Switch Mode

စာစဥ် (၂) အပိုင်း (၂၄)

စွမ်းရည်ပြသခြင်း

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”

လင်ဖုန်းနှင့် လျှိုစီတို့ရဲ့ မျက်နှာတွေက အလွန်အမင်းအံ့အားသင့်မှုတွေဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူတို့ရဲ့မျက်လုံးတွေက အနားမှာရှိတဲ့ စင်မြင့်ပေါ်မှ ပိန်ပါးတဲ့ပုံရိပ်ကို ကော်နဲ့ကပ်ထားသည့်အလားကြည့်နေခဲ့ပြီး အံ့အားသင့်စွာ ပြောလိုက်သည်… “သူက ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင်ကြံသူတစ်ယောက်ကို ခြေကန်ချက်တစ်ချက်တည်းနဲ့ စင်မြင့်ပေါ်ကနေ ဖယ်ရှားခဲ့တာလား…”

ချီယွဲ့ရဲ့မျက်နှာက လှုပ်ရှားသွားခဲ့ရသလို သူ့မျက်လုံးတွေကလည်း နက်မှောင်သွားခဲ့ပြီး အေးစက်စွာပြောသည်… “ကြည့်ရတာ ငါတို့တွေ ဇူယွမ်နဲ့ပတ်သက်ပြီးတော့ လှည့်စားခံလိုက်ရပြီ… စောစောကသူ့ရဲ့ခြေကန်ချက်မှာ သူကမူလချီတွေကို အသုံးပြုခဲ့တယ်… ဒါက သူ့မှာအနည်းဆုံး စွမ်းအင်ဝင်ပေါက်တစ်ခုတော့ ပွင့်နေခဲ့ပြီလို့ဆိုလိုတယ်… ”

လင်ဖုန်းနဲ့လျှိုစီတို့ရဲ့မျက်လုံးတွေ လှုပ်ခတ်သွားခဲ့ရသည်။ ဇူယွမ်ရဲ့စွမ်းအင်ဝင်ပေါက်ရှစ်ခုက သူတို့ကိုယ်တိုင်ထွက်ပေါ်လာဖို့ ငြင်းဆန်ခဲ့တာကို သူတို့တွေသိကြလေသည်။ ဒါဆိုဘာကြောင့် သူတို့တွေက ခုမှရုတ်တရက်ကြီး ပွင့်လာခဲ့ရတာလဲ။

ဇူယွမ်က သူကိုယ်တိုင် အမှန်တကယ်ကို ဖုံးကွယ်ထားခဲ့ပေသည်။

ချီယွဲ့က အသက်ကိုပြင်းစွာရှူလိုက်ပြီး လျှို့ဝှက်စွာပြောသည်… “သူက သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို မကြာခင်ကမှ ဖွင့်ထားနိုင်ခဲ့တဲ့ပုံပဲ… ဒါ့ကြောင့် အများကြီးမဖွင့်ထားနိုင်လောက်သေးဘူး… ပိုင်ယွန်လျင်မြန်စွာ ရှုံးသွားခဲ့ရတဲ့အကြောင်းအရင်းက သေချာမကာကွယ်နိုင်ခဲ့တဲ့အပြင်ကို မူလကျင့်စဉ်တစ်ခုကိုတောင်မှ သုံးဖို့အခွင့်အရေးမရခဲ့လိုက်တဲ့အတွက်ကြောင့်ပဲ…”

“တကယ်လို့ သူသာကြိုပြီးပြင်ဆင်ခဲ့မယ်ဆိုရင် ဇူယွမ်အနိုင်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…”

ဒီစကားကိုကြားလိုက်ရသည့်အခါ လင်ဖုန်းနဲ့လျှိုစီတို့ရဲ့ အမူအယာက ပြန်လည်တည်ငြိမ်သွားခဲ့ရပြီး သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်ကြသည်။ ဇူယွမ်က သူ့ရဲ့ခွန်အားကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားခဲ့တဲ့အတွက် သူ့ပြိုင်ဘက်က သတိမထားမိတဲ့အချိန်မှာ လျှပ်တစ်ပြက်တိုက်ခိုက်ပြီး အနိုင်ယူသွားခဲ့ခြင်းဖြစ်ရပေမည်။

