ဝမ်လင်းက သူ့မြင်းကို စစ်ဆေးလိုက်၏။ သည်မြင်းက မြင်းကောင်းမျိုးဖြစ်ပြီး ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိလောက်သည်။ ဝမ်လင်းက မြင်းကို ပွတ်သပ်လိုက်ရာ ၎င်းမျက်လုံးများက ကျဉ်းမြောင်းသွားပြီး သဘောမကျသည့် အမူအရာ ထုတ်ဖော်လိုက်၏။
သည်အဖြစ်က လုရှောင်ကို အံ့ဩသွားစေသည်။ သူက မြင်းတစ်ကောင်၏ အခုလို အမူအရာကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။
ဝမ်လင်းက ဘယ်လက်ဖြင့် ထောက်လိုက်ပြီး မြင်းပေါ်သို့ လွယ်ကူစွာ တက်လိုက်၏။
လုရှောင်က ဝမ်လင်းနောက်ကနေ စစ်ဆေးရင်း လိုက်ပါလာသည်။
ဝမ်လင်းက မြင်းစီးနေရင်းဖြင့် သူ့အနီးဝန်းကျင်တွင် ရှိနေသော သေမျိုးများကို ကြည့်ရှုလိုက်သည်။ သူ့စိတ်ထဲတွင် အချိန်ကြာမြင့်စွာ ငုပ်လျှိုးနေသော ခံစားချက်တစ်ခု ပြန်ပေါ်လာခဲ့သည်။ ထိုအခိုက်တွင် သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်က စတင် လှုပ်ရှားလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကလည်း သူ့ဆီသို့ စီးဝင်လာခဲ့၏။
သည်အနီးအနားတွင် အားကောင်းသော ကျင့်ကြံသူများ ရှိနေပါက တုန်လှုပ်မိ သွားကြပေမည်။ အကြောင်းမှာ ဝမ်လင်း ပတ်လည်တွင် ထူထဲသည့် အနီရောင်မြူအော်ရာ တစ်ခုက ဝန်းရံနေသည်ကို သူတို့ တွေ့မြင်သွားရမည် ဖြစ်သောကြောင့်ပင်။ သည်အော်ရာက အလွန် အားကောင်းလှ၏။ သို့ရာတွင် အပြင်သို့ လွတ်ထွက်သွားခြင်း မရှိဘဲ ဝမ်လင်း ပတ်လည်တွင်သာ သိပ်သည်းလို့ နေ၏။
သေမျိုးများ မပြောနှင့် ကျင့်ကြံသူ အများစုပင် သည်အနီရောင် မြူအော်ရာကို မြင်နိုင်စွမ်း ရှိလိမ့်မဟုတ်ပေ။ သည်အော်ရာက ဝမ်လင်း နှစ်ပေါင်း လေးရာကျော် သတ်ဖြတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် သတ်ဖြတ်လိုမှု အော်ရာပင် ဖြစ်၏။ အချိန်တစ်ခု ကြာပြီးနောက် သည်အော်ရာက တဖြည်းဖြည်းဖြင့် ရန်လိုသောအော်ရာ အဖြစ်သို့ ပြောင်းသွား၏။ ထိုမှတစ်ဆင့် သည်အော်ရာက ထပ်မံပြောင်းလဲနေပြီး နောက်ဆုံးတွင် ကျင့်ကြံသူ တစ်ယောက်ပင် ဦးခေါင်း စပ်ဖျဉ်းဖျဉ်း ဖြစ်သွားစေနိုင်သည့် မကောင်းဆိုးဝါး အော်ရာ အဖြစ်သို့ ပြောင်းသွားလေ၏။
သည်မကောင်းဆိုးဝါး အော်ရာကို လွတ်လွတ်လပ်လပ် လွှတ်ပေးလိုက်လျှင် ၎င်းက စွမ်းအားကောင်းသည့် နည်းစနစ်တစ်ခုကဲ့သို့ အသုံးပြု နိုင်ပေလိမ့်မည်။ သို့မဟုတ် ၎င်းကို ရတနာများ သန့်စင်ရာတွင် ထည့်သွင်း အသုံးပြုလျှင် ထိုရတနာသည် ပို၍စွမ်းအား ကောင်းသွား ပေလိမ့်မည်။
