သည်မိုးသည်းထန်သော ညတွင် အဖြူရောင် ဆံပင်နှင့် လူငယ် တစ်ယောက်က တောထဲကို ဖြတ်၍ အေးဆေးစွာ လမ်းလျှောက်လို့ လာသည်။
အကွာအဝေး တစ်ခုကနေ ဟုန်ယွီ တောင်ထိပ်ပေါ်ရှိ ရွှမ်တောက် ကလန်ကို လှမ်းကြည့် လိုက်သည်။ အချိန်တစ်ခု ကြာသွားပြီးနောက် သူက အကြည့်ကို ပြန်ရုပ်သိမ်း လိုက်၏။ အခု သူ့ဦးတည်ချက်က သည်နေရာနှင့် ကီလိုမီတာရာ ပေါင်းများစွာ အကွာတွင်ရှိသော ရွာငယ်လေးသာ ဖြစ်သည်။
ညနက်သန်းခေါင် တောင်ပေါ်ရွာလေး တစ်ရွာတွင် မိုးခြိမ်းသံများ အပြင် မိုးသံ တစ်ဖျောက်ဖျောက်က မြေပေါ်သို့ ကျဆင်းနေသည့် အသံသာ ရှိနေ၏။ တကယ်တော့ ခွေးဟောင်သံ တချို့လည်း ရှိလို့နေသေးသည်။ ခွေးဟောင်သံများက ရာသီဥတုကို စိမ်ခေါ်နေသလို ထင်မှတ်ရ၏။ သို့သော် ပတ်ဝန်းကျင်က မိုးခြိမ်းသံ များကသာ လွှမ်းမိုးလို့ နေပေသည်။
တစ်ရွာလုံးက မှောင်မည်းလို့နေပြီး အဖြူရောင် ဆံပင်နှင့် လူငယ်က ရွာလမ်းမကြီး အတိုင်း ရင်းနှီးလွန်းခဲ့သော မြင်ကွင်းများကို စိမ်းကားသော အရိပ်အယောင်နှင့် ကြည့်ရင်း လမ်းလျှောက်လို့ လာနေ၏။
မျက်စိတစ်မှိတ် အတွင်း အချိန်က နှစ်လေးရာ ကုန်သွားခဲ့ပြီး ဖြစ်သည်။ သည်နှစ်ကာလက ကျင့်ကြံသူများ အတွက် မရှည်ကြာလှ သော်လည်း သာမန်လူများ အတွက်တော့ မျိုးဆက်များစွာ ဖြတ်သန်းပြီး ဖြစ်သည်။ ရွာထဲမှာရှိသော အိမ်များက အခု မျိုးဆက်သစ်များ ဆောက်ထားကြခြင်း ဖြစ်ပြီး အတိတ်တုန်းကနှင့် မတူညီတော့ပေ။
သည်လူငယ် ကတော့ ဝမ်လင်းပင်။
သူက ရွာထဲရှိ အိမ်များကို လှည့်လည် ကြည့်ရှုနေခဲ့၏။ သူ့အကြည့်က အိမ်တစ်အိမ် ဆီသို့ အရောက် ရပ်တန့်လို့သွားသည်။ ထိုအိမ်နေရာတွင် ရှိနေသော ကြီးမားသည့် အိမ်ကြီးကို သူကမှတ်မိလိုက် သောကြောင့်ပင်။ သည်အပင်ကြီး အောက်မှာ လွန်ခဲ့သော နှစ်ပေါင်းလေးရာ ကျော်လောက်မှာ သူက စာအုပ်များ ဖတ်ခဲ့ဖူး၊ သူငယ်ချင်းများနှင့် ဆော့ကစားဖူး ပေသည်။
မျက်စိတစ်မှိတ် အတွင်း အရာအားလုံးက ဖြစ်ပြီးပျက်ပြီး ပျောက်ကွယ်သွားပြီး ဖြစ်နေခဲ့၏။
