Switch Mode

အပိုင်း(၂၈၈)

မျိုးသုဉ်းသတ်ဖြတ်ခြင်း(၁)

ဝမ်လင်းကနတ်ဘုရားပြစ်ဒဏ်မိုးကြိုးကိုအသုံးမပြုလိုက်ရသည့်အပြင်သူကရှေးဟောင်းနတ်ဘုရား၏သွေးတစ်စက်ကိုပါရရှိခဲ့သေး၏။ သည်သွေးကအလွန်သန့်စင်ခြင်းမရှိသော်လည်းတစ်ကြိမ်အသုံးပြုပြီးသည်နှင့်ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း၎င်းကသူ့အသက်ကိုတစ်ကြိမ်ကယ်တင်နိုင်စွမ်းရှိနေပါသည်။

ဝမ်လင်းကသူ့လက်ကိုဝှေ့ယမ်းလိုက်ရာအတားအဆီးအလံကသူ့ထံသို့ပြန်ရောက်လာခဲ့၏။ သူကအလံကိုကြည့်၍ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ထျန်မိသားစုကိုကလဲ့စားချေပြီးသွားလျင်သူကနတ်ဘုရားပြစ်ဒဏ်ကိုတောင့်ခံနိုင်သည့်နေရာတစ်ခုရှာ၍အလံပေါ်တွင်နောက်ဆုံးအတားအဆီးကိုပြုလုပ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင်၎င်းအလံ၏စွမ်းအားကအပြည့်အဝဖြစ်သွားပြီးအလွန်လည်းအားကောင်းလာလိမ့်မည်ဖြစ်သည်။

ဝမ်လင်းကပထမဆုံးအကြိမ်အဖြစ်သူ့တွင်လက်နက်ရတနာအနည်းငယ်သာရှိသေးကြောင်းခံစားလိုက်ရသည်။ ကြေးမှန်ပေါက်ကွဲသွားမှုကထိုအနည်းငယ်ထဲကတစ်ခုဆုံးရှုံးသွားခြင်းပင်ဖြစ်၏။

အခုချိန်တွင်သူအသုံးပြုနိုင်သောလက်နက်ရတနာကအတားအဆီးအလံနှင့်ရှေးဟောင်းဓားအိမ်သာရှိတော့၏။ အခုချိန်မှာဓားကအလွန်အားနည်းသွားပြီဖြစ်သဖြင့်ပြန်သန့်စင်ပြုပြင်ရန်လိုအပ်နေလေသည်။

ဒီရတနာသုံးခုအပြင်သူ့တွင်အခြားအရာအနည်းငယ်တော့ရှိသေးသည်။ သို့သော်ဒီအခြားရတနာများကတချို့သောအခြေအနေများတွင်သာအကျိုးသက်ရောက်မှုကောင်းစွာရှိပေသည်။ ဥပမာ…လှောင်ပိတ်မိခြင်း၊စွမ်းအားကောင်းသောသားရဲများကိုဆန့်ကျင်တိုက်ခိုက်ခြင်း…။

သူ့တွင်အံ့ဖွယ်မှော်စာလိပ်များလည်းရှိသေး၏။ ဝမ်လင်းက၎င်းကိုအခုထိမသုံးရသေးသော်လည်းတကယ်တော့သူ့မှာအခြားလက်နက်ရတနာများလည်းရှိပါသေးသည်။ သို့သော်၎င်းတို့ကအလွန်အားနည်းလွန်းနေသည်။