“တော်တော်ကို ဉာဏ်များတာပဲ…” လျှိုစီက အထင်သေးစွာပြောသည်… “ဒါပေမဲ့လည်း ဒီနည်းလမ်းက တစ်ကြိမ်ပဲသုံးလို့ရမယ်… နောက်တစ်ပွဲကျရင် သူဘယ်လိုရင်ဆိုင်မလဲဆိုတာကို မြင်ချင်မိတယ်…”

လင်ဖုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူ့အနေနဲ့ မူလက ဇူယွမ်ကို စုယုဝေရဲ့အရှေ့မှာ အရှက်ကွဲတာကို စောင့်ကြည့်ဖို့ စီစဉ်ထားခဲ့ပေသည်။ ဇူယွမ်အနေနဲ့ ဒီလိုမျိုးစွမ်းဆောင်နိုင်ဖို့နဲ့ သူ့ကိုအမှန်တကယ်ဒေါသဖြစ်စေလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။

ချီယွဲ့က ဇူယွမ်ကို နက်မှောင်စွာစိုက်ကြည့်နေလျက်မှ သူရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာခဲ့ရသည်။ သူဘာတွေးနေတာလဲဆိုတာကိုတော့ ဘယ်သူမှသိနိုင်ခြင်း မရှိခဲ့ချေ။

ဒီအချိန်အတောအတွင်းမှာ ပွဲကြည့်စင်ပေါ်က ချူထျန်းယန်ရဲ့ မျက်နှာကလည်း ဒီမြင်ကွင်းကြောင့် အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ရသည်။ သူ့ရဲ့မျက်လုံးတွေထဲမှာ သေချာရေရာမှုမရှိဘဲ စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်… “မင်းသားဇူယွမ်က ဘယ်လိုလုပ် ဒီလောက်စွမ်းအားမြင့်လာခဲ့ရတာလဲ…”

သူသေချာနားလည်ထားတဲ့အရာတစ်ခုက ဇူယွမ်သူ့ရဲ့ဝင်ပေါက်ဖွင့်ခြင်း လေ့ကျင့်မှုစတင်ပြုလုပ်နိုင်ခဲ့တာ လွန်ခဲ့သောတစ်လခန့်က ဆိုတာကိုပင်။ ဒီခြေကန်ချက်မှာ ပါဝင်တဲ့စွမ်းအားက ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားထက် ပိုပြီးကြီးမားလေသည်။

သူက အရာအားလုံးကို တွေးတောနိုင်စွမ်းမရှိခဲ့ဘဲ သူ့ရဲ့ခေါင်းကိုသာ ကြိတ်၍ခါယမ်းလိုက်မိသည်။ သို့ပေမဲ့ သူကတိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာ ဇူယွမ်က ကျောင်းသားသစ်စာမေးပွဲမှာ အခွင့်အရေးတစ်ချို့ ရှိလာသည့်ပုံပင်။

လွန်ခဲ့သောတစ်လခန့်က ကျောင်းသားသစ်စာမေးပွဲပြီးဆုံးသွားရင် သူကပါရမီရှင်အတန်းကို ဝင်ရောက်မယ်လို့ အလေးအနက်ပြောခဲ့ခြင်းက အံ့အားသင့်စရာမဟုတ်တော့ချေ။ သူ့ရဲ့စကားနဲ့ကိုက်ညီတဲ့ စွမ်းရည်တွေရှိလာအောင် သူလုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ချူထျန်းယန်၏ ဘေးတွင်ထိုင်နေလျက်ရှိသည့် ရှုဟောင်က ဇူယွမ်အနိုင်ရသွားတာကို မြင်လိုက်ရသည့်အခါ ဘာတစ်ခုမှပြောခြင်းမရှိခဲ့ဘဲ သက်ပြင်းကိုသာချလိုက်မိသည်။ ဇူယွမ်ပြသခဲ့တဲ့စွမ်းအားက အလွန်အံ့သြစရာကောင်းလှပေမဲ့လည်း ထိပ်ဆုံးဆယ်နေရာကိုရဖို့က သူ့အတွက်တော့ အလှမ်းဝေးကွာလွန်းနေသေးသည်။ ဒါ့ကြောင့်ပဲ သူ့အနေနဲ့ ဒါကိုစိုးရိမ်နေရန်မလိုအပ်ပေ။

လူအားလုံးရဲ့ အလွန်တရာအံ့အားသင့်နေကြတဲ့ အကြည့်တွေရဲ့အောက်မှာ ဇူယွမ်က ဒိုင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်ကို ကြားလိုက်ရပြီးနောက် စင်မြင့်ပေါ်မှခုန်ဆင်းလိုက်ကာ စုယုဝေထံသို့ လျှောက်လှမ်းသွားခဲ့လိုက်သည်။

“နင်က နင့်ရဲ့စွမ်းရည်တွေကို အမှန်တကယ် ဖုံးကွယ်ထားခဲ့တာပဲ…” စုယုဝေက နှုတ်ခမ်းကိုအနည်းငယ်ဆူလိုက်ကာ ဇူယွမ့်ကို ကြည့်လျက်ပြောသည်။ သူရဲ့စွမ်းအင်ဝင်ပေါက်တွေကို မဖွင့်နိုင်သေးဘူးအထင်နဲ့ တစ်ချိန်လုံး ရင်တထိတ်ထိတ်နဲ့ သူမစိုးရိမ်နေမှာကို သူကမတွေးမိဘူးလား။

ဇူယွမ်အလျင်အမြန်ပဲ ရှင်းပြလိုက်သည်… “ငါက အဆက်မပြတ်လေ့ကျင့်နေခဲ့တာကြောင့် နင့်ကိုပြောပြဖို့ အချိန်မရှိခဲ့ဘူး…”

စုယုဝေက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူမရဲ့မျက်နှာလေးက မပျော်ရွှင်သည့်ပုံဖြင့် ပြန်ပြောသည်… “အဲ့ဒါဆို ငါ့ကိုအမှန်အတိုင်းပြော…ဝင်ပေါက်ဘယ်နှစ်ခုအထိ နင်ဖွင့်နိုင်ခဲ့ပြီလဲ…”

“နှစ်ခု…” ဇူယွမ်ရယ်မောခဲ့ပြီး ဘာတစ်ခုကိုမှ ဖုံးကွယ်ထားခြင်းမရှိခဲ့ချေ။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ဒီနေ့ပြီးတာနဲ့ အားလုံးက သိရှိသွားကြပေလိမ့်မည်။

စုယုဝေရဲ့ ရှည်လျားပြီး ညီညာလှတဲ့ မျက်ခုံးတွေက အနည်းငယ်တွန့်ကွေးသွားခဲ့ရသလို သူမက ဇူယွမ်ကို မယုံသလိုကြည့်လိုက်ရင်းမှ ပြောသည်… “အစောပိုင်းက နင်ကန်လိုက်တဲ့ ခြေကန်ချက်က ဝင်ပေါက်နှစ်ခုပဲဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားမျိုးမဟုတ်ဘူး…”

ထိုတိုက်ခိုက်မှုက ဝင်ပေါက်သုံးခုဖွင့်ထားနိုင်သည့် ကျင့်ကြံသူကိုတောင်မှ စင်မြင့်ပေါ်က လွင့်ထွက်သွားအောင် ကန်ထုတ်နိုင်စွမ်းရှိပေသည်။ ဒီလိုစွမ်းအားမျိုးက ဝင်ပေါက်နှစ်ခုတည်းသာဖွင့်ထားနိုင်သေးတဲ့ကျင့်ကြံသူတွေ ဆောင်ရွက်နိုင်စွမ်းရှိသည့် အရာမဟုတ်ပေ။