ဝမ်လင်းက တိတ်တဆိတ် သက်ပြင်းချကာ ရှေ့သို့ ဆက်လျှောက် လိုက်သည်။ အချိန်ခဏတာ ဆက်လျှောက် ပြီးနောက် သူက အလွန်ရင်းနှီးခဲ့သော အိမ်တစ်လုံးကို ငေးစိုက်ကြည့် နေမိလိုက်သည်။ သူ့ခန္ဓာကိုယ်က သည်အိမ်ကို ကြည့်နေရင်း တုန်ခါလာခဲ့၏။ ရွာထဲတွင်ရှိသော အခြားအိမ်များက ပြောင်းလဲကုန် ကြပြီဖြစ်၏။ သို့သော် သည်အိမ်ကတော့ အတိတ်တုန်းကနှင့် တူညီဆဲ ဖြစ်နေ၏။
ဝမ်လင်းက သူ့နှုတ်ခမ်းကို ကိုက်၍ ခြံတခါးမကို ဖွင့်လိုက်သည်။ တံခါးပွင့်သွား ပြီးနောက်သူက တံခါးကို ပြန်ပိတ်လိုက်ပြီး ခြံဝင်းအထဲသို့ ဆက်ဝင်လာ လိုက်၏။
ခြံဝင်းထဲ၌ သစ်သားထိုင်ခုံ လေးတွေနှင့် သစ်သားစားပွဲ တစ်လုံး ရှိလို့နေသည်။ ဝမ်လင်းက သည်မြင်ကွင်းကို ကြည့်၍ မျက်ရည် ကျလာမိသည်။
အချိန်အတော် ကြာပြီးနောက်မှ ဝမ်လင်းက အိမ်ရှိရာသို့ ဆက်လျှောက် လာခဲ့ပြီး တံခါးဖွင့်ကာ အထဲသို့ ခြေချလိုက်၏။ သူထွက်ခွာ လာခဲ့သည့် အချိန်တုန်းကလို ဘာမျ ှပြောင်းလဲခြင်း မရှိပေ။
ဤအခိုက်တွင် ဝမ်လင်းက လွန်ခဲ့သော နှစ်ပေါင်းလေးရာ အတွင်း ဖြစ်ပျက်ခဲ့သော အရာများက အိပ်မက် တစ်ခုအလား ခံစားမိနေ၏။ သူက အိပ်မက်က အခုမှ နိုးထလာသူ တစ်ယောက်အလား ဖြစ်နေခဲ့သည်။ သူ့မိဘများက အခုချိန်ထိ လုံးဝသေဆုံးခြင်း မရှိသေးဘဲ သူတို့စိတ်ဝိညာဉ်က ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် ရှိနေသေးသည်။ သူတို့က အတိတ်တုန်းက အခုလို မိုးသည်းသည့် ညတွေမှာ အိမ်ထဲတွင် ရှိနေခဲ့ပြီး အိပ်ရာအတူဝင် ခဲ့ကြဖူးသည်။
သို့ရာတွင် ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို မထုတ်လွှတ်ဘူး ဆိုရင်တောင် အခန်းထဲတွင် မည်သူမျှ မရှိကြောင်း သိနေခဲ့ပါသည်။
အခန်းအလယ်တွင် ဝမ်လင်းက အထိမ်းအမှတ် စားပွဲနှစ်လုံးကို တွေ့လိုက်၏။ စားပွဲနှစ်လုံးသည် တစ်ခုက အခြားတစ်ခုပေါ်မှာ ထပ်ထားလျက် ရှိနေသည်။ သူက အပေါ်နေရာတွင် ရှိနေသော စားပွဲတွင် ရေးထားသောစာကို ဖတ်လိုက်သည်။
“ဝမ်တျန်ရှီ၊ ကျောက်တျန်စု”
အောက်စားပွဲ ကိုလည်း ထပ်ဖတ်လိုက်သည်။
“အကြီးဆုံးသားကြီး ဝမ်လင်း … ”
ထိုစားပွဲနှစ်လုံး အောက်တွင် အမွှေးတိုင်အိုး နှင့် အသုံးမပြုရ သေးသော အမွှေးတိုင် အချို့ရှိနေခဲ့၏။
ဝမ်လင်း မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။ သူက အမွှေးတိုင် သုံးချောင်းကို ကောက်ယူ၍ မီးညှိလိုက်ပြီး အမွှေးတိုင် အိုးထဲ၌ ထားလိုက်၏။ ထို့နောက် သူက ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချ လိုက်သည်။ သူက အနည်းငယ် ဆုတောင်းပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီ တာဝန်မကျေခဲ့တဲ့ သားက အခုချိန်မှာ အဖေနဲ့အမေကို အမွှေးတိုင်နဲ့ပဲ ပူဇော်ပါရစေ။ နောက်တစ်ခါ ကျရင်တော့ ထျန်မိသားစုရဲ့ ခေါင်းတွေကို ပုံပြီး မိဘတွေအတွက် လာရောက် ပူဇော်ပါ့မယ် … ”
သတ်ဖြတ်လိုမှု စိတ်ဆန္ဒ အငွေ့အသက်များက ဝမ်လင်းထံမှ ထွက်လာခဲ့၏။ အခန်းကလည်း မိုးသည်းသော ညထက် ပို၍ အေးစက်လာ ခဲ့သည်။
သူက ထို့သို့ ပြောပြီးနောက် အနည်းငယ် စဉ်းစားလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ရွေ့လျားလိုက်ပြီး ပျောက်ကွယ်လို့ သွား၏။
ခဏအကြာတွင် တောင်ခြေရွာလေးမှ မြင်းလှည်း တစ်စင်းသည် အိမ်သို့ လာနေသည်ကို တစ်ယောက်ယောက် တွေ့မြင်နိုင် ပေသည်။ မြင်းလှည်း မောင်းလာသည့် သူက အဖြူရောင် ဝတ်စုံနှင့် အဘိုးအို တစ်ယောက်ဖြစ်၏။ သူက သေမျိုးကမ္ဘာ၏ သိုင်းပညာရှင် တစ်ယောက်လည်း ဖြစ်သည်။
သူက လက်ထဲရှိ ကြာပွတ်နှင့် ရိုက်လိုက်ရာ တစ်ရွှမ်းရွှမ်း အသံနှင့်အတူ မြင်းများက ပို၍မြန်မြန် ပြေးလေတော့သည်။
မြေကြီးများက မညီမညာ ဖြစ်နေသဖြင့် မြင်းလှည်း ကလည်း ခုန်ပေါက် နေခဲ့သည်။ သို့သော် လူအိုကြီးက မြင်းလှည်းပေါ်တွင် မြဲမြံစွာ ရှိနေခဲ့သည်။ သူက ထပ်၍ အောက်ဟစ် လိုက်ပြန်သည်။
“သွားစမ်း … ”
သိပ်မကြာခင်မှာ မြင်းလှည်းက အိမ်နှင့်နီးကပ် လာခဲ့သည်။ အဘိုးအိုက အောက်ဟစ်လိုက်ပြီး မြင်းဆက်ကြိုးကို ခပ်ကြမ်းကြမ်း ဆွဲလိုက်သည်။ မြင်းများက ဟီ၍ ဝမ်လင်း အိမ်ရှေ့တွင် ရပ်တန့်သွား တော့သည်။
အဘိုးအိုက မြင်းလှည်းပေါ်မှ ခုန်ဆင်းလာခဲ့ပြီး အိမ်ရှေ့တံခါးကို တရိုတသေ ဖွင့်လိုက်သည်။ သူက တံခါးဖွင့်လိုက် ပြီးနောက် မိန်းကလေး တစ်ယောက်က မြင်းလှည်းထဲမှ ထွက်လာခဲ့သည်။ သူမက အစိမ်းရောင် အင်္ကျီလက်တို လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ခေါင်းဆီးကြိုး လေးနှင့် ချည်နှောင်လို့ ထားသည်။ သူမပုံစံကလည်း လှတပတလေး ဖြစ်သည်။
မိန်းကလေးက မြင်းလှည်းထဲမှ ထွက်ခွာလာ ပြီးနောက် သူမတစ်ကိုယ်လုံး တုန်ရီလို့နေ၏။ ရာသီဥတုကြောင့် သူမက အအေးမိလာသည်မှာ ရှင်းလင်းလှ၏။ သို့ရာတွင် သူမက ထိုအရာကို စိတ်ထဲမထားပေ။ သူမက ထီးဖွင့်လိုက်ပြီး ခိုက်ခိုက် တုန်နေသော အသံလေးဖြင့် ပြောလိုက်သည်။
“ အရှင်မ … ငါတို့ဒီကို ရောက်ပြီ… ”
ထို့နောက် ကျက်သရေ ရှိလှသော ပုံရိပ်တစ်ခုက မြင်းလှည်းထဲမှ ထွက်လာခဲ့ပြီး ထီးအောက်၌ ရပ်လိုက်သည်။ သူမကို ကြည့်ရသည်မှာ ဖျားနာနေသည့်ပုံ ပေါက်နေသော်လည်း လှလို့နေတုန်းပင်။
သူမက မြင်းလှည်းထဲမှ ထွက်လာ ပြီးပြီးချင်း တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။ အစေခံ ကောင်မလေးက အလျင်အမြန် အနားရောက်လာပြီး လက်တစ်ဖက် ထီးမိုးပေး၍ နောက်လက်တစ်ဖက်က မြင်းလှည်းထဲက ခရမ်းရောင် အပေါ်အင်္ကျီ တစ်ထည်ကို လှမ်းဆွဲယူ လိုက်သည်။ အဘိုးအို၏ အကူအညီနှင့် သည်အပေါ်အင်္ကျီကို အမျိုးသမီးအား ခြုံရုံပေးလိုက်၏။
တစ်ချိန်တည်းမှာ အစေခံမလေးက ပြောလိုက်သည်။
“အရှင်မ … ဒီနေ့မိုးထဲမှာ ဘာလို့ဒီနေရာကို လာခဲ့ရတာလဲ။ မနက်ဖြန်မှ လာလို့လည်း ရရဲ့သားနဲ့။ အခုတော့ အအေးမိကုန်ပြီ … ”
အမျိုးသမီးက ပြုံးလိုက်သည်။ သူမက ဆက်လျှောက်လာရင်း ပြောလိုက်သည်။
“မင်းတို့ကတော့ ဘာမှန်းသိမှာ မဟုတ်ဘူး။ အဘိုး မသေခင်တုန်းက ဘာတွေပဲ ဖြစ်နေဖြစ်နေ သားစဉ်မျိုးဆက် အကုန်လုံး ဒီနေ့မှာ ဒီနေရာကို လာရမယ်လို့ မှာကြားခဲ့တယ်။ ဒါက မိသားစု ရိုးရာပဲ … ”
အစေခံ ကောင်မလေးက အခုထိ မပျော်မရွှင် ဖြစ်နေသေး သော်လည်း ဆက်မေးလိုက်သည်။
“အရှင်မ … ဒီနေရာက မြို့တော်နဲ့ အဝေးကြီးလေ။ ဘာလို့ငါတို့က ဒီနေရာကို လာနေရတာလဲ။ ဒီနေရာမှာ တစ်ခုခုများ ဖုံးကွယ်ထားတာ ရှိလို့လား။ ကျွန်မ အခြား အစေခံတွေဆီက ကြားတာကတော့ ဒီနေရာက ဝမ်မိသားစုရဲ့ နေရာတွေထဲက တစ်ခုဆို … ”
အမျိုးသမီးက အစေခံလေးကို ပြုံး၍ ပြောလိုက်သည်။
“မင်းက ဒီနေရာကို ငါနဲ့လိုက်လာတာ ပထမဆုံး ဆိုတော့ ဘာမှသိမှာ မဟုတ်သေးဘူး။ အချိန်ရရင် ငါမင်းကို ပြောပြမယ် … ”
သူတို့က ခြံဝင်းထဲကနေ အိမ်ထဲကို ဆက်ဝင်လာ ခဲ့သည်။ အစေခံ ကောင်မလေးက ထီးပိတ်လိုက်ပြီး ရေခါလိုက်သည်။ ထို့နောက်သူက အခန်းဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်နေတော့သည်။
အဘိုးအိုကတော့ တံခါးဝတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်လျက် ရှိနေသည်။
အမျိုးသမီးက အသက်ခပ်ဝဝ ရှူလိုက်သည်။ အစေခံ ကောင်မလေးက ဆက်သွားမလို လုပ်လိုက်စဉ် သူမက တားဆီးပြီး ပြောလိုက်သည်။
“နင် … ဒီမှာ အဘိုးလီနဲ့အတူ နေခဲ့လိုက်ပါ။ ငါတစ်ယောက်တည်း ဆက်သွားလိုက်မယ် … ”
အစေခံ ကောင်မလေးက ရိုသေစွာ ခေါင်ညိတ်လိုက်သည်။
အမျိုးသမီးက ချောင်းအနည်းငယ် ဆိုးလိုက်ပြီး အိမ်ထဲသို့ ဆက်ဝင်သွား လိုက်သည်။ သည့်နောက် သူမက အမွှေးတိုင်အချို့ကို ထုတ်ယူလိုက်ပြီး စားပွဲနှစ်လုံးပေါ်သို့ တင်လိုက်ပြီး ဒူးထောက် လိုက်သည်။ သို့ရာတွင် သူမက ထွန်းထားပြီးသော အမွှေးတိုင် သုံးချောင်းပေါ်သို့ ကျရောက် သွားသည်။ သူမက အော်ဟစ် လိုက်မလို လုပ်လိုက်စဉ်မှာပင် အခန်းထဲတွင် လေအေးတစ်ချက် တိုက်သွားသည်။ သူမက အေးစက်သွားပြီး နဖူးတွင်လည်း ချွေးစေးများ ပြန်လာခဲ့သည်။ သူမက လှုပ်လိုက်သည်နှင့် သေသွားလိမ့်မည်လို့ ခံစားနေရ၏။
သူမက ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ယောက်က အခန်းထဲသို့ လမ်းလျှောက် လာသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းက အမျိုးသမီးကို ကြည့်၍ ရိုးရှင်းစွာ မေးလိုက်သည်။
“မင်းက ဘယ်သူ့ မျိုးဆက်လဲ … ”
အမျိုးသမီး မျက်နှာက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သူမက တုန်တုန်ယင်ယင်နှင့် ပြန်မေးလိုက်သည်။
“နင်ဘယ်သူလဲ … ။ ဝမ်မိသားစုရဲ့ ဘိုးဘေးအိမ်မှာ ဘာလို့ ရှိနေရတာလဲ … ”
ဝမ်လင်းက အမျိုးသမီးကို ကြည့်လိုက်သည်။ သူက လက်ယမ်းလိုက်ရာ အခန်းထဲရှိ အေးစက်စက်လေများ ပျောက်ကွယ်သွား၏။ ထိုအစား နွေးထွေးမှုများက အစားဝင် သွားလေသည်။ အမျိုးသမီးက နွေးထွေးမှုကို ခံစားမိလိုက်ပြီး သူ့ပုံစံကလည်း တုန်လှုပ်သွားပြီး ဝမ်လင်းကို ကြည့်လိုက်သည်။ သို့ရာတွင် သူမက ညာလက်ဖြင့် တိတ်တဆိတ် သူမ ခါးကို ထိလိုက်သည်။ ရုတ်တရက် အဘိုးအို တစ်ယောက်က အားပြင်းသော လက်ဝါးရိုက်ချက် တစ်ခုကြောင့် ဖြစ်ပေါ်လာသော လေထုက အခန်းထဲသို့ ဝင်လာခဲ့သည်။ သို့ရာတွင် အဘိုးအိုက အခန်းထဲသို့ ဝင်လာသည်နှင့် ကြမ်းပြင်ပေါ်တွင် မှောက်သွားတော့သည်။
အမျိုးသမီး မျက်နှာက ဖြူရော်သွားသည်။
ဝမ်လင်းက အဘိုးအိုကို လှည့်ပင်မကြည့်ဘဲ အမျိုးသမီးကို ပြောလိုက်သည်။
“ငါမင်းကို ထပ်မေးမယ်။ မင်းက ဘယ်သူ့မျိုးဆက်လဲ … ”
အမှန်တော့ ဝမ်လင်းက အိမ်ကို မြင်လိုက် ကတည်းက ဒွိဟ ဖြစ်နေခဲ့သည်။ သူ့အိမ်က တစ်ယောက်ယောက် ပြုပြင်ပေးခြင်း မရှိခဲ့လျင် နဂိုအတိုင်း ရှိနေရန်မှာ မဖြစ်နိုင်ပေ။ သူက အိမ်ကို ကြည့်လိုက်ရာ အတိတ်တန်းကနှင့် တူသော်လည်း ပုံစံတူ ပြန်ပြုပြင် ထားသည်နှင့် တူနေကြောင်း သိခဲ့ပေသည်။
အမျိုးသမီးက ဝမ်လင်းကို ဆုံးဖြတ်ပြီးဟန်ဖြင့် ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။
“ငါ့အဖေ နာမည်က ဝမ်ယမ်။ နင်က ငါ့နောက်က လိုက်လာခဲ့ပြီး ဘာလို့အခုလို မေးခွန်းမျိုး မေးနေရတာလဲ … ”
ဝမ်လင်းက မျက်မှောင်ကြုတ်၍ ထပ်မေးလိုက် ပြန်သည်။
“ဒီကျောက်ပြားတွေ ပေါ်မှာ ရေးထိုးထားတဲ့ နာမည်တွေနဲ့ နင်နဲ့က ဘယ်လို ပတ်သက်လဲ…”
“ဒီအိမ်က ငါတို့ဘိုးဘေးနဲ့ ညီအစ်ကိုရဲ့ အိမ်ပဲ … ”
အမျိုးသမီးက အလွန့်အလွန် စိတ်ရှုပ်ထွေး နေမိပြီ ဖြစ်သည်။ သည်လူက သူ့အဖေ၏ ရန်သူ တစ်ယောက်ယောက် ဆိုရင် ဘာလို့ အခုလို မေးခွန်းမျိုးတွေ မေးနေရသနည်း။
ဝမ်လင်းက စိတ်ထဲတွင် တုန်ခါသွားမိသည်။ သူ့အသံက ပြတ်တောင်းတောင်း ရှိနေဆဲပင်။ သူက အနည်းငယ် တုန်ရင်သော အသံဖြင့် ဆက်မေးလိုက် ပြန်သည်။
“မင်းဘိုးဘေး နာမည်က ဘယ်သူလဲ … ”
အမျိုးသမီးက တုံ့ဆိုင်းဆိုင်း ပြန်ဖြေလိုက်သည်။
“ငါ့ဘိုးဘေး နာမည်က ဝမ်တျန်ယု … ”
သူမက သည်လူက အလွန်ထူးဆန်း နေသည်ဟု ခံစားနေရသည်။
ဝမ်လင်းက သည်နာမည်ကို ကြားလိုက်သည့်အခါ သူ့ခန္ဓာကိုယ်က တုန်ခါလို့သွားသည်။ သူ ခပ်တိုးတိုး ပြောလိုက်သည်။
“ဦးလေး လေး … ”
ဝမ်မိသားစု အကြောင်း ပြောမည်ဆိုလျင် ဝမ်လင်းမိဘ နှစ်ပါးအပြင် သူ့ကို ဂရုအစိုက်ဆုံး သူမှာ သူ့ဦးလေး လေးပင် ဖြစ်သည်။ သူက ဦးလေးလေး သတင်းကို ကြားလိုက်သည့် အခါ စိတ်မလှုပ်ရှားပဲ မနေနိုင် ဖြစ်ရသည်။
***