လက်ယမ်းလိုက်ရာ သည်ပန်းပုရုပ်များ အားလုံးက သူ့သိုလှောင်အိတ် ထဲသို့ ရောက်သွားလေ၏။
အခြား ကျင့်ကြံသူ တစ်ယောက်ကတော့ ထောင့်မှာရှိသော သေတ္တာ တစ်လုံးကို ရှာတွေ့လိုက်သည်။ ထို့နောက် သူက နှာခေါင်း ရှုံ့လိုက်ပြီး မပြည့်စုံသည့် ပန်းပုရုပ်များကို ကိုင်ထားလိုက်သည်။ သူ့အသွင်က ပို၍ ထူးဆန်းလာပြီး သူက လည်ချောင်းထဲတွင် ချိုမြမြကို ခံစားလိုက်ရပြီး သွေးတစ်လုတ် အန်ထုတ် လိုက်ရသည်။
သူက သူ့လက်ထဲရှိ ပန်းပုရုပ်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။
တကယ်တော့ သည်ပန်းပုရုပ်ကို ခုခံနိုင်ခြင်း မရှိသည်မှာ အံ့ဩစရာတော့ မရှိပေ။ သည်ပန်းပုရုပ်က လိုအင်ခြောက်မျိုး နတ်ဆိုးသခင်၏ မပြီးပြည့်စုံသေးသည့် ပန်းပုရုပ် ဖြစ်သည်။ သည်အရုပ်က မပြီးပြည့်စုံ သေးသော်လည်း သည်ပန်းပုရုပ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင် ဖိအားက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် တစ်ယောက်၏ စိတ်စွမ်းအင်များ ပါဝင်နေခဲ့သည်။ သည်လူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သာ ရှိသေးသဖြင့် သည်ဖိအားကို ခံနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သူက သည်ပန်းပုရုပ်ကို အလျင်အမြန် လွှတ်ချလိုက်ခြင်းက တော်သေး၏။ မဟုတ်လျှင် သူက သွေးတစ်လုတ် အန်ရလောက်သည်နှင့် ပြီးဆုံးသွားမည် မဟုတ်ပေ။
သည်သစ်သားရုပ်က အောက်သို့ ပြုတ်ကျ ခါနီးတွင် မမြင်ရသည့် လက်ကြီး တစ်ဖက်၏ ဖမ်းယူခြင်းကို ခံလိုက်ရပေသည်။ သည်လက်ကတော့ ဝမ်လင်း၏ လက်ပင်ဖြစ်သည်။ ဝမ်လင်းက ဆိုင်နောက်ရှိ အခန်းထဲမှ ထွက်လာခဲ့သည်။ သူက သည်ပန်းပုရုပ်ကို စင်ပေါ်ပြန်တင် လိုက်ပြီး ဝိုင်တစ်ငုံ သောက်၍ ပြောလိုက်သည်။
“ဒါက ရွှေတုံး ၄၂၅၀ တန်ဖိုးရှိတယ်။ ပေးပါ …”
ဝမ်လင်းထွက်ပေါ် လာသည်နှင့် သည်နှစ်ယောက်က ရပ်တန့်သွားပြီး ဝမ်လင်းကို ကြောက်လန့်ဟန်ဖြင့် စူးစိုက်ကြည့်မိ လိုက်သည်။
အထူးသဖြင့် စိတ်ဝိညာဉ် ဖိအားကို သက်ရောက်ခြင်း ခံခဲ့ရသော ကျင့်ကြံသူ ဆိုလျှင် သူ့မျက်နှာက ဖြူရောသွားပြီး သူ့နှဖူးက ချွေးများစိမ့်ထွက် လာခဲ့ရသည်။
သူတို့ အမြင်တွင် ဝမ်လင်းအသွင်က အလွန် ထူးဆန်းလှ၏။ သူတို့နှစ်ယောက် ဆိုင်ထဲမဝင်ခင် အထဲကို စိတ်ဝိညာဉ် စွမ်းအင်များ အသုံးပြု၍ စစ်ဆေးကြည့် လိုက်သေးသည်။ သို့သော်လည်း ဆိုင်နောက်ခန်းတွင် ရှိနေသာလူက သေမျိုးတစ်ယောက် ဖြစ်ကြောင်းသာ တွေ့ခဲ့ရလေသည်။
