ဝမ်လင်းက အဆင့်လေး နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူက ပျံသန်းခြင်း မပြုတော့ပေ။ ထိုအစား သူက သေမျိုးတစ်ယောက် ကဲ့သို့သာ လမ်းလျှောက်လာခဲ့၏။ သူက သူနှင့် စိမ်းနေသေးသော နေရာကို ကြည့်၍ သက်ပြင်းချလိုက်သည်။
စဦး စိတ်စိတ်ဝိညာဉ် အဆင့်မှ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ချိုးဖျက်ရန် အတွက် မည်သည့် ကျင့်ကြံခြင်း နည်းလမ်းကမှ မကူညီနိုင်တော့ပေ။ အဆင့်(၆)ဆေးလုံးနှင့် ၎င်းအထက် ဆေးလုံးများကို မရှာနိုင်ခဲ့ဘူးဆိုရင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်အတွက် အခြားဆေးများက အသုံးမဝင်တော့ပေ။
စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် လူတစ်ယောက်သည် ကောင်းကင်နှင့် မြေကြီးကို လေ့လာရမည် ဖြစ်ပြီး သူ၏ ကိုယ်ပိုင်တာအိုကို ရှာဖွေရမည် ဖြစ်သည်။ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် ထိုနည်းလမ်းတစ်ခုသာ ရှိလေ၏။
ဝမ်လင်းက အဆင့်လေးနိုင်ငံသို့ ဝင်ရောက်ပြီးနောက် မည်သည့်ကလန်မှ ဝင်ရောက်ခြင်း မပြုပေ။ အကြောင်းမှာ သူက သူ့ဘာသာ ကိုယ်ပိုင်တာအို ရှာဖွေရမည်ကို သိသောကြောင့်ပင်။
သူက ကလန်တစ်ခုကို ဝင်ရောက်လျှင် ၎င်းကလန်၏ အဓိက အဖွဲ့ဝင် ဖြစ်လာပေလိမ့်မည်။ ထိုအရာက သူ့အတွက် အချိန်များစွာ ကုန်စေ၏။ သူက အချိန်အနည်းငယ်ပင် ဖြုန်းလိုခြင်း မရှိပါ။
သူကိုယ်တိုင် နှစ်ပေါင်း လေးရာကျော် ကျင့်ကြံခြင်း အတွေ့အကြုံများနှင့် အခြား စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း ကျင့်ကြံသူများ၏ အတွေ့အကြုံများအရ သူက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် ကောင်းကင်နှင့် မြေကြီးကို နားလည်ရန်သာ လိုကြောင်း သိခဲ့ပြီး ဖြစ်၏။
ဝမ်လင်းက အချိန်အတော်ကြာ သွေးလွှမ်းသော လမ်းကြောင်းကို လျှောက်ခဲ့ပြီး သည်သတ်ဖြတ်ခြင်းမှ တစ်ဆင့် ကောင်းကင်နှင့် မြေကြီးအကြောင်း နားလည်ခြင်း လုံးဝမရှိခဲ့ပေ။ သူက သည်လမ်းကြောင်း အတိုင်း ဆက်လျှောက်ပါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ဘယ်တော့မှ ရောက်လိမ့်မည် မဟုတ်လို့ ခံစားမိနေ၏။
အမှန်တော့ ဝမ်လင်း၏ ကျင့်ကြံခြင်း အဆင့်သည် စဦးစိတ်ဝိညာဉ် အဆင့်မဟုတ်ပေ။ သူ့မူရင်း ခန္ဓာကိုယ်က စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် သူ့ဂျိနယ်ပယ်က ပိတ်ဆို့ထားလေ၏။ ထို့ကြောင့် သူ့ကိုယ်ပွားကသာ စဦးစိတ်ဝိညာဉ် အဆင့်သို့ အစစ်အမှန် ရောက်ရှိသေးသည်။
ဝမ်လင်းက လမ်းအတိုင်း လျှောက်လာရင်း သူ့မူရင်းခန္ဓာကိုယ်က သူ့ကိုယ်ထဲသို့ တဖြည်းဖြည်း ဝင်သွားပြီး အိပ်ပျော်သွား၍ သူ့ကိုယ်ပွားက အပြင်သို့ ထွက်လာခဲ့၏။
