Switch Mode

စာစဥ် (၂) အပိုင်း (၂၆)

မြင့်တက်လာခြင်း

ဝှစ်…

ဇူယွမ်ရဲ့ စကားသံပျံ့လွင့်သွားတာနဲ့ တစ်ချိန်တည်းမှာ သူ့ရဲ့ခန္ဓာကိုယ်ကလည်း သစ်နက်တစ်ကောင်အလား လျင်မြန်သည့်အရှိန်ဖြင့် ရှေ့ကိုပြေးထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ မူလချီအလင်းတန်းတွေ စီးဆင်းနေမှုကြောင့် သူ့ရဲ့စွမ်းအားနဲ့ အမြန်နှုန်းက တစ်ဟုန်ထိုးမြင့်တက်လာခဲ့ရသည်။

“မင်းက သေချင်နေတာပဲ…”

ဇူယွမ်သူ့ရဲ့တန်ပြန်တိုက်ခိုက်မှု စတင်ပြုလုပ်တာကို မြင်လိုက်ရသည့်အခါ လင်ဖုန်းရဲ့မျက်လုံးတွေထဲမှာ အေးစက်စက်အလင်းရောင်တွေ စီးဆင်းသွားခဲ့ရသည်။ လင်ဖုန်းအနေဖြင့် ဝင်ပေါက်လေးခုဖွင့်ထားနိုင်သူတစ်ယောက်ဖြစ်ကာ ဇူယွမ်ရဲ့ ဒီလိုမျိုးတုန့်ပြန်မှုက သူ့ရဲ့ဝင်ပေါက်လေးခုဖွင့်ထားနိုင်ခြင်းဆိုတဲ့ အဆင့်အတန်းကို အမှန်တကယ်သိမ်ငယ်သွားစေသည်။

“မင်းက အရမ်းကို ယုံကြည်မှုရှိနေတယ်ပေါ့… ငါက မင်းရဲ့ဒီယုံကြည်မှုကို လူတိုင်းရဲ့ရှေ့မှာ ဖျက်စီးပေးရလိမ့်မယ်… ”

လင်ဖုန်းရဲ့ လက်ချောင်းတွေက တဖြည်းဖြည်းနဲ့ တင်းတင်းကျပ်ကျပ်ဆုပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်ပေါ်မှာလည်း မူလချီအလင်းတွေ ထွက်ပေါ်ကာ စီးဆင်းနေလျက်ရှိပေသည်။ သူ့ရဲ့အဝတ်အစားတွေကလည်း တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ့အရေပြားအောက်က ကြွက်သားတွေကတုန်ခါလာခဲ့ကာ စွမ်းအားတွေက ပေါက်ကွဲထွက်သွားတော့မည့်အလား စုစည်းလာခဲ့ကြသည်။

ခန့်ညားလောက်တဲ့ အရှိန်အဝါတွေက လင်ဖုန်းရဲ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာခဲ့သည်။ အခုအချိန်မှာ ဝင်ပေါက်လေးခုရဲ့စွမ်းအားတွေက သူတို့ရဲ့နောက်ဆုံးအကန့်အသတ်ထိရောက်အောင် ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။

စင်မြင့်အောက်မှာရှိတဲ့ လူအုပ်ကြီးကလည်း လင်ဖုန်းရဲ့အရှိန်အဝါကို ခံစားမိခဲ့လိုက်ပြီး သူတို့ရဲ့အမူအယာတွေက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ စုယုဝေတောင်မှ မျက်မှောင်အနည်းငယ်ကျုံ့သွားခဲ့ရပြီး သူမရဲ့သေးသွယ်တဲ့လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်မိသကဲ့သို့ သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာလည်း စိုးရိမ်မှုတွေဖြတ်ပြေးသွားခဲ့ရသည်။

လင်ဖုန်းရဲ့ခွန်အားက ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူတွေထဲမှာတောင်မှ ထိပ်ပိုင်းတွင်ရှိပေသည်။

