Switch Mode

အပိုင်း (၂၇၉)

ဝမ် … ဝမ်လင်းလား

ရောင်စုံ ပန်းရထားက ကြည့်ရတာ အလွန် ပနံသင့်လှ၏။ ထို့ပြင် သည်ရထားလုံးကို တန်ဆာဆင် ထားသည့် ပန်းများမှာ ကျောက်နိုင်ငံတွင် ရှားပါးလှသော စိတ်ဝိညာဉ် ပန်းပင်များ ဖြစ်သည်။

ရောင်စုံပန်းများ အပြင် ရထားလုံးပေါ်တွင် အလင်း အစက်အပြောက် များစွာရှိနေ၏။ ရထားလုံးက ရွှေ့လျားလိုက်သည်နှင့် ကြယ်ရောင်စုံ ပြည့်နေသည့် ညကောင်းကင် အလား ထင်မှာရသည်။ တကယ်တော့ လူတစ်ယောက်က သည်အလင်း အစက်များကို ကြည့်လျှင် သူတို့၏ အမြင်အာရုံကို နာကျင်စေ နိုင်ပေသည်။

ဝမ်လင်း၏ စိတ်အင်အား နှင့်တောင်မှ ခဏတာမှင်တက် သွားမိသည်။ သည်တောက်ပသော အလင်းစက်များက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်ကြသည်။

ဝမ်လင်းက တွင်ပိုင်ဆိုင်သော အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံးများ ကလည်း သည်လိုရထားလုံး များစွာကို ဆင်ယင်နိုင်ပေ၏။ သို့ရာတွင် ဝမ်လင်း၌ အတွေ့အကြံများစွာ ရှိခဲ့ပြီး ဖြစ်သော်လည်း အခုလိုမျိုး စိတ်ဝိညာဉ် ကျောက်တုံးများကို ဖောသီစွာ သုံးစွဲထားသည့် သူမျိုးကို အခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။

ပန်းရထားလုံး အနားတွင် ရှိနေသော လူငယ်များနှင့် မိန်းမပျိုလေးများက အလွန် ကြည့်ကောင်း၊ လှပကြ၏။ သူတို့က ချီစုဆောင်းမှု အဆင့် (၂)၊ (၃)များ ဖြစ်ကြသော်လည်း သူတို့ မျက်နှာပေါ်ရှိ မောက်မာမှုက အချို့သော စဦးစိတ်ဝိညာဉ် အဆင့်နိမ့်ပိုင်း များထက်ပင် သာလွန်နေသေး၏။

ပန်းရထားလုံးက ပို၍နီးကပ် လာသည်နှင့် ဝမ်လင်းက မျက်လုံးများက ပို၍ တည်ငြိမ်သွားပြီး ရထားလုံးထဲကို စူးစမ်းကြည့် လိုက်သည်။

“အင်မော်တယ် ဂျိမိုက ဒီနားမှာ။ လူတိုင်း ထွက်သွားကြပါ…”

“ဂျိမို…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သည်နာမည်က သူ့အတွက် အလွန်ရင်းနှီးလို့ နေသည်။ သူက သေချာစဉ်းစား ကြည့်လိုက်သည့် အခါ ဖျတ်ခနဲ သတိရသွားသည်။

“လူအိုကြီး ဂျိမို…”

“မင်း လုပ်ရဲတယ်ပေါ့…”

လူငယ်များ အားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။ သူတို့အသံများက လေ့ကျင့်ထားသလို ညီညာလှ၏။ သည်လိုစုပေါင်း အသံကြောင့် ဖိအား အနည်းငယ်ပင် ဖြစ်ပေါ်စေသည်။ သို့သော် ဝမ်လင်း အတွက်တော့ သည်အသံက နုလွန်းသေးသည်။

“ပါးစပ် ပိတ်ထားစမ်း။ မင်းတို့အားလုံး ဖယ်စမ်း…”

ရထားလုံးထဲမှ ထက်ရှသောအသံ ထွက်ပေါ်လာခဲ့၏။ ရထားလုံး အရှေ့ဘက်က အနည်းငယ် ဟသွားပြီး ထူးကဲသားနား လှသော အိပ်ရာတစ်ခုက လှစ်ခနဲ ထွက်ပေါ်လာသည်။

အိပ်ရာပေါ်တွင်တော့ အဆီရွှဲရွှဲခပ်ဝဝ လူကြီးတစ်ယောက် လှဲလှောင်းလို့ နေ၏။ သူက လူတစ်ယောက်နှင့်ပင် မတူတော့ပေ။ သည်လူကြီးက ခြုံထည် တစ်ခုကိုပါ လွှမ်းခြုံထား၏။ သည်ခြုံထည်က အလယ်အလတ် အဆင့်စိတ်ဝိညာဉ် ကျောက်တုံးများနှင့် စီခြယ်ထားသည်။

“မင်းက ဒီလူအိုကြီးကို သိလား…”

လူအိုကြီးက သူ့ရှေ့တွင် ရှိနေသော ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ ရောင်းရင်းကျင့်ကြံသူ… ဒီသေမျိုး ကောင်တွေက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လို့ သူတို့ကို သတ်ပစ်ခဲ့တာလား…”

သူ့မျက်လုံးထဲတွင် ဝမ်လင်းက စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်ဖြစ်ပြီး သူနှင့်အဆင့်တူဟု ထင်နေ၏။ ထို့ကြောင့် သူက ဝမ်လင်းကို ခြိမ်းခြောက်မည့်ဟန် ရှိမည့်လူလို့ မတွေးထားပေ။

ဂျိမိုက အချိန်အတော်ကြာ ကတည်းက ကျောက်နိုင်ငံတွင် စိတ်ထင်တိုင်း သွားလာလှုပ်ရှား ခဲ့သည်။ သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်သွား ပြီးနောက် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ကျင့်ကြံသူ အချို့ကလွဲ၍ အခြားလူများ အားလုံးကို သူ့အား ကြောက်လန့်ရန် မတတ်နိုင်ဟု တွေးထားခဲ့သည်။

ဝမ်လင်းက ရက်စက်စွာ ပြုံးလိုက်သည်။ သူက လက်တစ်ချက် လှုပ်ရှားပြီး နောက်တွင် ရှိသော နဂါးတံခွန်ထံမှ ခေါင်းတစ်လုံးကို ဆွဲယူလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

“ဒီလူကို မင်းသိလား….”

လူအိုကြီးဂျိမိုက ကြက်သေသေ သွားမိသည်။ သူက အစတုန်းက သည်လူသည် သေမျိုးများစွာကို သတ်ဖြတ်ခဲ့သော ကျင့်ကြံသူ တစ်ယောက်ဟု တွေးထင်ခဲ့၏။ သူက ခေါင်းပိုင်ရှင်၏ မျက်နှာကို ကြည့်၍ ကြောက်ရွံ့လို့ သွားသည်။ ထို့နောက် သူက မျက်လုံး ပြူးကျယ်စွာဖြင့် ပြောလိုက်သည်။

“ထျန်ဂို”

ထျန်ဂိုက ထျန်မိသားစုဝင် တစ်ယောက်ဖြစ်ပြီး ဝူဖန် တောင်ကြားတွင် မြင့်မားသော အနေအထားတွင် ရှိသူဖြစ်သည်။ သူက နောက်တက်လာမည့် ကလန်ခေါင်းဆောင် အဖြစ်ပါ ယာထားခြင်း ခံရသူ ဖြစ်သည်။ ကျောက်နိုင်ငံက သေးငယ်သော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ဂျိမိုက ဒီလူ့ကို ပုံမှန်အားဖြင့် သိလေသည်။

ထို့နောက် သူက နတ်ဘုရား အာရုံကို ဖြန့်ကျက် လိုက်သည်။ ထို့နောက် သူက လူသေခန္ဓာကိုယ် များကို သေချာကြည့် လိုက်သည်။ သူက စစ်ဆေး ပြီးနောက် သူ့မျက်နှာက ပို၍ပို၍ ရုပ်စိုးသွားသည်။

သူက လေအေးတစ်ချက် ရှိုက်လိုက်ပြီး ဝမ်လင်းကို ကြည့်၍ ဖြည်းညင်းစွာ မေးလိုက်သည်။

“ဒီလူတွေ အားလုံးက ထျန်မိသားစုဝင် တွေလား…”

သူက ရုတ်တရက် အလွန်သိချင် လာခဲ့ပြီး ဝမ်လင်းကို ထပ်မံမကြည့် ရဲတော့ပေ။ ထျန်မိသားဝင်များက အလွန်မသန်မာ လှသော်လည်း သည်လူက ထျန်မိသားစု အများကြီးကို သုတ်သင်ရဲ ခဲ့သည်။ သူက ထျန်ဟွယွမ်ကို မကြောက်သည့်အပြင် အလွန်မောက်မာ ရူးသွပ်လွန်း နေ၏။

သူက သည်လူသည် သူသွားရှုပ်လို့ မရသည့် လူစားမျိုးမှန်း ချက်ချင်း ဆုံးဖြတ်လိုက်၏။ ထျန်ဟွယွမ်က စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီး ထျန်မိသားစု တွင်လည်း စွမ်းအား ကောင်းသော ကျင့်ကြံသူများစွာ ရှိနေသည်။ သို့သော် သည်လူက ဒါတွေကို တစ်စက် ကလေးတောင် ဂရုစိုက်ဟန် မရှိပေ။ သူက သည်လိုရူးသွပ်စရာ ကောင်းသည့် လူမျိုးကို သွားမရှုပ်လိုပေ။

လူအိုကြီး ဂျိမိုမျက်နှာက ချက်ချင်းပြုံး၍ ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒီလူအိုကြီးက ထျန်မိသားစုက စိတ်ရှုပ်စရာ ကောင်းမှန်း သိပါတယ်။ ရောင်းရင်း ကျင့်ကြံသူ သူတို့ကိုသတ်တာ ကောင်းတယ် … ဆက်သတ် ဆက်သတ်။ ဒီလူအိုကြီးက လုပ်စရာကိစ္စ တစ်ခုရှိလို့ သွားတော့မယ်နော်…”

ထိုသို့ ပြောပြီးနောက် သူက ရထားလုံးကို မောင်းနှင်၍ ဝမ်လင်း အဝေးသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ဝမ်လင်း မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည်။

“ငါထျန်မိသားဝင်တွေကို သတ်တာ ဘာလို့လဲ သိလား…”

လူအိုကြီးက တုန်လှုပ်သွား၏။ သူက ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်တော့မည်ဟု ခံစားမိနေသည်။ သူက မေးလိုက်၏။

“ငါ မသိချင်ပါဘူး။ ရောင်းရင်း ကျင့်ကြံသူ … နှုတ်ဆက်ပါတယ်…”

သူက ထိုသို့ ပြောပြီးနောက် သူက တုံ့ဆိုင်းခြင်း မရှိဘဲ ထွက်ခွာသွား၏။ သူ့ ငယ်ရွယ်သော လူငယ်များနှင့် အမျိုးသမီးများကိုပါ ထားခဲ့လေတော့၏။

ဝမ်လင်းက သူ့ကိုမတားပေ။ သို့သော် သူက သိုလှောင်အိတ် ထဲကနေ အတားအဆီး အလံကို ထုတ်ဖော်လိုက်၏။ သူက အလံကို တစ်ချက် လှုပ်လိုက်ရာ ကီလိုမီတာ(၁၀၀၀) ဧရိယာ တစ်ခုလုံးက အလံဖြင့် လွှမ်းမိုးခြင်း ခံလိုက်ရ တော့သည်။

လူအိုကြီးဂျိမို၏ အမူအရာက ရုပ်စိုးသွားသည်။ သူက ဝမ်လင်းကို လှည့်ကြည့်၍ ပြောလိုက်သည်။

“ဒါ ဘာအဓိပ္ပာယ်လဲ။ ငါမင်းနဲ့ မပတ်ဖူးသလို ထျန်မိသားစုနဲ့လည်း မပတ်သက်ဖူးဘူး။ မင်းကျင့်ကြံမှု အဆင့်က ငါနဲ့တူတူပဲ။ ငါမင်းကို ကြောက်နေတယ်လို့ မထင်နဲ့…”

ဝမ်လင်းက လူအိုကြီးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက ထေ့ငေါ့၍ ပြုံးကာ ပြောလိုက်သည်။

“လွန်ခဲ့သော နှစ်ပေါင်းလေးရာက မင်းရဲ့အငယ်ဆုံး တပည့်က ရုတ်တရက် သေသွားခဲ့တယ်။ မင်း မှတ်မိသေးလား…”

လူအိုကြီးဂျိမိုက ထိုသို့ကြားလိုက် သည့်အခါ သူက ချက်ချင်း မှင်တက်သွား မိသည်။ သို့သော် သူက သတိပြန်ဝင်လာပြီး စကားတစ်လုံးမှ မပြောဘဲ ဝမ်လင်းကို စူးစိုက်ကြည့် လိုက်သည်။ ဝမ်လင်းက အေးဆေးစွာ ဆက်ပြော လိုက်သည်။

“မင်းရဲ့ ဒီတပည့်ကို ငါ သတ်ခဲ့တာလေ။ သူ့နာမည် ကတော့ ကျောက်ဟိုလို့ ခေါ်တယ်။ သူက ငါနဲ့တူညီတဲ့ ကလန်က လာခဲ့တာပဲ…”

လူအိုကြီးဂျိမို၏ မျက်နှာက ရှုံ့တွသွားပြီး သူက အားတင်းပြုံးကာ ပြောလိုက်သည်။

“မင်းသူ့ကို သတ်လိုက်တာ … အို … ကောင်းပါပြီ။ ဒီလူအိုကြီးက လွန်ခဲ့တဲ့ နှစ်လေးရာကျော် ကဟာကို မေ့လိုက်ပါပြီ…”

သူကထိုသို့ ပြောလိုက်သော်လည်း သူ့လက်ကတော့ သိုလှောင်အိတ် ထဲသို့ နှိုက်လိုက်၏။ အနက်ရောင် အငွေ့တန်း လေးခုက သူ့နောက်မှာ ပေါ်လာခဲ့သည်။ သည်အငွေ့များ ကြားတွင် မံမီရုပ်သေးရုပ် များကို တွေ့မြင်နိုင်၏။ ပုံမှန်အားဖြင့် ဂျိမိုက တိုက်ခိုက်ချိန်မှာ အခုလိုမျိုး တန်းမလှုပ်ရှားပေ။ အခုလိုလှုပ်ရှား လိုက်သည်ကို ကြည့်ခြင်းဖြင့် သူကဝမ်လင်းကို မည်မျှကြောက် နေကြောင်း ပြသလို့နေသည်။

သည်ရုပ်သေးရုပ် တစ်ရုပ်စီက စဦးစိတ်ဝိညာဉ် အဆင့်နှင့် အလွန်နီးစပ်သော ကျင့်ကြံမှု အဆင့်များ ရှိကြပေသည်။ သို့သော် ဝမ်လင်းက သူ့ကို အဖက်ပင် မလုပ်ဘဲ ပြောလိုက်၏။

“တကယ်တော့ ကျောက်ဟိုနဲ့ငါက ထျန်လီရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ရတာပဲ။ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ မင်းမှတ်မိမယ်လို့ ထင်ပါတယ်…”

လူအိုကြီး ဂျိမိုက တည်ငြိမ်စွာ မရှိနိုင်တော့ပေ။ အချိန်အချို့ ကြာပြီးနောက် သူက သက်ပြင်းချပြီး ပြောလိုက်သည်။

“အမှန်တိုင်း ပြောရရင်…ငါ…”

သူက စကားပြောမလို လုပ်လိုက်ပြီး သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူ့ဝတုတ် ခန္ဓာကိုယ်ကြီးက ရထားလုံးထဲသို့ ခုန်ဝင်လိုက်သည်။ သူက ထိုသို့ ခုန်ဝင်စဉ်မှာ သွေးလေးစက်ကို ရုပ်သေးများပေါ်သို့ ချထားခဲ့လိုက်၏။

ရုပ်သေးလေးရုပ်က ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။ သူတို့၏ မျက်လုံးများ ကလည်း နီရဲလာ၏။ သူတို့က သားရိုင်း တစ်ကောင်လို အော်သံပြု၍ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာပင် လက်ဟန်တစ်ခု ဖန်တီး၍ အော်ဟစ်လိုက်သည်။

“ရပ်လိုက်စမ်း…”

အတားအဆီးရှစ်ခု ပေါ်ထွက်လာခဲ့ပြီး ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၍ ရုပ်သေး လေးရုပ်အား ဝန်းရံသွား၏။ ဝမ်လင်းက လူအိုကြီး ဂျိမိုနောက်သို့ ပျံသန်းသွား လိုက်၏။

လူအိုကြီးဂျိမိုက ဝသော်လည်း နှေးကွေးခြင်း မရှိပေ။ သူက လျင်မြန်စွာ တည်နေရာ ရွှေ့ပြောင်း၍ ပြေးသည်။ သို့သော် သူက လွတ်မြောက်ရန် မည်မျှ ကြိုးစားကြိုးစား ဝမ်လင်းက သူ့နောက်တွင် ကပ်ပါလာခဲ့၏။

ဂျိမိုက အံ့ကြိတ်လိုက်ပြီး ထွက်ပြေးတာကို ရပ်လိုက်၏။ သူ့လက်က ချိပ်ပိတ်ဟန် တစ်ခု ဖြစ်ပေါ်သွားပြီး ခန္ဓာကိုယ်ကလည်း တုန်ရီသွားသည်။ လူဝကြီးက ထူးဆန်းစွာ လှုပ်ရှားလာ၏။ သူ့ခန္ဓာကိုယ် ကလည်း တဖြည်းဖြည်း ပိန်လာပြီး ရုတ်တရက် ပို၍လည်း သန်မာလာသည်။ သူဆံပင်များ ကလည်း လေတိုက်ခြင်း မရှိဘဲနှင့် လှုပ်လာခဲ့၏။ သူ့ စိတ်ဝိညာဉ် စွမ်းအင်ကလည်း တိုးလာခဲ့ပေသည်။ သူ့ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်မှ အလယ်အဆင့်သို့ ရောက်လာခဲ့သည်။

အဆုံးတွင် ဝမ်လင်းရှေ့က လူအိုကြီးက သန်မာဟန်ရသော လူလက်ပိုင်း အရွယ်သို့ ပြောင်းသွား၏။ သည်လူက အလွန်လည်း ကြည့်ကောင်း လာသည်။ သူက အားကောင်းသော အော်ရာကို ထုတ်လွှတ် လာလေ၏။

သူ့ကျင့်ကြံမှု အဆင့်ကလည်း စဦးစိတ်ဝိညာဉ် အလယ်အလတ်၏ထိပ်ဆုံးသို့ ရောက်လာခဲ့ပြီး နောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

သူက ဝမ်လင်းက ကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“မင်း ဂုဏ်ယူသင့်တယ်။ မင်းက ငါ့ရဲ့ခွန်အား အစစ်အမှန်ကို အသုံးပြုအောင် လုပ်နိုင်တဲ့ ပထမဆုံးလူပဲ။ အနားမှာ ကျွမ်းကျင်သူ အချို့ ရှိနေတယ်။ဒီတော့ ငါမင်းကို သတ်ဖို့ အင်တင်တင် ဖြစ်နေတယ်။ မင်းမှာသာ အချိန်ရှိရင် ငါနဲ့ယှဉ်တိုက် နိုင်တဲ့အချိန် ရောက်လာမှာပါ…”

ဂျိမိုက ထိုသို့ပြောပြီးနောက် သူ့မျက်နှာက ဂုဏ်ယူဟန်များ ပြည့်နေခဲ့သည်။ သူက လက်နောက်ပစ်၍ ခေါင်းက ကောင်းကင်ပေါ်သို့ မော့ကြည့်လို့ နေသည်။ သူ့ပုံစံက ပြိုင်ဘက်ကင်းဟန် ဖြစ်နေခဲ့၏။ သို့သော် ထိုဟန်ပန်ထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

သူက သက်ပြင်းချ၍ ဝမ်လင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ထွက်သွားလိုက်ပြီး မီတာ (၁၀၀) အကွာသို့ ရောက်သွား၏။ သူက ရုတ်တရက် သူ့အမြန်နှုန်းကို တိုးမြှင့်လိုက်ပြီး ပြန်လှည့် မကြည့်တော့ပေ။

ဝမ်လင်းက တမူထူးသောပုံစံ ဖြစ်သွားသည်။ သူ့မျက်လုံးများက အနီရောင် တောက်သွားပြီး ဂျိနယ်ပယ်ကို လှုပ်ရှားလိုက်ရာ အနီရောင် အလင်းတန်းတစ်ခုက ဂျိမိုနောက်သို့ လိုက်သွား တော့သည်။

ဂျိမိုမျက်လုံးများက မှိန်ဖျော့သွားပြီး သူ့ပုံစံက မယုံနိုင်ဟန် ဖြစ်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ကောင်းကင်မှ ပြုတ်ကျ လာတော့သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်က စုတ်ပြဲသွား တော့သည်။ တစ်ချိန်တည်းမှာ သူ့သိုလှောင်အိတ်က ဝမ်လင်း လက်ထဲသို့ ရောက်လာ တော့သည်။

ဝမ်လင်းက ဖျတ်ခနဲ ပျောက်သွား တော့သည်။ သူက ရုပ်သေးလေးရုပ် အနီးတွင် ပြန်ပေါ်လာခဲ့၏။ ဂျိမို သေသွားသည့်အခါ သည်ရုပ်သေးများက လှုပ်ရှားမှု မရှိတော့ပေ။

ဝမ်လင်းက အချိန်အတော်ကြာ သည်ရုပ်သေးများကို ကြည့်နေလိုက်သည်။ သူက ဂျိမို သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား များကို စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သူက ရုပ်သေးများကို မွန်းမံ ထိန်းချုပ်သော နည်းလမ်းပါသည့် ကျောက်စိမ်းပြားကို တွေ့လိုက်၏။

ကျောက်စိမ်းပြားကို ဖတ်ပြီးနောက် ဝမ်လင်းက ကျောက်စိမ်းပြား ထဲက ညွှန်ကြားချက် အတိုင်း ချိပ်ပိတ်ဟန် တချို့ပြုလုပ်၍ ရုပ်သေးများ၏ ခေါင်းထံသို့ ပစ်လွှတ်လိုက်သည်။ ရုတ်တရက် ရုပ်သေးများက အငွေ့အဖြစ်သို့ ပြောင်းသွားပြီး သူ့သိုလှောင်အိတ် ထဲသို့ ဝင်ရောက်သွား တော့သည်။

ဝမ်လင်းက သိုလှောင်အိတ်ကို ယူ၍ ခြင်သားရဲ အပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူက ဟီဟွမ်ကလန်သို့ လျင်မြန်စွာ ထွက်ခွာသွား တော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset