ဝမ်လင်းက စားပွဲပေါ်ရှိ ရွှေတုံး တစ်တုံးကို လှမ်းယူ လိုက်ပြီးနောက် ခြင်းတောင်းငယ် တစ်ခုထဲသို့ ပစ်ထည့်လိုက်သည်။
သူ့မိဘများနှင့် သူချစ်ရသူများ၏ ပန်းပုရုပ်များက လွဲ၍ ကျန်သည့် ပန်းပုရုပ်များကို သူက ဂရုစိုက်ခြင်း မရှိပေ။ သည်ပန်းပု ရုပ်များက သူ့မျက်လုံးထဲတွင် ကိရိယာ တန်ဆာပလာများသာ ဖြစ်သည်။ သည်ကိရိယာများက သူ့စိတ်နှလုံးကို တည်ငြိမ်စေပြီး ကောင်းကင်နှင့် မြေကြီးကို နားလည်ရန် အတွက် အကူအညီပေးသည့် အရာများလည်း ဖြစ်၏။
သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် သို့မဟုတ် သည်အဆင့် စိတ်ဝိညာဉ် သားရဲတစ်ကောင်ကို ပန်းပု ထွင်းနိုင်လျှင် သူ့ကျင့်ကြံမှု အဆင့်ကလည်း ချိုးဖျက် သွားပေလိမ့်မည်။
တနူးက ဆိုင်ထဲမှ ထွက်လာခဲ့၏။ သူက လမ်းလျှောက်နေရင်း သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေသည်။ သိုသော် သူဘာပြောနေ သလဲကို မသိကြပေ။
ဝမ်လင်းက ဝိုင်တစ်ကျိုက် သောက်လိုက်ပြီး သူ့ကိုယ်သူ ပန်းပု ထွင်းခြင်းတွင် စိတ်ပြန်နှစ် လိုက်၏။ သူက ထွင်းထုလို့နေရင်း သစ်သား အစများကို မြေပေါ်သို့ ကျလာသည်နှင့် အတူ သစ်သားတုံးကြီး ကလည်း ပုံပေါ်လာခဲ့၏။ ပန်းပုရုပ်ထံမှလည်း အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ် လာခဲ့သည်။ သို့သော် သည်အော်ရာက ပျံ့နှံ့ခြင်းမရှိဘဲ ပန်းပုရုပ် ထဲတွင်သာ တည်ရှိနေခဲ့၏။
သူက ပန်းပုထွင်းသည့် ဓားဖြင့် တစ်ချက် ထွင်းလိုက်တိုင်း အော်ရာများက ပို၍ အားကောင်း လာခဲ့၏။ တဖြည်းဖြည်းဖြင့် သစ်သားပေါ်တွင် နဂါးအသွင်က ပုံပေါ်လာခဲ့၏။ သို့သော် ဝမ်လင်း၏ ထွင်းချက်များက တုံ့ဆိုင်းဆိုင်း ဖြစ်လာခဲ့သည်။
သူက အနည်းငယ် စဉ်းစားရင်း သက်ပြင်း ချလိုက်သည်။ ပန်းပုထွင်းသည့် ဓားက သူ့လက်ထဲတွင် ရုတ်တရက် ပျောက်သွားခဲ့လေ၏။ ထို့နောက်သူက အပြီးမသတ် ရသေးသည့် သည်ပန်းပုရုပ်ကို သေတ္တာထဲသို့ ပစ်ထည့်လိုက်သည်။ ထိုသေတ္တာထဲတွင် အပြီးမသတ် နိုင်သည့် ပန်းပုရုပ်များစွာ ရှိနေခဲ့သည်။
သေချာ ကြည့်မည်ဆိုလျှင် သည်သေတ္တာ ထဲတွင် လူများစွာနှင့် သားရဲများစွာ၏ မပြီးပြတ်သေးသည့် ပန်းပုရုပ်များကို တွေ့ရမည် ဖြစ်သည်။ ခါးကုန်းကြီးမုံ့၊ ရှေးဟောင်း အင်ပါယာ၊ လိုအင်ခြောက်မျိုး အရှင်နှင့် အခြား အဆင့်မြင့် သားရဲများအပြင် အပျက်အစီး သားရဲကြီးများပင် ပါဝင်လို့ နေသည်။