ဝမ်လင်းက သူ့ဂျိနယ်ပယ် အကြောင်းကို သဘောပေါက်သည့်အတွက် ဂျိနယ်ပယ်၏ တစ်ဆို့မှုကို ဖျက်ဆီးရန် မကြိုးစားသေးပေ။ သူက ဂျိနယ်ပယ်ကို ဆက်၍များစွာ မှီခိုခြင်း မပြုတော့ပေ။ အခုကစပြီး ၎င်းက သူ့အတွက် နောက်ထပ် ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ့တွင် အခုလက်ရှိ ရှိနေသော နေရာများမှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ဖျက်ဆီးရန်အတွက် အားနည်း လွန်းနေသေး၏။ သူ့ဂျိနယ်ပယ် ရတနာက စွမ်းအားတိုးမြှင့်ရန် အတွက်က ရှားပါးလှသည့် ကောင်းကင်ရတနာများ လိုအပ်ပေ၏။ ဥပမာ… ကျင့်ကြံခြင်း ဂြိုဟ်သလင်း ကျောက်လိုမျိုး ဖြစ်၏။
အခုသူက ဂျိနယ်ပယ်ကို လက်လျှော့ထားပြီးနောက် သူ့ကိုယ်ပွားကို ကျင့်ကြံသူ တစ်ယောက်၏ လမ်းကြောင်း အဖြစ် လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့ပေသည်။ တစ်နေ့မှာ သူ့ကိုယ်ပွားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ခဲ့မည်ဆိုပါက သူက သလင်းကျောက်ကို ရရန် အခွင့်ရေး ရှိလာနိုင်ပေ၏။ ထို့နောက် သူက ၎င်းကို သန့်စင်ပြီး သူ့ဂျိနယ်ပယ်၏ တစ်ဆို့မှုကို ဖြတ်ကျော် ချိုးဖျက်နိုင်သည့် အခွင့်အရေး ရလာပေလိမ့်မည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီး သူ့အသိထဲမှ ဂျိနယ်ပယ်ကို ထုတ်ပယ် ထားလိုက်၏။ သူက အခုချိန်တွင် သူ့အတွက် အရေးကြီးဆုံးမှာ ကောင်းကင်နှင့် မြေကြီးကို နားလည် သဘောပေါက်ရန်သာ ဖြစ်သည်။ သူက သူ့ဘဝ၏ အချိန်အများစုကို သတ်ဖြတ်ခြင်း လမ်းကြောင်းတွင်သာ အသုံးပြုခဲ့သည့် အတွက် သူ့ကျင့်ကြံမှု လမ်းကြောင်းက မပြည့်စုံခဲ့ပေ။ သူက ကောင်းကင်နှင့် မြေကြီးကို နားလည်လိုလျှင် သေမျိုးတစ်ယောက် အဖြစ် ပြန်လည် စတင်ရပေမည်။
တစ်စုံတစ်ယောက်က အင်မောတယ် ဖြစ်လိုလျှင် အရင်ဆုံး သေမျိုးအဖြစ်ဖြင့် နေထိုင်ခဲ့ရသည်သာ ဖြစ်လေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူ့ကျင့်ကြံမှု အဆင့်က နှင်းများ အရည်ပျော်ကျ သကဲ့သို့ ပျောက်ကွယ် သွားတော့သည်။ အချိန်တစ်ခု ကြာပြီးနောက် သူက သေမျိုး တစ်ယောက်နှင့် မခြားနားတော့ပေ။
ဝမ်လင်းမျက်လုံးများက ထူးဆန်းသွားပြီး လေနှင့်လွင့်လာသော မိုးမခပင် သစ်ရွက် တစ်ရွက်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်သူက ထိုသစ်ရွက်ကို ဝါးစားလိုက်ပြီး လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။
သည်အဆင့်လေး ကျင့်ကြံခြင်းနိုင်ငံက ကျောက်နိုင်ငံထက် အဆပေါင်းများစွာ ကြီးမား ကျယ်ပြန့် လေသည်။ သည်နိုင်ငံတွင် ကျင့်ကြံသူများစွာနှင့် သေမျိုးများစွာက မရေတွက် နိုင်လောက်အောင် ရှိနေကြသည်။