ဇူယွမ်ကလည်း သူ့ပြိုင်ဘက်ရဲ့ လက်ရှိအခြေအနေကို ခံစားမိသည်။ သို့ပေမဲ့လည်း သူကနောက်ပြန်ဆုတ်ဖို့ စိတ်ကူးမရှိခဲ့ပဲ သူ့ခြေထောက်က ကြမ်းပြင်ပေါ်ကိုဆောင့်နင်းခဲ့လိုက်သလို သူ့ရဲ့ခြေထောက်တွေထံမှလည်း မူလမှော်စာလုံးအလင်းရောင်တွေ တောက်ပလာခဲ့သည်။

“အလင်းခန္ဓာကိုယ်မှော်စာလုံး…”

သူ့ရဲ့အမြန်နှုန်းက ချက်ချင်းဆိုသလို နောက်ထပ်တစ်ကြိမ် မြင့်တက်သွားခဲ့ရသည်။

“သတ္တုအရေပြားမှော်စာလုံး…” သူ့ရဲ့လက်မောင်းတွေက သတ္တုအလား အနက်ရောင်အလင်းတွေ တောက်ပလာခဲ့သည်။

“ပြင်းထန်သော ခွန်အားမှော်စာလုံး…” ဇူယွမ်ရဲ့ပခုံးတွေက အနည်းငယ်တုန်ခါသွားခဲ့ပြီး တိရိစ္ဆာန်တစ်ကောင်ရဲ့ အော်မြည်သံအလား ခပ်သဲ့သဲ့အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး ၎င်းမှာ ပြင်းထန်တဲ့ခွန်အားတွေ ယူဆောင်လာပေသည်။

မူလမှော်စာလုံးသုံးခုကို တစ်ပြိုင်နက်တည်း အသက်သွင်းခဲ့လိုက်ပြီးနောက်မှာ ဇူယွမ်ရဲ့အရှိန်အဝါတွေ တစ်ဟုန်ထိုးမြင့်တက်သွားခဲ့သည်။ သူ့ရဲ့ရက်စက်တဲ့ပုံစံကြောင့် ဒီတန်ပြန်တိုက်ခိုက်မှုက ဘယ်လောက်ပြင်းထန်လိမ့်မည်လဲဆိုတာကို လူတိုင်းသိချင်မိကြပေသည်။

ဒီမြင်ကွင်းကြောင့် စင်မြင့်အောက်မှာရှိတဲ့ လူငယ်လေးတွေနဲ့ မိန်းခလေးတွေက အံ့အားသင့်ထိတ်လန့်စွာ အော်ဟစ်လိုက်မိကြသည်။

သို့ပေမဲ့လည်း မြင့်မားတဲ့စင်မြင့်ပေါ်မှာရပ်နေသည့် ချီယွဲ့နဲ့ လျှိုစီလို့ခေါ်တဲ့ မိန်းခလေးတို့က ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့ရဲ့နှုတ်ခမ်းထောင့်တွေမြင့်တက်သွားခဲ့ပြီး လှောင်ပြောင်သရော်တဲ့ အပြုံးတွေဖြစ်ပေါ်လာခဲ့ကြသည်။

ချီယွဲ့ရဲ့လက်ချောင်းဆယ်ချောင်းက အချင်းချင်းဆုပ်ကိုင်မိခဲ့လိုက်သည်။ ဇူယွမ်က လင်ဖုန်းကို ကြောက်မက်ဖွယ်ရာလက်သီးချက်ဖြင့် ထိုးလိုက်သည်ကိုကြည့်ရင်းမှ သူကလှောင်ပြောင်သရော်သည့်လေသံဖြင့်ပြောလိုက်သည်… “ကြည့်ရတာ ငါတို့မင်းသားက လင်ဖုန်းရဲ့ထူးချွန်မှုက တိုက်ခိုက်မှုမဟုတ်ပဲနဲ့ ခုခံမှုဆိုတာကို မသိသေးဘူးထင်တယ်…”

“ဝင်ပေါက်လေးခုဖွင့်နိုင်တဲ့ကျင့်ကြံသူတွေတောင်မှ လင်ဖုန်းရဲ့ခံစစ်ကို ချိုးဖျက်နိုင်ခြင်းမရှိကြသေးဘူး…”