ဝမ်လင်းကအနည်းငယ်စဉ်းစားလိုက်ပြီးသိုလှောင်အိတ်သုံးခုကိုထုတ်ယူလိုက်သည်။

သည်တိုက်ပွဲပြီးသည့်နောက်တွင်ဝမ်လင်းကသူ့ဂျိနယ်ပယ်ကပြိုင်ဘက်ကင်းမဟုတ်ကြောင်းသဘောပေါက်လိုက်သည်။ သည်ကမ္ဘာတွင်ဂျိနယ်ပယ်ကိုခုခံနိုင်သော၊သို့မဟုတ်ပြန်၍ပင်တန်ပြန်တိုက်ခိုက်နိုင်သောအရာများစွာရှိပေသည်။ တကယ်တော့သူကဂျိနယ်ပယ်ကိုအထိတ်အထိပ်သို့ရောက်အောင်ကျင့်ကြံနိုင်ခဲ့ရင်တော့ဂျိနယ်ပယ်ကပြဿနာမဖြစ်နိုင်တော့ပေ။ သို့သော်ဂျိနယ်ပယ်ကိုကျင့်ကြံရန်ကအလွန်ခက်ခဲလှ၏။

ထို့ကြောင့်ရတနာများကသာ၍အရေးကြီးနေခြင်းဖြစ်သည်။ သူကသူ့မျှော်လင့်ချက်များအားလုံးကိုသူ့ဂျိနယ်ပယ်တွင်သာမထားရှိလိုပေ။ အကြောင်းမှာဂျိနယ်ပယ်သာရန်သူ့အပေါ်သက်ရောက်မှုမရှိဘူးဆိုလျှင်ဘာမှတန်ဖိုးရှိတော့မည်မဟုတ်ပေ။

သူကသိုလှောင်အိတ်သုံးခုကိုစူးစိုက်ကြည့်လိုက်ရင်ဝမ်လင်းကအသက်ဝဝရှူလိုက်၏။ သူကအတားအဆီးအလံကိုရမ်းလိုက်ရာပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကအမည်းရောင်အငွေ့များဖြင့်ဝန်းရံသွားသည်။ ထို့နောက်သူကမကောင်းဆိုးဝါးနှစ်ကောင်ကိုသူ့အားစောင့်ကြပ်ပေးရန်အတွက်ဆင့်ခေါ်လိုက်သည်။

သူကရုပ်သေးရုပ်ကိုတော့ဆင့်ခေါ်ခြင်းမပြုပေ။ ရုပ်သေးရုပ်ကထျန်ဝမ်းနှင့်တိုက်ပွဲတွင်ပျက်စီးမှုဖြစ်သွားခဲ့ပြီးပြန်ကောင်းရန်အချိန်ကြာဦးမည်ဖြစ်၏။

ထိုအရာများကိုပြုလုပ်ပြီးနောက်ဝမ်လင်းကလေးလေးနက်နက်ဖြစ်သွားပြီးသိုလှောင်အိတ်တစ်အိတ်ကိုကောက်ယူလိုက်သည်။ သည်သိုလှောင်အိတ်ကရှေးဟောင်းအင်ပါယာ၏သိုလှောင်အိတ်ဖြစ်နေခဲ့၏။

သိုလှောင်အိတ်ပေါ်တွင်“လန်”ဟုရေးထိုးထား၏။

ဝမ်လင်းကအနည်းငယ်စဉ်းစားလိုက်ပြီးနောက်သူ့ကိုယ်ထဲရှိစိတ်ဝိညာဉ်စွမ်းအင်များကိုမြှင့်တင်လိုက်သည်။ ထို့နောက်စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများကသူ့ခန္ဓာကထုတ်လွှတ်လာပြီးသူကညာလက်ဖြင့်သိုလှောင်အိတ်ကိုရွေ့လိုက်သည်။

သူ့လက်ကသိုလှောင်အိတ်ကိုထိလိုက်မိသည်နှင့်စွမ်းအားကောင်းသောအားတစ်ခုကသူကိုခုခံလိုက်သည်။ သူကရှေးဟောင်းအင်ပါယာမသေသေးကြောင်းသိလိုက်သည့်အတွက်စိတ်ထဲတွင်တုန်လှုပ်မိသွားသည်။

သူကအသက်ဝဝရှူလိုက်ပြီးသိုလှောင်အိတ်ကိုဖိနှပ်လိုက်သည်။ သူကထိုသို့ဖိနှပ်လိုက်တိုင်းရှေးဟောင်းအာပါယာ၏နတ်ဘုရားအမျှင်တန်းတစ်ခုကဖယ်ရှားခြင်းခံနေရသည်။ သို့သော်ဒီဖြစ်စဉ်ကနှေးလွန်းလှသည်။

နာရီဝက်ခန့်ကြာပြီးနောက်ဝမ်လင်းနဖူးတွင်ချွေးများစိုရွှဲလာ၏။ သူကအသက်ဝဝရှုလိုက်ပြီးသူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ပြုလုပ်ရန်ဆေးလုံးအနည်းငယ်သောက်သုံးလိုက်သည်။ သူကအံ့ကြိတ်လိုက်ပြီးဂျိနယ်ပယ်ကိုအသက်သွင်းလိုက်ပြီးနောက်သိုလှောင်အိတ်ပေါ်သို့ထပ်မံဖိနှပ်လိုက်၏။

သည်အချိန်တွင်လျင်မြန်မှုနှုန်းကမြန်ဆန်သွားသော်လည်းဝမ်လင်းစိတ်ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုကအလွန်မြင့်မားလာခဲ့၏။ သူကဆေးပုလင်းများစွာကိုသောက်သုံးပြီးနောက်သိုလှောင်အောင်ပေါ်ရှိအဖြူရောင်အလင်းတစ်ခုကရုတ်တရက်ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းကစိတ်သက်သာရရသွားပြီးနောက်သူ့ပုံစံကလည်းစိတ်လှုပ်ရှားဟန်များဖြစ်ပေါ်နေ၏။ သူကနတ်ဘုရားအာရုံဖြင့်သိုလှောင်အိတ်ကိုလျင်မြန်စွာစစ်ဆေးလိုက်သည်။ သို့သော်သိပ်မကြာခင်မှာသူ့ပုံစံကထူးဆန်းထိန့်လန့်သည့်အသွင်ဖြစ်သွားခဲ့သည်။

ရှေးဟောင်းနတ်ဘုရား၏သိုလှောင်အိတ်ထဲတွင်ပစ္စည်းအနည်းငယ်သာရှိနေခဲ့၏။ သိုလှောင်အိတ်ထဲတွင်ကထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးနှင့်ရှေးဟောင်းဓားအိမ်တစ်ခုသာရှိနေခြင်းဖြစ်သည်။

ဝမ်လင်းကဓားအိမ်ကိုထုတ်ယူလိုက်သည်။ သူကဓားအိမ်ကိုအချိန်အတော်ကြာကြည့်နေပြီးနောက်မျက်မှောင်ကြုတ်မိသွားသည်။ သည်ဓားအိမ်ကသူ့တွင်ရှိနေသောဓားအိမ်နှင့်အလွန်ဆင်တူလှ၏။ သည်ဓားအိမ်နှစ်ခုကသင်္ကေတများသာခြားနားပေသည်။

သူကအနည်းငယ်တုံ့ဆိုင်းသွားပြီးနောက်သူ့ကိုယ်ပိုင်ဓားအိမ်ကိုထုတ်ယူလိုက်သည်။ သည်ဓားအိမ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်သည့်အခိုက်တွင်ပင်ဓားအိမ်များပေါ်ရှိသင်္ကေတနှစ်ခုကတောက်ပလို့သွား၏။

အချိန်အတော်ကြာပြီးနောက်အလင်းကတဖြည်းဖြည်းပျောက်ကွယ်လို့သွားသည်။ ဝမ်လင်းကဓားအိမ်နှစ်ခုကိုစူးစိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်သည်ဓားအိမ်များတွင်အချို့လျှို့ဝှက်ချက်များရှိနေလိမ့်မည်ဟုခံစားမိနေ၏။

