Switch Mode

အပိုင်း(၂၉၁)

နတ်ဆိုးလူငယ်

ထိုအခိုက်တွင်ကောင်းကင်မှခပ်အုပ်အုပ်အသံများထွက်ပေါ်လာသလိုရွှေရောင်အလင်းများကလည်းအောက်သို့ဆင်းသက်လာ၏။

ရွှေရောင်အလင်းများအောက်တွင်ဧရာမရွှေရောင်ပုံရိပ်ကြီးပေါ်လာခဲ့၏။ သည်အရာကြီးပေါ်လာသည့်အခိုက်တွင်ကျောက်နိုင်ငံတစ်ခုလုံးတုန်လှုပ်သွားကြ၏။ ကောင်းကင်နှင့်မြေကြီးကရွှေရောင်အလင်းများနှင့်ဖုံးအုပ်ထားခြင်းခံရသည်။ သေမျိုးများ၊ကျင့်ကြံသူများ၊အပင်များနှင့်တိရစ္ဆာန်များအားလုံးကရွှေရောင်အလင်း၏လွှမ်းမိုးခြင်းကိုခံထားလိုက်ရသည်။

ဝမ်လင်းအသွင်ကပုံမှန်သာရှိသော်လည်းသူ့ကိုယ်ထဲရှိစိတ်ဝိညာဉ်စွမ်းအင်များကတော့လျော့နည်းကုန်ခန်းလာ၏။ သည်ဘီလူးပုံရိပ်ကြီးပေါ်လာသည့်အခိုက်တွင်ဝမ်လင်းကသက်လတ်ပိုင်းလူကြီးထံသို့ခက်ခက်ခဲခဲလက်ညှိုးညွှန်လိုက်သည်။

ဧရာမပုံရိပ်ကြီးကခေါင်းညိတ်လိုက်၏။ သူကဝမ်လင်းညွှန်ပြလိုက်သောနေရာသို့ကြည့်၍သူ့လက်ကိုညင်သာစွာဝှေ့ယမ်းလိုက်သည်။

သက်လတ်ပိုင်းလူကြီး၏အသွင်ကရုတ်တရက်အားကောင်းသောအန္တရာယ်ကိုခံစားလိုက်ရသည်။ သူကကောင်းကင်ကိုကြည့်၍မှင်သက်နေသောဖူနန်စီကိုဆွဲ၍သူ့ရှေ့တွင်ကာလိုက်၏။

ဖူနန်စီခန္ဓာကိုယ်ကဖုန်မှုန်အဖြစ်သို့ပြောင်းသွား၏။ သက်လတ်ပိုင်းလူကြီးကလည်းနာကျင်စွာညည်းညူလိုက်ရ၏။ သူ့မျက်နှာကဖျော့တော့သွားပြီးသူကနောက်သို့လျင်မြန်စွာဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာသူကသိုလှောင်အိတ်ထဲမှကျောက်စိမ်းပြားတစ်ပြားကိုထုတ်ယူလိုက်သည်။ သူကကျောက်စိမ်းပြားကိုတုံံ့ဆိုင်းခြင်းမရှိဘဲခွဲလိုက်သည်။ ကျောက်စိမ်းပြားထဲမှအဖြူရောင်အလင်းများအလုံးအရင်းထွက်လာခဲ့ပြီးသူ့ကိုဝန်းရံသွား၏။ ထို့နောက်သူကပျောက်ကွယ်သွားတော့သည်။

သက်လက်ပိုင်းလူကြီးပျောက်ကွယ်သွားသည့်အခိုက်တွင်ဧရာမပုံရိပ်ကြီးလည်းပျောက်ကွယ်လို့သွား၏။ ဝမ်လင်းခန္ဓာကိုယ်ကလည်းတုန်ခါလို့နေ၏။ သူကသိုလှောင်အိတ်ထဲမှဆေးလုံးများကိုလျင်မြန်စွာထုတ်ယူလိုက်သည်။ သူကနတ်ဘုရားအာရုံဖြင့်သက်လတ်ပိုင်းလူကြီး၏သဲလွန်စကိုလိုက်ရှာလိုက်၏။

အချိန်အတော်ကြာပြီးနောက်ဝမ်လင်းကမျက်မှောင်ကြုတ်မိလိုက်သည်။ ဒီသက်လတ်ပိုင်းလူကြီး၏တည်ရှိမှုကကျောက်နိုင်ငံမှပျောက်ကွယ်သွားခဲ့သောကြောင့်ပင်။

သက်လတ်ပိုင်းလူကြီးကကျောက်စိမ်းပြားခွဲလိုက်သည်ကိုပြန်တွေးပြီးဝမ်လင်းကမည်သို့ဖြစ်ပျက်သွားသည်ကိုသေချာစဉ်းစားလိုက်သည်။ သည်ကျောက်စိမ်းပြားကတည်နေရာရွှေ့ပြောင်းခြင်းကျောက်စိမ်းပြားဖြစ်၏။

“ဒီလိုရတနာများက သူထင်တဲ့ အတိုင်းဆိုလျင် အဆင့်လေး နိုင်ငံများတွင်ပင် ရှားပါးတယ်…” ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် သူကအသက်ဝဝ ရှူလိုက်၏။

အမှန်တော့ သူခန့်မှန်းချက်က မှန်ကန်ခဲ့ပေသည်။ သက်လတ်ပိုင်း လူကြီးက သူ့ကလန်၏ အဓိက တပည့်များကို ပေးထားသော လွတ်မြောက်ခြင်း ကျောက်စိမ်းပြားကို အသုံပြုခဲ့ခြင်းပင် ဖြစ်သည်။ သူတို့က အကွာအဝေး တစ်ခုအတွင်း ရှိနေပါကသည် ကျောက်စိမ်းပြားကို အသုံးပြု၍ ကလန်သို့ ချက်ချင်း ပြန်ရောက်နိုင်စွမ်း ရှိပေသည်။

တမန်တော်က ဝမ်လင်းကို အမှန်တကယ် ကြောက်ရွံ့သွားခြင်း ဖြစ်သည်။ သူ့အသိအရ ဝမ်လင်း၏ နည်းစနစ်က ဘီလူး နတ်ဆိုးကလန်၏ နည်းစနစ် တစ်ခုဖြစ်၏။ ဒီနည်းစနစ်၏ စွမ်းအားကို အလွန်ထိတ်လန့်ဖွယ်ပင်။ သူက ထိုစွမ်းအားကို တားဆီးနိုင်ရန် မသေချာပေ။

သူက ကျောက်နိုင်ငံတွင် သည်နည်းစနစ် အသုံးပြုသည်ကို နှစ်ကြိမ် မြင်ဖူးခဲ့ပေသည်။ ထို့ကြောင့် ဝမ်လင်းက သုံးကြိမ်မြောက် ထပ်၍ အသုံးပြုနိုင်လိမ့်မည်ဟု ယုံကြည်လို့ နေ၏။ ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူမျိုး ဖြစ်နေသော်လည်း အခုလို ရန်သူမျိုး ဖြစ်နေသဖြင့် သူက သွားမရှုပ်ဝံ့ပေ။ သူကဖူနန်စီကို ရှေ့က ကာလိုက်သောကြောင့်သာ အခုလို လွတ်မြောက်သွားရန် အတွက်အချိန် လုံလောက်ခြင်း ဖြစ်၏။

ဝမ်လင်းက မြေပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်များကို ပြန်ပြည့်ရန် လေ့ကျင့်လိုက်သည်။ အချိန် အတော် ကြာပြီးနောက် သူက မတ်တတ် ရပ်လိုက်သည်။ သူက လက်ဝှေ့ယမ်း လိုက်ပြီး ထျန်မိသားစု ခေါင်းများဖြင့် ပြုလုပ်ထားသည့် မျှော်စင်ကို ကောက်ယူလိုက်၏။

ဟုန်ယွီတောင်၏ တောင်ခြေရွာလေး တစ်ရွာတွင် ရွာသားများ အားလုံးက ထူးဆန်းသည့် လေအေးတစ်ချက် တိုက်သွားသည်ဟု ခံစားလိုက်ရပြီး အိပ်ပျော်သွားကြသည်။

သိပ်မကြာခင်မှာ ဝမ်မိသားစု၏ အိမ်ရှေ့တွင် ဦးခေါင်း မျှော်စင်ကြီးတစ်ခု ပေါ်လာခဲ့၏။ ဒီမျှော်စင်အောက်တွင် ဝမ်လင်းက မြေပေါ်တွင် ဒူးထောက် ချလိုက်ပြီးနောက် မျက်ရည်များ သူ့ရင်ဘတ်ပေါ်သို့ တလိမ့်လိမ့် ကျလာတော့သည်။

