Switch Mode

အပိုင်း(၂၉၅)

အင်မော်တယ်တိုင်လုံး

ဝမ်လင်းက တစ်ညလုံး မကောင်းဆိုးဝါး အော်ရာကို သိပ်သည်းအောင် လုပ်ရင်း ကုန်ဆုံးလိုက်သည်။ ညက ပုရစ်အော်မြည်သံများအပြင် လူအချို့၏ ဟောက်သံများသာ ရှိနေခဲ့သည်။

တဖြည်းဖြည်းဖြင့် နေလုံးကြီးက ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့ပြီး ညမှနေ့သို့ ပြန်ရောက် လာခဲ့သည်။

ဝမ်လင်းက မျက်လုံးဖွင့်လိုက်သည်။ သူက အရှေ့အရပ်သို့ ကြည့်၍ အသက်ဝဝ ရှူလိုက်သည်။ သေမျိုးများ မြင်နိုင်စွမ်း မရှိသော ခရမ်းရောင်ချီနဂါး နှစ်ကောင်က သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သည်ချီနဂါးနှစ်ကောင်က သူ့ခန္ဓာကိုယ်ကို တစ်ကြိမ်ပတ်၍ သူ့ကိုယ်ထဲတွင် တည်ရှိ၏။ သည်ချီများက ဆက်၍ လှည့်ပတ်လို့နေ၏။ ထိုအခိုက်တွင် ဝမ်လင်းက အလွန်ပေါ့ပါးမှုကို ခံစားနေရသည်။ သူက ကောင်းကင်ထက်သို့ တိုက်ရိုက် လမ်းလျှောက် တက်သွားနိုင်လေ၏။

သည်လိုခံစားချက်မျိုးကို လွန်ခဲ့သော နှစ်ပေါင်းလေးရာ အတွင်း သူ လုံးဝ မကြုံဖူးခဲ့ချေ။ သူက စိတ်လက်သက်သာမှု အခြေအနေတစ်ခုကို ကြုံလိုက်ရပြီးနောက် သူက ကောင်းကင်နှင့် မြေကြီး၏ အခုလိုအော်ရာကို ခံစားနိုင်ခဲ့၏။

တစ်ညတည်းဖြင့် သူ့ကိုဝန်းရံနေသော အနီရောင်အော်ရာက နောက်ထပ် ဆယ်ပုံတစ်ပုံ ထပ်ကျုံ့သွားခဲ့၏။ ဝမ်လင်းက အလျင်မလိုပေ။ သူက အနီရောင်အော်ရာကို သိပ်သည်းရာတွင် အလျင်လို၍ မရကြောင်း သိပေ၏။ သူက သည်အရာသည် ရေရှည်လုပ်ရမည့်အရာ ဖြစ်သည်ဟု ယုံကြည်လေ၏။

မနက်စောစောတွင် တစ်ယောက်ပြီး တစ်ယောက် နိုးလာခဲ့ပြီး ကိုယ်လက် သုတ်သင်ကြသည်။ မြင်းလှည်းထဲမှ အဘိုးအိုလည်း ထွက်လာခဲ့ပြီး အသက်ဝဝ ရှူလိုက်၏။ ထို့နောက်သူက ကိုယ်လက်လှုပ်ရှားမှု မျိုးစုံကို စတင် ပြုလုပ်လိုက်၏။

ဝမ်လင်းက တစ်ချက် ကြည့်လိုက်ပြီးနောက် တုန်လှုပ်သွား၏။ သည်လူ၏ လှုပ်ရှားမှုများက စိတ်အနှောင့်အယှက် ဖြစ်စရာ မကောင်းဘဲ သူ့လှုပ်ရှားမှုတိုင်းက ခန္ဓာကိုယ်ကို သန်မာစေ၏။ သည်လှုပ်ရှားမှု တစ်ခုစီကို ပေါင်းစပ်ပြုလုပ်သည့်အခါ ပို၍ပင် အကျိုးသက်ရောက်မှု ရှိနေသေးသည်။

အချိန်တချို့ ကြာပြီးနောက် ထိုအဘိုးအိုက ကိုယ်လက်လှုပ်ရှားမှုကို ရပ်တန့်ပြီး သက်ပြင်းချလိုက်၏။ သူက ချီတုံချတုံ ဖြစ်သွားပြီးနောက် ဝမ်လင်းဆီသို့ လျှောက်လာခဲ့သည်။

