Switch Mode

အပိုင်း(၂၇၃)

ထျန်ဟွယွမ်

ထိုကလန်များ အပြင် နှစ်လေးရာ အတွင်းတွင် ကျော်ကြားသော လူအနည်းငယ်လည်း ထွက်ပေါ်လာခဲ့၏။

ရွှမ်တောက်ကလန်၏ ပါရမီ တစ်ယောက် ဖြစ်သည့် ဝမ်ကျောက် လိုမျိုးပင် ဖြစ်သည်။ သူက နှစ်ပေါင်းနှစ်ရာ အတွင်း အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ ရောက်လာနိုင်ခဲ့ပြီး နောက်နှစ်လေးရာ အတွင်း အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ ကျင့်ကြံမှုတွင် သည်လို အမြန်နှုန်းက ကျောက်နိုင်ငံတွင် ရှားပါးလှ၏။

ထို့ပြင် အခြားကလန် များတွင်လည်း ပါရမီရှင်များ ပေါ်လာခဲ့၏။ သို့သော် ထျန်မိသားစုနှင့် နှိုင်းယှဉ်လျှင် ကွာခြားလှ သေးသည်။

လွန်ခဲ့သော နှစ်ပေါင်းလေးရာတွင် ဖူနန်စီက အလွန်ထင်ရှား ကျော်ကြား လာခဲ့သည်။ ထို့အတူ အခြားလူသိများ လာသောလူမှာ ထျန်မိသားစုမှ ဖြစ်သည်။

ထျန်မိသားစု ဘိုးလေးဖြစ်သူ ထျန်ဟွယွမ်က လွန်ခဲ့သော နှစ်ပေါင်းလေးရာ မတိုင်ခင် ကတည်းက စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက် ဖြစ်ခဲ့သည်။ ထို့နောက် ဖူနန်စီ အကူအညီနှင့် သူက စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီး ကျောက်နိုင်ငံ၏ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။

ကျောက်နိုင်ငံတွင် စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်က စွမ်းအား များစွာရှိပြီး မြင့်မားလှသော အဆင့်အတန်း ပြရုပ်တစ်ခုလည်း ဖြစ်၏။ တကယ်တော့ သည်အရာက ဖူနန်စီ၏အမိန့်များကို နာခံခဲ့ သောကြောင့်လည်း ဖြစ်၏။

ကျောက်နိုင်ငံတွင် ဖူနန်စီ၏ စည်းမျဉ်းကို လူတိုင်း နာခံရသည်။ သူတို့က အရင်းအမြစ် မည်မျှများများ ကုန်ကြသည်ကို ဂရုမစိုက်ဘဲ စဦးစိတ်ဝိညာဉ် အဆင့်မှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် ဖန်တီးရမည် ဖြစ်သည်။ ကျောက်နိုင်ငံကို အဆင့်လေးနိုင်ငံ အဖြစ်သို့ ရောက်လာရန် ဖြစ်၏။

ထျန်ဟယွမ်၏ ကျင့်ကြံမှုအဆင့်က တိုးမြင့်လာသည် နှင့်အတူ ထျန်မိသားစု၏ အဆင့်ကလည်း တိုးမြင့်လာ ခဲ့ပေသည်။ မိသားစုအဆင့်က တိုးမြင့်လာသည် နှင့်အမျှ မျိုးဆက်သစ်လည်း များစွာရှိလာသည်။ သည်အရာက သူတို့ကို ကျောက်နိုင်ငံတွင် နံပါတစ်မိသားစု ဖြစ်လာစေခဲ့၏။

မိသားစု မျိုးဆက်များက ကလန်တိုင်း၏တပည့်များ ဖြစ်ကြပြီး သူတို့ထဲက အချို့ဆိုလျှင် သည်ကလန် များတွင် မြင့်မားသည့် အဆင့်တန်းကို ရှိနေကြသည်။

တစ်ချိန်တည်းမှာ ထျန်ဟွယွမ်က သူ့သမီး အတော်များများကို ထျန်မိသားစု အခြေခံ အုတ်မြစ် ပိုခိုင်ခံ့ရန် အခြားကလန်များ၏ ပါရမီရှင်များနှင့် လက်ထပ်ပေး ခဲ့လေသည်။ ဝမ်ကျောက်ကလည်း ထျန်မိသားစု၏ သားမက်များထဲက တစ်ယောက် ဖြစ်လာခဲ့သည်။

ထျန်မိသားစုက ကျောက်နိုင်ငံတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး ဖြစ်၏။ ထျန်မိသားစုကို ဆန့်ကျင်သော အတွေးရှိသူသည် ထျန်းဟယွမ် ကိုယ်တိုင် လှုပ်ရှားစရာ မလိုဘဲ ပျောက်ကွယ် သွားရသည်။

ထျန်ဟယွမ် ပြုလုပ်နေသမျှကို ဖူနန်စီက မေးခွန်းအနည်းငယ် ထုတ်ခြင်းပင် မရှိချေ။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်သာ ကိုယ်ရောစိတ်ရော မြှုပ်နှံထားပေသည်။

ထျန်းမိသားစုက လွန်ခဲ့သော နှစ်ပေါင်း လေးရာထက် ခြောက်ဆလောက် ပိုကျယ်ပြန့် လာခဲ့သည်။ အခုဆိုလျှင် ကျောက်နိင်ငံ တစ်ဝှမ်းလုံးကို ဖြတ်၍ ကျော်ကြားသော မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ထျန်မိသားစုမြို့၏ မြေအောက်ပေ တစ်ရာတွင် လျှို့ဝှက်ခန်း တစ်ခုရှိ၏။ ထိုအခန်းက အပြင်ဘက်ထက် စိတ်ဝိညာဉ် စွမ်းအင်များ ဆယ်ဆလောက် ပေါကြွယ်ဝ လေသည်။ အကြောင်းမှာ သည်အခန်းက စိတ်ဝိညာဉ် ကြောတစ်ခု၏ အပေါ်တွင် ရှိသောကြောင့်ပင်။

သည်စိတ်ဝိညာဉ် ကြောက သိပ်မကြီးလှ သော်လည်း ကျင့်ကြံရန် အတွက် လုံလောက်သည်ထက် ပိုနေသေး၏။ ထျန်မိသားစု ဘိုးဘေးက သည်နေရာကို ရှိတွေ့လိုက်သည်နှင့် ထျန်မြို့ကို တဖြည်းဖြည်း ချဲလာပြီး သည်လျှို့ဝှက်ခန်းကို သူကိုယ်တိုင် တူးခဲ့ခြင်း ဖြစ်သည်။

သည်အကြောင်းကို ဖူနန်စီ မသိသည့်အပြင် ထျန်မိသားစု၏ မိသားစု အနည်းငယ်သာ သိပေသည်။ တစ်စုံတစ်ယောက် အဆင့် ချိုးဖျက်ခါနီး အချိန်ရောက်မှ သည်အခန်းကို အသုံးပြုခွင့် ပေးလေသည်။

သည်နေ့တွင် မြေအောက်ခန်း ထဲတွင် အဖြူရောင် ဆံပင်များ တစ်ခေါင်းလုံး ပြည့်နေသော လူအိုကြီး တစ်ယောက်က မျက်လုံး ဖွင့်လာခဲ့သည်။ သူ့အကြည့်များက ထက်ရှလျက် ရှိ၏။

သည်လူ့ မျက်ခုံးများ ကလည်း ဖြောင့်တန်းလို့ နေသည်။ သူက လေ့ကျင့်နေစဉ် မှာပင် ပြင်းပြသော သတ်ဖြတ်လိုမှု စိတ်ဆန္ဒ တစ်ခုကို ခံစားလိုက်ရ၏။ သည်ခံစားချက်က သူ့စိတ်ဝိညာဉ် စွမ်းအင်များကိုပင် မတည်မငြိမ် ဖြစ်သွားစေသည်။

လူအိုကြီးက အနည်းငယ် စဉ်းစားလိုက်သည်။ သူက လက်ဟန်တစ်ခု ပြလုပ်လိုက်ရာ အဖြူရောင် အလင်းတစ်ခုက သူ့ရှေ့တွင် မြောလွင့်လာခဲ့သည်။

သူက ရှုပ်ထွေးသော စကားတချို့ကို ပြောလိုက်ရာ သူ့ရှေ့ရှိ အဖြူရောင် အလင်းတန်းက ပြန့်ကျဲသွား၏။ တဖြည်းဖြည်းနှင့် သူက သည်အလင်းကို ပို၍ အလေးအနက် ကြည့်နေလိုက်သည်။

သို့သော် ထိုအခိုက်တွင် အဖြူရောင် အလင်းက လုံးဝတုန်ခါ သွားပြီး သူ့ထိန်းချုပ်မှု အောက်မှလည်း လွတ်ထွက်လို့ သွားခဲ့သည်။ ရုတ်တရက် လူအိုကြီး မျက်နှာက ရှုံ့တွလို့ သွားသည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။

“ထူးဆန်းတယ်။ ဖူနန်စီရဲ့ စိတ်ဝိညာဉ် ထောက်လှမ်းခြင်း နည်းစနစ်တောင် သည်အသတ်အဖြတ် စိတ်ဆန္ဒက ဘယ်နေရာက လာတာလဲ မပြောနိုင်ခဲ့ဘူး … ”

သူက အနည်းငယ် စဉ်းစားလိုက်ပြီး သူ့မျက်လုံးထဲ၌ အေးစက်စက် အလင်းတချို့ ဖြတ်ပြေးသွား၏။ သူက တွေးလိုက်သည်။

“အခုငါ့လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဒီစိတ်ဆန္ဒရဲ့ ပိုင်ရှင်က ဒီနေရာကို လာမယ် ဆိုရင်တောင် လွယ်လွယ်ကူကူ ရှင်းထုတ်ပစ် နိုင်မှာပဲ … ”

သည်လူအိုကြီး ကတော့ ဝမ်လင်းကို သတ်ခဲ့သော ထျန်မိသားစု၏ ဘိုးဘေး ထျန်ဟွယွမ် ဖြစ်သည်။ သူက ထျန်မိသားစု၏ အမှတ် သင်္ကေတလည်း ဖြစ်၏။

သူက အချိန်တွေ ကုန်ဆုံးလာသည့် အတွက် ပို၍ အိုမင်းလာခဲ့သည်။ သူ့ကျင့်ကြံမှု အဆင့်က ပို၍မြင့်လာသည်နှင့် သူက ဝမ်လင်းကို ဖောက်ခွဲပစ်ခဲ့သော လူနှင့် ခြားနားသူ တစ်ယောက် ဖြစ်လာခဲ့သည်။

သူက အသက်ဝဝရှူလိုက်ပြီး မြေအောက် လျှို့ဝှက်ခန်းထဲမှ ပျောက်ကွယ်လို့ သွားသည်။ ထို့နောက် သူက ထျန်မိသားစု ဘိုးဘေးအိမ်တွင် ပြန်ပေါ်လာခဲ့၏။ ထျန်မိသားစု ဘိုးဘေးအိမ်က အထပ် သုံးထပ်ရှိပြီး တစ်ထပ်စီ တွင်လည်း နဂါးတစ်ကောင်စီ ထွင်းထုထား၏။ ၎င်းအိမ်က အံ့ဘနန်းဆန်လှပြီး စိတ်ဝိညာဉ် စွမ်းအင်လှိုင်း များလည်း ထုတ်လွှတ်လျက် ရှိနေသည်။

ထျန်ဟယွမ် ပေါ်လာပြီးနောက် သူက တတိယထပ်သို့ ရောက်လာခဲ့၏။ တတိယထပ်တွင် နာမည် ရေးထိုးထားသည့် ကျောက်ပြားများစွာ ရှိလို့နေသည်။ သည်ကျောက်ပြား အားလုံးက ထျန်မိသားစု သွေးရင်းများ၏ သေဆုံးသွားခဲ့သော မိသားစုနာမည် များကို ရေးထွင်းထားခြင်း ဖြစ်သည်။

ထျန်ဟယွမ်က သည်ကျောက်ပြား များကို ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်က စင်ထိပ်တွင် ရှိနေသော ကျောက်ပြား တစ်ခုပေါ်သို့ ကျရောက် သွားသည်။ ထိုကျောက်ပြား ပေါ်တွင် ထျန်လီ ဟု ရေးထွင်းထား လေ၏။

လွန်ခဲ့သော နှစ်ပေါင်း လေးရာတုန်းက သူက အချိန်တိုင်း စိတ်အနှောင့်အယှက် ဖြစ်ရင်ဖြစ် မဟုတ်ရင် ဒေါသထွက် နေရသည်။ သူက ဒီနေရာကို လာပြီး ဒီကျောက်ပြားကို ကြည့်မိသည့်အချိန်တိုင်း ထိုသို့ခံစားခဲ့ရသည်။ သည်အရာက သူ့အလေ့အကျင့်ပင် ဖြစ်လာခဲ့သည်။ အချိန်အတော် ကြာပြီးနောက် သူက လက်ဝှေ့ယမ်း လိုက်ရာ ကျောက်ပြားက သူ့လက်ထဲသို့ ရောက်လာခဲ့၏။ သူက ကျောက်ပြားကို ပွတ်သပ်လိုက်ပြီး သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။

“လီအာ … မင်းသေသွားတာ စောလွန်းခဲ့တယ်။ မင်းအရည်အချင်း နဲ့ဆိုရင် အခုချိန်မှာ မင်းသာ အသက်ရှိနေခဲ့ရင် စဦးစိတ်ဝိညာဉ် အဆင့် အစောပိုင်းလောက် ရောက်နေလောက်ပြီ … ”

သူက သက်ပြင်းချ၍ ကျောက်ပြားကို ပြန်ထားပြီး လှည့်ထွက်လာ ခဲ့တော့သည်။

သည်အချိန်တွင် ထျန်လီမြို့ အပြင်ဘက်၌ ဓားပျံနှစ်စင်းက မြို့ဆီသို့ ပျံသန်းလာနေခဲ့၏။ ထျန်မြို့နှင့် ပေတစ်ရာခန့် အကွာသို့ ရောက်သည့်အခါ ဓားနှစ်စင်းက မြေပေါ်သို့ ချေချလိုက်သည်။ ထိုအခါ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့၏ ပုံရိပ်နှစ်ခု ထွက်ပေါ်လာ ခဲ့တော့၏။

အမျိုးသားက သက်လတ်ပိုင်း အရွယ်ရှိပြီး အသက်အနည်းငယ် ပိုကြီးဟန်ရသည်။ သို့သော် သူက ကြည့်ကောင်း နေတုန်းပင်။ သူက အဖြူရောင် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားပြီး သူ့ပုံစံက ကျင့်ကြံသူ တစ်ယောက်ဟူသော ခံစားချက်ကို ပေးနေသည်။ အမျိုးသမီး ကတော့ ရင်သပ်ရှုမောဖွယ် မကောင်းသော်လည်း ကြော့ရှင်း တပ်မက်ဖွယ် ကောင်းလှသည်။ သူမကလည်း အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား လေသည်။ သူမက မျက်မှောင်ကြုတ် လိုက်သည်။ ထို့ကြောင့် သူမစိတ်ထဲတွင် ပြဿနာတစ်ခု ရှိနေသည်မှာ ရှင်းလင်းပေ၏။

သက်လတ်ပိုင်း လူကြီးက ခေါင်းမော့၍ ထျန်မြို့ကို ကြည့်လိုက်သည်။ စိတ်ရှုပ်ထွေး မှုများက သူ့မျက်လုံးထဲတွင် ဖျတ်ခနဲ ပေါ်သွားခဲ့၏။

အမျိုးသမီးက သက်ပြင်းချ၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ဝမ်ကျောက် … ဖြစ်ခဲ့တာတွေ ကလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နင် ဒါကို အခုချိန်မှာ ဒီအတိုင်း ထားလိုက်လို့ မရနိုင်ဘူးလား … ”

သက်လတ်ပိုင်း လူကြီးက ဟက်ခနဲ ရယ်မောလိုက်ကာ ပြောလိုက်၏။

“ထားလိုက်ရမှာ ဟုတ်လား … ငါ့အဖေ၊ ငါ့အမေနဲ့ ငါ့မိသားစု၊ ငါ့ကလန် တစ်ခုလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ရန်ငြိုးကို ဒီတိုင်းထား လိုက်မယ်ဆိုရင် ငါ … ဝမ်ကျောက်က လူ မဟုတ်တော့ဘူး … ”

အမျိုးသမီးက အနည်းငယ် စဉ်းစား၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ငါက ငါ့ညီမကို တွေ့ဖို့ ဒီမြို့ကို ပြန်လာတာပါ။ သုံးရက်နေပြီးရင် ငါတို့ ပြန်ထွက် သွားကြမယ်။ ဒီသုံးရက်အတွင်းမှာ ရူးသွပ်မိုက်မဲတဲ့ အလုပ်တွေ မလုပ်နဲ့ … ဟုတ်ပြီလား … ”

“နင် စိတ်အေးအေး ထားပါ။ ဒီသူခိုးအိုကြီးကို သတ်နိုင် လောက်အောင် မသန်မာသေးဘဲနဲ့ ငါဘာမှလုပ်ဦးမှာ မဟုတ်ဘူး … ”

သက်လတ်ပိုင်း လူကြီးက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူက ထိုစကားတစ်ခွန်း ပြောပြီးနောက် ရှေ့သို့ဆက်သွား လိုက်၏။

အမျိုးသမီးက ကြိတ်၍သက်ပြင်း ချမိသည်။ သူက ဝမ်ကျောက် နောက်ကနေ ထျန်မြို့သို့ အလျင်အမြန် လိုက်သွားလိုက်သည်။

အမျိုးသမီးက လမ်းလျှောက်နေရင်း ခပ်တိုးတိုး ပြောလိုက်ပြန်သည်။

“ဝမ်ကျောက် … နင်ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုးဘေးကို အပြစ် မတင်သင့်ဘူး။ နင်ရဲ့ အမုန်းဆုံးလူ ဖြစ်ရမှာက ဝမ်လင်းပဲ။ သူ သေသွားတယ် ဆိုရင်တောင် ဒါတွေ အကုန်လုံးက သူ့ကြောင့် ဖြစ်လာခဲ့ရတာပဲ … ”

သက်လတ်ပိုင်း လူကြီးက ရုတ်တရက် ရပ်တန့်သွားသည်။ သူက နောက်ပြန်လှည့်၍ တစ်လုံးချင်း ပြောလိုက်၏။

“ထျန်ရှုရှု … ဝမ်လင်းဆိုတဲ့ နာမည်ကို ငါ့ရှေ့မှာ ဘယ်တော့မှ မပြောဖို့ ပြောထား ပြီးပြီးနော်။ ဒီနေ့ ဒီတစ်ကြိမ်က နောက်ဆုံး သတိပေးခြင်းပဲ။ နောက်တစ်ခါ နင်သူ့နာမည် ထပ်ပြောရင် ငါ့ရက်စက်မှု အတွက် အပြစ်မတင်တော့နဲ့ … ”

အမျိုးသမီးက အနည်းငယ် စဉ်းစားလိုက်ပြီး ဘာမျှထပ် မပြောတော့ချေ။ သို့သော် ထျန်မြို့ထဲသို့ ဝမ်ကျောက်နှင့်အတူ ဆက်သွားလိုက်သည်။

သည်အချိန်မှာပင် ကျောက်နိုင်ငံ အစွန်းပိုင်း အမည်မသိ တောင်ကြားထဲတွင် ရုတ်တရက် အလင်းများ တောက်ပသွားသည်။ တဖြည်းဖြည်းဖြင့် ထိုအလင်းများက ပြန်မှိန်ဖျော့ သွား၏။

ထိုတောင်ကြားမှ ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ယောက် ထွက်လာခဲ့သည်။ သူ့နဖူးတွင် ခရမ်းရောင် ကြယ်တစ်လုံးလည်း ရှိနေ၏။ သူက အရှေ့တစ်နေရာကို ကြည့်လိုက်ပြီး အရှေ့ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် သူက ဒူးထောက် ချလိုက်သည်။ နှစ်ပေါင်း လေးရာကျော် အမုန်းတရားကို ဖော်ပြနေသော သတ်ဖြတ်လိုမှု စိတ်ဆန္ဒက သူ့မျက်လုံးထဲတွင် တဖြတ်ဖြတ် တောက်လောင်နေ၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။

“အဖေ၊ အမေ၊ ထေ့ကျူး (ဝမ်လင်း) ပြန်လာပြီ။ ဒီအချိန်မှာ ထေ့ကျူးက ကျောက်နိုင်ငံကို သွေးနဲ့ ဆေးကြောမယ်။ ဒီကျိန်ဆိုမှု ပြက်ပြယ်ခဲ့ရင် ငါ့စိတ်ဝိညာဉ်က ပျက်စီးသွားပါစေ … ”

***

Comment

  1. Yu Yan says:

    ရင်ခုန်နေပြီဟေ့…

Leave a Reply

Options

not work with dark mode
Reset