“သူ့ရဲ့တိုက်ခိုက်မှုက ပိုပြီးစွမ်းအားများလေ သူ့ရဲ့အရှုံးကလည်း ပိုပြီးသနားစရာကောင်းသွားရလိမ့်မယ်… ဟီဟီ… ငါဒါကို ကြည့်ချင်လှပီ…”

စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ များစွာသောလူအုပ်ကြီးရဲ့ အကြည့်တွေအောက်မှာပဲ ဇူယွမ်နဲ့ လင်ဖုန်းတို့က တစ်လက်မပြီးတစ်လက်မပိုပြီးနီးကပ်လာခဲ့သလို လင်ဖုန်းရဲ့ နှုတ်ခမ်းထောင့်စွန်းကလည်း အနည်းငယ်တွန့်ကွေးသွားခဲ့သည်။ ရုတ်တရက် သူက ရှေ့ကိုခြေလှမ်းဝက်လောက် လှမ်းတက်လိုက်သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း ရှေ့ကိုကိုင်းညွတ်သွားခဲ့သည်။

“အလယ်အလတ်အဆင့် မူလကျင့်စဉ်… နတ်ဆိုးသတ္တုတံတိုင်း…”

လင်ဖုန်း၏ပါးစပ်ထံမှ ကျယ်လောင်တဲ့အော်သံတစ်ခု တစ်ဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ တစ်ယောက်ယောက်ကသာ ကြည့်လိုက်မယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ မူလချီအလင်းတွေ အလွန်လျင်မြန်စွာစီးဆင်းနေပြီး သူ့ရဲ့ရှေ့မှာ အနက်ရောင်အလင်းအလွှာပါးပါးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်တွေ့ရပေမည်။

ဒီအလင်းအလွှာက လွန်စွာပါးလွှာနေပေမဲ့လည်း ၎င်းအနက်ရောင်အလင်းတွေက ဖျက်စီး၍မရလောက်အောင် ခိုင်မာလှပေသည်။

လင်ဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အလင်းအလွှာပေါ်ပေါက်လာတာကို မြင်လိုက်ရသည့်အခါ စုယုဝေရဲ့လှပတဲ့မျက်နှာလေးထက်က အမူအယာက ချက်ချင်းဆိုသလို စိုးရိမ်မှုတွေအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဒီနတ်ဆိုးသတ္တုတံတိုင်းက အလယ်အလတ်အဆင့်မူလကျင့်စဉ်တွေထဲမှာမှ ထိပ်တန်းကျင့်စဉ်တစ်ခုဖြစ်သည်ကို သူမသိပေသည်။ ၎င်းက လွန်စွာမာကျောသည့်ခုခံစွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက ရန်သူရဲ့တိုက်ခိုက်မှုကိုလည်း တန်ပြန်သက်ရောက်စေသည်။

စကားအရပြောရရင် ၎င်းကိုသာချက်ချင်းမဖျက်စီးနိုင်ခဲ့ဘူးဆိုလျှင် တိုက်ခိုက်မှုက စွမ်းအားပိုများလေလေ တိုက်ခိုက်သူအပေါ် ပြန်ပြီးတုန့်ပြန်မှုကလည်း ပိုပြီးကြီးမားလေပင်ဖြစ်သည်။

ထပ်ပြောရရင် စုယုဝေတောင်မှ ဒီနတ်ဆိုးသတ္တုတံတိုင်းကို ချက်ချင်းဖျက်စီးနိုင်ဖို့ ယုံကြည်ချက်အပြည့်အဝမရှိပေ။

