ဝမ်လင်းဝိညာဉ်ဝါးမျိုသူကပင်မထျန်မိသားစုဝင်ခြောက်ယောက်ကိုသတ်ပြီးနောက်သူ့ခန္ဓာကိုယ်ထဲသို့ပြန်ဝင်လာခဲ့သည်။
ဝမ်လင်းကမျက်လုံးပွင့်လာပြီးခဏတာစဉ်းစားလိုက်သည်။ သူကသက်လတ်ပိုင်းလူကြီးကိုသတ်ပြီးနောက်ပုံရပ်တစ်ခုကိုတွေ့လိုက်ရသဖြင့်သူ့စိတ်ထဲတွင်တုန်လှုပ်မိသွားသည်။
သူ့မျက်လုံးများကတော့သူ့ကိုအရူးမလုပ်နိုင်လောက်ပေ။ သူတွေ့ခဲ့သည့်လူကဝမ်ကျောက်ဖြစ်နေခဲ့သည်။
ဝမ်ကျောက်ဘေးတွင်ရှိသောအမျိုးသမီးကသက်လတ်ပိုင်းလူကြီး၏သမီးဖြစ်နေသည်။ ထို့အတွက်သူတို့နှစ်ယောက်ကြားတွင်တစ်ခုခုပတ်သက်မှုရှိနေမည်မှာရှင်းလင်းလို့နေ၏။ ဝမ်လင်းမျက်လုံးများကလက်ခနဲဖြစ်သွားပြီးအတားအလံ၊ကြေးမှန်နှင့်မကောင်းဆိုးဝါးများကိုပြန်သိမ်းလိုက်သည်။ ထို့နောက်သူကခြင်သားရဲအပေါ်သို့ခုန်တက်၍ပျံသန်းလာပြီးသူ့နတ်ဘုရားအာရုံဖြင့်ဝမ်ကျောက်နှင့်အတူရှိနေသောအမျိုးသမီးကိုလျင်မြန်စွာရှာတွေ့ခဲ့၏။
အမျိုးသမီး၏ဦးတည်ရာမှာထျန်မြို့မဟုတ်ပေ။ သို့သော်ကျောက်နိုင်ငံနယ်စပ်ဖြစ်နေ၏။ ဝမ်လင်းကအနည်းငယ်စဉ်းစားပြီးသူမနောက်သို့ဆက်လိုက်လာခဲ့သည်။
ထျန်ရှုရှုကဝမ်းနည်းမှုများနှင့်ပြည့်နှက်နေသည်။ သူမကအဝေးသို့ထွက်သွားနေသော်လည်းမျက်ရည်များကျနေသည်ကိုတားဆီးနိုင်စွမ်းမရှိပေ။ သူမကသူမအဖေမည်သို့ဖြစ်နေသည်ကိုမသိပေ။ သို့သော်သူမစိတ်ထဲတွင်အလွန်လေးလံနေခဲပြီးအသက်ပင်မနည်းရှူနေရ၏။
ဝမ်ကျောက်စိတ်ထဲရှိခံစားချက်များကပို၍ပို၍ရှုပ်ထွေးလာခဲ့၏။ သူကထျန်မိသားစုဝင်များအသတ်ခံရသည့်အတွက်ခံစားချက်ကောင်းရသော်လည်းတစ်ခုခုကိုနက်ရှိုင်းစွာခံစားနေရ၏။
ဝမ်ကျောက်ခန္ဓာကိုယ်ကတုန်ခါသွားသည်။ သူကသွားနေသည်ကိုရပ်တန့်လိုက်ပြီးမျက်လုံးမှိတ်၍ထျန်မိသားစုကြောင့်သေခဲ့သောသူ့မိသားစုဝင်များအကြောင်းပြန်တွေးတောလိုက်၏။
ထျန်ရှုရှုကဝမ်ကျောက်ရပ်တန့်လိုက်သည်ကိုတွေ့လိုက်သည်နှင့်သူမလည်းဆက်မသွားဘဲရပ်လိုက်သည်။ သူမကအောက်နှုတ်ခမ်းကိုက်၍ဝမ်ကျောက်ကိုငေးကြည့်နေ၏။ အခုချိန်တွင်သည်လူ၊သူမယောက်ျားသည်သူ့အတွက်တစ်ဦးတည်းသောမှီခိုရာဖြစ်သည်။