သို့သော် ခုချိန်တွင် သူတို့သေမျိုးလို့ ထင်မြင်ခဲ့သူက သူတို့ရှေ့တွင် တိတ်တဆိတ် ရောက်လာခဲ့သည်။ သူက အလင်းတန်း တစ်ခုလို ရောက်လာခဲ့ပြီး သူတို့ကိုပင် တုန်လှုပ်စေခဲ့၏။
သူတို့က ခုချိန်တွင်တော့ သူတို့ရှေ့က လူသည် သွားမရှုပ်သင့်သော စီနီယာတစ်ယောက် ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီ ဖြစ်သည်။
သူတို့ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
“နှုတ်ဆက်ပါတယ် … စီနီယာ။ ဂျူနီယာတို့က အဖြူရောင် တိမ်ကလန်ရဲ့ တပည့်တွေ ဖြစ်ကြတယ်။ ဂျူနီယာတို့ ရိုင်းခဲ့မိပါတယ်။ ဒီ့အတွက်လည်း စီနီယာ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် …”
ဝမ်လင်းက ရိုးရှင်းစွာ မေးလိုက်၏။
“မင်းတို့မှာ ရွှေတုံး ၄၂၅၀ ရှိလား …”
သူတို့ နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက် မိကြသည်။ သူတို့နှစ်ယောက်လုံးက ကျင့်ကြံသူများ ဖြစ်ကြ၏။ စိတ်ဝိညာဉ် ကျောက်တုံးဆိုလျှင် သူတို့တွင် တချို့တလေ ရှိသော်လည်း သေမျိုးများသာ အသုံးပြုသော ရွှေတုံးကတော့ ခုချိန်တွင် မရှိကြပေ။ သူတို့ကို ပြင်ဆင်ချိန် ပေးခဲ့ရင်တော့ ရွှေတုံး ၄၀၀၀ သာမကဘဲ ၄၀၀၀၀ ဆိုလည်း ပေးနိုင်ပေ၏။
ဝမ်လင်းက ထိုနှစ်ယောက်ဘာကို စဉ်းစားပြီး သက်ပြင်းချမိ နေသည်ကို သဘောပေါက်၏။ သူက လက်ယမ်းလိုက်ရာ ပန်းပုရုပ်များ ပါဝင်သော သိုလှောင်အိတ်က သူ့လက်ထဲသို့ ပြန်ရောက် လာခဲ့၏။ ထို့နောက်သူက သိုလှောင်အိတ်ကို လက်ဖြင့်သပ်လိုက်ရာ ထိုသိုလှောင်အိတ် ပိုင်ရှင် ကျင့်ကြံသူက သွေးတစ်လုတ် အန်လိုက်ရ၏။ ထိုကျင့်ကြံသူ၏ မျက်လုံးထဲတွင် လေးစားမှုက ပိုတိုးလာခဲ့သည်။ သူ့သိုလှောင်အိတ် ထဲရှိ နတ်ဘုရားအာရုံက ဖယ်ရှားခြင်း ခံလိုက် ရပေသည်။
ဝမ်လင်းက သိုလှောင်အိတ်ကို လှုပ်လိုက်ရာ ပန်းပုရုပ်များက သူ့နေရာမှန်သို့ ပြန်ရောက် သွားလေ၏။
“ပြန်ကြတော့။ မင်းတို့ ထပ်လာမယ်ဆိုရင် ရွှေတုံး လုံလုံလောက်လောက် ယူလာခဲ့ကြ …” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်ရာ သိုလှောင်အိတ်က သူ့ပိုင်ရှင်ထံသို့ ပြန်ရောက်သွား၏။ ထို့နောက် သူတို့နှစ်ယောက်က အားတစ်ခု၏ တွန်းတိုက်ခြင်း ခံလိုက်ရပြီး တံခါးနားသို့ ရောက်သွားလေ၏။