သူက ဒီရောက်လာသည့် အထိ သူ့အိမ်ကို ငေး၍ ကြည့်နေခဲ့သည်။ ထို့နောက် ဝမ်လင်းက သက်ပြင်း ချလိုက်ပြီးနောက် မျှော်စင်ကို လှမ်းရိုက်လိုက်ရာ ထိုဦးခေါင်း မျှော်စင်က ဖုန်မှုန်အဖြစ်သို့ ပြောင်းလဲလို့ သွား၏။

“ကျွန်တော်က မိသားစုအတွက် လက်စားချေပြီး သွားပြီ။ အမေ၊ အဖေတို့ရဲ့ သားက အခု သူ့ကိုယ်ပိုင်လမ်းကြောင်း ရှိနေခဲ့ပါပြီ…” ဝမ်လင်းက တိတ်ဆိတ်စွာ မတ်တတ် ရပ်၍ ရွာမှ ထွက်လာခဲ့တော့သည်။

သူက ရွာမှ ထွက်သွားသည့် အခါမှ ရွာသားများက ပြန်နိုးလာကြ၏။ ထို့နောက် သူတို့က ညမှောင်နေသည်ကို သတိပြုမိလိုက်ပြီး မြေပေါ်သို့ ဒူးထောက် ချလိုက်ကာ အင်မော်တယ် တန်ခိုးရှင်ကို သူတို့ ရွာအား ကာကွယ်ပေးရန် ဆုတောင်းလိုက်ကြ၏။

ဝမ်လင်းက လေထဲသို့ ပျံသန်းနေသည်။ ခြင်သားရဲကလည်း သူနှင့်အတူ လိုက်ပါလာခဲ့၏။ သူက တောင်ကြားတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုတောင်ကြားက အတိတ်တုန်းက သူသေဆုံးခဲ့သော တောင်ကြားပင်။

ဝမ်လင်းက တောင်ကြားကို ကြည့်လိုက်ပြီး အသက်ဝဝ ရှူလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ ငေးကြည့် လိုက်ပြန်သည်။

သူက နှစ်ပေါင်းလေးရာ အတွင်း ဖြစ်ပျက် ခဲ့သည်များကို သူ့စိတ်ထဲတွင် တရိပ်ရိပ်၊ တစ်ခုပြီး တစ်ခု ပြန်တွေးမိနေခဲ့သည်။

အခုထျန်မိသားစုက မျိုးပြုတ်သွားပြီ ဖြစ်သည့် အတွက် သူ့ပခုံးပေါ်ရှိ တာဝန်မှာ လျော့ကျ သွားခဲ့ပြီ ဖြစ်သည်။ သူ့စိတ်နေ စိတ်ထားကလည်း ပြောင်းလဲမှု တစ်ခုဖြစ်သွားသည်။ ဝမ်လင်းက သူသည် သေမျိုးတစ်ယောက် ထပ်မဖြစ်နိုင်တော့ဘဲ ကျင့်ကြံခြင်း လောကသို့ ခြေချမိပြီး ဖြစ်ကြောင်း နားလည်လိုက်သည်။ ဒီလမ်းကကြမ်းတမ်း၍ အန္တရာယ်များ ပြည့်နှက်နေခဲ့သည်။ သို့သော် သူက ဒီလမ်းကို ဆက်လျှောက်ရန် ဆုံးဖြတ်ချက် ချထားခဲ့ပြီး ဖြစ်၏။

နှစ်ပေါင်းလေးရာ အတွေ့အကြုံများအရ စွမ်းအားကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ် စောင့်ရှောက် နိုင်ကြောင်း သူ့အား ပြသခဲ့ပေသည်။

ထိုအခိုက်တွင် ကလေးဘဝက သူအိပ်မက် မက်ခဲ့သော အင်မော်တယ် တစ်ယောက် ဖြစ်ရန်က အလွန်ခိုင်မာ လာခဲ့တော့၏။

ထို့ပြင် စစ်ထူနန်လည်း ရှိသေး၏။ သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်မှသာ စစ်ထူနန်ကို ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ထဲက ထုတ်ယူ ပေးနိုင်လိမ့်မည် ဖြစ်သည်။

နောက်တစ်ချက်က ရှေးဟောင်း နတ်ဘုရား အသိဉာဏ် အမွေအနှစ်အရ ကြီးမားလွန်းသော စကြဝဠာ ကြီးများနှင့် မရေမတွက်နိုင်သော စွမ်းအား ကောင်းလွန်းလှသည့် သက်ရှိများ ရှိကြောင်းကို သိရှိပြီး နောက်ဝမ်လမ်းက ကြီးစွာ တုန်လှုပ်ခဲ့ရပြီး ဖြစ်သည်။