သည်သစ်သား ပန်းပုရုပ်များက ပုံစံကွဲပြား ကြသော်လည်း တူညီသည့် အချက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နှင့် အထက်များသာ ဖြစ်နေခြင်းပင်။
လွန်ခဲ့သောနှစ်က ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ရှိသည့် သားရဲသို့မဟုတ် လူပုံစံကို ပန်းပုရုပ် ထွင်းထုရန် အကြိမ်များစွာ ကြိုးစား ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။ သူက သည်ပန်းပုရုပ်များကို အပြီးသတ်ရန် ထွင်းထုလိုက်သည်နှင့် ၎င်းတို့က ဖုန်မှုန့် အဖြစ်သို့ ပြောင်းသွားကြသည်။
သူက မျက်လုံးမှိတ်၍ အနည်းငယ် စဉ်းစားလိုက်သည်။ ရုတ်တရက် သူ့ကို ဝန်းရံနေသည့် အနီရောင်အော်ရာက လက်တစ်ဖဝါးစာလောက် ပေါ်လာခဲ့သည်။
ဝမ်လင်းက သည်မကောင်းဆိုးဝါး အနီရောင် အော်ရာကို ပြီးခဲ့သောနှစ်က အကြိမ်များစွာ သိပ်သည်းစေခဲ့၏။ ဝမ်လင်းက သည်ရလဒ် အတွက်လည်း ကျေနပ်ခဲ့ ရသည်။ အမှန်တော့ သူက သည်အော်ရာကို အားဖြင့်ဖိနှိပ် သိပ်သည်းနိုင်ခြင်း မရှိဘဲ သူ့နေထိုင်မှုပုံစံ လုပ်ဆောင်ချက် များကြောင့်သာ သူအလိုလို သိပ်သည်း သွားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဝမ်လင်းက တစ်နှစ်လောက်ဖြင့် သူက သည်အော်ရာကို အကန့်အသတ် တစ်ခု ရောက်အောင် သိပ်သည်းနိုင် လိမ့်မည်ဟု ယုံကြည်ခဲ့၏။ သည်အော်ရာကို ဖယ်ရှား ပစ်ခြင်းက သူ့ကျင့်ကြံမှု အဆင့်ကို တိုးတက် မလာစေနိုင်ပေ။ သို့သော် ဝမ်လင်းက သည်မကောင်းဆိုးဝါး အော်ရာ ပျောက်သွားမည် ဆိုလျှင် အနာဂတ်တွင် သူက နောင်တရမှုကို ခံစားရ လိမ့်မည်ဟု ယုံကြည်လို့ နေ၏။
သည်အရာက ကျင့်ကြံသူ တစ်ယောက်၏ အနာဂတ်တွင် ဖြစ်လာမည့် တစ်ခုခုကို အလိုလို ခံစားမိခြင်းပင်။
ဆိုင်ပြင်ဘက်မှ တနူး၏ အဖေ၏ အသံကို ကြားလိုက်ရသည်။
“အစ်ကိုဝမ် … မင်းညီမကတော့ ဒီနေ့စားကောင်း သောက်ဖွယ်တွေ ချက်ထားတယ်ဟေ့။ ထမင်း လာစားဦး။ ပြီးရင် ငါတို့ ညီကိုတွေ တစ်ခွက်တစ်ဖလား သောက်ကြတာ ပေါ့ကွာ”
ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လိုက်ရာ ရှေးဟောင်း အလင်းတစ်ခုက သူ့ထံမှ ထွက်ပေါ်လာခဲ့၏။ သည်အလင်းက တဖြည်းဖြည်း ပြန်ပျောက်သွားပြီး သာမန်လူ တစ်ယောက်လို ပြန်ဖြစ်သွားသည်။ သူက ဝိုင်ဂျားကို ကိုင်၍ ခြေနှစ်လှမ်းလောက် လျှောက်ပြီးမှ ခြင်းတောင်းထဲက ရွှေတုံး အချို့ကို လှမ်းယူပြီး ဆက်လျှောက် သွားလိုက်သည်။
သည်အချိန်မှာပဲ လူငယ်ရှုက မြင်းလှည်းထဲတွင် ထိုင်လျက် ရှိနေသည်။ သူက လက်ထဲတွင် အထုပ် တစ်ထုပ်ကို ကိုင်ထား၍ နှလုံးတဒိန်းဒိန်း ခုန်နေ၏။ သူ့မျက်လုံးများ ကလည်း စိတ်လှုပ်ရှား မှုများဖြင့် ပြည့်နေခဲ့သည်။
သူက သူ့မိဘအိမ်ဆီ အလည်ပြန် လာရင်း အခုလို သစ်သားပန်းပု အမျိုးအစားကို ထွင်းထုနိုင်သည့် လူကို တွေ့လိုက် ရလိမ့်မည်လို့ မျှော်လင့် ထားမိခြင်း မရှိပေ။ ဘုရင်၏ ဝါသနာ တစ်ခုက သည်လို အရာများကို စုဆောင်းခြင်း ဖြစ်သည်ဟု ပြော၍ ရပေသည်။
ကျောက်နှင့်ဖြစ်ဖြစ်၊ သစ်သားဖြင့် ဖြစ်ဖြစ် ကိစ္စမရှိပေ။ အရည်အသွေး ကောင်းသည့် ပန်းပုရုပ် ဖြစ်လျှင်ကို ဘုရင်က နှစ်သက်ပေ လိမ့်မည်။
မင်းသားကလည်း အလွန် တာဝန်သိတက်သူ တစ်ယောက်ဖြစ်သည်။ သူသာ မင်းသားထံ သည်ပန်းပုရုပ် ယူသွားမည် ဆိုပါက ဆုချီးမြှင့်ခံရ ပေလိမ့်မည်။ သည်လိုတွေးမိရင်း လူငယ်ရှုက စိတ်လှုပ်ရှားသဖြင့် အသက်မနည်း ရှူနေရသည်။
မြင်းလှည်း ဆယ်စီးကျော်ပါသော သည်အုပ်စုက မြို့တော်ကို အလျင်အမြန် ဖြတ်၍ လာ၏။ လူငယ်ရှုက နန်းတော်သို့ အလျင်အမြန် ပြန်ရောက် ချင်နေပြီ ဖြစ်သည်။
အချိန်အတော် ကြာပြီးနောက် မြင်းလှည်းက ရပ်တန့်သွားသည်။ လူငယ်ရှုက မြင်းလှည်းပေါ်က ဆင်း၍ ကသုတ်ကရိုက် နန်းတော်သို့ ပြေးလေတော့သည်။
နန်းတော် အရှေ့ပိုင်း အရောက်တွင် လူငယ်ရှုက သန့်ရှင်း သပ်ရပ်သော အဆောက်အဦကြီး ရှေ့တွင် ရပ်၍ ပြောလိုက်၏။
“မင်းသား … ရှုတောက်က အရေးကြီးကိစ္စနဲ့ မင်းသားကို တွေ့ချင်ပါတယ် …”
ခဏအကြာတွင် ပျင်းရိပျင်းတွဲ အသံတစ်ခုက အဆောက်အဦထဲမှ ထွက်လာခဲ့၏။
“ရှုတောက် … မင်းက မင်းအမျိုးတွေရှိ ပြန်သွားတာ မဟုတ်ဘူးလား။ ဘာလို့အစောကြီး ပြန်လာတာလဲ။ ပြောစရာရှိရင် မနက်ဖြန်မှ ပြောလည်း ရတာကို …”
ရှုတောက်က နန်းတော်ထဲမှ ဆွဲဆောင်မှု ရှိပြီး စိတ်အနည်းငယ် တိုနေသော အသံကို ကြားလိုက်ရသည်။ သူက အနည်းငယ် တုံ့ဆိုင်းသွား၏။ ပုံမှန်ဆိုလျှင် သည်အချိန်က မင်းသားကို နှောင့်ယှက်စရာ မကောင်းသည့် အချိန်ပင်။ သို့သော် သူကိုင်ထားသည့် ပန်းပုရုပ်နှင့် ပတ်သက်၍ ယုံကြည်ချက် ရှိပေသည်။ သူက အံတင်းတင်း ကြိတ်၍ ပြောလိုက်သည်။