“မင်းရဲ့တိုက်ခိုက်မှုက မင်းရှုံးနိမ့်သွားစေဖို့ လုပ်နေတာပဲ… မင်းသားဇူယွမ် မင်းရဲ့သနားစရာကောင်းတဲ့အရှုံးက ဇူအင်ပါယာတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်…” ဇူယွမ်တဖြည်းဖြည်းနီးကပ်လာတာကိုကြည့်နေရင်းမှ လင်ဖုန်းရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အထင်သေးတဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူအုပ်ကြီးရဲ့အကြည့်တွေအောက်မှာပဲ ဇူယွမ်ရဲ့မျက်လုံးတွေက လင်ဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အလင်းလွှာတစ်ခု ထွက်ပေါ်လာတာကို တူညီစွာတွေ့လိုက်ရသည်။ ၎င်းရဲ့အထဲမှာ စွမ်းအားတွေတစ်ဟုန်ထိုးစီးဆင်းနေပြီး ဇူယွမ်ရဲ့မျက်ခုံးတွေကို အနည်းငယ်မြင့်တက်သွားစေခဲ့သည်။

“သူက လိပ်ခွံတစ်ခုပေါ်မှာ အမှီသဟဲပြုဖို့ စီစဉ်ထားတယ်လား…”

ဇူယွမ်အေးစက်စွာ ရယ်မောလိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးထဲမှာလည်း အေးစက်မှုတွေတစ်ရှိန်ထိုးတက်လာခဲ့သည်။ “မင်းက ဒီလိပ်ခွံပေါ်မှာ ယုံကြည်မှုရှိနေတယ်ဆိုမှတော့ ငါက ဒါကိုမရမကဖြိုခွဲပေးရတော့မှာပေါ့…”

သူ့ရဲ့ပုံရိပ်က အရှေ့ကိုပြေးထွက်သွားခဲ့ကာ လင်ဖုန်းရဲ့အရှေ့ ညာဘက်အခြမ်းမှာ ပေါ်ထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာ သူကရုတ်တရက် အသက်ရှူသွင်းလိုက်သည့်အခါ လူတိုင်းက သူ့ရဲ့လည်ပင်းပေါ်မှာ မှော်စာလုံးအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်ကို မြင်ခဲ့လိုက်ရသည်။

“နောက်ထပ် မူလမှော်စာလုံးလား…” ဒါကိုမြင်လိုက်ရတဲ့အခါ လင်ဖုန်းမျက်မှောင်ကျုံ့သွားခဲ့သည်။

ဝေါင်း…

လင်ဖုန်းရဲ့နှလုံးက တုန်လှုပ်သွားစဉ်မှာပင် ဇူယွမ်ရဲ့ပါးစပ်က ရုတ်ချည်းပွင့်ဟသွားခဲ့ပြီး နားကွဲမတတ်ကျယ်လောင်ပြင်းထန်တဲ့ ကျားဟိန်းသံအသံလှိုင်းတစ်ခုက လွင့်ပျံထွက်ပေါ်လာခဲ့သည်။

“အဆင့် ၁ မူလမှော်စာလုံး… ကျားဟိန်းသံမှော်စာလုံး…”

စင်မြင့်ပတ်ပတ်လည်တွင်ရှိနေသည့် လူအုပ်ကြီးက သူတို့ရဲ့နားတွေကို လျင်မြန်စွာဖုံးအုပ်လိုက်မိခဲ့ကြသည်။ သူတို့ခန္ဓာကိုယ်ထဲက ချီနဲ့သွေးတွေ အပြင်းအထန်လှုပ်ရှားသွားခဲ့ရပြီး ချက်ချင်းဆိုသလို ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့ကြသည်။ ဒီမူလမှော်စာလုံးရဲ့စွမ်းအားက ကျိန်းသေပေါက် အခြေခံအဆင့်မဖြစ်နိုင်ပေ။

ဘေးမှရပ်ကြည့်နေသည့်သူတွေတောင်မှ ဒါရဲ့အကျိုးသက်ရောက်မှုကို ခံစားခဲ့လိုက်ရသည်။ အဓိကပစ်မှတ်ဖြစ်သည့် လင်ဖုန်းဆိုရင်ပြောနေစရာပင်လိုလိမ့်မည်မဟုတ်ပေ။ လင်ဖုန်းရဲ့ခေါင်းထဲမှာ အချက်ပေးသံတွေဆူညံသွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အလွှာက ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ပြီး တဒင်္ဂအချိန်အတွင်း အေးခဲသွားခဲ့သည်။

ဒီလိုဖြစ်ပျက်သွားတာနဲ့ တစ်ချိန်တည်းမှာ ဇူယွမ်က လင်ဖုန်းနှင့်ပို၍နီးကပ်လာခဲ့သည်။ ဇူယွမ်က လက်သီးကိုတင်းတင်းဆုပ်ဆုပ်ကာ မနှိုင်းယှဉ်လောက်အောင် လေးလံသည့်ပုံစံဖြင့် ရှေ့ကိုထိုးချလိုက်သည်။ လက်သီးချက်ကြောင့် လေထုတောင်မှ ပေါက်ကွဲထွက်သွားသည့်ပုံ ပေါ်လာခဲ့သည်။

“နဂါးလက်ဝါး… တောင်ကိုဖြိုခြင်း…”

မူလချီတွေလှည့်ပတ်နေလျက်ရှိတဲ့ သူ့ရဲ့လက်သီးက အနက်ရောင်အလွှာပေါ်ကို ပြင်းပြင်းထန်ထန်ကျရောက်သွားခဲ့သည်။

ဝုန်း…

အလင်းအလွှာက ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့ကာ အလွန်လျင်မြန်စွာဖြင့် လှိုင်းလုံးတွေကဲ့သို့ ပြန့်ကျဲသွားခဲ့ရသည်။ တစ်ချိန်တည်းမှာ လင်ဖုန်းက ကျားဟိန်းသံမှော်စာလုံးကြောင့် ရပ်တန့်သွားခဲ့ရာမှ သတိပြန်ဝင်လာကာ နေရာမှာတွင်ပဲ သူ့ရဲ့အမူအယာက ချက်ချင်းပြောင်းလဲသွားခဲ့ရသည်။ အရမ်းကိုကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခု သူ့ဆီတိုးဝင်လာတာကို သူ့အနေနဲ့ခံစားနိုင်ခဲ့သည်။

ဒီစွမ်းအားထွက်ပေါ်လာသည့်နေရာက ဇူယွမ်ရဲ့လက်သီးထံမှပင်ဖြစ်ပေသည်။

“သူ့ရဲ့ခွန်အားက ဘယ်လိုလုပ်ဒီလောက်ကြောက်ဖို့ကောင်းနေရတာလဲ…” လင်ဖုန်းရဲ့နှလုံးက လှုပ်ခတ်သွားခဲ့ပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာသည်။

“ချိုးဖျက်လိုက်စမ်း…”

တစ်ချိန်တည်းမှာ ဇူယွမ်ရဲ့ကျယ်လောင်သည့်အော်သံ ထွက်ပေါ်လာခဲ့သည်။

ဘန်း…

သူအော်ဟစ်လိုက်တဲ့အချိန်မှာပဲ လင်ဖုန်းရဲ့ခန္ဓာကိုယ်ပေါ်က အနက်ရောင်အလင်းအလွှာက လုံးဝပျက်စီးသွားတာကို လူတိုင်းအံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။

“ငါ အရှုံး…” လင်ဖုန်းရဲ့မျက်နှာက ကြောက်ရွံ့မှုတွေပြည့်နှက်နေလျက် အလျင်အမြန်အော်ဟစ်ရန် ကြိုးစားလိုက်သည်။

သို့ပေမဲ့လည်း ဇူယွမ်က သူ့စကားကိုဆုံးအောင် အပြောမခံခဲ့ချေ။ သူ့ရဲ့စွမ်းအားတွေ အကုန်လုံးပါဝင်နေတဲ့ လက်သီးချက်က လင်ဖုန်းရဲ့ရင်ဘတ်ပေါ်ကို အညှာအတာကင်းမဲ့စွာဖြင့် ကျဆင်းသွားခဲ့ရသည်။