သူက ဝမ်လင်းနား ရောက်ခါနီးတွင် ပြုံး၍ မေးလိုက်သည်။ “ညီငယ်….။ မနေ့ကညက ကောင်းကောင်း အနားယူခဲ့ရရဲ့လား…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။

လူအိုကြီးက ထပ်မံ တုံ့ဆိုင်းသွားပြီး မေးလိုက်ပြန်သည်။ “ငါက ညီငယ်လေး နှစ်တစ်ရာ မိုးမခရွက်ကို ဘယ်နေရာက ရခဲ့လဲလို့ သိချင်ပါတယ်…”

ဝမ်လင်းက ပြန်ပြောလိုက်သည်။ “ငါက အဲဒါကို လမ်းဘေးက ကောက်လာခဲ့တာပဲ…”

အဘိုးအိုက အချိန်အတော်ကြာ တွေးနေလိုက်၏။ ထို့နောက် သူက အနည်းငယ်ပြုံးပြပြီး ပြောလိုက်သည်။ “ညီငယ်လေး … မင်းက တကယ် ကံကောင်းတဲ့လူပဲ…”

သူက ဝမ်လင်းနှင့် ခဏတစ်ဖြုတ် စကား ဆက်ပြော နေလိုက်သည်။ သူမည်မျှ ကြိုးစားကြိုးစား ဝမ်လင်းထံမှ မည်သည့် အချက်အလက်မှ မရချေ။ အဘိုးအိုက သက်ပြင်း ကျိတ်ချလိုက်ပြီး ပြန်လှည့်၍ ထွက်ခွာ သွားတော့သည်။

အသက်ချင်းယှဉ်လျှင် ဝမ်လင်းက ဘိုးဘေး အရွယ်များနှင့်ပင် ယှဉ်၍ ရပေသည်။ သည်အဘိုးအို၏ လှည့်ဖြားမှု နည်းစနစ်လေးတွေက လူသစ်များအတွက် အသုံးဝင်ကောင်း ဝင်နိုင်သော်လည်း ဝမ်လင်းအတွက်တော့ ပါချီပါချဲ့ သာသာလေးသာ ဖြစ်၏။

သည်အုပ်စုနှင့်အတူ သွားလာရင်း ဝမ်လင်းက သူ့ကိုယ်သူ တဖြည်းဖြည်း ပြုပြင်ရင်း အုပ်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ သည်သွားလာခဲ့သည့် ရက်များအတွင်း ဟိုအစေခံ မိန်းကလေးက သူ့ထံသို့ အမြဲ လာရောက် စကားပြောလေ့ ရှိသည်။ သို့ရာတွင် သူက ဝမ်လင်းနှင့် စကားပြောပြီး ခဏကြာတိုင်း မျက်နှာနီလာလေ့ရှိ၏။ သူမ ဘာတွေးနေသလဲ ဘယ်သူမှ မသိနိုင်ပေ။

ဝမ်လင်းက မိန်းကလေး မျက်လုံးထဲရှိ အလင်းတန်းကို မြင်လိုက်တိုင်း ပြုံးတုံ့တုံ့ မဖြစ်ဘဲ မနေနိုင်ခဲ့ချေ။ သည်လိုအလင်းကို သူက လီမူဝမ်၏ မျက်လုံးထဲတွင် ခဏခဏ မြင်တွေ့ခဲ့ဖူး၏။ ထို့ကြောင့် သည်အလင်းက ဘာကို ဆိုလိုသည်ကို သူ သိပေ၏။

သို့ရာတွင် ဝမ်လင်းအသက်က သူမဘိုးဘေးထက်ပင် ကြီးနေသေး၏။ ထို့ကြောင့် သူက စိတ်ထဲတွင် အီလည်လည်ကြီး ခံစားလိုက်ရသည်။ သည်နေ့မှာတော့ မြို့တော်က သူတို့ရှေ့တွင် ပေါ်လာခဲ့၏။

အဆင့်လေး နိုင်ငံတစ်ခု၏ မြို့တော်က ကြီးကျယ် လှပါသည်။ သို့သော် ဝမ်လင်းကတော့ ရိုးရှင်းစွာ မြင်မိသည်။ ၎င်းမြို့တော်က စိတ်ဝိညာဉ် စွမ်းအင်လှိုင်ထွက်မှု၊ ဝန်းရံမှု မရှိဘူးဆိုလျှင် သူက လှည့်ကြည့်ရန် စိတ်မဝင်စားချေ။

ဝမ်လင်းက နတ်ဘုရားအာရုံကို အသုံးပြုလိုက်ရာ တစ်မြို့လုံး သူ့စိတ်ထဲတွင် ပေါ်လာခဲ့၏။ မြို့တော်တွင် စိတ်ဝိညာဉ် စွမ်းအင်များ ရှိနေသော နေရာကိုးခုကို သူ တွေ့လိုက်၏။ သည်စိမ်းအင်များက ကျင့်ကြံသူများထံမှ ထွက်ပေါ်နေခြင်း မဟုတ်ပေ။ သို့သော် မြင့်မားသော အမည်းရောင် တိုင်လုံးကြီးများမှ ထုတ်လွှတ်နေခြင်းပင်။ တိုင်၏ အရွယ်အစားပေါ် မူတည်၍ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင် ပမာဏကလည်း မတူချေ။ အကြီးဆုံးတိုင်ကြီးက အလယ်တွင် ရှိနေခဲ့ပြီး အခြား တိုင်ရှစ်ခုက ၎င်းကို ဝန်းရံထားသည်။

သည်တိုင်လုံးကြီးများက အလွန် ကြီးမားလှသည်။ အသေးဆုံး တိုင်တောင်မှ လူဆယ်ယောက် ဖက်စာလောက် ရှိသည်။ အကြီးဆုံး တစ်ခုကတော့ လူတစ်ရာကျော် ဖက်ထားလို့ရ၏။

ထိုတိုင်လုံးကိုးခု တစ်ခုစီ၏ အထဲတွင် ကျင့်ကြံနေသောသူများ ရှိနေသည်။ သည်တိုင်လုံး အထဲကို စစ်ဆေးလို့မရအောင် ကာဆီးထားသော အစီအရင်တစ်ခု ရှိလို့နေ၏။ သို့သော် ထိုအစီအရင်က ဝမ်လင်းအတွက် ဘာမှ အသုံးမဝင်ချေ။ သူက တစ်ချက် ကြည့်လိုက်ရုံဖြင့် တိုင်လုံးများထဲတွင် ထိုင်နေသော ကျင့်ကြံသူများကို တွေ့မြင်နိုင်၏။

တိုင်လုံးထဲတွင် အားအကောင်းဆုံးမှာ အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်နှင့် အားအနည်းဆုံး ကတော့ အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်သည်။

ဝမ်လင်းက သည်ထူးဆန်းသော တိုင်လုံး အဆောက်အဦများကို အလွန် စိတ်ဝင်စားမိသည်။ သူတို့အုပ်စု မြို့ထဲသို့ ဝင်လာသည်နှင့် လုရှောင်က ဝမ်လင်းသည် အမည်းရောင် တိုင်လုံးကိုးခုကို စူးစိုက် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ညီကို ဝမ်။ ဒီဟာတွေကို ဆက်မကြည့်တော့နဲ့။ တစ်ယောက်ယောက်က အဲဒါကို သတိပြုမိသွားရင် ပြဿနာတက် သွားလိမ့်မယ်…”

ဝမ်လင်းက မြင်းဇက်ကြိုးကို ဆွဲပြီးနောက် မေးလိုက်၏။ “အစ်ကိုလု။ ဒီအမည်းရောင် တိုင်လုံးတွေက ဘာတွေမို့လဲ…”

လုရှောင်က ခပ်တိုးတိုး ပြောလိုက်သည်။ ဒါတွေက အင်မော်တယ် တိုင်လုံးတွေပဲ။ ဒီနေရာက ငါတို့ရဲ့မြို့တော် ဖြစ်တဲ့အတွက် ဒီတိုင်လုံးတွေထဲမှာ အင်မော်တယ်တွေက ကာကွယ် စောင့်ရှောက် ထားကြတယ်တယ်။ ဘုရင်က အင်မော်တယ်တွေရဲ့ တောင်းဆိုမှုကြောင့် နိုင်ငံမှာရှိတဲ့ အတော်ဆုံးလက်မှု ပညာရှင်တွေကို ဒီတိုင်လုံးတွေ ပြုလုပ်ခိုင်းခဲ့တာပဲ…”

“အင်မော်တယ်တိုင်လုံးလား…” ဝမ်လင်းက အသွင်က ထူးဆန်းသွား၏။

ဒီတိုင်လုံးတွေထဲမှာ အင်မော်တယ်တွေ နေထိုင်ကြတယ်။ “ငါ့အဖေက တစ်ခါတုန်းက ဒီတိုင်လုံးတွေထဲကနေ အင်မော်တယ်တွေ ပျံထွက်လာတာ မြင်ဖူးခဲ့တယ်…” လုရှောင်အသံက ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေ၏။

သူက သူ့အဖေမြင်ခဲ့သည့် အင်မော်တယ်တွေထက် အဆထောင်ပေါင်း များစွာ သန်မာသည့် ဝမ်လင်းက သူနှင့်အတူ တစ်ပတ်ခန့် အချိန် ကုန်ဆုံးခဲ့သည်ကို သိခဲ့လျှင် မည်သို့ ခံစားမိမည်နည်း။

သူ့အဖေမြင်ခဲ့သော အင်မော်တယ်များက ဝမ်လင်းကို တွေ့လျှင် ရိုသေစွာဖြင့် စီနီယာ ဟုခေါ်ရပေလိမ့်မည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်၏။ သူက စကားတစ်လုံးမှ မပြောတော့ဘဲ ပြုံးနေလိုက်၏။

မြို့တော် တောင်ခြမ်းနှင့် မြောက်ခြမ်း ခြားထားသော တံတားပေါ်သို့ ရောက်သည့်အခါ ဝမ်လင်းက လုရှောင်တို့အုပ်စုကို နှုတ်ဆက်လိုက်၏။ လုရှောင်က ဝမ်လင်းနှင့် အချိန်အကြာကြီး အတူ မရှိခဲ့သော်ငြားလည်း သူက ဝမ်လင်းကို သဘောကျမိ၏။ သူက သူ့ရင်ဘတ်ကို ပုတ်၍ ဝမ်လင်းကို ပြောလိုက်သည်။ “ညီငယ်မင်းမှာ ကိစ္စတစ်ခုခုရှိရင် ငါ့ဆီ ပြေးလာခဲ့လိုက်….။ ငါမင်းကို တက်နိုင်တာ ကူညီပေးမယ်…”

နောက်ဆုံးမှာ လူအိုကြီးက မြင်းလှည်းထဲမှ ထွက်လာခဲ့သည်။ သူ့နောက်တွင်တော့ အဖြူရောင် ဇာပဝါခြုံထားသည့် အမျိုးသမီး ကပ်ပါလာခဲ့သည်။ ထိုအမျိုးသမီး နောက်မှာတော့ သူမ၏ အစေခံကောင်မလေး ပါလာ၏။

ဝမ်လင်းက ထွက်ခွာ သွားတော့မည်ကို တွေ့သည့်အခါ အစေခံ မိန်းကလေး၏ မျက်လုံးများက ဝမ်းနည်းမှုများ ပြည့်နေသည်ကို တွေ့ရ၏။

လူအိုကြီးက ဝမ်လင်းနှင့် စကားအနည်းငယ် ပြောလိုက်ပြီး အမျိုးသမီးကလည်း ဝမ်လင်းကို ပြုံးပြလိုက်၏။ သူမက စကား ဝင်ပြောခြင်းတော့ မပြုပေ။ ထို့နောက် သူက စကားမဆိုတော့ဘဲ မြင်းလှည်းဆီ လှည့်ပြန်သွား၏။

အစေခံ ကောင်မလေးကတော့ အမျိုးသမီးကို စကားအနည်းငယ် ပြောလိုက်သည်။ ထို့နောက် သူမက သားရေအိတ်တစ်ခုကို ယူ၍ ဝမ်လင်းထံသို့ ပြန်လျှောက် လာခဲ့သည်။ သူက ထိုအိတ်ကို ဝမ်လင်းထံသို့ ကမ်းပေး၍ ပြောလိုက်၏။ “အစ်မက အစ်ကို့ကို ကျေးဇူးစကား ပြောခိုင်း လိုက်တယ်။ ဒီမှာ ရွှေတုံးဆယ်တုံးပါ။ ဆေးကုသခ အတွက် အဖိုးခ အဖြစ် ယူလိုက်ပါ အစ်ကို…”

ဝမ်လင်းက ငြင်းဆိုခြင်း မပြုပေ။ သူက နှစ်ပေါင်းလေးရာ ကျော်ပြီးနောက် သေမျိုးတို့၏ ငွေကြေးကို ပထမဆုံး ပြန်ထိတွေ့မိခြင်းပင်။ ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီး လှည့်၍ ထွက်လာ ခဲ့တော့သည်။

ဝမ်လင်း ထွက်ခွာ သွားသည့်အထိ အစေခံ မိန်းကလေးက ငေးကြည့် နေခဲ့ပြီးနောက် သူမက သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး မြင်းလှည်းဆီသို့ ပြန်သွားတော့သည်။ သည်အုပ်စုက တံတားကို ကျော်၍ မြို့တော် တောင်ဘက်ခြမ်းသို့ ဝင်ရောက် သွားကြ၏။

ဝမ်လင်းက သူ့လက်ထဲတွင် ရွှေတုံးဆယ်တုံးကို ဆ၍ မြို့ထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်လို့ နေသည်။ မြို့တော် ဆိုသည့်အတိုင်း မြို့ထဲတွင် လူပေါင်း မြောက်မြားစွာ ရှိနေပြီး စျေး သည်များကလည်း သူတို့ကုန်ပစ္စည်း မျိုးစုံကို လမ်းမများထက်တွင် ရောင်းချနေကြသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သေမျိုးတို့၏ မြို့တော်တွင် သေမျိုးကြား၌ ကျင့်ကြံသူ များစွာကို တွေ့နေရပေသည်။

အဆင့်မြင့်ဆုံး ကျင့်ကြံသူများက ချီစုဆောင်းမှု အလွှာ (၁၂)၊ (၁၃) များ ဖြစ်ကြသော်လည်း သည်လိုမျိုးက အခြား နိုင်ငံများတွင် တွေ့ရခဲသည်။

သူက အမည်းရောင် တိုင်လုံးကြီးများ အကြောင်း တွေးမိလိုက်၏။ သူက သည်တိုင်လုံးများ တည်ရှိမှုက အဆင့်လေးနိုင်ငံ၏ အထူးအမှတ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း လိုက်သေးသည်။

ဝမ်လင်းက နေ့လယ် ရောက်သည့်အထိ လမ်းများကို ဖြတ်၍ လမ်းလျှောက်နေခဲ့သည်။ အချို့ဆိုင်များမှာ သေမျိုးများအတွက် မဟုတ်ဘဲ ကျင့်ကြံသူများအတွက် ရတနာများ ရောင်းနေသည်ကိုလည်း တွေ့ရသည်။

သည်လိုဆိုင်များတွင် အတားအဆီးတစ်ခု ရှိနေပြီး သေမျိုးများ ဝင်ရောက်ခြင်းကို ကန့်ထားလေ၏။

မြို့တော်ရှိ သေမျိုးကတော့ သည်အရာကို သိရှိကြပြီး မည်သူမျှ သည်လိုဆိုင်ထဲ မဝင်ကြချေ။

ဝမ်လင်းက ဆိုင်များကို သေချာ ကြည့်ရှု ကြည့်ပြီးနောက် လမ်းလျှောက် လာခဲ့သည်။ ရုတ်တရက် သူက ဆိုင်တစ်ဆိုင်ထဲက အထွက်တွင် တစ်နေရာမှ အော်သံတစ်သံ ကြားလိုက်ရသည်။ သူက ညစ်ပေနေသည့် အဘိုးအို တစ်ယောက် ရိုက်နှက် ခံထားရသည်ကို တွေ့လိုက်၏။

သည်အဘိုးအို၏ အော်မြည် ငိုကြွေးသံက အဆက်မပြတ် ကြားနေရသည်။ တစ်ချိန်တည်းမှာ အဘိုးအိုက တစ်ချက် အရိုက်ခံလိုက် သွေးတစ်လုတ် အန်လိုက် ဖြစ်နေသည်။

***

Comment

  1. htet myat says:

    🫨😵‍💫😵🤮🤡

Leave a Reply

Options

not work with dark mode
Reset