ဝမ်လင်က အခုလို သတ်ဖြတ်ခြင်းများ မရှိသောဘဝတွင် သူ့စိတ်ဝိညာဉ်က သန့်ရှင်းနေ သလို ခံစားရ၏။
သူက နှစ်ပေါင်း လေးရာကျော် သတ်ဖြတ်ခဲ့သော ကျင့်ကြံသူ တစ်ယောက်ဖြစ်သည့် သူပုံရိပ်ကိုပင် သူမေ့နေခဲ့သည်။ သူက သေမျိုးကမ္ဘာနှင့် နေသား ကျနေခဲ့ပြီး သေမျိုး ဘဝများ၏ ချိုမြိန်မှုများကို ကြုံတွေ့လို့ နေရ၏။
မနက်တိုင်း ဝမ်လင်းက အိပ်ရာ ထသည်နှင့် ဆိုင်တံခါးကို အရင် ဖွင့်ပြီးနောက် ပန်းပုရုပ် ထွင်းလေ့ရှိသည်။ သူ့ဆိုင်က မရေမတွက်နိုင်သော ပန်းပုရုပ်များဖြင့် ပြည့်လို့ နေခဲ့၏။
အိမ်နီးနားချင်း ဆိုင်များကလည်း ဝမ်လင်းဆိုင်ကို သိရှိနေကြပြီ ဖြစ်သည်။ လူတိုင်းက သည်အေးအေးဆေးဆေး ရည်ရည်မွန်မွန် ရှိသည့် လူငယ်လေးအပေါ် ကောင်းမွန်သော ခံစားချက်များလည်း ရှိကြသည်။
အချိန်ကြာလာ သည်နှင့်အမျှ ဝမ်လင်းထံတွင် ဖောက်သည်များ ရှိလာခဲ့သည်။ သူတို့က သည်ပန်းပု ရုပ်များပေါ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို မမြင်တွေ့နိုင် ကြသော်လည်း အနုစိတ် ရှိလှသည် ကိုတော့ သိမြင်ကြ ပေသည်။ ဝမ်လင်းဆိုင်လေးက သည်နား ဧရိယာတွင် တဖြည်းဖြည်း လူသိများ လာခဲ့၏။
မျက်စိတစ်မှိတ် အတွင်း အချိန်က တစ်နှစ်ကုန် သွားခဲ့ပေပြီ။ သည်တစ်နှစ်လုံး ဝမ်လင်းက ဟိုအဘိုးအိုကို လုံးဝ ထပ်မတွေ့ခဲ့ ရပေ။ သူက အဘိုးအိုကြောင်း တစ်ခါတစ်ရံ တွေးမိသော်လည်း သည်အတွေးများ ကလည်း တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ် လာခဲ့ပြီ ဖြစ်၏။
သူက ပန်းပုရုပ် ထွင်းထုခြင်းတွင်သာ အာရုံနှစ်မြှုပ် ထားပြီး ပျောက်ဆုံးတာ ကြာနေခဲ့ပြီ ဖြစ်သည့် ပျော်ရွှင် နှစ်သက်မှုကို ပြန်ရှာဖွေ နေခဲ့လေသည်။
ဝမ်လင်းဆိုင်တွင် အများဆုံးရှိသည့် ပန်းပုရုပ်များက သားရဲပုံပန်းပု ရုပ်များပင် ဖြစ်သည်။ သည်သားရဲများ အားလုံးကို သေမျိုးများက လုံးဝ မမြင်ဖူးကြပေ။
တကယ်တော့ ကျင့်ကြံသူများ ဆိုရင်ပင် သည်သားရဲများကို ရေးတေးတေးသာ သိနိုင်ပေ လိမ့်မည်။ တကယ်တော့ သည်နေရာက နတ်ဆိုး ပင်လယ်ဖြင့် အလွန် ဝေးလှသည့် နေရာတစ်ခု ဖြစ်နေခဲ့၏။ သည်ကမ္ဘာကြီးတွင် မျိုးစုံလှသော သားရဲများစွာ ရှိနေပေသည်။ ထို့ကြောင့်လည်း လူတစ်ယောက် အတွက် သားရဲ အကုန်လုံးကို သိရန် မဖြစ်နိုင်ပေ။
ထိုအခိုက်တွင် ဝမ်လင်းက လက်ထဲ၌ သစ်သား အပိုင်းအစ တစ်ခုကို ကိုင်ထားလျက် ရှိ၏။ သူက သူ့လက်ကို လှုပ်ရှားနေရင်း လိပ်သားရဲပုံက တဖြည်းဖြည်း ပေါ်လာခဲ့သည်။
သူ့လက်ထဲရှိ လိပ်သားရဲ ပန်းပုရုပ်ကို ကြည့်ရင်း ပန်းပုရုပ် ထွင်းသည့်ဓားကို ချထားလိုက်ပြီး ဝိုင်တစ်ဂျားကို ကောက်ယူလိုက်၏။ သူက ဝိုင်သောက်မလို လုပ်လိုက်ပြီးမှ ကုန်သွားပြီ ဖြစ်ကြောင်း သဘောပေါက် လိုက်သည်။
သည်လို အချိန်တွင် တနူးက သစ်သား ပန်းပုရုပ်ကို ထွင်းနေသည်ကို လာကြည့်လေ့ ရှိပြီး ဝိုင်တစ်ဂျား ယူလာလေ့ ရှိ၏။
တနူးက တစ်နှစ်တာ အချိန်လေး အတွင်းမှာ ခေါင်းတစ်လုံး စာလောက်ပို မြင့်လာခဲ့၏။ သည်ကောင်လေးက (၁၂)နှစ်သာ ရှိသေးသော်လည်း အလွန် အရပ်ရှည်နေခဲ့ပြီ ဖြစ်သည်။
သူ့ခန္ဓာကိုယ် ကလည်း လွန်ခဲ့သော တစ်နှစ်ကထက် ပို၍ သန်မာ လာခဲ့သည်။
သူက ဆိုင်ထဲဝင် လာပြီးနောက် ဝမ်လင်း ဘေးနားမှာ မပျော်မရွှင် ဖြစ်ဟန်နှင့် ထိုင်၍ ပြောလိုက်သည်။
“ဦးလေးဝမ် … ဦးလေး ကျွန်တော် အိမ်သွားပြီး အဖေ့ကို ပြောပေးဦး။ သူက ကျွန်တော်ကို အမြဲတမ်း ပန်းပဲပညာပဲ သင်ခိုင်းနေတယ်။ ကျွန်တော်မှ မသင်ချင်တာ။ တကယ်တော့ ကျွန်တော်က ဦးလေးရှိက ပန်းပုပညာ သင်ချင်တာ …” ထိုသို့ ပြောပြီးနောက် သူက ဝိုင်တစ်ဂျားကို ဝမ်လင်းအနားသို့ ပို့လိုက်၏။ သူက ဝမ်လင်းလက်ထဲရှိ အစမသပ် ရသေးသည့် ပန်းပုရုပ်ကို စူးစိုက်ကြည့် နေရင်း မျက်လုံးများ ကျဉ်းမြောင်းလို့ သွားသည်။
ဝမ်လင်းက ရယ်မော၍ သစ်သီးဝိုင်ကို ဂွက်ခနဲ သောက်ချလိုက်သည်။ သည်သစ်သီးဝိုင်က ချိုမွှေးပြီး ပူထူထူလေး ရှိ၏။ သည်ဝိုင်က လွန်ခဲ့သော တစ်နှစ်ကတည်းက ဝမ်လင်း၏ မရှိမဖြစ် အရာတစ်ခု ဖြစ်လာခဲ့သည်။
တနူးက ပန်းပုရုပ်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည်။
“ဦးလေးဝမ် … ဘယ်တိရစ္ဆာန်ကို ထွင်းထု နေတာလဲ။ ဒီကောင်က ဘာလို့ လိပ်နဲ့တူ နေရတာလဲ …”
ဝမ်လင်းက တနူး၏ခေါင်းကို ပွတ်သပ်၍ ပြောလိုက်သည်။
“ဒါက လိပ်မဟုတ်ဘူး။ ဒါက ကျောင်းဂူလို့ ခေါ်ပြီး လိပ်နဲ့တူပေမဲ့ လိပ်ထက် အများကြီး စွမ်းအားကြီးတယ် …”
တနူးက မရေမရာ ခေါင်းညိတ်ပြ လိုက်သည်။ သည်နှစ်တွင် သူက ဝမ်လင်းဆိုင်တွင် တိရစ္ဆာန်မျိုးစုံကို တွေ့မြင့်ခဲ့ရ၏။ သို့သော် သူမမြင်ဖူးခဲ့သည့် အကောင်များသာ ဖြစ်နေခဲ့သည်။
ဝမ်လင်းက ပန်းပုထွင်းသည့် ဓားကို ကိုင်လိုက်ပြီး တစ်ချက်ချင်း ထွင်းထုလို့ နေသည်။ သည်လိပ်နှင့် တူသည့်သားရဲက နတ်ဆိုး ပင်လယ်တွင် ရှားပါးသော အလယ်အဆင့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်သည်။ သည်သားရဲကောင် ဒေါသ ထွက်လာလျှင် သာမန် ကျင့်ကြံသူများက သူ့ခွန်အားကို ခုခံနိုင်ခြင်း မရှိကြပေ။
သို့သော် ဝမ်လင်းကတော့ သည်လိုသားရဲ များစွာကို သတ်ပစ်ခဲ့ပြီး သူတို့၏ အမြုတေများကို ဝါးမျို ခဲ့ဖူးပေသည်။ ထို့ကြောင့် သည်သားရဲ၏ ပုံစံက ဝမ်လင်း စိတ်ထဲတွင် ထင်ပေါ်နေခဲ့ပြီး သူ့လက်က တစ်ချက်လေးတောင် မရပ်ဘဲ ထွင်းထုလို့ နေခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် သားရဲကောင်က အသက်ဝင် လှသည့် ပန်းပုရုပ် တစ်ရုပ် ဖြစ်လာခဲ့သည်။
သည်ပန်းပုရုပ် သားရဲက ကောင်းကင်ကို မော့ကြည့် နေသည့်ဟန် ရှိသည်။ သူ့မျက်လုံးများ ထဲတွင်လည်း ခံပြင်း ကြောက်ရွံ့ဟန်များ ပေါ်နေခဲ့သည်။ ၎င်းသားရဲထံမှ မမြင်ရသော အော်ရာများ ပျံ့နှံ့နေသည်ကို သေမျိုးများက မသိရှိနိုင်ပေ။
သို့သော် သည်ပျံ့နှံ့နေသည့် အော်ရာက ဝမ်လင်း ထိလိုက်သည်နှင့် ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီးနောက် သည်ပန်းပုရုပ်ကို စင်ပေါ်သို့ တင်ထားလိုက်သည်။ သည်တစ်နှစ် အတွင်း သူက အလယ်အလတ် စိတ်ဝိညာဉ် သားရဲများကိုသာ ထွင်းထုနိုင်ခဲ့ လေသည်။ အဆင့်မြင့် သားရဲများကတော့ သူမည်မျှ ကြိုးစားကြိုးစား ပြည့်ပြည့်စုံစုံ ထွင်းထုနိုင်ခြင်း မရှိပေ။
သူက အဆင့်မြင့် သားရဲများကို ထွင်းထုရန် ကြိုးစားသည့် အခါတိုင်း သူက နောက်ဆုံး ထွင်းချက်များတွင် ထိန်းချုပ်နိုင်ခြင်း မပြုဘဲ ပန်းပုရုပ်က ကွဲကြေ သွားရ၏။
ဝမ်လင်းက သည်လို ဖြစ်ရသည်မှာ သူ့ကျင့်ကြံမှု အဆင့်က လုံလောက်အောင် မမြင့်သောကြောင့် ဖြစ်မည်ကို သိပေသည်။ တကယ်တော့ အဆင့်မြင့် သားရဲများက လူသား ကျင့်ကြံသူများ၏ အဆင့်ဖြင့် ဆိုလျှင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ပင် ဖြစ်သည်။
တနူး၏ မျက်လုံးထဲ၌ စိတ်ဝင်စားဟန်များ ပေါ်နေခဲ့၏။ ပြီးခဲ့သော နှစ်ကတည်းက သူက ဝမ်လင်းပန်းပု ထွင်းသည်ကို နေ့တိုင်းလာရောက် ကြည့်ရှုလေ့ရှိ၏။ သူက ထိုအရာကို တဖြည်းဖြည်းဖြင့် စွဲလမ်းလို့ လာသည်။
ပြီးခဲ့သော နှစ်တွင် သူက သူ့ဘာသာသူ ကြိုးစား၍ ပန်းပုထွင်းကြည့်လေ့ ရှိသည်။ သို့သော် သူမည်မျှ ကြိုးစား ထွင်းထုသည်ဖြစ်စေ အောင်မြင်မှု မရခဲ့ပေ။ အခုသူက ဝမ်လင်းက ပန်းပုရုပ် တစ်ရုပ်ကို လွယ်ကူစွာ ထွင်းထု ပြီးသည်ကို တွေ့လိုက်ရသည့် အခါ ဝမ်လင်းကို ပန်းပုထွင်းခြင်းနှင့် ပတ်သက်၍ မမေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက သူ့ခေါင်းမော့၍ ကောင်လေးကို ပြောလိုက်သည်။
“ပန်းပု ထွင်းခြင်းက နားလည် သဘောပေါက်ဖို့ လိုတယ်။ မင်း သင်ချင်တယ် ဆိုရင် မင်းငါထွင်းထာကို နှစ်ခြောက်ဆယ်လောက် ဘေးကနေ ကြည့်ရှုဖို့ လိုတယ်။ နှစ်ခြောက်ဆယ် ပြီးသွားရင် မင်းကိုယ်တိုင် ပန်းပုထွင်းနိုင် သွားလိမ့်မယ် …”
တနူးက လျှာခေါက်၍ မေးလိုက်သည်။
“နှစ်ခြောက်ဆယ် … ဒါပေမဲ့ ကျွန်တော် မြို့တောင်ဘက်မှာ လက်သမား ပန်းပုဆရာ တစ်ယောက်ကို တွေ့ဖူးတယ်။ သူက အသက် လေးဆယ်လောက်ပဲ ရှိတယ်။ ဒါပေမဲ့ သူ့ပန်းပုရုပ်တွေက အတော်လေး ကြည့်ကောင်းတယ် …”
ဝမ်လင်းက ဝိုင်တစ်ငုံ သောက်ပြီးနောက် ပြန်ပြောလိုက်သည်။
“ငါက သူနဲ့ မတူဘူး …”
တနူးက စိတ်ရှုပ်ထွေး သွားဟန် ရသည်။ သူက သည်စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်ခြင်း မရှိပေ။
ထိုအခိုက်တွင် အပြင်ဘက်မှ ဆူဆူညံညံ အသံများကို ကြားလိုက်ရ၏။ တနူးက အပြင်သို့ ပြေးထွက်သွား လိုက်သည်။ သိပ်မကြာခင်မှာ သူက သူ့ခေါင်းကိုပုတ်၍ ပြောလိုက်သည်။
“ဦးလေးဝမ် … ရှုမိသားရဲ့ အကြီးဆုံးသား ပြန်လာတာ။ သူ့နောက်မှာလည်း မြင်းလှည်း ဆယ်စီးလောက်နဲ့ လူတွေ အများကြီး ပါလာတယ်။ သူက အရမ်း မိုက်တာပဲ …”
ထိုသို့ ပြောပြီးနောက် သူက ဆိုင်ပြင်သို့ ထပ်မံ ပြေးထွက် သွားပြန်သည်။
ဝမ်လင်းက စိတ်မရှိပေ။ သူက နောက်ထပ် သစ်သား အပိုင်းအစ တစ်ခုကို ကောက်ယူလိုက်ပြီး ရှေးဟောင်း နတ်ဘုရား နယ်မြေ၏ မြင်ကွင်းများကို ပြန်ဖော်လိုက်သည်။ သူ့စိတ်ထဲတွင် အပျက်အစီး သားရဲကြီး၏ အသွင်က ပုံပေါ်လာခဲ့သည်။ သူကအနည်းငယ် တုံ့ဆိုင်းသွားပြီး နောက်မှာတော့ ထပ်မံ၍ ပန်းပုထွင်းထု ပြန်သည်။
အချိန်က တဖြည်းဖြည်း ကုန်လာခဲ့လေပြီ။ တစ်နာရီကျော် ကြာပြီးနောက် တစ်ယောက်ယောက်က ဆိုင်တံခါးကို ဖွင့်လိုက်သည်။ တနူးက ပျော်ရွှင်စွာ ဆိုင်ထဲဝင် လာခဲ့သည်။ သူ့နောက်မှာတော့ ကြံ့ခိုင်သော လူငယ်တစ်ယောက် ပါလာခဲ့၏။ လူငယ်က ပန်းပုရုပ်များကို ဝေ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
တနူးက ဝမ်လင်းအနားသို့ ခပ်မြန်မြန် လျှောက်လာခဲ့သည်။ သူက ခပ်တိုးတိုး ဝမ်လင်းကို ပြောလိုက်သည်။
“ပန်းပုရုပ်တွေကို စျေးအများကြီးနဲ့ မရောင်းပါနဲ့ …”
ထိုသို့ ပြောပြီးနောက် သူက နောက်သို့ ပြန်လှည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“မာစတာရှု … ကျွန်တော် မာစတာကို ပြောခဲ့တဲ့ ဆိုင်လေ။ ဒီပန်းပုရုပ်တွေကို ကြည့်လိုက်ပါ။ ပန်းပုဆရာ ကျောက်ရဲ့ ပန်းပုရုပ်တွေထက် နည်းနည်းလေးတောင် နိမ့်မကျ နေဘူးနော်။ နည်းနည်း ဝယ်သွားရင် ဘယ်လိုလဲ …”
ဝမ်လင်းက ပြုံးလိုက်သည်။ သည်ကောင်လေးက ဝမ်လင်းတွင် ပြီးခဲ့သော နှစ်က ဖောက်သည်များစွာ မရှိကြောင်း သိပေသည်။ ထို့ကြောင့် ချမ်းသာသည့် လူတစ်ယောက် ရောက်လာသည့် အခါ သူက သည်လူချမ်းသာကို သူ့ဆိုင်သို့ ခေါ်လာခဲ့ခြင်းပင်။
ရှုဟုခေါ်သည့် လူငယ်က ဆိုင်ကို ဝှေ့ကြည့်လိုက်ပြီး သူ့မျက်လုံးများက ပို၍ တောက်ပလာသည်။ သူက အရှင်သခင်နန်၏ သားဖြစ်သူ၏ လူယုံဖြစ်လာ ကတည်းက ပန်းပုရုပ်များစွာ မြင်ဖူးခဲ့ပေသည်။ သူက တစ်ချက်ကြည့် လိုက်ရုံဖြင့် ကျော်ကြားသည့် ပန်းပုဆရာ ကျောက်၏ ပန်းပုရုပ်များထက် သည်ပန်းပုရုပ်များက အရည်အသွေး ပိုကောင်းကြောင်း သိလေသည်။
ပန်းပု ဆရာကျောက်၏ ပန်းပုရုပ်များက သက်ရှိ တစ်ယောက်နှင့် ဆင်တူလှ၏။ သို့သော် တစ်ခုခု လိုအပ်ချက် ရှိနေတုန်းပင်။ သူက အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ထိုလိုအပ်ချက်ကို သိလိုက်သည်။ ကျောက်၏ ပန်းပုရုပ်များတွင် အသက်ဝင်ခြင်း ပျောက်ရှ နေခြင်းပင်။ တစ်ခုက အစစ်နှင့်တူပြီး တစ်ခုကတော့ အသက် ဝင်လွန်းလှ၏။
ပန်းပုရုပ် တစ်ခုတွင် အစစ်နှင့် တူခြင်းနှင့် အသက် ဝင်ခြင်းတို့က စကားတစ်လုံးသာ မတူညီသော်လည်း ကွာခြားချက် ကတော့ အများကြီး ရှိ၏။
လူငယ်ရှု၏ မျက်လုံးများ တောက်ပနေပြီး သူက ပန်းပုရုပ် တစ်ရုပ်ကို ကောက်ယူကြည့် လိုက်သည်။ သည်ပန်းပုရုပက် လွန်ခဲ့သောနှစ်က ဝမ်လင်း ထွင်းထုခဲ့သော နဂါးပန်းပုရုပ် ဖြစ်သည်။
နဂါးက ခွေလျက် ရှိနေပြီး သူ့ ဦးခေါင်က ကောင်းကင်ကို မျက်နှာချင်း ဆိုင်ထားသည်။ သူ့ကြေးခွံများ ကလည်း ချွန်မြလျက် ရှိသည်။ လူငယ်ရှုက သူ့လက်ထဲ ကိုင်ထားသော ပန်းပုရုပ်ကို ကြည့်၍ တုန်လှုပ်သွားသည်။ သူက သည်အရာက အသက် ဝင်နေသလို ခံစားနေရသည်။ သူက ထိတ်လန့်သွားပြီး လက်ထဲက ပန်းပုရုပ်က အောက်သို့ ပြုတ်ကျ သွားတော့သည်။
တနူးက လူငယ်၏ ပုံစံကို သိမြင်ပြီး ဖြစ်သည်။ သူက တစ်စုံတစ်ယောက်က ဝမ်လင်း၏ ပန်းပုရုပ်များကို ထိလိုက်သည်နှင့် သူတို့က ထူးဆန်း အံ့အားသင့်မှု တစ်ခုကို ခံစားရသည် ကိုလည်း သိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် တနူးက သူကိုယ်တိုင်တော့ ပန်းပုရုပ်များကို ကြည့်ပဲကြည့်ပြီး ထိတွေ့ခဲ့လေသည်။
လူငယ်ရှု၏ မျက်နှာက နီရဲသွားပြီး သူက မေးလိုက်သည်။
“မာစတာဝမ် … ဒီ တိရစ္ဆာန်က ဘယ်လို အမျိုးအစားလဲ။ ဘာလို့ ဒီကောင်က မြွေနဲ့ဆင်တူ နေရတာလဲ …”
ဝမ်လင်း ပြန်မဖြေခင် တနူးက သူ့ရင်ဘက်ကို ပုတ်၍ ပြောလိုက်သည်။
“ဒါက နဂါးလို့ ခေါ်တယ်။ မာစတာ နဂါးကို သိလား။ ဒီသတ္တဝါက အင်မော်တယ် အသွင် ရှိတယ်လေ …”
“နဂါး …” လူငယ်ရှုက ထိုနာမည်ကို မှတ်မိသွားပြီး သူက ထပ်မေးလိုက်သည်။
“ဒီနဂါး ပန်းပုရုပ်ကို ဘယ်လောက်နဲ့ ရောင်းနိုင်မလဲ မာစတာဝမ် …”
ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။
“ရွှေတုံးဆယ်တုံး …”
တနူးက ထိုစျေးနှုန်းကို ကြားလိုက်သည့် အခိုက် သူက တိတ်တဆိတ် သက်ပြင်းချ လိုက်သည်။ သည်စျေးက မများလွန်းဘူးလား။ လွန်ခဲ့သော နှစ်က လူအချို့သည် သည်ဆိုင်ကို လာပြီး ပန်းပုရုပ်များ လာဝယ်ခဲ့ကြ ဖူးသည်။ သို့သော် သူတို့က မြင့်မားသော စျေးနှုန်းကို ကြားလိုက်ပြီးနောက် ခေါင်းခါ၍ ပြန်လှည့်ထွက် သွားခဲ့ကြသည်။
သို့သော် သူက လူငယ်ကရှုက မျက်မှောင်ကြုတ် လိုက်ပြီး ရွှေတုံးဆယ်တုံးကို စားပွဲပေါ် တင်လိုက်သည်။ လူငယ်က သူ့အပေါ်အင်္ကျီကို ချွတ်၍ နဂါးပန်းပုရုပ်ကို ပတ်ထားလိုက်ပြီး အလျင်အမြန် ပြန်ထွက်သွား၏။
တနူးက စားပွဲပေါ်ရှိ ရွှေတုံး ဆယ်တုံးကို ကြည့်ရင်း မှင်တက်သွားသည်။ သူ့မျက်လုံးက တောက်ပသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“မယုံနိုင်စရာပဲ။ သစ်သားပန်းပုရုပ် တစ်ရုပ်က ရွှေတုံး ဆယ်တုံးနဲ့ ရောင်းရတယ်။ ငါ့အဖေဆိုရင် ရွှေတုံးတစ်တုံး ရဖို့အတွက် တစ်လလုံး အလုပ် လုပ်ရတယ် …”
သူက သူ့ကိုယ်သူ ပြောပြီးနောက် သူက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူက သည်ပန်းပုရုပ် နည်းပညာကို သင်ရမှာ နှစ်ခြောက်ဆယ် ထဲသာ ဖြစ်သည်။ သူသာကျွမ်းကျင် သွားမည် ဆိုရင်တော့ ကျန်သည့်ဘဝ တစ်ခုလုံးကို ပိုက်ဆံအတွက် လုံးဝ စိုးရိမ်စရာ မရှိတော့ပေ။
လူငယ်ရှုက ဆိုင်ထဲမှ ထွက်လာခဲ့ပြီး သူ့အိမ်ကို ပြန်ပြီး မိဘများကို နှုတ်ဆက်လိုက်သည်။ သူက မိဘတွေ ပြင်ဆင်ပေး ထားသည့် ညစာကိုပင် မစားတော့ပဲ သူ့လူတွေကို ခေါ်၍ မြို့အရှေ့ဘက်ရှိ နန်နန်းတော်သို့ ကသုတ်ကရိုက် ပြန်သွားတော့သည်။
***
🐉🐉