အား…

ပါးစပ်အပြည့်နဲ့သွေးတွေ အန်ထုတ်လိုက်သကဲ့သို့ များစွာသော ထိတ်လန့်တုန်လှုပ်နေတဲ့အကြည့်တွေရဲ့အောက်မှာပဲ လင်ဖုန်းရဲ့ခန္ဓာကိုယ်က အနောက်ဘက်ကို လွင့်ပျံထွက်သွားခဲ့ရသည်။ သူ့ရဲ့ခန္ဓာကိုယ်က များစွာသောပြိုင်ပွဲစင်မြင့်တွေကို ဖြတ်ကျော်သွားခဲ့ပြီးမှသာ မြေပြင်ပေါ်ကို အရှိန်ပြင်းစွာကျရောက်သွားခဲ့ပြီး တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေနှင့် ပြည့်နှက်သွားခဲ့သည်။

လင်ဖုန်းမြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့တဲ့နောက်မှာ ကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်မှုတွေ လွှမ်းခြုံသွားခဲ့ရသည်။ လူတိုင်းက ဒီမြင်ကွင်းကို ရူးသွပ်သွားသည့်အလား စိုက်ကြည့်နေလျက်ရှိကြသည်။ စုယုဝေရဲ့ မျက်လုံးတွေတောင်မှ ပြူးကျယ်သွားခဲ့ရကာ သူမရဲ့လက်တွေနဲ့ ပါးစပ်ကို ဖုံးအုပ်ထားမိလိုက်ရသည်။

“ဘယ်လိုဖြစ်သွားတာလဲ…”

လူတိုင်းက တီးတိုးရေရွတ်လိုက်မိကြသလို သူတို့ရဲ့မျက်နှာတွေကလည်း မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်နေရပေသည်။ သည်မတိုင်ခင်မှာ လူတိုင်းက လင်ဖုန်းရဲ့ခိုင်မာတဲ့ခံစစ်ကို သဘောကျမိခဲ့သော်ငြား စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဒီဖျက်စီးနိုင်ခြင်းမရှိဘူးဆိုတဲ့ နတ်ဆိုးသတ္တုတံတိုင်းက ဇူယွမ်ရဲ့လက်သီးချက်တစ်ချက်အောက်မှာ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ရသည်။

ဒီလက်သီးချက်မှာ စွမ်းအားတွေ ဘယ်လောက်တောင်ပါဝင်နေတာလဲ…

ဒါကဝင်ပေါက်နှစ်ခုပဲ ဖွင့်နိုင်သေးတဲ့လူတစ်ယောက် အမှန်တကယ်စွမ်းဆောင်နိုင်တဲ့အရာလား…

“အရမ်းကောင်းတယ်…”

ပွဲကြည့်စင်ပေါ်မှာ ချူထျန်းယန်က လွှတ်ခနဲအော်လိုက်မိသည်။ သူကလျင်မြန်စွာထရပ်လိုက်မိပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း တောက်ပတဲ့အလင်းရောင်တွေ ထွက်ပေါ်လာခဲ့ရသလို မျက်နှာပေါ်မှာလည်း အံ့အားသင့်မှုတွေဖြင့် ပြည့်နှက်နေရပေသည်။ အစောပိုင်းက ဇူယွမ်ရဲ့လက်သီးချက်မှာ ပါဝင်တဲ့စွမ်းအားက သေချာပေါက်ပင် ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်သည့်ကျင်ကြံသူတစ်ယောက်ရဲ့ စွမ်းအားမျိုးမဟုတ်ပေ။

ကြည့်ရတာ သူတို့ရဲ့ဒီမင်းသားလေးက နှစ်ပေါင်းများစွာကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ နောက်ဆုံးမှာ သူ့ရဲ့သာမန်ထက်ပိုတဲ့ထူးခြားမှုတွေကို စပြီးထုတ်ပြလာခဲ့ပြီပေါ့။ ဒါက သံသယရှိစရာမလိုလောက်အောင်ပင် ဇူအင်ပါယာရဲ့ အပျော်ရွှင်ရဆုံးအချိန်တစ်ခုလည်းဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ရှုဟောင်ရဲ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားခဲ့ရသည်။ သူက ဇူယွမ်ကို စိုက်ကြည့်နေလျက်မှ သူ့ရဲ့မျက်လုံးထဲမှာ ချက်ချင်းဆိုသလို စိတ်ရှုပ်ထွေးမှုတွေ ထွက်ပေါ်လာခဲ့ရသည်။

မြင့်မားတဲ့စင်မြင့်ပေါ်မှာရပ်နေလျက်ရှိကြသည့် ချီယွဲ့နှင့်လျှိုစီတိုရဲ့အပြုံးတွေက အေးခဲသွားခဲ့ရသည်။

ဖျောင်း…

ချီယွဲ့ရဲ့လက်တွေက ရုတ်တရက်ဆုပ်ကိုင်လိုက်သည့်အခါ သူ့ရှေ့ကစင်မြင့်လက်ရန်းတွေ တစ်စစီဖြစ်သွားခဲ့ရသည်။ သူ့ရဲ့ချောမောတဲ့ မျက်နှာကလည်း ဒေါသကြောင့်ဖြူဖွေးသွားခဲ့ရသည်။

“သူက ဘယ်လိုလုပ် လင်ဖုန်းရဲ့ နတ်ဆိုးသတ္တုတံတိုင်းကို ချိုးဖျက်နိုင်ခဲ့ရတာလဲ…” ဖြူဖျော့နေသည့်မျက်နှာနှင့် လျှိုစီက အံကိုတင်းတင်းကြိတ်လျက်မှ ဒေါသတကြီးပြောလိုက်သည်။

ဝင်ပေါက်လေးခုဖွင့်ထားနိုင်သည့်ကျင့်ကြံသူတစ်ယောက်တောင် မချိုးဖျက်နိုင်သည့် နတ်ဆိုးသတ္တုတံတိုင်းက ယခုအချိန်မှာ ဝင်ပေါက်နှစ်ခုသာဖွင့်ထားနိုင်ခြင်းရှိသေးတဲ့ဇူယွမ်ကြောင့် လုံးဝပျက်စီးသွားခဲ့ရသည်။ ဒါက ဘယ်လိုလုပ်ပြီး လူတိုင်းကို မတုန်လှုပ်စေပဲနေလိမ့်မည်နည်း။

ဒါကသူတို့သိထားခဲ့တဲ့ မသန်မစွမ်းဖြစ်နေတဲ့ မင်းသားရောဖြစ်နိုင်ပါရဲ့လား…

ချီယွဲ့ရဲ့အကြည့်တွေက ဘေးနားရှိစင်မြင့်ပေါ်မှ ငယ်ရွယ်တဲ့ပုံရိပ်ထံကို ကော်နဲ့ကပ်ထားသည့်အလား မမှိတ်မသုန်စိုက်ကြည့်နေသကဲ့သို့ သူ့ရဲ့မျက်လုံးတွေထဲမှာလည်း လူသတ်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့သည်။ အရင်တုန်းက သူ့အနေနဲ့ ဇူယွမ့်ကို ရယ်စရာတစ်ခုအလား ဆက်ဆံခဲ့ပေသည်။ ဒါပေမဲ့အခုအချိန်မှာတော့ ချီယွဲ့က ကိုယ့်ကိုကိုယ် ရယ်စရာတစ်ခုဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။

အသံတွေတဖြောက်ဖြောက်ကြားနိုင်လောက်သည်အထိ ချီယွဲ့က သူ့ရဲ့လက်ငါးချောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခဲ့လိုက်မိသည်။ သူ့ရဲ့မျက်ခုံးတွေ လှုပ်ရှားသွားခဲ့သလို တိုးညှင်းစွာရေရွတ်ခဲ့လိုက်သည်… “ဇူကလန်ရဲ့ မသန်မစွမ်းဖြစ်နေတဲ့နဂါးက ပြာပုံထဲကနေမြင့်တက်လာနိုင်ဖို့ အမှန်တကယ် ရည်ရွယ်နေခဲ့တာလား…”


Comment

Leave a Reply

Options

not work with dark mode
Reset