အချိန်ခနကြာပြီးနောက်ဝမ်ကျောက်ကမျက်လုံးပြန်ဖွင့်လိုက်ပြီးသူ့ကိုယ်သူပြင်းထန်စွာရိုက်လေ၏။ သူကအဝေးသို့ပြေးထွက်ချင်ခဲ့သည်။ သူကထျန်မိသားစု၏ရန်သူတစ်ယောက်အနေဖြင့်ထျန်ရှုရှုအပေါ်မည်သည့်ခံစားချက်မှရှိမနေချင်ခဲ့ပေ။
သူတို့ကထျန်မိသားစုမှဖြစ်သည်နှင့်သူတို့သေသင့်နေသည်။
ထျန်ရှုရှုကဝမ်ကျောက်နောက်သို့ခပ်မြန်မြန်လိုက်လာလိုက်သည်။ သူမကမျက်ရည်များလည်းအတောမသပ်အောင်ကျနေခဲ့သည်။
ဝမ်ကျောက်သူမနှလုံးသားကိုခိုးယူသွားပြီးဖြစ်သည်။ ဝမ်ကျောက်ကထျန်ရှုရှုကိုဘေးသို့တွန်းချလိုက်ပြီးပြောလိုက်၏။ “ထွက်သွားစမ်း…။ အခုကစပြီးငါတို့တစ်ယောက်နဲ့တစ်ယောက်ဘာမှမပတ်သက်တော့ဘူး…”
ထျန်ရှုရှုကဝမ်ကျောက်ကိုမျှော်လင့်ချက်မဲ့သည့်မျက်ဝန်းများနှင့်စိုက်ကြည့်နေသည်။ သူမကနှုတ်ခမ်းကိုသွေးထွက်သည့်အထိတင်းကျပ်စွာကိုက်ထားမိသည်မှာဘယ်နှကြိမ်ရှိနေပြီမှန်းမသိတော့ပေ။ သူမကမျက်ရည်များတရဟောစီးဆင်းနေပြီးဝမ်လင်းကိုဖမ်းဆုပ်ထားရန်ကြိုးစားနေရရှာသည်။
သို့သော်ဝမ်လင်းကထပ်မံရှောင်ဖယ်လိုက်ပြီးအေးစက်စွာပြောလိုက်သည်။ “မင်းထွက်မသွားဘူးလား။ မင်းမသွားရင်ငါသွားမယ်…”ထိုသို့ပြောပြီးနောက်သူကဆန့်ကျင့်ဘက်အရပ်သို့ပျံသန်းထွက်ခွာသွားတော့သည်။
ထျန်ရှုရှုကဝမ်ကျောက်၏နောက်ကျောကိုကြောင်ရီစွာငေးကြည့်နေမိသည်။ သူမမျက်ဝန်းထဲရှိမျှော်လင့်ချက်မဲ့မှု၊ဝမ်းနည်းစိတ်ပျက်မှုတို့ကပိုဆိုးလာခဲ့သည်။ သူမကသူမနှလုံးသားကိုဓားနှင့်မွှန်းသလိုခံစားနေရသည်။ သူမမျက်နှာကလည်းနီစပ်စပ်ဖြစ်နေခဲ့ပြီးသူမကသွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ ထိုအခါသူမမျက်နှာကပို၍ဖျော့တော့လို့သွားပြီးသူမကိုယ်သူမတည်ငြိမ်အောင်မနည်းလုပ်နေရ၏။