သူတို့က တံခါးကို ထိတွေ့ခါနီးတွင် တံခါးက ပွင့်သွားခဲ့ပြီး သူတို့နှစ်ယောက်က ဆိုင်အပြင်သို့ ရောက်သွားလေ၏။
သည်အားလေး တစ်ချက်က သူတို့နှစ်ယောက်ကို ၁၀ကီလိုမီတာလောက် အရောက်မှ သူတို့ကိုယ် သူတို့ တည်ငြိမ်အောင် ပြန်လုပ်နိုင် ခဲ့ပေသည်။ သူတို့ မျက်လုံးများ ထဲတွင် အလွန်အမင်း ကြောက်လန့် တုန်လှုပ်လို့နေ၏။
သူတို့ နှစ်ယောက်လုံးက အနည်းငယ် စဉ်းစားပြီးနောက် သူတို့ကိုယ် သူတို့ အလွန် ကံကောင်း လှသည်ဟု တွေးမိလိုက်သည်။ သည်ကျင့်ကြံသူ နှစ်ယောက်က နန်းတော်မှ ကျင့်ကြံသူ နှစ်ယောက်ပင် ဖြစ်၏။
သူတို့ နှစ်ယောက်က နဂါးပန်းပုရုပ်က ပုံမှန်မဟုတ်မှန်း သတိပြုမိ သဖြင့် ရှုတောက်ကို သွားရှာပြီး သည်ဆိုင်ကို ရောက်လာခဲ့ခြင်းပင်။ သို့သော် သူတို့က ဆိုင်တွင် ဝမ်လင်းနှင့် တွေ့ခဲ့ပြီး အလွန် ကြောက်ရွံ့ခဲ့ မိပြီး သည်ဆိုင်အကြောင်း ထပ်မံ မတွေးတော့ချေ။
သူတို့ နှစ်ယောက်က ဝမ်လင်း၏ နတ်ဘုရား အာရုံသည် သူတို့နှစ်ယောက် အပေါ်တွင် ခတ်နှိပ်ပြီး ဖြစ်ကြောင်းကို မသိကြချေ။ သူတို့က ဆိုးယုတ်သော အတွေးတစ်ခု ရှိခဲ့ပါက ချက်ချင်း အသတ်ခံ ရလိမ့်မည် ဖြစ်၏။
တကယ်တော့ သူတို့ နှစ်ယောက်လုံးက ဝမ်လင်း အကြောင်းကိုသာ သိခဲ့လျှင် သူတို့အလွန့်အလွန် ကံကောင်း သွားကြသည်ဟု ခံစားမိပေ လိမ့်မည်။ လွန်ခဲ့သော တစ်နှစ်က ဝမ်လင်း ဖြစ်နေပါက အခုချိန်တွင် သူတို့က အသက်မဲ့နေ လောက်ပေပြီ။
ဝမ်လင်းက ဆိုင်ထဲတွင် ထိုင်နေ၏။ သူက ဝိုင်တစ်ငုံ သောက်လောက်ရင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ငါဒီတစ်နှစ်လုံး လူတစ်ယောက်မှ မသတ်ခဲ့ဘူး …” ထိုသို့ ပြောပြီးနောက် ဝမ်လင်းက သူ့အခန်းသို့ အိပ်စက်ရန် ပြန်သွားတော့၏။
အချိန်က လျင်မြန်စွာဖြင့် နှစ်နှစ်ပင် ကုန်ဆုံးခဲ့လေပြီ။ သည်နှစ်က ဝမ်လင်း မြို့တော်သို့ ရောက်သည့် သုံးနှစ်မြောက် ဖြစ်၏။
တနူးက ပို၍ အရပ်ရှည် သန်မာလာ သလို အိမ်နီးနားချင်း အသစ်တွေလည်း ရောက်လာခဲ့ကြတယ်။ ကွမ်အထည်ဆိုင် ပိုင်ရှင်က နာမကျန်းလို့ သေဆုံးခဲ့ပြီး အခြား တစ်ယောက်ကို ရောင်းလိုက်လေသည်။
တနူး မိဘများ၏ မျက်နှာများ ပေါ်တွင်လည်း အရေးအကြောင်း အချို့ ရှိလာခဲ့လေပြီ။ သူတို့က ငယ်ရွယ်တုန်း ဆိုသော်လည်း အချိန်၏ တိုက်စားမှုကို မရှောင်လွှဲနိုင်ချေ။