သူကအချိန်အတော်ကြာသည်ဓားအိမ်များကိုကြည့်ရှုပြီးနောက်ဓားအိမ်နှစ်ခုကိုသိုလှောင်အိတ်ထဲသို့ထည့်လိုက်၏။ ထို့နောက်သူ့လက်ထဲရှိရှေးဟောင်းအင်ပါယာ၏သိုလှောင်အိတ်ကအမှုန်အဖြစ်သို့ပြောင်းသွား၏။

ဝမ်လင်းကသက်ပြင်းချလိုက်သည်။ သူကသိုလှောင်အိတ်ကိုဖွင့်ရန်ခက်ခက်ခဲခဲအားစိုက်ပြီးနောက်မှာသည်ထူးဆန်းသောအရာတစ်ခုသာရရှိခဲ့သည်။ သူကဝမ်းသာရမလား၊မျှော်လင့်ချက်မဲ့သလိုခံစားရမလားသေချာမသိတော့ပေ။

သူကခဏတာတုံ့ဆိုင်းသွားပြီးနောက်အခြားသိုလှောင်အိတ်နှစ်ခုကိုကြည့်လိုက်သည်။ ဒီတစ်ခုကသူဟိုဖန်နိုင်ငံစစ်နတ်ဘုရားကျောင်းကနေရရှိခဲ့ခြင်းဖြစ်သည်။

ဒီတစ်ခုတွင်တော့ထူးဆန်းသောလက်နက်ရတနာများဆယ်ခုထက်ပို၍ပါလေသည်။ ဒီအရာများကနတ်ဘုရားနယ်မြေများမှကျင့်ကြံသူများပိုင်ဆိုင်ခဲ့ပေသည်။ သို့ရာတွင်သည်အရာများကစွမ်းအားကြီးလှသဖြင့်ဝမ်လင်းကကြေးမှန်တစ်ချပ်ကိုသာထိန်းချုပ်အသုံးပြုနိုင်စွမ်းရှိခဲ့၏။

ဝမ်လင်းကသည်သိုလှောင်အိတ်ကိုကောက်ယူလိုက်ပြီးနတ်ဘုရားအာရံဖြင့်စစ်ဆေးလိုက်သည်။ သည်ရတနာများပေါ်တွင်ရှိနေသောအတားအဆီးကအသက်ဝင်နေတုန်းဖြစ်ပြီးသည်အတားအဆီးများကိုဝမ်လင်းကချိုးဖျက်နိုင်စွမ်းမရှိပေ။

ဝမ်လင်းကရတနာတောင်ကြီးကိုရှာတွေ့လိုက်သလိုခံစားလိုက်ရ၏။ သို့သော်သူကမြင်သာမြင်မကြင်ရဖြစ်နေခဲ့ရ၏။

သက်ပြင်းချလိုက်ပြီးနောက်ဝမ်လင်းကနောက်ထပ်သိုလှောင်အိတ်တစ်ခုကိုထုတ်ယူလိုက်ပြီးနတ်ဘုရားအာရုံဖြင့်စစ်ဆေးလိုက်သည်။ သူကအတားအဆီးတစ်ခုကိုခံစားမိလိုက်၏။ ထို့ကြောင့်သူကအံ့ကြိတ်၍စိတ်ဝိညာဉ်စွမ်းအင်များနှင့်ဂျိနယ်ပယ်ကိုအသုံပြုး၍သိုလှောင်အိတ်ထဲမှနတ်ဘုရားအာရုံကိုဖယ်ရှားပစ်လိုက်သည်။