“မင်းသား … ကျွန်တော်မှာ တကယ်ကို အရေးကြီး ကိစ္စရှိတယ်။ ကျွန်တော် အိမ်ပြန်သွားတော့ သစ်သားပန်းပုရုပ် တစ်ရုပ်ကို တွေ့ခဲ့တယ်။ ဘုရင်က ဒီပန်းပုရုပ်ကို မြင်ရင် လုံးဝ ပျော်ရွှင် သွားလိမ့်မယ် …”
အဆောက်အဦက တိတ်ဆိတ်လို့ သွား၏။ ခဏအကြာတွင် မကျေမနပ် အသံတစ်ခုက အထဲမှ ထွက်လာခဲ့သည်။
“ဝင်လာခဲ့။ ဒီပန်းပုရုပ်က မင်းပြောသလို မကောင်းဘူးဆိုရင် မင်း ဒီလလစာ အဖြတ်ခံရမယ် …”
ရှုတောက်က နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်ရာ ဧရာမ အိပ်ရာကြီး တစ်ခုကို တွေ့လိုက်ရ၏။ အိပ်ရာ အစွန်းတွင်တော့ ဖျော့တော့တော့ လူငယ်တစ်ယောက် ထိုင်နေ၏။ သူ့မျက်လုံးများ ကလည်း အနည်းငယ် အလိုမကျဟန်ပုံ ပေါ်သည်။
ရှုတောက်က သူပတ်ထားခဲ့သော အင်္ကျီကို ဖယ်လိုက်ရာ နဂါးပန်းပုရုပ် တစ်ရုပ် ပေါ်လာခဲ့တော့၏။
လူငယ်ကို ထိုပန်းပုရုပ်ကို မြင်လျှင် သူ့မျက်လုံးများက ထက်မြလို့ လာသည်။ သူက မတ်တတ် ထရပ်လိုက်ပြီး သစ်သား ပန်းပုရုပ်ဆီ လျှောက်လာလိုက်၏။ သူက သည်ပန်းပုရုပ်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ရှုတောက်က သည်လူငယ်ကို သတိပေးမလို လုပ်လိုက်စဉ်မှာပဲ လူငယ်၏ အောက်သံကို ကြားလိုက်ရသည်။ လူငယ်က သူ့လက်ကို ခါလိုက်ရာ သစ်သား ပန်းပုရုပ်က ပျောက်ကွယ်လို့ သွား၏။ ထို့နောက်သူက ပြောလိုက်၏။
“ကောင်းတယ် … ရှုတောက်။ မင်းတကယ့်ကို ဆောင်ရွက်ခဲ့တာပဲ …”
ထို့သို့ ပြောပြီးနောက် သူက သိုလှောင်အိတ် ထဲကို နှိုက်လိုက်ရာ ခရမ်းရောင် အငွေ့များ ထွက်လာခဲ့သည်။ သည်အငွေ့များ ပျောက်ကွယ် သွားပြီးနောက်မှာ လူငယ်က ခရမ်းရောင် ဝတ်စုံကို ဝတ်စုံကို ဝတ်ဆင်ပြီး ဖြစ်နေ၏။
ခရမ်းရောင် အငွေ့များ ပေါ်လာသည့် အခိုက်တွင် လေပြည်တစ်ချက်က အခန်းထဲတွင် တိုက်ခတ်သွားရာ အိပ်ရာခင်းစက မြင့်တက် သွားခဲ့၏။ ဆွဲဆောင်မှုရှိသော အသံလေး နှစ်သံက အိပ်ရာအောက်မှ ထွက်ပေါ် လာခဲ့၏။ လှပသော ခန္ဓာကိုယ်လေး နှစ်ခုလည်း ပေါ်ထွက် လာခဲ့တော့သည်။
ရှုတောက်ကလည်း ထိုမြင်ကွင်းကို အလိုအလျောက် ကြည့်မိသွားသည်။ သူက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက် ရပြီး ခေါင်းငုံ့ချ လိုက်ပြီး ထပ်မကြည့် ရဲတော့ပေ။
လူငယ်က သေမျိုးတစ်ယောက် မဟုတ်ပေ။ သို့ရာတွင် သူ့ကျင့်ကြံမှု အဆင့်က သိပ်မမြင့်ဘဲ ချီစုဆောင်းမှု အလွှာရှစ်တွင်သာ ရှိသည်။
သူက ရှုတောက်ကို ကြည့်လိုက်ပြီး သူ့အကြည့်ကို သတိပြုမိ လိုက်သည်။ သူက ရယ်မော၍ ပြောလိုက်၏။
“မိုင်ဂျီ။ ထွက်လာခဲ့။ ဒီနေ့ မင်းက ရှုတောက်ကို ပြုစုပေး ရလိမ့်မယ် …”
သာယာသော အသံလေးနှင့် အတူ အိပ်ရာထက်မှ လှပသည့် ပုံရိပ်တစ်ခုက သူတို့ထံ လှမ်းလျှောက်၍ လာတော့သည်။ သူက ဟန်လုပ်၍ လျှောက်လာနေရာ ရှုတောက်က မှင်တက်လို့ နေပြီး တံခါးနားကို နောက်ဆုတ်မိ သွား၏။
လူငယ် မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက အဆောက်အဦထဲမှ လျင်မြန်စွာ ထွက်သွားတော့၏။
လူငယ်က နန်းတော် အလယ်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။ သူက တံခါးအပြင်ဘက် ရောက်သည့်အခါ နန်းတော်ထဲမှ သာယာလှသော ဂီတသံများနှင့် အတူ သူ့အဖေ၏ ရယ်သံကိုပါ ကြားလိုက်ရသည်။
နန်းတော် ရှေ့တွင်တော့ အစောင့်များ စီတန်းလျက် ရှိသည်။ သူတို့က မင်းသားကို မြင်လိုက်သည့်အခါ မြေပေါ်သို့ ဒူးတစ်ဖက် ထောက်ချ လိုက်ကြသည်။ လူငယ်က သူတို့ကို အမြန် ကျော်သွားခဲ့ပြီး မိန်းနန်းဆောင် ထဲသို့ ဝင်သွားခဲ့သည်။
အထဲတွင် ထိုင်ခုံ နှစ်ခုပေါ်တွင် ကျင့်ကြံသူ နှစ်ယောက် ထိုင်လျက် ရှိနေ၏။ ကျင့်ကြံသူ နှစ်ယောက်က မတူညီသော ဝတ်စုံနှစ်ခုကို ဝတ်ဆင်ထားပြီး တစ်ခုက အနက်၊ နောက်တစ်ခုက အစိမ်းပင် ဖြစ်သည်။
အနက်ရောင် အင်္ကျီနှင့် ကျင့်ကြံသူက မျက်လုံး မှိတ်ထားလျက် ရှိသည်။ သူက ဂီတသံနှင့် အကတွင် စိတ်ဝင်စားဟန် မရချေ။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူကတော့ ပြုံး၍နေပြပြီး အဆိုတော်နှင့် အကသမားများ၏ လှုပ်ရှားဟန်များကို ကြည့်ရှုလို့ နေသည်။
မိန်းနန်းဆောင်၏ ထိပ်တွင်တော့ ကြည့်ကောင်းလှသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ထိုင်လျက် ရှိနေသည်။ သူ့အသွင်က အုပ်ချုပ်သူ တစ်ယောက်၏ အသွင် ဖြစ်နေသည်။
လူငယ်က မိန်းနန်းဆောင်ထဲသို့ ဝင်လာသည့်အခါ သက်လတ်ပိုင်း လူကြီးက ရယ်မော၍ ပြောလိုက်သည်။
“မင်းက ဘာလို့ ပန်းရောင် နန်းတော်မှာ ပျော်မွေ့ မနေတာလဲ။ မင်းရဲ့ လူအိုကြီးထံ ဘာလိုများ ရောက်လာ ရတာလဲ …”
လူငယ်က ပထမဦးဆုံး ကျင့်ကြံသူ နှစ်ယောက်ကို လေးစားစွာ နှုတ်ဆက်လိုက်၏။ ထို့နောက်သူက သက်လတ်ပိုင်း လူကြီးကို ပြောလိုက်သည်။
“အဖေ … ကျေးဇူးပြု၍ ဒါကို ကြည့်ကြည့်ပါ …” ထိုသို့ ပြောပြီးနောက် သူက နဂါး ပန်းပုရုပ်ကို ထုတ်ယူပြီး အောက်တွင် ထားလိုက်၏။
ထိုအခိုက်တွင် အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ အကြည့်က ရုတ်တရက် ပန်းပုရုပ်ပေါ်သို့ ကျရောက်သွားသည်။ သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများ ကလည်း လက်ခနဲ ဖြစ်သွားသည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ ကခုန်သီဆို နေသူများက ထိတ်လန့်တကြား အော်၍ ထွက်ပြေး သွားကြတော့သည်။
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက ရုတ်တရက် မတ်တတ် ထရပ်လိုက်ပြီး ပန်းပုရုပ်ဆီ လျှောက်လာခဲ့၏။ သူက ပန်းပုရုပ်ကို ဂရုတစိုက် ကြည့်လိုက်ပြီးနောက် အသက်ဝဝ ရှူကာ ပြောလိုက်သည်။
“ဒါ … ဒါက …” သူက စိတ်ထဲတွင် တစ်ခုခု ခန့်မှန်းမိ သွား၏။ သို့သော် ထိုအရာမှာ မသေချာပေ။
အနက်ရောင် အင်္ကျီနှင့် လူကြီးကလည်း မျက်လုံးမှိတ် နေရာမှ ပြန်ဖွင့် လာခဲ့၏။ သူက ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“ဒါက သစ်သား ပန်းပုရုပ် တစ်ခုပါ …”
အစိမ်းရောင် အင်္ကျီနှင့် လူကြီးက သူ့ရှေ့ရှိ သစ်သား ပန်းပုရုပ်ကို ကြည့်ရင်း မှင်တက် နေမိသည်။ ထို့နောက်သူက အားတင်းပြုံး၍ ပြောလိုက်သည်။
“စီနီယာအစ်ကို … ငါက သစ်သား ပန်းပုရုပ်မှန်း သိပါတယ်။ ငါပြောချင်တာက ဘယ်လို ထွင်းထုထားလည်း ဆိုတာပါ …”
အမည်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။
“ငါဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး …”
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက ပြုံး၍ ပြောလိုက်သည်။ သူက စီနီယာ၏ ထူးခြားမှုနှင့် အသားကျပြီး ဖြစ်သည်။
သက်လတ်ပိုင်း လူကြီးက သစ်သား ပန်းပုရုပ်ကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“အစ်ကို အင်မော်တယ် နှစ်ယောက်။ ဒီ သစ်သား ပန်းပုရုပ်က တစ်ခုခု ထူးခြားနေလို့လား …”
အစိမ်းရောင် ဝတ်စုံနှင့် လူကြီးက ပန်းပုရုပ်ကို ထွင်းထုထားသည့် သစ်သား ထွင်းရာများကို ကြည့်လိုက်သည်။ သူက ရုတ်တရက် ရှေးဟောင်း အော်ရာများကို ခံစားလိုက် ရသည်။ သည်အော်ရာက အလွန် အားကောင်းလှပြီး သူ့ကိုပင် တုန်လှုပ် သွားစေ၏။ သူ့အခြေခံ တည်ဆောက်ခြင်း အလယ်အလတ် အဆင့်နှင့်ပင် သူက ကြောက်ရွံ့မှုကို ခံစားလိုက် ရသည်။ သူက ပန်းပုရုပ်ကို အလျင်အမြန် လွှတ်ချလိုက်သည်။