အမှန်တော့ဝမ်ကျောက်ကလည်းလှည့်ထွက်သွားသည့်အခိုက်တွင်သူ့နှလုံးသားကပေါက်ကွဲထွက်သွားသလိုခံစားနေရသည်။ သို့သော်သူ့မိသားစုဝင်များ၏သေဆုံးရသည့်အကြောင်းကိုတွေး၍သူ့နှလုံးသားကိုအားတင်းခုခံနေလိုက်၏။ ထိုအခိုက်တွင်ဝမ်လင်း၏နာကျင်မှုကထျန်ရှုရှုထက်မည်သို့မျှမလျော့နည်းနိုင်ပေ။
ထျန်ရှုရှုကနာကျင်စွာပြုံး၍ဝမ်ကျောက်ကိုနူးညံ့စွာလှမ်းခေါ်လိုက်သည်။ “ထွက်မသွားပါနဲ့…”
ဝမ်ကျောက်တစ်ကိုယ်လုံကတုန်ခါလို့သွားသည်။ သူကလက်သီးကျစ်ကျစ်ဆုပ်၍ရုတ်တရက်ထျန်ရှုရှုဘက်သို့လှည့်၍အော်ဟောက်လိုက်သည်။ “အား…”
ထိုသို့ပြောပြီးနောက်သူကအရှိန်မြှင့်၍ထွက်သွားပြန်သည်။ မျက်စိတစ်မှိတ်အတွင်းသူကသဲလွန်စမရှိပျောက်ကွယ်လို့သွား၏။
ထျန်ရှုရှုကဝမ်ကျောက်ပျောက်ကွယ်သွားသောအရပ်သို့ငေးကြည့်နေရင်းသူမပါးစပ်မှသွေးများစီးကျလာခဲ့သည်။
ကမ္ဘာကြီးကကျယ်ဝန်းလှသော်လည်းသူမကဘယ်သွားရမှန်းမသိပေ။ သူမကမ္ဘာမှာအရေးကြီးဆုံးယောက်ျားနှစ်ယောက်တွင်တစ်ယောက်ကသေသလားရှင်သလားမသိချေ။ နောက်တစ်ယောက်ကတော့သူမကိုစွန့်ခွာခဲ့၏။ သည်အဖြစ်အပျက်များကမိန်းမတစ်ယောက်အတွက်ကောင်းကင်ကြီးပြိုကျသည်နှင့်မခြားပေ။
ဝမ်ကျောက်က(၁၀)ကီလိုမီတာကျော်သို့ပျံသန်းလာခဲ့ပြီဖြစ်သည်။ သူ့လက်များကလက်သီးတင်းကျပ်စွာဆုပ်ထားရသဖြင့်သွေးအလိမ်းလိမ်းထွက်နေခဲ့သည်။ သူ့မိသားစုဝင်များသေဆုံးသည့်ပုံရိပ်များကသူ့စိတ်ထဲတွင်ပြည့်နှက်နေခဲ့သော်လည်းထျန်ရှုရှု၏ဝမ်းနည်းပက်လက်ပုံရိပ်လေးကသူ့စိတ်ထဲတွင်တဖြည်းဖြည်းအစားထိုးလာခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက်ဝမ်ကျောက်ကမြေပေါ်သို့ခြေချလိုက်သည်။ သူကသူ့မွေးရပ်မြေမြို့ကိုမျက်နှာတည်၍ဒူးထောက်ချလိုက်ပြီးတတွတ်တွတ်ပြောလိုက်သည်။ “အဖေ၊အမေတို့ရဲ့သားက…တာဝန်မကျေခဲ့တဲ့ကောင်ပါ…”
သူကထိုသို့ပြောပြီးနောက်သူ့မျက်လုံးများကိုပိတ်လိုက်ရာမျက်ရည်စီးကြောင်းများကသူ့ရင်ဘတ်ပေါ်သို့စီးကျလို့လာတော့သည်။ ထို့နောက်သူကမတ်တတ်ပြန်ရပ်လိုက်ပြီးထျန်ရှုရှုနောက်သို့ပြန်လိုက်သွားတော့သည်။
သူပြန်လှည့်အခိုက်တွင်သူ့မိသားစုဝင်များ၊အထူးသဖြင့်သူ့မိဘများကသူ့ကိုနာကျင်စွာကြည့်နေကြသည်ဟုခံစားလိုက်ရသည်။ သူတို့အားလုံးကသူ့ကိုသစ္စာဖောက်၊ဝမ်မိသားစု၏ခွေးကောင်အဖြစ်ခေါ်နေကြလောက်ပေပြီ။
ဝမ်ကျောက်နှလုံးသားကထျန်ရှုရှုနောက်သို့လိုက်ရင်းနှစ်ခြမ်းကွဲသွားသလိုခံစားနေရသည်။ သိပ်မကြာခင်မှာသူကပူဆွေးစွာပျံသန်းနေသောထျန်ရှုရှုကိုလှမ်းတွေ့လိုက်၏။ သူမကလည်းဝမ်ကျောက်နောက်သို့ရောက်လာသည်ကိုသတိပြုမိဟန်ရသဖြင့်နောက်သို့လှည့်၍နူးညံစွာပြုံးပြလိုက်လေသည်။
သို့သော်သူတို့နှစ်ယောက်တွေ့ဆုံသည့်အခိုက်မှာပင်အားကောင်းလှသည့်သတ်ဖြတ်လိုမှုစိတ်ဆန္ဒကသူတို့ရှိဦးတည်လာတော့သည်။ သူတို့ကဆံပင်ဖြူနှင့်လူငယ်တစ်ယောက်ကခြင်သားရဲကြီးကိုစီးနင်း၍သူတို့ဆီသို့ပျံသန်းလာနေသည်ကိုတွေ့လိုက်ရသည်။ သူ့နောက်တွင်လည်းထျန်မိသားစု၏လူသေခန္ဓာကိုယ်များကမရေတွက်နိုင်အောင်ရှိနေခဲ့သည်။ ပြင်းထန်သောသွေးနံ့ကလည်းသူနှင့်အတူပါလာခဲ့သည်။
ထျန်ရှုရှုမျက်နှာကဖျော့တော့သွားသည်။ သူကဝမ်ကျောက်နောက်သို့အလိုလိုရောက်သွားပြီးတုန်ရင်နေသည်။ ဝမ်ကျောက်ကဆံပင်ဖြူနှင့်လူငယ်ကိုစူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင်မယုံကြည်နိုင်ဟန်များဖြစ်ပေါ်နေခဲ့သည်။
“မင်း…မင်းကဝမ်လင်းလား…”
“ဝမ်ကျောက်…”
ဝမ်လင်းကခြင်သားရဲအပေါ်မှခုန်ဆင်းလိုက်သည်။ သူကဝမ်ကျောက်ရှေ့တွင်ဆင်းသက်လိုက်ပြီးသူ့နောက်ရှိအမျိုးသမီးကိုကြည့်လိုက်သည်။
ဝမ်ကျောက်ကထျန်ရှုရှုကိုသူ့နောက်သို့အလိုလိုကွယ်လိုက်မိပြီးဝမ်လင်းကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်၏။ အချိန်အတော်ကြာပြီးနောက်သူကခပ်ဖြည်းဖြည်းပြောလိုက်သည်။ “မင်းတစ်ယောက်သာငါတို့မိသားစုအတွက်တန်ပြန်လက်စားချေပေးနိုင်လိမ့်မယ်လို့ငါခန့်မှန်းမိသင့်ခဲ့တယ်…”
ဝမ်လင်းကအနည်းငယ်စဉ်းစားလိုက်ပြီးနူးညံ့စွာပြောလိုက်သည်။ “ဝမ်ကျောက်…ငါတောင်းပန်ပါတယ်…”
ဝမ်ကျောက်ကအားတင်း၍ပြုံးကာပြောလိုက်သည်။ “အစတုန်းကအခြေအနေမှာသာမင်းကဒီစကားပြောခဲ့ရင်ငါမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ဒါပေမဲ့အခုချိန်မှာတော့ငါတို့နှစ်ယောက်လုံးရဲ့ရန်သူကထျန်ဟွယွမ်တစ်ယောက်တည်းပဲလေ…”
ဝမ်လင်းမျက်လုံးများကတစ်ဖန်ပြန်အေးစက်လာပြန်သည်။ ထို့နောက်သူကဖြည်းညင်းစွာပြောလိုက်သည်။ “ထျန်ဟွယွမ်အဝေးကိုပြေးနိုင်မှာမဟုတ်တော့ပါဘူး။ ထျန်မိသားစုတစ်ခုလုံးလည်းထွက်မပြေးနိုင်တော့ပါဘူး…”
ထျန်ရှုရှုခန္ဓာကိုယ်လေးကတုန်ခါလို့သွားသည်။ သူမကကြောက်လန့်နေသော်လည်းမေးဖြစ်အောင်မေးလိုက်၏။ “ငါ…ငါ့အဖေရော…”
“ပါးစပ်ပိတ်ထားစမ်း…”ဝမ်ကျောက်ကထျန်ရှုရှုကိုစကားဆက်မပြောရန်တားဆီးလိုက်သည်။ သူကသူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ပြီးဝမ်လင်းကိုပြောလိုက်၏။ “သူကမင်းမရီးဘဲ…”
ဝမ်ကျောက်စကားမဆုံးခင်သူကဖြတ်ပြောလိုက်သည်။ “မင်းအဖေကထျန်မိသားစုကမဖြစ်သင့်ဘူး…”
ထျန်ရှုရှုကိုယ်လုံးလေးကကတုန်ကရင်ဖြစ်သွားသည်။ သူကဝမ်လင်းကမုန်းတီးစွာကြည့်လိုက်၏။
ဝမ်ကျောက်ကထိုစကားများကိုကြားပြီးနောက်မှာဝမ်လင်းကထျန်ရှုရှုမည်သူဖြစ်ကြောင်းသိပြီးဖြစ်ကြောင်းသိလိုက်သည်။ သူ့စိတ်ထဲတွင်အတော်လေးရှုပ်ထွေးလို့နေ၏။
ဝမ်လင်းကအနည်းငယ်စဉ်းစားလိုက်သည်။ သူကအဝေးတစ်နေရာသို့ငေးကြည့်ရင်းမေးလိုက်၏။ “ဝမ်ဟိုရောရွှမ်တောက်ကလန်မှာရှိနေသေးလား…”
ဝမ်ကျောက်ကခေါင်းရမ်း၍ပြောလိုက်သည်။ “သူကအမြုတေမဖွဲ့တည်နိုင်ခဲ့တဲ့အတွက်သေသွားခဲ့ပြီ…”
ဝမ်လင်းကမျက်လုံးမှိတ်ထားလိုက်သည်။ သူကသက်ပြင်းချ၍ပြောလိုက်ပြန်သည်။ “မင်းနဲ့သူကျောက်နိုင်ငံကထွက်သွားတော့…”ထိုသို့ပြောပြီးနောက်သူကပြန်လှည့်မကြည့်တော့ဘဲခြင်သားရဲအပေါ်သို့ခုန်တက်၍ထွက်ခွာသွား၏။
ဝမ်ကျောက်အပြုအမူများအရသူကထျန်ရှုရှုကိုမသေစေချင်ခဲ့ပေ။
ဝမ်ကျောက်ကဝမ်လင်းပုံရိပ်ကိုငေးကြည့်လိုက်သည်။ သူ့ခံစားချက်များကပို၍ပို၍ရှုပ်ထွေးလာခဲ့သည်။ သူမိသားစုနှင့်မိဘများသေဆုံးခဲ့ရသည့်ပုံစံများကိုသူ့မျက်လုံးထဲတွင်တဖျပ်ဖျပ်မြင်ယောင်လာခဲ့မိသည်။ သူတို့အားလုံးကသူ့ကိုစူးစိုက်ကြည့်နေကြပြီးဝမ်မိသားစု၏သစ္စာဖောက်ဟုယိုးစွမ်နေကြလေသည်။
ဝမ်ကျောက်ကအားတင်းပြုံး၍ထျန်ရှုရှုကိုလှည့်ကြည့်လိုက်သည်။ သူကသူမမျက်လုံးထဲတွင်နက်ရှိုင်းစွာရှိနေသောအမုန်းတရားကိုခံစားမိလိုက်သည်။
ဝမ်ကျောက်ကအနည်းငယ်စဉ်းစားလိုက်သည်။ သူ့မျက်လုံးများကနူးညံ့လာပြီးညင်သာစွာပြောလိုက်သည်။ “ရှုရှု..ငါတို့သွားကြမယ်…”ထို့နောက်သူကသူမဆံပင်လေးကိုညင်သာစွာပွတ်သပ်လိုက်သည်။
ထျန်ရှုရှုကကြောင်ရီနေရာမှာနောက်တစ်ဖန်ထပ်ငိုပြန်သည်။ သူတို့အတူရှိခဲ့သည့်အချိန်တွေအကုန်လုံးတွင်ဝမ်ကျောက်ကသူမကို“ရှုရှု”ဟုခေါ်သည်မှာဒါပထမဆုံးအကြိမ်ဖြစ်လေသည်။
သို့ရာတွင်သူမအပြုံးကအေးခဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော်ဝမ်ကျောက်လက်ကသူမအသက်သွေးကြောပေါ်သို့ကျရောက်သွားပြီးသူ့ဇနီးဘဝကိုအဆုံးသတ်ပေးလိုက်သောကြောင့်ပင်။
ထျန်ရှုရှုကမည့်သည့်နာကျင့်မှုမှမရှိဘဲသေဆုံးခဲ့ရသည်။ သူမကသူချစ်သည့်လူ၏လက်မောင်းပေါ်တွင်ပင်သေဆုံးသွားခဲ့ရပေသည်။
သူ့ဇနီးအလောင်းကိုကိုင်ထားလျက်ဝမ်ကျောက်မျက်လုံးများကဝမ်းနည်းမှုများဖြင့်ပြည့်နှက်လို့နေခဲ့သည်။ သူကဝမ်လင်းပျောက်ကွယ်သွားသောအရပ်သို့ကြည့်ရင်းပြောလိုက်သည်။ “1ဝမ်လင်း…ငါဝမ်မိသားစုရဲ့သစ္စာဖောက်ကောင်မဖြစ်ချင်ဘူး။ ငါဝမ်မိသားစုရဲ့သိုးမည်းတစ်ကောင်မဖြစ်ချင်ဘူး…”
ထိုသို့ပြောပြီးနောက်သူကသူ့မွေးရပ်မြေရှိရာသို့ဦးတည်၍ဒူးထောက်ချလိုက်သည်။ ထို့နောက်သူ့ကိုယ်သူသက်သေလိုက်တော့သည်။ သွေးများကသူ့ပါးစပ်မှစီးကျလာပြီးမြေကြီးပေါ်ရှိသူ့ဇနီးထံစီးဆင်းသွားလေတော့၏။
“ရှုရှုမကြောက်ပါနဲ့။ ငါမင်းနဲ့လာပြီးအဖော်ပြုပေးပါမယ်…”
ဝမ်လင်းကခြင်သားရဲအပေါ်တွင်မတ်တတ်ရပ်နေရင်းရုတ်တရက်တုန်ရင်သွား၏။ သူကသူ့နတ်ဘုရားအာရုံထဲတွင်ဝမ်ကျောက်၏တည်ရှိမှုကပျောက်ကွယ်သွားသည်ကိုခံစားမိလိုက်သည်။ သူကအနည်းငယ်စဉ်းစားပြီးနောက်ခြင်သားရဲအပေါ်မှပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းကဝမ်ကျောက်၏ခန္ဓာကိုယ်ဘေးတွင်ပြန်ပေါ်လာခဲ့သည်။ သူကဝမ်ကျောက်ခန္ဓာကိုယ်ကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်မိသည်။ သူကဝမ်ကျောက်သည်မိသားစုနှင့်ချစ်သူကြားမှဗျာများခဲ့ရသည်ကိုနားလည်ပေသည်။ အဆုံးသပ်မှာတော့သူ့ချစ်သူကိုသူကိုယ်တိုင်သတ်ပစ်ခဲ့ပြီးမိသားစုသွေးကြေးကိုအဆုံးသပ်ခဲ့၏။
တစ်ချိန်တည်းမှာသူ့ဇနီးသေပြီးနောက်သူ့ဇနီးအတွက်သူ့ကိုယ်သူသတ်သေခဲ့ပေသည်။
ဝမ်လင်းကအနည်းငယ်စဉ်းစားပြီးနောက်ဝမ်ကျောက်မျက်ခုံးကြားထဲသို့လက်ညှိုးညွှန်လိုက်သည်။ တဖြည်းဖြည်းဖြင့်အချိန်မရွေးပျောက်ကွယ်သွားနိုင်သောဝိညာဉ်မီးတောက်လေးကဝမ်လင်းလက်ထဲသို့ရောက်လာခဲ့သည်။
သူကသက်ပြင်းချလိုက်ပြီးနောက်ထိုနေရာမှပျောက်ကွယ်သွားတော့သည်။
မြို့တော်၏မြောက်ဘက်ပိုင်းတွင်ဝမ်မိသားစု၏အိမ်ကြီးတစ်အိမ်ရှိလေသည်။ အဖြူရောင်ဆံပင်နှင့်လူငယ်တစ်ယောက်ကဝမ်မိသားစုအိမ်ထဲသို့ရောက်လာခဲ့ပြီးသူ့ကိုမည်သည့်အစေခံမှလည်းသတိပြုမိခြင်းမရှိပေ။
သည်လူငယ်ကအိမ်ထဲသို့ရောက်လာပြီးနောက်အခန်းတစ်ခုရှေ့တွင်ရပ်လိုက်သည်။ ထိုအထဲတွင်ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ထိုင်နေခဲ့သည်။
လူငယ်ကခဏတာကြည့်ရှုပြီးနောက်အဖြူရောင်အလင်းလုံးတစ်လုံးကိုထုတ်ယူလိုက်သည်။ ထို့နောက်သူကသက်ပြင်းချ၍ထိုအလင်းလုံးကိုပစ်လိုက်သည်။ ဒီအလင်းလုံးကကိုယ်ဝန်ဆောင်အမျိုးသမီး၏ဗိုက်ထဲသို့ဝင်ရောက်သွားလေ၏။
ကိုယ်ပိုင်စိတ်ဝိညာဉ်နှင့်ပုံစံပြည့်ပြည့်ဝဝမဖြစ်ပေါ်သေးသည့်သန္ဓေသားလေးကတဖြည်းဖြည်းအဖြူရောင်အလင်းနှင့်ပေါင်းစပ်သွားလေသည်။
ဒီလူကနောင်တစ်ချိန်ကြလျင်ကျင့်ကြံခြင်းလောကဆီသို့ခြေချလာလိမ့်မယ်။ ငါတို့နှစ်ယောက်နောက်အနာဂတ်မှာထပ်တွေ့ဖို့အခွင့်အရေးရှိလာမှာပါ…”လူငယ်ကသူ့ကိုယ်သူခပ်တိုးတိုးပြောပြီးနောက်ပြန်ထွက်ခွာသွားတော့သည်။
***