သို့သော်စိတ်ဝိညာဉ်စွမ်းအင်များဖြင့်သိုလှောင်အိတ်ကိုထိလိုက်မိသည့်အခိုက်တွင်သူ့ခန္ဓာကိုယ်ကတုန်ခါသွားပြီးသူ့ကိုယ်ပိုင်အသိစိတ်ပင်လွတ်သွားသည်ဟုခံစားလိုက်ရသည်။ သူကသူ့ရှေ့တွင်ရင်းနှီးသောမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရသည်။ နတ်ဆိုးနှင့်တူသည့်လူငယ်တစ်ယောက်ကသူစိတ်ကူးထားနိုင်သည်ထက်ပိုသောအမြန်နှုန်းဖြင့်ပျံသန်းနေသည်ကိုတွေ့လိုက်ရသည်။

သည်လူငယ်ကရုတ်တရက်ရပ်လိုက်သည်။ သူကခေါင်းမော့လိုက်ပြီးနောက်လှည့်၍အေးစက်စွာကြည့်ကာပြောလိုက်သည်။ “မင်းဝေးဝေးမပြေးနိုင်ပါဘူး…”

ဝမ်လင်းအတွေးများကနောက်ကျိသွား၏။ သူ့မျက်လုံးများကလည်းအေးစက်လာခဲ့သည်။ သူကသည်လူငယ်၏ကျင့်ကြံမှုအဆင့်ကိုမမြင်နိုင်သော်လည်းအမြန်နှုန်းကိုအခြေခံရင်တော့လူငယ်၏ကျင့်ကြံမှုကသူ့အထက်တွင်ရှိနေပေလိမ့်မည်။

ဝမ်လင်းကလူငယ်ပျံသန်းနေသောနေရာသည်နတ်ဆိုးပင်လယ်ဖြစ်ကြောင်းသတိပြုမိပါသည်။ ရှင်းလင်းစွာဖြင့်ဒီနတ်ဆိုးလူငယ်ကဟိုဖန်နိုင်ငံတွင်သူတွေ့ခဲ့သောမံမီနှင့်ဆင်တူလို့နေသည်။ ထို့ကြောင့်ဝမ်လင်းကသိုလှောင်အိတ်ကိုထိုနေရာသို့ပြန်ပို့ရပေလိမ့်မည်။

သည်လူကသတ်ဖြတ်လိုမှုစိတ်ဆန္ဒကိုမထုတ်ဖော်ခဲ့ဘူးဆိုပါကဝမ်လင်းကလည်းသိုလှောင်အိတ်ကိုပြန်ထားရန်စိတ်မကူးမိပေ။ သို့ရာတွင်သည်လူကသတ်ဖြတ်လိုမှုစိတ်ဆန္ဒာကိုထုတ်ဖော်ခဲ့သည့်အတွက်သူကသည်သိုလောင်အိတ်ကိုပြန်ထားရပေမည်။ သူကသိုလှောင်အိတ်ကိုပြန်ထားရန်မေ့လို့မရချေ။

ဝမ်လင်းစိတ်ထဲတွင်လွန်စွာတုန်လှုပ်မိနေ၏။ သူကအချိန်အနည်းငယ်ကြာတုံ့ဆိုင်းသွားမိပြီးနောက်စိတ်ဝိညာဉ်စွမ်းအင်များနှင့်ဂျိနယ်ပယ်ကိုစွမ်းအားတိုးမြှင့်လိုက်ပြီးနတ်ဘုရားအာရုံကိုဖယ်ရှားစေ၏။

အချိန်ကတဖြည်းဖြည်းနှင့်ကုန်ဆုံးလို့နေသည်။ သိုလှောင်အိတ်ပေါ်ရှိနတ်ဘုရားအာရုံကတဖြည်းဖြည်းပျောက်ကွယ်လို့နေသည်။ သည်ပျောက်ကွယ်သည့်နှုန်းနှင့်ဆိုရင်တော့လုံးဝပျောက်ကွယ်ရန်အတွက်နှစ်ရာချီကြာပေလိမ့်မည်။