ဝမ်လင်းက မတ်တတ်ရပ်နေရင်း အကွာအဝေးတစ်ခုသို့ ငေးကြည့်လိုက်သည်။ သူ့မျက်လုံးများက ခံစားချက်ကောင်းများနှင့် ပြည့်နှက်နေခဲ့သည်။

ထိုအခိုက်တွင် ဝမ်လင်း စိတ်နေစိတ်ထားက ပြောင်းလဲ သွားခဲ့သည်။ သူက တစ်ခါတုန်းက သူ့မိဘတွေကို သတ်သွားသော သူတွက် လက်စားပြန်ချေလိုသော ကလေးတစ်ကောင် ဖြစ်ခဲ့သည်။ အခု သူက လက်စားချေ ပြီးနောက် ကျင့်ကြံမှုကို အထွတ်အထိပ် ရောက်အောင် လုပ်ဆောင်ပြီး စစ်မှန်သော အင်မော်တယ် တစ်ယောက်၏ လမ်းစဉ်ကို လျှောက်လမ်းတော့မည် ဖြစ်သည်။

ဝမ်လင်းက အသက်ဝဝရှူ လိုက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး တောင်ကြား အငူစွန်းပေါ်မှာ ခုန်ဆင်း လိုက်သည်။ သူက သူသေဆုံးခဲ့သော နေရာသို့ ရောက်ရှိလာခဲ့ပြီး ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။

ဖုန်းမြုံကလန်၊ ဂိုချီမင်က သူ့အခန်းထဲတွင် ထိုင်လျက် ရှိနေသည်။ သူရှေ့တွင်လည်း ကြေးမှန် တစ်ချပ် ရှိနေသည်။ သူ့အသွင်က အလွန် ရုပ်စိုးလို့နေသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာက သူက အနာဂတ်မှာ ဧရာမ ကပ်ဘေး တစ်ခု ကြုံရမည်ဟု တင်ကူး ခံစားမိခဲ့သည်။ သို့ရာတွင် သူကျင့်ကြံမှု အဆင့်ဖြင့် ကပ်ဘေးနှင့် ပတ်သက်၍ တိကျစွာ မသိနိုင်ခဲ့ပေ။

အခု သူက ထျန်မိသားစုဝင်များ သေဆုံးသွားသည့်နောက် သူ့ကျန်နေသေးသော သက်တမ်းကို တွက်ချက် ကြည့်လိုက်ရာ ဆယ်ရက်သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။ သူက ဒီဆယ်ရက်တွင် မသေဆုံးခဲ့ဘူး ဆိုလျင် ဒီကပ်ဘေးက ဖုန်းမြုံ ကလန်လုံးပေါ်သို့ သက်ရောက် သွားပေလိမ့်မည်။

သည်နေ့က ဆယ်ရက်မြောက်နေ့ပင်။ ဂိုချီမင်က ကောင်းကင်၏ လမ်းစဉ်ကို အမြဲ ယုံကြည့်ခဲ့၏။ အကြောင်းမှာ ဒီအရာက သူ့ကျင့်ကြံမှု လမ်းကြောင်း ဖြစ်သောကြောင့်ပင်။ သူက ဒီနေ့ သေရမည်ကို သိပေ၏။ မဟုတ်လျှင် ဖုန်းမြုံကလန်က အန္တရာယ်ထဲသို့ ကျရောက်ရပေမည်။

ထို့ကြောင့် သူက လွန်ခဲ့သော ရက်အနည်းငယ်ထဲက သေဆုံးရန် အတွက် ကြိုတင် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ထိုအခိုက်တွင် သူက မည်သည့် နောင်တမှ မရတော့ပေ။ သူက အသက်ဝဝ ရှူလိုက်ပြီး ပတ်ဝန်းကျင်ကို ဝမ်းနည်းစွာ ကြည့်လိုက်၏။ ထို့နောက် သူ့နဖူးကို သူရိုက်ချ လိုက်တော့သည်။

သူ့ပါးစပ်မှ သွေးများ ထွက်ကျလာပြီး သူအမြင်ကလည်း မှုန်ဝါး သွားပြီးနောက် မျက်လုံးထဲက အလင်းရောင်ကလည်း ဖျော့တော့ သွားတော့သည်။ ထိုအခိုက်တွင် သူက လွန်ခဲ့သော နှစ်လေးရာက မြင်ကွင်းကို ပြန်မြင်ယောင် မိလိုက်၏။ ဒီမြင်ကွင်းက ထျန်ဟယွမ်သည် အခြေခံ တည်ဆောက်ခြင်း တပည့် တစ်ယောက်၏ မိသားစုကို ရှာဖွေပေးခဲ့သည် အကြောင်းပင် ဖြစ်၏။

သူက အခုနားလည် သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် မျက်လုံးမှိတ်၍ သေဆုံး သွားခဲ့တော့သည်။

ဝမ်လင်းက ရှေးဟောင်း တည်နေရာ ရွှေပြောင်းခြင်း အစီအရင် ဘေးနားမှ ကျောက်နိုင်ငံကို ကြည့်လိုက်သည်။ ထို့နောက် သူက ထိုအစီအရင်ကို ဖွင့်၍ ကျောက်နိုင်ငံမှ ပျောက်ကွယ် သွားတော့သည်။

ဆယ်ရက် ကြာပြီးနောက် နတ်ဆိုးနှင့် ဆင်တူသည့် လူငယ်တစ်ယောက် ဒီတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ဘေးနားတွင် ပေါ်လာခဲ့သည်။ သူက အစီအရင်ကို ကြည့်လိုက်ပြီး ချက်ချင်း အစီအရင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။

ကျောက်နိုင်ငံမှ မိုင်သန်းပေါင်းများစွာ ကွာဝေးသော တောင်ကြားတစ်ခုတွင် ဝမ်လင်းအသွင်က ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။ သူက ပေါ်လာပြီးပြီးချင်း နတ်ဘုရား အာရုံကို ဖြန့်ကြက် လိုက်သည်။ ထို့နောက် သူက မြေပုံကို ဂရုတစိုက် ကြည့်လိုက်၏။

သူက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီးနောက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ရှာဖွေလိုက်၏။ ဝမ်လင်းက သိုလှောင်အိတ် ပိုင်ရှင်က သူနှင့် နီးကပ်လာနေပြီဟု ခံစားနေရ၏။ သူက ထိုလူငယ်ကို အနိုင်မယူနိုင်ဘူး ဆိုလျင် ကောင်းကောင်း လေ့ကျင့်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် သူ့ပန်းတိုင်က ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်များပင် ဖြစ်သည်။ သူ့တွင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများစွာ ရှိပြီး ၎င်းတို့ကို အကြိမ်ရေ များစွာ အသုံးပြုနိုင်ပေသည်။

တစ်လခွဲ ကြာပြီးနောက် ဝမ်လင်းက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုဆီသို့ ရောက်လာခဲ့သည်။ သူက ၎င်းကို စစ်ဆေး လိုက်ပြီးနောက် အစီအရင် အလယ်တွင် ရပ်လိုက်သည်။ ထို့နောက် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးကို ထုတ်ယူ၍ အစီအရင်ထဲသို့ ထည့်လိုက်သည်။ သို့သော် ထိုအခိုက်တွင် အမည်းရောင် တိမ်တိုက် တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သည်တိမ်များက တဖြည်းဖြည်း စုဝေးသွားပြီး နတ်ဆိုးလူငယ် တစ်ယောက် ပေါ်လာခဲ့သည်။ ထိုလူငယ်က ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။

ဝမ်လင်းက စိတ်ထဲတွင် တုန်လှုပ်သွားသည်။ လူငယ် အမြန်နှုန်းက သူ့ထင်ထားသည်ထက် ပို၍ မြန်နေသည်။ ဝမ်လင်းက ထိုလူငယ်၏ ကျင့်ကြံမှု အဆင့်ကို သူ့နတ်ဘုရား အာရုံဖြင့် မစစ်ဆေးနိုင် ဖြစ်ရသည်။ သူက အဆုံးစွန်အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။

တစ်ယောက်ယောက်က ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးကိုသာ အသုံးပြု၍ အစီအရင်ကို အသက်သွင်းလျှင် အသက်ရှူစာ ဆယ်ကြိမ်ခန့် ကြာမြင့်လေသည်။ သို့ရာတွင် ဝမ်လင်းက သူ့စိတ်ဝိညာဉ် စွမ်းအင်များကိုပါ တည်နေရာ အစီအရင်ထဲသို့ ထည့်သွင်း ထားသည့်အတွက် အစီအရင်၏ လုပ်ဆောင်မှုက ပို၍မြန်သွားလေ၏။

နတ်ဆိုးလူငယ် ပေါ်လာသည့် အခိုက်တွင် တည်နေရာ အစီအရင်က အလင်းဝိုင်းများ ဖြစ်ပေါ်သွား၍ ဝမ်လင်းလည်း ပျောက်ကွယ် သွားတော့သည်။

နတ်ဆိုး လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့က လက်ဟန် တချို့ ပြုလုပ်လိုက်၏။ ဝမ်လင်း ပျောက်ကွယ်သွားသည့် အခိုက်တွင် သူက အလင်းဝိုင်းထဲသို့ တစ်ဟုန်ထိုး ထပ်ဝင်လိုက်၏။ သူက အမည်မသိ နည်းစနစ်ကို အသုံးပြု၍ အစီအရင်ကို ထပ်မံ အသက်သွင်း လိုက်ပြီးနောက် သူလည်း ပျောက်ကွယ် သွားတော့သည်။

ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းနေစဉ်အတွင်း အားကောင်းသော အန္တရာယ်အသိကို ခံစားနေရ၏။ သူ့နောက်တွင် အလွန်အားကောင်းသော နတ်ဘုရား အာရုံတစ်ခု လိုက်ပါလာသည်ကို သူက ရှင်းလင်းစွာ ခံစားမိနေ၏။ ဝမ်လင်းက ကြောက်ရွံ့မှုကို ခံစားနေရသည်။ နတ်ဘုရားအာရုံက သူ့ကို သိမ်းကျုံးရိုက်ခတ် သွားသည့် အခိုက်တွင် သူ့ဂျိနယ်ပယ်ကို အသုံးပြု၍ အားကောင်းသော နတ်ဘုရား အာရုံထံသို့ ပစ်လွှတ်လိုက်သည်။

ဂျိနယ်ပယ်က သည်နတ်ဘုရား အာရုံကို ခဏတာသာ ရပ်ဆိုင်း သွားစေနိုင်ခဲ့သည်။ ထိုအခိုက်တွင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းကလည်း ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။

သူက အပြင်သို့ ထွက်လာပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့ကိုယ်ပွား၏ စဦးစိတ်ဝိညာဉ်မှာလည်း တုန်ခါလို့နေပြီး ပျက်စီး သွားတော့မည့်ဟန် ရသည်။ သို့သော် ဝမ်လင်းက ရပ်တန့်လိုက်ခြင်း မရှိဘဲ လျင်မြန်စွာ လှုပ်ရှားလိုက်ရာ သူက ပျောက်ကွယ် သွားပြီး မီတာ တစ်ရာတွင် ပြန်ပေါ်လာခဲ့သည်။ သို့ရာတွင် သူက ထပ်မံပြေးခြင်း မပြုတော့ပေ။ ထို့နောက် သိုလှောင်အိတ်ထဲဥ အနီရောင်အမျှင်တန်း တစ်ခုကို ထုတ်ယူလိုက်သည်။

ဝမ်လင်းက သူမည်မျှကြိုးစားကြိုးစား မလွတ်မြောက် နိုင်တော့သည်ကို သိလိုက်၏။ ထို့ပြင် သူ့စဦး စိတ်ဝိညာဉ်က များစွာ ထိခိုက်ခဲ့ရသည်။ သူသာ ဆက်ပြေးမည်ဆိုလျင် ထိုလူငယ်က ဘာမျှလုပ်စရာ မလိုဘဲ သူ့စဦး စိတ်ဝိညာဉ် ပျက်စီး၍ သေဆုံးသွားလိမ့်မည် ဖြစ်သည်။

ဒီစဦးစိတ်ဝိညာဉ်က အခုလက်ရှိ သူပိုင်ဆိုင်သော အရာများထဲတွင် စွမ်းအား အကောင်းဆုံး ဖြစ်နေ၏။

သူက နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးကို ထုတ်လိုက်ပြီးနောက် ဆေးပုလင်းများကိုပါ ထုတ်ယူ လိုက်ပြီး ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။

ဝမ်လင်းနှင့် ဆယ်ပေ အကွာတွင် ပေါ်လာခဲ့သော နတ်ဆိုးလူငယ်က ဝမ်လင်းလက်ထဲက အနီရောင် အမျှင်တန်းကို စူးစိုက် ကြည့်လိုက်ပြီး သူ့အသွင်က မတည်မငြိမ် ဖြစ်သွားခဲ့၏။

***

Comment

  1. နှစ်တစ်ရာ ဂူအောင်းကျင့်ကြံနေမယ့် အကြည်လေး says:

    Sheeh 🥶

Leave a Reply

Options

not work with dark mode
Reset