နွေလေပြည်က ဝမ်လင်းကိုယ်ပေါ်သို့ ဖြတ်ကျော်သွားပြီး သူက အလိုအလျောက် အသက်ဝဝ ရှူသွင်းမိလိုက်သည်။ သူ့မျက်လုံးများက တိကျသေချာစွာ ပြော၍ မရသော အလင်းများ ထုတ်လွှတ်သွားသည်။ သူက သူ့စိတ်ဝိညာဉ် စွမ်းအင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားပြီကို ခံစားမိလိုက်၏။ သည်ပြောင်းလဲမှုက သေးငယ်သော်လည်း အလွန်ထူးဆန်းသော အင်အားများ ပါဝင်လို့နေ၏။
သူ့ကိုဝန်းရံထားသော မကောင်းဆိုးဝါး အော်ရာက အနည်းငယ် လျော့နည်းသွားသည်။ သည်အော်ရာ၏ အမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပေါင်းစပ်သွားသည်။
တဖြည်းဖြည်းဖြင့် မြင်းရထားက ရှေ့သို့ဆက်သွားနေပြီး စိတ်ဝိညာဉ် စွမ်းအင်များကလည်း ဝမ်လင်းအနားတွင် ပို၍ပို၍ စုဝေးလာကြသည်။ သည်သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များ အောက်တွင် မြင်းအားလုံးက ဖျတ်လတ် တက်ကြွလာကြ၏။
သေမျိုး သိုင်းပညာရှင်များ၏ မျက်လုံးများကလည်း လက်ခနဲ ဖြစ်သွားကြသည်။ ဘာကြောင့်မှန်းမသိဘဲ သူတို့ကလည်း နွေးထွေးမှုနှင့် သက်သောင့်သက်သာ ဖြစ်မှုကို ခံစားလိုက်ရ၏။
အချိန် အတော်ကြာပြီးနောက် ဝမ်လင်းကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက အထိုင်ကျလာပြီး သူ့ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကလည်း ပြန်ပျောက်ကွယ် သွားတော့၏။ သိုင်းပညာရှင်များ၏ ခေါင်းထဲတွင် ခံစားနေရမှုမျာကလည်း ရှင်းလင်းသွားကြပြီး သူတို့စောနက ကြုံခဲ့ရသည့် ခံစားမှု အကြောင်းကို ပြောဆိုလို့ နေကြသည်။
သည်အုပ်စုက ရှေ့သို့ ဆက်သွားနေစဉ်မှာ တဖြည်းဖြည်းဖြင့် ညသို့ ရောက်လာခဲ့၏။ သည့်နောက်သူတို့က မြင်းများနှင့် မြင်းလှည်းများကို လမ်းဘေးတွင် ရပ်လိုက်ကြသည်။
မြင်းရထားထဲမှ အစေခံမိန်းကလေး တချို့ ဆင်းလာကြပြီး ညစာအတွက် ပြင်ဆင်ကြသည်။ သူတို့ထဲက အချို့ကတော့ ဝမ်လင်းကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီး သူတို့အချင်းချင်း တီးတိုးစကား ပြောနေကြ၏။
သည်အစေခံ မိန်းကလေးများ ဘာကြောင့် ဝမ်လင်းကို ကြည့်နေသည်က နားလည်ရန် မခက်ခဲလှချေ။ အခုချိန်တွင် သူက ပြောမပြတတ်သော ဆွဲဆောင်မှုတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ့ရုပ်က ပုံမှန်သာ ဖြစ်သော်လည်း အလွန်ထူးဆန်းသော အော်ရာ ရှိနေသည့်ဟန် ရသည်။
ဝမ်လင်းက သစ်ပင်ကြီးတစ်ပင်ကို မှီ၍ ညနက်နက်ကို ငေးကြည့်လို့ နေသည်။
သူ့ပုံစံက ရှေးဟောင်းနတ်ဘုရား အမွေအနှစ် မှတ်ဉာဏ်ထဲကလို ဖြစ်နေခဲ့၏။ အတိတ် တစ်ချိန်တုန်းက ထူစီက ကြယ်များကြား ခရီးမသွားနိုင်ခင်တုန်းက သူက အခု ဝမ်လင်းကဲ့သို့ ကောင်းကင်ကြီး မကြာခဏ မော့၍ ကြည့်တတ်ပေသည်။
သည်လို စိတ်အေးချမ်းမှုက ဝမ်လင်းခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို နောက်တစ်ကြိမ် ပြန်ပေါ်စေခဲ့သည်။ သို့သော် ဝမ်လင်းက အခုလက်ရှိတွင် သူ့စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပတ်သက်၍ အာရုံစိုက်ခြင်း မရှိပေ။ ပထမဆုံးအကြိမ် အနေဖြင့် သူ့ကိုယ်တွင် ဝန်းရံနေသော အနီရောင်မြူ အော်ရာများကို သတိပြုမိလိုက်သည်။
သည်အနီရောင် အော်ရာက သူ့စိတ်ထဲရှိ ငြိမ်းချမ်းမှုနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်လို့ သွား၏။ သူက သူသာ သည်အော်ရာကို ဆက်ထိန်းထားမည် ဆိုပါက နှစ်အတော်ကြာမှ ပျောက်ကွယ် သွားမည်ကို သိနေခဲ့သည်။
ဝမ်လင်းက သူ့ရှေ့က အနီရောင်အော်ရာကို သတိပြုမိပြီး ဖြစ်၏။ သို့သော် သည်အော်ရာကို သူက ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ သူက သည်အော်ရာသည် သူ့နှစ်ပေါင်း လေးရာကျော် သတ်ဖြတ်မှုများက ဖြစ်ပေါ်လာကြောင်းကို သိပေ၏။ သူက သည်အနီရောင် မြူအော်ရာကို ပျောက်ကွယ်သွားအောင် ပြုလုပ်ခြင်းက သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ရောက်ရန် ကူညီပေးနိုင်လေသည်။ သို့သော် သူက ထိုသို့ပျောက်အောင် လုပ်ခြင်းက အနည်းငယ် ဖြုန်းတီးသည်ဟု ခံစားမိနေတုန်းပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ထိုအကြောင်းကို တွေးပြီးနောက် သူ့ကို ဝန်းရံထားသည့် အနီရောင်အော်ရာကို ဆူပွက်စေလိုက်ပြီး တဖြည်းဖြည်း သိပ်သည်း စေလိုက်သည်။ သို့ရာတွင်သူက ၎င်းမူလ အရွယ်အစား၏ ဆယ်ပုံတစ်ပုံသာ ကျုံ့သွားအောင် ပြုလုပ်နိုင်ခဲ့၏။ သူဘယ်လောက် ကြိုးစားကြိုးစား ၎င်းက ထပ်မံသိပ်သည်းခြင်း မရှိတော့ပေ။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်၏။ သူက ဆက်ကြိုးစားမလို လုပ်လိုက်ပြီးနောက် မိန်းကလေး အစေခံများထံသို့ ခေါင်းမော့၍ ကြည့်လိုက်သည်။ သူက သူ့ထံသို့ ကျပ်တိုက်ထားသော အသားနှင့် ဝိုင်တို့ကို ယူဆောင်လာနေသည့် အနီရောင်ဝတ်စုံဖြင့် အစေခံ မိန်းကလေးကို တွေ့လိုက်ရသည်။
သည်မိန်းကလေးက သူ့အနားသို့ ပိုရောက်လာသည်နှင့် မွှေးပျံ့သော ရနံ့တစ်ခုက ဝမ်လင်းဆီသို့ လွင့်ပျံ့လာခဲ့သည်။ သူမက အသားနှင့်ဝိုင်ကို အောက်ချလိုက်ပြီး ဝမ်လင်းက အချိန်အတော်ကြာ စပ်စုလိုဟန်ဖြင့် ကြည့်၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…”
သည်အစေခံ မိန်းကလေးက ရထားလုံးထဲရှိ မိန်းမပျိုဘေးတွင် ထိုင်နေခဲ့သော မိန်းကလေးပင်။
ပူထူထူအရသာက သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက် လာခဲ့သည်။ နှစ်ပေါင်းလေးရာအတွင်း ဝမ်လင်းအတွက် ဝိုင်သောက်ခဲ့ရသည့် အကြိမ်က အနည်းငယ်သာ ရှိခဲ့၏။ သူက ကျင့်ကြံခြင်းလောကသို့ မဝင်ရောက်သေးခင်တုန်းက ဆိုလျှင် သူ့ဦးလေး (၄) အလည်လာတိုင်း သူ့အဖေက ဝိုင်ဖြင့် ဧည့်ခံလေ့ရှိခဲ့သည်ကို ပြန်မှတ်မိလိုက်၏။
ထိုသို့ပြန်တွေးမိပြီးနောက် ဝမ်လင်းက ဝိုင်တစ်ငုံ သောက်လိုက်သည်။ သူက သူ့အဖေနှင့်ဦးလေး(၄)တို့ မျက်နှာနီများနှင့် ရယ်မောခဲ့သည်များကို ပြန်သတိရ မိလိုက်ပြန်သည်။
ဝမ်လင်းက ထိုသို့အတိတ်ကို ပြန်တွေးမိပြီး ဝမ်းနည်းလာသဖြင့် နောက်တစ်ကျိုက် ထပ်သောက်လိုက် ပြန်သည်။
အစေခံ ကောင်မလေးက ဝမ်လင်းကို တစ်ခုခုပြောမလို လုပ်လိုက်စဉ် တစ်ယောက်ယောက်က သူမကို လှမ်းခေါ်လိုက်၏။ အမျိုးသမီးက ပြန်ထူးလိုက်၏။ သူမက လှည့်မထွက်ခင် ဝမ်လင်းကို သူမ၏ လှပသည့် မျက်ဝန်းရွှဲကြီးများဖြင့် တစ်ချက် ကြည့်သွားသေးသည်။
ဝမ်လင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် သူက စားသောက်ရန် မလိုပေ။ ထို့ကြောင့် သေမျိုးများ၏ အစားအသောက်များက သူ့ကို မဆွဲဆောင်နိုင်ပေ။ ထို့ကြောင့် သူက အသားကျပ်တိုက်ကို သည်အတိုင်း ထားလိုက်၏။ သို့သော် ဝိုင်ကိုတော့ ကုန်သွားသည့်အထိ သောက်လိုက်သည်။
ညလယ် ရောက်လာသည့်အခါ သိုင်းပညာရှင်များက မီးများ မွှေးကြ၏။ သည်ယောက်ျားသားများ အုပ်စုမှ ရယ်သံများ ထွက်လာသည်ကိုလည်း ကြားနေရသည်။ သူက သူတို့၏ရယ်သံများကို ကြားပြီး သူကိုယ်တိုင်လည်း အနည်းငယ် မပြုံးဘဲ မနေနိုင် ဖြစ်ရသည်။
အချို့ သိုင်းပညာရှင်များက သောက်စားပြီးနောက် အလွန် ရဲရင့်လာကြပြီး အစေခံ မိန်းကလေးများကို ပရောပရည် လုပ်ကြသည်။
သူက သည်သေမျိုးများကို ကြည့်၍ လီမူဝမ် အကြောင်းကို အလိုအလျောက် တွေးမိသွား၏။
ထိုအခိုက်တွင် လုရှောင်က ဝမ်လင်းအနားသို့ ဝိုင်နှစ်ဂျားနှင့် ရောက်လာခဲ့သည်။ သူက ဝမ်လင်းကို တစ်ဂျားပေးလိုက်ပြီး သူ့အနားတွင် ဝင်ထိုင်၍ ပြောလိုက်သည်။ ညီငယ်လေး…။ မင်းဆေးက တကယ့်ကို စွမ်းတာပဲ။ ငါ့အရှင်မက ပြန်ကောင်းလာခဲ့ပြီ။
ထိုသို့ ပြောပြီးနောက် သူက ဂျားထဲမှ ဝိုင်ကို သူ့ခွက်ထဲသို့ ထည့်လိုက်၏။ သို့သော် သူက ဝမ်လင်းသည် ဝိုင်ကို ခွက်ထဲ မထည့်ဘဲ ဂျားလိုက် မော့သောက် လိုက်၏။ သူက အားပါးတရ ရယ်မောလိုက်၏။ ထို့နောက်သူက ဝမ်လင်းအတိုင်း ဂျားလိုက် မော့သောက်ချ လိုက်သည်။
“အစ်ကိုက အစေခံနေမကောင်း ဖြစ်တယ်လို့ ပြောခဲ့တာမလား။ အခုမှ ဘယ်လိုလုပ် အစ်ကို့အရှင်မ ဖြစ်သွားရတာလဲ…” ဝမ်လင်းက လုရှောင်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
လုရှောင်မျက်နှာကြီးက ရဲတွတ်သွားသည်။ သူက အလွန်ရှက်သွားပြီး ပြောလိုက်၏။ “ညီငယ်လေး…။ ဒါက ငါ့အမှားပါ။ ဒီလိုလုပ်ပါလား။ ငါတို့မြို့တော်ကို ရောက်ရင် မင်းမှာ ပြဿနာ တစ်ခုခုရှိလာတာနဲ့ တောင်ဘက် ကောင်းကင်ဘုံဆိုင်ကို လာပြီး ငါ့ကို လာရှာပါ။ ငါ့စွမ်းနိုင်သလောက် ချက်ချင်း ကူညီပေးပါ့မယ် …”
ဝမ်လင်းက အားပါးတရ ပြုံးလိုက်၏။ ထို့နောက်သူက စကား ဆက်မပြောတော့ပေ။ သူက ဝိုင်ကို ခပ်ဖြည်းဖြည်းချင်း အရသာခံပြီး သောက်နေ လိုက်တော့သည်။
လုရှောင်က မြေပေါ်ရှိ ဘာမှ မကျန်တော့သော ဝိုင်ဂျားကို ကြည့်ပြီးနောက် ဝမ်လင်းလက်ထဲက အကတ်အသတ် ကျန်နေသော ဝိုင်ဂျားကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။ “ညီငယ်လေးက ဝိုင်အတော်လေး သောက်နိုင်တာပဲ။ ဒီမှာ သောက်ရတာ ခြောက်ကပ်ကပ်နဲ့။ ငါတို့ဟိုနားက မီးပုံမှာ ငါ့ ရောင်းရင်းတွေနဲ့ သွားပေါင်းကြမလား…”
ဝမ်လင်းက ငြင်းဆန်မလို့ လုပ်လိုက်ပြီးမှ အနည်းငယ် စဉ်းစား၍ ခေါင်းညိတ် လိုက်သည်။
ဝမ်လင်းက လုရှောင်နောက်မှ မီးပုံသို့ လိုက်သွားလိုက်သည်။ ထိုနေရာတွင် သိုင်းပညာရှင်များစွာ ရှိနေခဲ့သည်။ သူတို့အားလုံးက သူတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရယ်ကာမောကာ ပြောနေကြသည်။ လုရှောင်က ထိုလူတွေအနားသို့ ရောက်သွားသည်နှင့် ရယ်စရာစကားများ ပြောနေသာ လူတစ်ယောက်ကို လှမ်းကန်ပြီး ပြောလိုက်သည်။ “ဝမ်လောင်ဝူ… မင်းက ချင်ဖန်လျို့ရဲ့ မက်မွန်သီးလေး အကြောင်းကို ခဏခဏပြောနေတာ ငါ ကြားလိုက်တယ်။ သူက မင်းကို ကောင်းကောင်း ပြုစုလိုက်ပုံပဲ။ ငါတို့ပြန်ရောက်ရင်တော့ မင်းကြွားလုံး ထုတ်နေတာ ဟုတ်လား မဟုတ်လား စုံစမ်းကြည့်ဦးမှပဲ…”
ဝမ်လို့ခေါ်သည့်လူက လုရှောင်နှင့် ဝမ်လင်းတို့အတွက် နေရာ ဖယ်ပေးလိုက်ပြီးနောက် ပြောလိုက်၏။ “မင်းက စီးပွားရေးကို ဂရုစိုက်တာ မြန်လိုက်တာ။ ငါ ပိုက်ဆံ ပြန်ပေးမှာပေါ့။ မင်း ပြီးမှသွားလည်း ငါအတွက် အချိန် ရှိပါသေးတယ်…”
သူတို့က ထိုသို့ အပြန်အလှန် ပြောလိုက်သည့်အခိုက် လူတိုင်းက အားပါးတရ ရယ်မောလိုက်ကြ၏။ ဝမ်လင်းက သူ့ဘေးရှိ သေမျိုးများကိုကြည့်၍ စိတ်မကောင်း အတော်လေး ဖြစ်သွားသည်။ သည်လူများ၏ သက်တမ်းက တိုတောင်းလှပြီး ထိုလူများကို သတ်လိုလျှင် အသက်တစ်ခါ ရှူစာအတွင်း အကြိမ်များစွာ သတ်ပစ်၍ ရပေသည်။ သို့သော် သူတို့လို ပျော်ရွှင်မှုများက သူ့တွင် မရှိတော့ပေ။
သည်ညတွင် ဝမ်လင်းက ဝိုင်အတော်များများ သောက်ခဲ့၏။ သူက စကားအများကြီး မပြောခဲ့သော်လည်း အခြားလူများက သူ့အနား ဝိုင်းနေခဲ့ပြီး သူနှင့်အတူ ရယ်မော သောက်စား နေကြသည်။ ထို့နောက် ရဲရင့်ပြီး ဆက်ဆော့လက်ဆော့ ရှိသည့် အစေခံမိန်းကလေး တချို့က သူတို့နှင့် လာပေါင်းကြသည်။ ထိုမိန်းကလေးများထဲတွင် ဝမ်လင်းကို အစားအသောက်များ လာရောက် ပို့ပေးခဲ့သော မိန်းကလေးလည်း ပါ၏။ သို့ရာတွင် သူက ဝမ်လင်း အနားတွင်သာ လာထိုင်လေသည်။
သူမ၏ ဝင်းလက်လက် အကြည့်လေးက ဝမ်လင်းထံသို့ မကြာမကြာ ရောက်လာခဲ့သည်။ သို့သော် မည်သူကမျှ သူမ ဘာတွေးနေသည်ကို မသိကြချေ။
သန်းခေါင် မတိုင်ခင်မှာပဲ လူတိုင်းက သောက်ပြီးတော့ မှောက်ကုန်ကြသည်။ အစေခံ မိန်းကလေးများကလည်း မြင်းလှည်းများဆီ အိပ်စက်ရန် ပြန်သွားကြသည်။
အကွာအဝေးတစ်ခုတွင် ကင်းစောင့်နေသူ အချို့သာ မအိပ်သေးဘဲ ရှိနေ၏။ ကျန်သည့် လူများကတော့ အိပ်ပျော်ကုန်ကြပြီ ဖြစ်သည်။ သည်နားနေစခန်း တစ်ခုလုံးက မီးပုံမှ တစ်ဖောက်ဖောက် အသံကလွဲ၍ အရာအားလုံး တိတ်ဆိတ်နေကြသည်။
ဝမ်လင်းက မတ်တတ်ရပ်လိုက်ပြီး သူအရင် မှီထိုင်ခဲ့သော သစ်ပင်ကြီးထံသို့ ပြန်လာခဲ့၏။ သူက သစ်ပင်ကို မှီ၍ ထိုင်လိုက်စဉ် ငြိမ်သက် တိတ်ဆိတ်မှုကို ခံစားလို့နေ၏။ စောနက အချိန်တုန်းက သူက ကျင့်ကြံသူတစ်ယောက် ဆိုသည်ကို မေ့သွားခဲ့ပြီး သူက လူတိုင်းနှင့်အတူ သေမျိုး တစ်ယောက်ကဲ့သို့ သူ့ကိုယ်သူ တွေးထင်ခဲ့သည်။
ထို့နောက် သူက မျက်လုံးမှိတ်၍ သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ သူက အံ့ဩလို့သွားသည်။ အကြောင်းမှာ သူ့ကျင့်ကြံမှုအဆင့်က စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်မှ အလယ်အလတ် အဆင့်သို့ ရောက်နေသည်ကို တွေ့လိုက် ရသောကြောင့်ပင်။ သူက စဦးစိတ်ဝိညာဉ် အစောပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေပြီး အချိန်မရွေး အဆင့်ချိုးဖျက် နိုင်နေသော်လည်း အခုလောက် မြန်လိမ့်မည်လို့ မတွေးမိချေ။
သို့ရာတွင် သူ့ကိုဝန်းရံနေသော အနီရောင်အော်ရာက အနည်းငယ် လျော့သွားပေသည်။ သူ့တွင် သည်အနီရောင်အော်ရာ ပျောက်သွားမည် ဆိုပါက အနာဂတ်တွင် ပူဆွေးရလိမ့်မည် ဟူသော ခံစားချက်ရှိနေ၏။ ဝမ်လင်းက နတ်ဘုရားအာရုံကို အနီရောင်အော်ရာထဲသို့ ပို့လိုက်ပြီး ၎င်းကို ထပ်မံသိပ်သည်း လိုက်ပြန်သည်။
***