ဝမ်လင်းကအနည်းငယ်စဉ်းစားနေလိုက်သည်။ သူကအကြံတစ်ခုရသွားသည့်အတွက်မျက်လုံးလက်ခနဲဖြစ်သွား၏။ သို့သော်သည်အကြံကအခုပြုလုပ်ရန်အချိန်မကြသေးပေ။ ထို့နောက်သူကထျန်မြို့ရှိရာသို့ဦးတည်ကြည့်လိုက်သည်။ သူ့မျက်လုံးများကလည်းအေးစက်သထက်အေးစက်လာခဲ့သည်။ သူကခပ်တိုးတိုးပြောလိုက်၏။

“ထျန်ဟွယွမ်…ငါလာနေပြီ…”

ပြီးခဲ့သောရက်များတွင်ထျန်မိသားစုဝင်တိုင်းကထျန်မြို့သို့ရောက်လာခဲ့ကြပြီဖြစ်သည်။ သူတို့ကသည်နေရာကသာအလုံခြုံဆုံးနေရာဖြစ်သည်ဟုတွေးထင်ခဲ့ကြသည်။

ထျန်ဟွယွမ်ကသည်နေရာတွင်စုစည်းနေသောထျန်မိသားစုဝင်များကိုကြည့်နေရင်းသူ့မျက်နှာကပို၍သုန်မှုန်လို့လာသည်။ သူကဝမ်လင်းသည်ထျန်မြို့သို့လာရာလမ်းတွင်ရောက်နေပြီးဖြစ်ကြောင်းသိ၏။

ထျန်မြို့တစ်ခုလုံးကအကြောက်တရာများဖြင့်လွှမ်းမိုး၍ကျီးလန့်စာစားဖြစ်နေကြသည်။ ထျန်မိသားစုဝင်များကထျန်မြို့သို့ရောက်လာပြီးနောက်ဘိုးဘေးကထျန်မြို့မှထွက်ပြီးလူသတ်သမားကိုမရှာရသည့်အကြောင်းရင်းကိုချက်ချင်းသိလိုက်ကြသည်။

သူကမထွက်ချင်တာမဟုတ်ပေ။ သို့သော်ထျန်မြို့မှကီလိုမီတာ(၁၀၀၀၀)ပတ်ပတ်လည်တွင်အတားအဆီးအစီအရင်တစ်ခုရှိနေခဲ့ပြီးအဝင်သာရှိ၍အထွက်မလုပ်နိုင်ဖြစ်နေရ၏။

ထို့ကြောင့်ကြောက်ရွံ့ထိန့်လန့်မှုကထျန်တစ်မြို့လုံးတွင်ပျံ့နှံ့လျက်ရှိသည်။ တစ်ချိန်တည်းမှာထျန်မိသားစုဝင်များကြားတွင်လည်းသည်ထူးဆန်းသောလူသတ်သမား၏ကောလာဟလသတင်းများကပျံ့နှံ့လို့နေသည်။

ထျန်မိသားစုဝင်တိုင်းကသည်ထူးဆန်းသည့်လူသတ်သမားနှင့်ထျန်မိသားစုကြားတွင်မည်သို့သောရန်ငြှိုးမျိုးရှိသောကြောင့်သူကထျန်မိသားစုဝင်တစ်ခုလုံးကိုအမြစ်ဖြတ်သုတ်သင်ချင်ရသနည်းဟုတွေးတောနေကြသည်။

သည်ကိစ္စနှင့်ပတ်သက်လို့အမြင်အမျိုးမျိုးကထျန်မိသားစုကြားတွင်ပျံ့နှံ့လျက်ရှိသည်။ အချို့အမြင်များဆိုလျှင်အမှန်တရားနှင့်နီးစပ်လှ၏။

ထျန်ဟွယွမ်ကသည်ကောလဟာလများကိုထိန်းချုပ်နိုင်ရန်ကြိုးစားသော်လည်းသည်ကျီးလန့်စာစားအခြေအနေအောက်တွင်ဒီလူအများကြီးကိုထိန်းချုပ်နိုင်စွမ်းမရှိဖြစ်ရသည်။ တဖြည်းဖြည်းနှင့်ထျန်မိသားစုကြားတွင်အကြောက်တရားကပိုဆိုးလာခဲ့၏။

သည်နေ့တွင်ကောင်းကင်တွင်တိမ်ကင်းစင်ပြီးနေသာလို့နေ၏။ တစ်နည်းအားဖြင့်သည်နေ့ကထျန်မိသားစုဝင်များစသတ်ခံရသောနေ့၏ကိုးရက်မြောက်နေ့လည်းဖြစ်သည်။

ကျောက်နိုင်ငံတစ်ခုလုံးတွင်ထျန်မိသားစုဝင်များသိမ်းပိုက်ထားသောနေရာများစွာရှိနေခဲ့သည်။ သည်နေရာအနှံ့အပြားတွင်ရှိနေသောသူများသည်အသတ်ခံရသည်ကတစ်မျိုး၊ထျန်မြို့ထဲသို့ထွက်ပြေးကြသည်ကတစ်ဖုံဖြစ်ခဲ့ရသည်။

သည်နေ့ကထျန်မိသားစုဝင်များအားလုံးအမြစ်ဖျက်သုတ်သင်ခြင်းခံရမည့်နေ့ဖြစ်သည်။ အခုချိန်ကစပြီးနှစ်ပေါင်းများစွာကြာသည့်အထိကျောက်နိုင်ငံမှလူအများကသည်နေ့အကြောင်းပြန်ပြောကြသည့်အချိန်တိုင်းကြောက်လန့်တုန်ရီမိပေလိမ့်မည်။

သည်နေ့ကကျောက်နိုင်ငံတစ်ခုလုံး၏စွမ်းအားဟန်ချက်ကိုပြောင်းလဲသွားစေသောနေ့လည်းဖြစ်ပေလိမ့်မည်။ ကျောက်နိုင်ငံတွင်လည်းသွေးများကမြစ်တစ်စင်းအလားစီးဆင်းတော့မည့်နေ့လည်းဖြစ်သည်။

ထို့ပြင်သည်နေ့ကလူတိုင်း၏နှလုံးသားကိုအေးစိမ့်သွားစေနိုင်သည့်ဆံပင်ဖြူနှင့်ကျင့်ကြံသူ‘ဝမ်လင်း’ဟူသောနာမည်ကိုကျောက်နိုင်ငံရှိလူတိုင်းကြားသိရတော့မည်နေ့လည်းဖြစ်သည်။

တစ်ချိန်တည်းမှာဝမ်လင်းကဖူနန်စီ၏နေရာကိုအစားထိုးဝင်ရောက်ပေလိမ့်မည်။ လူအိုမျိုးဆက်ကျဆုံးသွားပေတော့မည်။

မနက်စောစောအချိန်ထျန်မြို့မှကီလိုမီတာထောင်ပေါင်းများစွာကွာဝေးသောနေရာတွင်ဝမ်လင်းကခြင်သားရဲကိုစီးနင်း၍ပျံသန်းလျက်ရှိသည်။ သူ့အနောက်တွင်ရှိနေသောလူသေခန္ဓာကိုယ်များကဆွေးမြေ့နေကြပြီဖြစ်သော်လည်းသူ့နည်းစနစ်ကြောင့်ဦးခေါင်းများကတော့ကောင်းမွန်သည့်အခြေအနေရှိနေသေး၏။

ဒီလိုပြုလုပ်ရသည့်အကြောင်းရင်းမှာဝမ်လင်းကထျန်မိသားစုဝင်များဦးခေါင်းများဖြင့်မျှော်စင်တစ်ခုတည်ဆောက်ရန်ဆုံးဖြတ်ထားသောကြောင့်ပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset