Switch Mode

အပိုင်း( ၂၉၇)

ရတနာ

ဝမ်လင်း ငှားခဲ့သောဆိုင်က မိန်းလမ်းမပေါ်တွင် မဟုတ်ပေဘဲ လမ်းဘေးနားတွင်သာ ဖြစ်၏။ တစ်ယောက်ယောက်က သေချာ မကြည့်ဘူးဆိုပါက ရှာတွေ့ရန် မလွယ်ချေ။ သို့သော် ဝမ်လင်းက ထိုအရာကို စိတ်ထဲမထားပေ။ တစ်ညတာ လေ့ကျင့်ကြီးနောက် သူ့ကို ဝန်းရံထားသော အနီရောင်အော်ရာက ပို၍ သိပ်သည်းလာ၏။

မနက်ခင်း ရောက်လာသည့်အခါ ဝမ်လင်းက ဆိုင်တံခါးကို ဖွင့်လိုက်သည်။ သေမျိုးတစ်ယောက်လို သူက ဆိုင်ကို သန့်ရှင်းရေး လုပ်လိုက်၏။ ထို့နောက်သူက ဆိုင်မှ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

သူ ပြန်ရောက်လာသည့် အခါမှာတော့ သိုလှောင်အိတ်ထဲတွင် အမြစ်မှ ဆွဲနုတ်လာသော အတော်လေး ကြီးသည့် အပင်များ ပါလာခဲ့သည်။

သူက အပင်၏ အကိုင်းအခက်များကို ခုတ်ထွင် ရှင်းလင်းလိုက်ပြီး သစ်သားတုံးများ အဖြစ်သို့ အသွင်ပြောင်းလိုက်၏။ ဝမ်လင်းက သူကလေးဘဝကို ပြန်တွေးလိုက်ပြီး သူအဖေသင်ပေးခဲ့သော သစ်သားကို ဘယ်လို ထွင်းထုရသည်ကို ပြန်စဉ်းစားလိုက်၏။ သည်မှတ်ဉာဏ်များက တဖြည်းဖြည်း သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဝမ်လင်းက အချိန်အတော်ကြာ စဉ်းစားလိုက်သည်။ သူက လုံးပတ် သစ်သားတုံးကြီးကို သစ်သားတုံးလေး ဆယ်တုံးများ အဖြစ်သို့ ခုတ်ထွင်းလေသည်။

တဖြည်းဖြည်း သစ်သားကို ထွင်းထုနေရင်း သူက လွန်ခဲ့သော နှစ်လေးရာကို ပြန်၍ အာရုံဝင်စား သွား၏။ သူက သစ်သားကို ထုထွင်းနေရင်း သူနေခဲ့သည့် ရွာကလေးရှိ ကလေးဘဝကို ပြန်၍ သတိရနေခဲ့သည်။

ထိုအခိုက်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက စတင်လှုပ်ရှား လာခဲ့သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ညသို့ ရောက်လာသည့်အခါ ဝမ်လင်းက အသိတရား ပြန်ရလာသည်။ သူက သူ့လက်ထဲရှိ သစ်သားတုံးကို ထွင်းထုထားသော ပန်းပုရုပ်ကို ကြည့်လိုက်သည်။ ထိုပန်းပုရုပ်က သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ အပြုံးများကို ထွင်းထုထားခြင်းပင်။

သည်လူကြီးက အဝတ်ကြမ်းများကို ဝတ်ဆင်ထားပြီး သူ့လက်က အရေးအကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

သည်သစ်သားပေါ်မှ ထွင်းထုထားသည့် ပန်းပုရုပ်က အကြမ်းဆန်လှ၏။ သို့သော် အသက်ဝင်လှသည်။ ထိုပန်းပုရုပ်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့လွင့်လျက် ရှိသည်။ ဝမ်လင်းက ထိုပန်းပုရုပ်ကို ကြည့်ရင်း စိတ်ထဲတွင် နာကျင်လာသည်။

သူက ပန်းပုရုပ်ကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အဖေ။ သားအဖေကို အရမ်းလွမ်းတာပဲ…”

သူက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက သည်သစ်သား ပန်းပုရုပ်ဘေးတွင် နောက်ထပ် တစ်ခုကို တစ်ချက်ပြီးတစ်ချက် ထွင်းထုလို့နေ၏။ ညက ပို၍ အေးလာခဲ့သည်။ သို့သော် ဝမ်လင်းက တစ်မှေးမှ မအိပ်ပေ။

မနက် ရောက်လာသဖြင့် နေ တဖြည်းဖြည်း ထွက်လာခဲ့သည်။ ဝမ်လင်းကတော့ သစ်သားပန်းပုရုပ်များကို ထွင်းထုဆဲပင်။ အခုထွင်းထုနေသည့် သစ်သားရုပ်က အမျိုးသမီးကြီး တစ်ယောက်၏ ပုံပင်။ သူမက အဝေးကို ကြင်နာရိပ်သန်းသည့် မျက်ဝန်းများဖြင့် ကြည့်နေပြီး သူမသား ပြန်အလာကို စောင့်နေသည့်ပုံကို ထွင်းထုထားခြင်း ဖြစ်၏။

သူက သစ်သား ပန်းပုရုပ်နှစ်ရုပ်ကို ကပ်လျက် ထားလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။

အချိန်က တဖြည်းဖြည်း ကုန်သွားခဲ့သည်။ ဝမ်လင်းက သစ်သားပန်းပုကို ဆက်၍ ထွင်းထုနေတုန်းပင်။

မျက်စိ တစ်မှိတ်အတွင်း တစ်လ ကုန်သွားခဲ့လေပြီ။ ဝမ်လင်းဆိုင်ထဲရှိ ပန်းပုရုပ် အရည်အတွက်ကလည်း များလာခဲ့၏။ ဆိုင်နံရံရှိ စင်များတွင်လည်း အသက်ဝင်လှသည့် ပန်းပုရုပ်များ ပြည့်နေခဲ့သည်။ သည်ပန်းပုရုပ်များတွင် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီး အားလုံးပါဝင်ပြီး ပုံစံမျိုးစုံလည်း ရှိနေကြ၏။

သည်သစ်သား ပန်းပုရုပ်များက ဝမ်လင်းဇာတိ ရွာလေးရှိ ရွာသူရွာသားများ၏ ပုံများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် သူက သူတို့ကို ပြန်အသက် သွင်းထားခြင်းပင်။

သည်လတွင် ဝမ်လင်းဆိုင်ကို အားပေးသူ တစ်ယောက်မှ မလာခဲ့ပေ။ သို့သော် သူက စိတ်ထဲမထားဘဲ ပန်းပုရုပ် ထွင်းထုခြင်းတွင်သာ အာရုံ နစ်မြုပ်လို့နေ၏။ သူက ကျင့်ကြံခြင်းပင် မပြုခဲ့ပေ။

တစ်နေ့ ဝမ်လင်းက တစ်ဝက်တစ်ပျက် ထွင်းထုထားသော သစ်သားရုပ်ကို ကိုင်ထားလျက် ရှိသည်။ သည်သစ်သားပန်းပုက အကြောင်းပြချက်မရှိဘဲ မူလဘူတအော်ရာ တစ်ခုကို ထုတ်လွှတ်လျက် ရှိသည်။ နတ်ဆိုးပင်လယ်မှ တစ်ယောက်ယောက်သာ သည်သစ်သား ပန်းပုကို မြင်လျှင် သူတို့က နဂါးတစ်ကောင်ဟု သတ်မှတ် ပေလိမ့်မည်။

သည်နဂါးက သူလီမူဝမ်နှင့် ဆုံခဲ့သည့်အချိန်က ပထမဆုံး တွေ့ခဲ့ဖူးသော စိတ်ဝိညာဉ် သားရဲပင် ဖြစ်သည်။

သူက ထွင်းထုနေစဉ်မှာပင် တံခါးခေါက်သံ ကြားရပြီး လူတစ်ယောက် ဝင်လာခဲ့သည်။ သန်မာဟန်ရသည့် ကောင်လေးက ဆိုင်ထဲကို သေချာ ကြည့်ရှုလိုက်သည်။

ကောင်လေးက ဝမ်လင်းကို တွေ့လိုက်သည့်အခါ လန့်သွားသည်။ သို့သော် သူက အခန်းထဲရှိ ပန်းပုရုပ်များကို ကြည့်၍ ချက်ချင်း အံ့အားသင့်လို့ သွားသည်။ သူက မေးလိုက်၏။ “ဦးလေး… ဒါတွေက ဦးလေး ထွင်းခဲ့တာလား။ အရမ်း ကြည့်ကောင်းတယ်။ ကျွန်တော့်ကို တစ်ခုပေးလို့ ရမလား …”

ဝမ်လင်းက ပြုံး၍ သူ့လက်ထဲရှိ ထွင်းလက်စ သစ်သားရုပ်ကို အောက်သို့ ချလိုက်သည်။ သူက သစ်သားစင်ပေါ်မှ ပန်းပုရုပ်တစ်ရုပ်ကို လှမ်းယူလိုက်သည်။ သည်သစ်သား ပန်းပုရုပ်က သူနှင့်အလွန် ရင်းနှီးခဲ့သည့် လူတစ်ယောက်၏ ပုံကို ထွင်းထုထားခြင်းပင်။ ထိုလူကတော့ ဝမ်ဟိုပင် ဖြစ်၏။

သူ့ရှေ့ကလူငယ်က ဝမ်ဟိုပန်းပုရုပ်ကို ကြည့်လိုက်သည်။

ကောင်လေးက ပန်းပုရုပ်ကို ရလိုက်ပြီးနောက် သူက ပျော်ရွှင်သွားသည်။ သူက သည်ပန်းပုရုပ်ကို လက်ထဲ၌ ရတနာတစ်ခုအလား ထွေးပိုက်ထားပြီး ဝမ်လင်းကို ဝမ်းသာသည့် အသံဖြင့် ပြောလိုက်သည်။ “ကျေးဇူးပါ ဦးလေးရေ…။ ကျွန်တော်က လမ်းမျက်စောင်းထိုး ပန်းပဲရုံကပါ။ ကျွန်တော် သွားတော့မယ်…”

ထိုသို့ ပြောပြီးနောက် သူက ဆိုင်ထဲမှ အော်၍ ပြေးထွက်သွား၏။ “အမေ… ကြည့်ပါဦး။ ဦးလေးက သားကို ဒီပန်းပုရုပ်လေး ပေးလိုက်တယ်…”

ဝမ်လင်းက မတ်တတ် ထရပ်လိုက်ပြီး ဆိုင်ဝသို့ လမ်းလျှောက် ထွက်လိုက်သည်။ သူက လမ်းမျက်စောင်းထိုးတွင် အမျိုးသားနှင့် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရ၏။ သည်နှစ်ယောက်က ဟိုကောင်လေးကို ချစ်ခင်စွာ ကြည့်နေ၏။ အမျိုးသားက သစ်သားပန်းပုရုပ်ကို ယူ၍ ရုတ်တရက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သည်ပန်းပုရုပ်လေးကို ယူ၍ ဝမ်လင်းထံသို့ လျှောက်လာခဲ့သည်။ “ညီငယ်…။ ကလေးက မသိတတ်လို့ပါ။ ဒီပန်းပုရုပ်က ဘယ်လောက်ကျလဲ…”

ဝမ်လင်းက ခေါင်းခါပြီး ပြောလိုက်သည်။ “ငါ… သူ့ကို ပေးခဲ့တာပါ။ ဒါက သစ်သား အပိုင်းအစလေးပါပဲ…”

ကောင်လေးအဖေက ခဏတာ တုံ့ဆိုင်းသွား၏။ သူက ဝမ်လင်းကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ညီက အခုမှ ဒီနေရာကို ရောက်တာမလား။ ငါ အစတုန်းက ညီငယ်ကို မတွေ့ဖူးဘူး…”

ဝမ်လင်းက ပြုံး၍ ခေါင်းညိတ် လိုက်သည်။

ကောင်လေး အဖေကလည်း ပြုံးကာ ဆက်ပြောပြန်သည်။ ညီငယ်။ မင်း စိတ်မရှိဘူးဆိုရင် ငါတို့နဲ့ ထမင်း လာစားပါလား။ “ငါ့မှာ အိမ်လုပ် သစ်သီးဝိုင်လည်း ရှိတယ်။ ဒါက စားသောက်ဆိုင်က ဟာတွေထက် ပိုကောင်းတယ်နော်…”

ဝမ်လင်းစိတ်ထဲတွင် ထူးဆန်းစွာ ခံစားလိုက်ရသည်။ သူက အခုလိုမျိုး မခံစားရသည်မှာ နှစ်ပေါင်းလေးရာ ရှိပြီ ဖြစ်သည်။ သူက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ခေါင်းညိတ် ပြလိုက်၏။

ကောင်လေးအမေက အလွန်ကြင်နာတတ်သည့် အမျိုးသမီးပင်။ သူမက ငယ်သည့်ပုံ ရသော်လည်း အလွန် စိတ်ရှည်တတ်ပြီး ယဉ်ကျေးသိမ်မွေ့၏။ သူတို့နှစ်ယောက်ကို ကြည့်ရင်း ဝမ်လင်းက သည်မိသားစုလေးသည် ပျော်ရွှင်ရသည့် မိသားစု ဘဝလေးတစ်ခု ပိုင်ဆိုင်ထားသည်ဟု ပြောနိုင်ခဲ့ပေ၏။

သူတို့ ကလေးကလည်း ချစ်ဖို့ကောင်းလှပြီး သူတို့ နှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြပေသည်။

ပန်းပဲရုံထဲတွင် လေးထောင့်စားပွဲလေး တစ်ခု ရှိပြီး အိမ်ချက်ဟင်းပွဲ တချို့ ရှိနေ၏။ ဝမ်လင်းက စားချင်စိတ် မရှိသော်လည်း တူတစ်ချောင်းကို ကောက်ယူလိုက်ပြီး နည်းနည်း စားလိုက်၏။

သည်ဝိုင်က အမှန်ပင် အရသာ ကောင်း၏။

သည်နေ့မှစပြီး ဝမ်လင်းဘဝထဲသို့ နောက်ထပ် မရှိမဖြစ် အရာတစ်ခု ဝင်လာခဲ့သည်။ ၎င်းက သစ်သီးဝိုင်ပင်။ ကောင်လေးက နေ့တိုင်း သူ့ထံသို့ ရောက်လာခဲ့ပြီး ဝမ်လင်းပန်းပုရုပ် ထွင်းသည်ကို လာကြည့်လေ့ရှိ၏။ သူလာတိုင်းလည်း သူက သစ်သီးဝိုင်တစ်ဂျား ယူယူလာပေး လေသည်။

တဖြည်းဖြည်းဖြင့် ဝမ်လင်းဆိုင်က သစ်သားရုပ်များဖြင့် ပြည့်လာနေခဲ့သည်။ အများစုကတော့ သားရဲပန်းပုများပင်။ သူက နှစ်ပေါင်း လေးရာအတွင်း တွေ့ခဲ့ဖူးသော သားရဲများကို ပန်းပုထုနေခဲ့ခြင်းပင် ဖြစ်သည်။ သို့ရာတွင် သူက မည်မျှ ကြိုးစားသည်ဖြစ်စေ အဆင့်မြင့် စိတ်ဝိညာဉ် သားရဲများ၏ အပြည့်အဝ ပန်းပုရုပ်ကိုတော့ ထွင်းထုနိုင်ခြင်း မရှိပေ။

သည်တစ်ခုစီကို ထွင်းထုတိုင်း စိတ်ဝိညာဉ် စွမ်းအင်များစွာ အသုံးပြုရသည်။ သေမျိုးများက ၎င်းစွမ်းအင်များကို မခံစားနိုင်သော်လည်း ကျင့်ကြံသူ တစ်ယောက်သာ သည်အနားက ဖြတ်သွားပါက ထိတ်လန့် သွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သည်ပန်းပုရုပ်များမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ် စွမ်းအင်များက အဆင့်နိမ့် လက်နက်ရတနာများထက် အားနည်းခြင်း မရှိပေ။ အချို့ စွမ်းအင်များဆိုလျှင် အလယ်အလတ်အဆင့် ရတနာများမှ ထုတ်လွှတ်သော စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ညီမျှလေသည်။

ဘယ်သူကများ သစ်သားပန်းပုရုပ်များက ထုတ်လွှတ်သည့် စိတ်ဝိညာဉ် စွမ်းအင်ဟု ထင်မြင်မိမည်နည်း။ တကယ်တော့ သည်အရာများက သစ်သားဖြင့် ပြုလုပ်ထားသည့် ရတနာများ ဖြစ်နေသည်။

***

Comment

  1. နှစ်တစ်ရာ ဂူအောင်းကျင့်ကြံနေမယ့် အကြည်လေး says:

    🍷

Leave a Reply

Options

not work with dark mode
Reset