ဝမ်လင်းက လမ်းလျောက်လာရင်း သူ့ကို ဖြတ်ကျော်သွားကြသော လူအချို့ကို မြင်တွေ့လိုက်၏။ သူတို့အားလုံးက သူနှင့်မတူဘဲ ဝန်စည် စလယ်များကို သယ်ဆောင် လာကြသည်။ ထို့ကြောင့်သူက လူအများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက လမ်းဘေးကို ဆင်းလိုက်ပြီး သစ်ခက်ခြောက် များကို စုစည်းလိုက်ပြီး သူ့အတွက် ခြင်းတစ်လုံး ပြုလုပ်လိုက်သည်။ ထို့နောက် သူက သစ်ရွက် သစ်ခြောက်မျိုးစုံကို စုစည်းပြီး ထိုခြင်းထဲသို့ ထည့်လိုက်၏။
ဝမ်လင်းက လမ်းအတိုင်း နာရီအတော်ကြာ ဆက်လျှောက်လာနေခဲ့ပြီး အချို့သေမျိုးကမ္ဘာ၏ သိုင်းပညာရှင်များက မြင်းများစီး၍ သူ့ကို ဖြတ်ကျော် သွားကြသည်။ သူတို့အားလုံးက ဝမ်းလင်းကို ရှိသည်ဟုပင် မထင်ကြချေ။
မြင်းများ ဖြတ်ကျော်သွားသည့် အချိန်တိုင်း ဖုန်များ တထောင်းထောင်း ထသွားကြသည်။ သို့ရာတွင် ဝမ်လင်းက ထိုအရာကို စိတ်ထဲမထည့်ပေ။ သူက အင်္ကျီပေါ်ရှိ ဖုန်များကို ခါလိုက်ပြီး လမ်းဆက်လျှောက်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် သူ့နောက်မှ အော်ဟောက်သံ တစ်ခုကို ကြားလိုက်ရသည်။ “လမ်းဖယ်စမ်း…”
ထိုအသံနှင့် တစ်ပြိုင်နက်တည်းမှာ လေပြင်းတစ်ချက်က သူ့နောက်မှ တိုက်ခိုက်လာခဲ့၏။ သူက အလျင်အမြန် ဘေးသို့ ရှောင်တိမ်းလိုက်ရပြီး မြင်းနက် တစ်ကောက်က သူ့ကို ဝင်တိုက်လုနီးပါး ဖြတ်ကျော်လို့သွား၏။
သိပ်မကြာခင်မှာပင် နောက်ထပ် မြင်းများလည်း ဖြတ်ကျော်သွားကြ၏။
မြင်းတစ်ကောင်က ဝမ်လင်းကို ဝင်တိုက်လု့နီးပါး ဖြစ်သွားချိန်မှာ မြင်းစီးသမားက ရုတ်တရက် မြင်းဇက်ကြိုးကို စောင့်ဆွဲလိုက်၏။ ထိုအခါ မြင်းက ကျယ်လောင်စွာ ဟီလိုက်၏။ ၎င်းမြင်း၏ ရှေ့ခြေထောက်ကလည်း ပတက်ဟပ်သွားပြီး လမ်းဘေးသို့ ပြုတ်ကျသွားသည်။
မြင်းများက အရှိန်မထိန်းနိုင်ဘဲ ရှေသို့ ခြေလှမ်းအနည်းငယ် တရွတ်တိုက် ဖြစ်သွားပြီးမှ ရပ်တန့်သွား၏။ မြင်းပေါ်ရှိ မြင်းစီးသမားက ဝမ်လင်းကို စူးစိုက် ကြည့်လိုက်သည်။ သူက ကြာပွတ်ကို ပင့်လိုက်ပြီး ဝမ်လင်း ထံသို့ လှမ်းရိုက်လိုက်ပြီး အောက်ဟောက် လိုက်၏။ “မျက်မမြင် ကောင်တစ်ကောင်က ဘယ်ကရောက်လာတာလဲ။ မင်း မျက်လုံး ကန်းနေတာလား…”
ဝမ်လင်း မျက်မှောင်ကြုတ် သွား၏။ သို့ရာတွင် ကြာပွတ်က ဝမ်လင်းကို ထိလုစဉ်မှာ သက်လတ်ပိုင်း လူကြီးက ကြာပွတ်ကို ဖြတ်၍ လှမ်းဆွဲ လိုက်ပြီး အော်လိုက်သည်။ “ကျောက်စန်… မင်းဘယ်လိုလုပ်နေတာလဲ…”
မြင်းပေါ်မှလူက နှာခေါင်း ရှုံ့လိုက်ပြီး ကျာပွတ်ကို ပြန်သိမ်း၍ ဝမ်လင်းကို ရက်စက်လိုသော အကြည့်ဖြင့် ကြည့်ပြီး ထွက်သွားတော့သည်။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်းထံသို့ ပြန်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “မင်းကို ထိတ်လန့် သွားစေတဲ့အတွက် စိတ်မကောင်းပါဘူး… ညီလေးရေ။ ငါ့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု တက်ရောက်ဖို့ ရှိနေလို့ပါ။ ဒါကြောင့် ခွင့်လွှတ်ပေးပါ…”
ဝမ်လင်းက ခေါင်းရမ်း၍ ပြောလိုက်သည်။ “ပြသနာမရှိပါဘူး…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့အင်္ကျီပေါ်ရှိ ဖုန်များကို ခါချလိုက်သည်။
သက်လတ်ပိုင်းလူကြီးက အံ့အားသင့်ဟန် ဖြစ်သွားသည်။ သူ့အမြင်အရ ဝမ်လင်းက သိုင်းပညာရှင် တစ်ယောက်၏ အသွင်အပြင် လုံးဝမရှိသည့် သာမန် လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ဝမ်လင်းက သာမန် လူများထက်တော့ သတ္တိရှိလှ၏။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်းကို ဂရုတစိုက် ကြည့်လိုက်သည်။ သူက ပြုံး၍ ပြောလိုက်၏။ “ငါ့နာမည်က လုရှောင်ပါ။ ဒီလမ်းက မြို့တော်ကို သွားတဲ့လမ်းပဲ။ ညီငယ်ကကော မြို့တော်ကို သွားမလို့လား…”
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းနောက်က ခြင်းကို မြင်လိုက်ပြီး ထူးဆန်းသည့် ဟန်ဖြင့် မေးလိုက်သည်။ “ညီငယ်က နယ်လှည့်သမားတော်လား…”
ဝမ်လင်းက ဘာမျှ မငြင်းဆိုတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။
သက်လတ်ပိုင်း လူကြီးက ပြုံးလိုက်သည်။ သူက လက်သီးဆုပ် နှုတ်ဆက်၍ မြင်းပေါ်သို့ ခုန်တက်လိုက်သည်။ ရုတ်တရက် သူ့မြင်းက ထဟီလိုက်သည်။ သူက ရှေ့သို့ ဆက်သွားရမည့်အစား နောက်သို့ ပြန်လှည့် လာခဲ့၏။
ဝမ်လင်းကလည်း နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့နောက် မီတာ (၁၀၀) အကွာလောက်တွင် မြင်လှည်းတစ်စီးက ခပ်ဖြည်းဖြည်း မောင်းနှင်လာသည်ကို တွေ့လိုက်ရ၏။
နာရီဝက်ခန့် ကြာသည့်အခါ သည်မြင်းလှည်းက သူ့နောက်တွင် ပေါ်လာခဲ့သည်။ ဒီမြင်းလှည်းဘေးတွင် မြင်းများစီး၍ လိုက်ပါစောင့်ရှောက် နေသော လူတစ်ရာ ကျော်လောက် ပါလာခဲ့၏။ သူ့တို့အားလုံး၏ မျက်လုံးများက တောက်ပလို့ နေပြီး ခေါင်းများကလည်း ခပ်မတ်မတ် ရှိနေကြသည်။ သူတို့အားလုံးက ကျွမ်းကျင်သော သိုင်းပညာရှင်များ ဖြစ်ကြောင်း ရှင်းလင်း လှပေသည်။
လုရှောင်က မြင်းလှည်း ဘေးနားသို့ ရောက်သွားခဲ့ပြီး အထဲရှိ တစ်ယောက်နှင့် စကားပြောဆို လိုက်သည်။
သည်လမ်းက သိပ်မကျယ်ဝန်း လှပေ။ ထို့ကြောင့်သူက လမ်းဘေးသို့ ဆင်းပေးလိုက်သည်။
မြင်းလှည်းက သူ့ကို ဖြတ်ကျော် သွားသည့်အခါ မြင်းပေါ်မှ လူလေးယောက်က သူ့ရှေ့တွင် ပေါ်လာခဲ့ပြီး သူ့ကို ပိတ်ဆို့လိုက်သည်။
လုရှောင်ကလည်း ဝမ်လင်းကို ပြန်လှည့်ကြည့်၍ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူ့မြင်းကို ဝမ်လင်းအနားသို့ ကပ်စီးလာလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။ “ညီငယ်…။ မင်းမှာ လေအေးမိပြီး ဖျားတဲ့ အခြေအနေအတွက် ကုသဖို့နည်းလမ်း တစ်ခုခုများ ရှိလား…”
ဝမ်လင်းက အခြားလူက သူကို သမားတော်နှင့် မှားယွင်းနေကြောင်း သိလိုက်သည်။ သူ့ပုံမှန်စိတ်ဖြင့် ဆိုလျင် သူက သည်ကိစ္စကို စိတ်မဝင်စားပေ။ သို့သော်သူက ရုတ်တရက် ဉာဏ်အလင်း တချို့ ရလိုက်သည်။ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် သူက ကောင်းကင်နှင့် မြေကြီး အကြောင်းကို နားလည် သဘောပေါက်ရန် လိုပေသည်။ သည်အရာက သေမျိုး ကမ္ဘာထဲသို့ ဝင်ရောက်ရန် အခွင့်အရေး ဖြစ်ကောင်း ဖြစ်သွားနိုင်ပေသည်။
ဝမ်လင်းက ထိုသို့ တွေးမိလိုက်ပြီးနောက် သူက ပြောလိုက်သည်။ “တစ်ယောက်ယောက် ဖျားနေလို့လား…”
သက်လတ်ပိုင်းလူကြီးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူက ပြောလိုက်သည်။ “အစေခံ ကောင်မလေး တစ်ယောက် ဖျားနေလို့ပါ။ ပြီးတော့ငါတို့က မြို့နဲ့ ဝေးရာမှာ ရောက်နေတယ်။ ဒီအနီးအနားမှာ ရှိတဲ့ သမားတော်တွေကလည်း ဆေးအချို့ ပေးခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူးလေ…”
ဝမ်လင်းက မြင်းလှည်းကို လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။ “ငါ လူနာကို ကြည့်လိုက့်ရမလား…”
လုရှောင်က မပြုံးချင်ပြုံးချင် ပြုံး၍ ပြောလိုက်သည်။ “ညီငယ်လေး မင်းမှာ ဆေးတစ်ခုခုရှိရင် ကူညီလို့ရမလား။ မရှိဘူးဆိုရင်လည်း လူနာကို ကြည့်ဖို့ မလိုတော့ပါဘူး…”
ထိုအခိုက်တွင် မြင်းလှည်းထဲမှ အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ “လုရှောင်… သူက ခရီးတွေ လျှောက်သွားခဲ့တော့ သူ့ကို ဂရုစိုက်ရလိမ့်မယ်…”
လုရှောင်က လျင်မြန်စွာ ပြန်ဖြေလိုက်၏။ သူက မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး ပြောလိုက်သည်။ “ငါမင်းကို ဒုက္ခပေးရတော့မယ်။ ညီငယ်လေး…”
ဝမ်လင်းက လုရှောင်နောက်မှ မြင်းလှည်းဆီသို့ ဦးတည် သွားလိုက်သည်။ ထိုအခိုက်တွင် မြင်းလှည်းထဲမှ လူအိုကြီးက ချောင်းဆိုးလိုက်၏။ “လုရှောင် အလျင်အမြန် ရပ်လိုက်ပြီး ဝမ်လင်းကို ပြောလိုက်သည်။ ညီငယ်…။ ဒီကနေပဲ ကြည့်လိုက်ပါ။ မြင်းလှည်းထဲ ဝင်ဖို့ မလိုပါဘူးလေ…”
ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ သူ့နတ်ဘုရား အာရုံကြောင့် သူက မြင်းလှည်းထဲတွင် လူသုံးယောက် ရှိကြောင်း သိနေသည်။ အဘိုးအို တစ်ယောက်အပြင် လှပသော အမျိုးသမီး နှစ်ယောက်လည်း အထဲတွင်ရှိနေခဲ့၏။ အရှင်သခင်မ တစ်ယောက်နှင့် သူမ အစေခံ နှစ်ယောက်မှန်း ရှင်းလင်းလို့နေ၏။
သည်လူက နေမကောင်း ဖြစ်နေပြီး အစေခံများက ဘာမျှမဖြစ်ပေ။ သူ့နတ်ဘုရား အာရုံအရ ဝမ်လင်းက သည်အမျိုးသမီးက လေအေမိပြီး ဖျားနာခြင်း မဟုတ်ပေ။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် အစိမ်းရောင် အငွေ့များ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူမက အဆိပ်မိထားသည်မှာ ရှင်းလင်းလှ၏။
ဝမ်လင်းက ပြောလိုက်သည်။ “မင်း လက်လှမ်းပေးပါ…”
မြင်းလှည်းထဲတွင် ရှိနေသော အမျိုးသမီးက ခဏတာ တုံံ့ဆိုင်း သွားသေးသည်။ ထို့နောက်တော့ သူမက လက်လှမ်း ပေးလိုက်သည်။ ဝမ်လင်းက သူ့လက်ကို ကိုင်ထားလိုက်ပြီး သူ့ခြင်းထဲက သစ်ရွက်ခြောက် တစ်ရွက်ကို ယူ၍ စိတ်ဝိညာဉ် စွမ်းအင်အချို့ အနည်းငယ် ထည့်လိုက်သည်။
သည့်နောက်သူက ထိုသစ်ရွက်ခြောက်ကို လုရှောင်အား ပေး၍ ပြောလိုက်သည်။ “သူမကို ဒီဟာ ဝါးစားခိုင်းလိုက်။ သူမနက်ဖြန်ကျရင် ပြန်ကောင်းသွားလိမ့်မယ်…”
လုရှောင်က သူ့လက်ထဲက သစ်ရွက်ကို ကြောင်တိကြောင်တောင် ကြည့်လိုက်သည်။ သူဘယ်လိုပဲ ကြည့်ကြည့် သည်သစ်ရွက်က မိုးမခပင်သစ်ရွက်ပဲ ဖြစ်လို့နေ၏။ လုရှောင်က အနည်းငယ်ပြုံး၍ သည်လူငယ်တော့ မှားနေပြီလို့ တွေးလိုက်သည်။ ကြည့်ရသည်မှာ သည်လူငယ်က သမားတော် တစ်ယောက် မဟုတ်ဘဲ အရူးတစ်ယောက် ဖြစ်နေသည့်ပုံပင်။
“ဟုတ်ပါတယ်…ဘယ်သူကများ မိုးမခရွက်ကို ဆေးအဖြစ် အသုံးပြုကြလို့လဲ…”
သည်သစ်ရွက်က အမှန်ပင် ဆေးဖြစ်နေမည် ဆိုပါက လူတိုင်းသည် လမ်းဘေးရှိ မိုးမခပင်များမှ စိတ်ကြိုက် ခူးဆွတ် နိုင်ပေလိမ့်မည်။
သူက သစ်ရွက်ကို လွှင့်ပစ်မလို လုပ်လိုက်စဉ်မှာပင် မြင်လှည်းလိုက်ကာစက မြင့်တက် သွားသည်။ လူအိုကြီးက သူ့တွန့်ရွှံ့ နေသည့်လက်ဖြင့် သစ်ရွက်ကို လှမ်းဖမ်းလိုက်၏။ သူက ထိုသစ်ရွက်ကို အချိန်အတော်ကြာ စိုက်ကြည့်၍ ပြောလိုက်သည်။ “နှစ်တစ်ရာ သက်တမ်းရှိတဲ့ မိုးမခရွက်…”
သူက အသက်ဝဝ ရှူလိုက်သည်။ ထို့နောက်သူက မယုံကြည့်နိုင်ဟန်ဖြင့် ဝမ်လင်းကို ကြည့်လိုက်ပြီး တလေးတစား မေးလိုက်သည်။ “ဒီသစ်ရွက်ကို အသုံးပြုဖို့ နည်းတစ်ခုခုများ ရှိလား…”
ဝမ်လင်းက ခပ်ပါးပါး ပြုံး၍ ပြောလိုက်သည်။ “ဒါက ဝါးစားလိုက်ရင် အဆင်ပြေပါပြီ…”
အဘိုးအိုက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူက လုရှောင်ကို ပုံစံတစ်မျိုးဖြင့် လှမ်းကြည့်လိုက်ပြီး မြင်းလှည်းထဲသို့ ခေါင်းပြန်ဝင် သွားသည်။
လုရှောင်က ဝမ်လင်းကို ထူးဆန်းသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ သူက မပြုံးချင် ပြုံးချင် ပြုံး၍ ပြောလိုက်သည်။ “ ညီငယ်လေး။ မင်းက မြို့တော်ကို သွားမယ်ဆိုရင် ငါတို့နဲ့ အတူ လိုက်လာခဲ့လေ…”
ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ “ငါ မြင်းတစ်ကောင် လိုတယ်…”
လုရှောင်က ဒါကို ကြားလိုက်သည့်အခါ သူက ချက်ချင်းပြောလိုက်၏။ “စန်းလိုင်…မင်းမြင်းကို ပေးလိုက်…”