သူ့စီနီယာ အစ်ကိုက သူ့အင်္ကျီလက်ကို ယမ်းလိုက်ရာ ပန်းပုရုပ်က သူ့လက်ထဲသို့ ပျံသန်း သွားခဲ့သည်။ သည်ကျင့်ကြံသူ၏ မျက်နှာက ဖျော့တော့သွားပြီး သူ့အမြုတေပင် မတည်မငြိမ် ဖြစ်သွားရသည်။ သူက အမြုတေ တုန်ခါမှုကို ပြန်၍ တည်ငြိမ်အောင် အချိန်မနည်း ယူလိုက်ရ၏။
ကျင့်ကြံမှု ပိုမြင့်လေလေ ဝမ်လင်း၏ သစ်သား ပန်းပုရုပ်ထံမှ အကျိုး သက်ရောက်မှုက ပို၍ များလေ ဖြစ်သည်။ သို့သော် သေမျိုးတစ်ယောက် ဖြစ်နေရင်တော့ အကျိုး သက်ရောက်မှု နည်းသွားလေ၏။
အမည်းရောင် ဝတ်စုံနှင့် လူကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒီဟာက သာမန် ပန်းပုရုပ် တစ်ရုပ် မဟုတ်ဘူး။ ဒီနဂါး ပန်းပုရုပ်က ငါတို့ ကလန်ရဲ့ ရှေးဟောင်း မှတ်တမ်းတွေ ထဲမှာ ပါတဲ့ နဂါးနဲ့ အတိအကျ တူနေတယ် …”
အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက ထူးဆန်းသည့်ဟန်ဖြင့် ပြောလိုက်သည်။
“စီနီယာ အစ်ကို။ မင်းခုနကတုန်း ကတော့ ဒါကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူးလို့ ပြောခဲ့တယ်လေ။ အခုတော့ နဂါးနဲ့ တူတယ်လို့ ပြောနေပြန်ပြီ …”
အမည်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက သူ့ဂျူနီယာကို ဒေါသတကြီး ကြည့်၍ ပြောလိုက်သည်။
“ဂျူနီယာ … မင်းရဲ့ ကျင့်ကြံမှု အဆင့် ဘာလို့ မချိုးဖျက်နိုင် သလဲကို သိပြီ …”
အစိမ်းရောင် အင်္ကျီနှင့် လူကြီး၏ မျက်နှာက ရှုံ့တွသွား၏။ သူက ဘာမှ ပြန်ပြောခြင်းတော့ မရှိပေ။
အမည်းရောင် အင်္ကျီနှင့် လူကြီးက သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ငါက ဒီသားရဲကို တစ်ခါမျှ မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့ ဒါကိုဘာလဲလို့ မသတ်နိုင်ဘူး လို့တော့ ငါတစ်ခါမှ မပြောခဲ့ဖူးဘူး …”
အစိမ်းရောင် အင်္ကျီနှင့်လူကြီး၏ တာအိုနှလုံးသားက လုံလောက်အောင် သန်မာခြင်း မရှိသေးသဖြင့် ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်ရသည်။ အချိန်အတော် ကြာပြီးမှ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နိုင်ခဲ့၏။ သူက မရယ်ချင်ရယ်ချင် ရယ်လိုက်သည်။ သူက သူ့စီနီယာ အစ်ကိုနှင့် ယှဉ်လို့ မရနိုင်ဟု ခံစားလိုက် ရ၏။
***