သည်နှစ်နှစ်တွင် အိမ်နီချင်းများက ဝမ်လင်းထံ သူတို့ သမီးများဖြင့် ထိမ်းမြားပေးရန် လာရောက်ကမ်းလှမ်း ခဲ့သော်လည်း ဝမ်လင်းက လက်မခံခဲ့ပေ။
ရှုမိသားစု၏ ဒုတိယမြောက် သားပင် လက်ထပ်ပြီး၍ ကလေး တစ်ယောက်ပင် ရလို့ နေပေပြီ။ ရှုတောက်ကလည်း ဝမ်လင်းထံသို့ ပြန်လာခဲ့ပြီး လေးစားမှု ပြသသည့် အနေဖြင့် ရွှေတုံးတစ်ရာ ပေးခဲ့လေသည်။
အမှန် တကယ်တော့ သည်နှစ်နှစ် အတွင်း ရှုတောက်က ရွှေငွေများစွာ ယူလာပြီး ဝမ်လင်းကို ပေးလေ့ရှိ၏။ ဝမ်လင်းကလည်း ငြင်းဆိုခြင်း မပြုဘဲ လက်ခံခဲ့ပေသည်။
ဆောင်းဦးရာသီ ကုန်၍ ဆောင်းရာသီသို့ပင် ရောက်လာခဲ့ လေပြီ။ နေသာလိုက် နေဝင်လိုက်ဖြင့် အချိန်တွေ ကုန်ဆုံးလို့ သွားနေခဲ့၏။ သည်နှစ်နှစ် အတွင်းတွင် ဝမ်လင်းက မွေးဖွားခြင်းနှင့် သေဆုံးခြင်းများကို တွေ့မြင်ခဲ့ ရသည်။
သည်နှစ်နှစ် အတွင်းတွင်သူက နှစ်ကြိမ်သာ ကျင့်ကြံခြင်း ပြုလုပ်ခဲ့ပေသည်။ သူက သူ့ကျင့်ကြံမှု အဆင့်ကို သိပ်ဂရုစိုက်ခြင်း မပြုဘဲ စစ်ဆေး ကြည့်ရုံလောက်သာ ပြု၏။ အနီရောင် အော်ရာကလည်း အလွှာပါးပါးသာ ကျန်တော့သည်။ နောက်ဆုံးတွင် အနီရောင် ပုတီးစေ့သုံးလုံး အဖြစ်သို့ သိပ်သည်း၍ သိုလှောင်အိတ် ထဲ၌ သိမ်းထားလိုက်၏။
သူ့ထင်မြင်ချက် အရ လေးခုမြောက် ပုတီးစေ့အဖြစ် အနီရောင် အော်ရာကို သိပ်သည်းနိုင်ခဲ့မည် ဆိုလျှင် သည်အရာသည် သူ့ကိုဝန်းရံ နေရာမှ ပျောက်ကွယ်သွားပေ နိုင်လောက်သည်။
ကျင့်ကြံသူ နှစ်ယောက်က သည်နှစ်နှစ် အတွင်း တစ်ကြိမ်ရောက် လာခဲ့သေး၏။ သူတို့က ရွှေတုံးများဖြင့် သစ်သားပန်းပုရုပ် သုံးရုပ်ကို ဝယ်ယူ သွားကြလေသည်။
သည်နှစ်နှစ် အတွင်း ဝမ်လင်းဆိုင်က မြို့အနောက် ဘက်တွင် အတော်အတန် ကျော်ကြားလာခဲ့၏။ လာရောက် ဝယ်ယူသူများစွာ မရှိသေးသော်လည်း ပထမ တစ်နှစ်ထက်တော့ များလာခဲ့ပေသည်။
သို့ရာတွင် ဝမ်လင်းဆိုင်သို့ ပန်းပုလာရောက်သူ အများစုမှာ သေမျိုးများ မဟုတ်ဘဲ ကျင့်ကြံသူများ ဖြစ်ကြ၏။ ဆယ်ရောက်တွင် ခြောက်ယောက်က ကျင့်ကြံသူများ ဖြစ်ကြပေသည်။
ကျင့်ကြံသူများက ပန်းပုရုပ်များကို ရွှေများဖြင့် လာဝယ်ကြပေသည်။ သည်နှစ်နှစ် အတွင်း ဝမ်လင်းက ပန်းပုရုပ်များ အနည်းငယ် ရောင်းချ၍ ရွှေငွေများစွာ စုခဲ့မိပေသည်။
ဝမ်လင်း နှလုံးသာက တည်ငြိမ်စွာ ရှိနေ၏။ သူက သေမျိုးဘဝကို အတွေ့အကြုံ ရချင်ခဲ့သည်။ ဆိုင်ဖွင့်ခြင်းနှင့် ပန်းပုရုပ်များ ရောင်းချခြင်းကလည်း သည်လို အတွေ့အကြုံ ရရန် ဖြစ်သည်။
နှစ်သစ်နှစ်ဦး ဖြစ်နေသဖြင့် မြို့တော်ကလည်း အလွန် သက်ဝင်လှုပ်ရှားလို့ နေသည်။ ဝမ်လင်းက သူ့ဆိုင်ထဲက ထွက်၍ အပြင်တွင် ထိုင်လျက်ရှိသည်။ သူ့မျက်လုံးများက တမ်းတမှုများ ပြည့်နေခဲ့သည်။
သူက မြို့တော်ကို ရောက်နေသည်မှာ သုံးနှစ်မြောက် နှစ်သို့ပင် တိုင်လာခဲ့ပေပြီ။ အချိန်တိုင်း အတွေ့အကြုံတွေက ခြားနား လှသော်လည်း တစ်ခုကတော့ မပြောင်းလဲ ရှိနေသေးသည်။ သည်တစ်ခုက သူ့ကလေး ဘဝဆီသို့ ပြန်တွေးမိတိုင်း ဝမ်းနည်း ပူဆွေးမိခြင်း ဖြစ်သည်။
တနူးက ပန်းပဲရုံထဲမှ မီးရှူးမီးပန်းများ ကိုင်၍ ပျော်ရွှင်စွာ ပြေးလာခဲ့ပေသည်။ ဝမ်လင်းက သည်ကောင်လေး (၁၁) နှစ်အရွယ်မှ (၁၄)နှစ်အရွယ်သို့ ရောက်လာသည်ကို သူ့မျက်စိ ရှေ့တွင်ပင် တွေ့မြင်ခဲ့ ပေသည်။
လွန်ခဲ့သောနှစ်က တနူးသည် သူ့အဖေ၏ ဆန္ဒကို မငြင်းဆန်တော့ဘဲ ပန်းပုပညာရပ်ကို သင်ကြားခဲ့လေ၏။ သို့ရာတွင်သူက အချိန်ရတိုင်း ဝမ်လင်းပန်းပုရုပ် ထွင်းသည်ကို လာရောက် ကြည့်ရှုလေ၏။
တနူးက မကြာခဏ လာရောက်ခြင်း မရှိသော်လည်း ဝိုင်တစ်ဂျား ကတော့ နေ့တိုင်း လာပေးလေသည်။
တနူးက မီးရှူးမီးပန်းများဖြင့် ဆော့နေရင်း ဝမ်လင်းဆီသို့ ပြေးလာပြီး ဘေးနားတွင် လာထိုင်သည်။ သူက ဝမ်လင်းက မျက်လုံး ပင့်ကြည့်၍ ပြောလိုက်၏။
“ဦးလေးဝမ် … ကျွန်တော် အဖေဆီက ကြားတာကတော့ မြို့အရှေ့ဘက်က ဆိုင်ပိုင်ရှင်လုက သူ့သမီးနဲ့ ဦးလေးကို လက်ထပ်ပေးချင် နေတယ်တဲ့။ ဦးလေး ဘာလို့ သဘော မတူတာလဲ။ ကျွန်တော် သူ့ကို တွေ့ဖူးတယ်။ သူက အရမ်း လှတယ်နော် …”
ဝမ်လင်းက ပြုံးလိုက်၏။ သူက တနူးခေါင်းကို ပွတ်၍ ပြောလိုက်သည်။
“ဦးလေးက ဇနီးရှိပြီးသား …”
“အို … တကယ်လား။ ဘာလို့ ကျွန်တော် တစ်ခါမှ ဒီကိုလာတာ မတွေ့ဖူးရတာလဲ …” တနူးက ရုတ်တရက် ထရပ် လိုက်မိသည်။ သူ့မျက်နှာ ပေါ်မှာလည်း တုန်လှုပ်သွား၏။
”သူက ဒီနေရာနဲ့ အဝေးကြီး ကပေါ့။ ဦးလေးကို စောင့်နေတာ။ တစ်နေ့မှာ ဦးလေးက သူ့ကို သွားရှာမှာ …” ဝမ်လင်းက အသံက နူးညံ့လို့နေပြီး သူ့စိတ်ထဲတွင်လည်း အမျိုးသမီး တစ်ယောက်၏အသွင်ကို ပြန်မြင်ယောင်မိ နေသည်။
တနူးက ကျီစယ်သည့် အပြုံးတစ်ခု ပြုံးပြလိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် နားလည်ပြီ။ ဦးလေးဝမ်က မြို့တော်ကို လာပြီး ပိုက်ဆံတွေရှာ၊ ပြီးရင် အိမ်ပြန်ပြီး လက်ထပ်မှာ မလား …”
***