ဇူယွမ်အနေနဲ့ ရယ်မောရုံသာတတ်နိုင်ခဲ့သည်။ သူ့ရဲ့ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ ခန္ဓာကိုယ်ရဲ့စွမ်းရည်က ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်နှင့်တူညီပေသည်။ ဒါ့ကြောင့်ပဲ ပိုင်ယွန်ကို ကန်ချက်တစ်ချက်တည်းနဲ့ လွင့်ပျံသွားစေဖို့က ခက်ခက်ခဲခဲလုပ်ဆောင်နေရမဲ့အရာတစ်ခုမဟုတ်ပေ။ သို့ပေမဲ့လည်း သူကတတ်နိုင်သမျှ သူ့အပေါ်ကို ကျရောက်လာမဲ့ စိတ်ဝင်စားမှုတွေကို ရှောင်ရှားနိုင်ဖို့ရန်အတွက် ဒီအကြောင်းအရာကိုတော့ ရှင်းပြခဲ့ခြင်းမရှိခဲ့ပေ။

ကံအားလျော်စွာပင် စုယုဝေက ဒီအကြောင်းကို ဆက်လက်ပြောဆိုခြင်းမရှိခဲ့ပေ။ ထိုအစား သူမရဲ့မျက်လုံးတွေက အပျော်တွေနဲ့ ပြည့်နှက်နေလျက်က ပြောသည်… “ဝင်ပေါက်နှစ်ခုလား… တကယ်လို့သာ နင့်ရဲ့မူလမှော်စာလုံးတွေ ထပ်ပေါင်းလိုက်မယ်ဆိုရင် ထိပ်ဆုံးဆယ်နေရာထဲကိုရောက်ဖို့ နင့်အတွက်အခွင့်အရေးပိုများနိုင်တယ်…”

ဇူယွမ်ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေစဉ်မှာ ကျောင်းသားသစ်စာမေးပွဲကလည်း ဆက်လက်ကျင်းပနေလျက်ရှိသည်။ တိုက်ပွဲစင်မြင့်တွေပေါ်မှာ ယှဉ်ပြိုင်ပွဲတွေကဆက်တိုက်ရှိနေသကဲ့သို့ ပတ်ဝန်းကျင်ကလူအုပ်ကြီးရဲ့ အားပေးသံတွေ လှုံ့ဆော်သံတွေဖြင့်လည်း ဆူညံနေပေသည်။

မကြာမီမှာပင် စုယုဝေယှဉ်ပြိုင်ဖို့အလှည့်ကို ရောက်ရှိလို့လာခဲ့ရသည်။

စုယုဝေရဲ့ပြိုင်ဘက်က ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်သည့် ကျောင်းသားတစ်ယောက်ပင်။ ထိုလူငယ်ရဲ့မျက်နှာက အနည်းငယ် သွေးဆုတ်ဖြူရော်သွားခဲ့ပြီး သူ့အနေဖြင့် သူမရဲ့ပြိုက်ဘက်မဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်မိသည်။ ဒါ့အပြင် သူတို့နှစ်ဦးကြား ကွာခြားချက်က အရမ်းကိုကြီးမားလှပေသည်။

ထို့ကြောင့်ပင် ဒီပြိုင်ပွဲက ဆုံးဖြတ်စရာမလိုလောက်အောင် ရလဒ်ကထွက်ပေါ်နေပြီးဖြစ်သည်။ အနည်းငယ်တိုက်ခိုက်ပြီးတဲ့နောက်မှာ စုယုဝေရဲ့ပြိုင်ဘက်က လုံးဝရှုံးနိမ့်သွားခဲ့ရပြီး စင်မြင့်ပေါ်မှခုန်ဆင်းသွားခဲ့သည်။

နောက်ထပ်ပြိုင်ပွဲအနည်းငယ် ဆက်လက်ယှဉ်ပြိုင်ပြီးသည့်နောက်တွင် ဇူယွမ်ရဲ့အလှည့်က နောက်တစ်ကြိမ်ထပ်ရောက်လာခဲ့သည်။

“ဇူယွမ်နဲ့ ရှီယု…”

ကျယ်လောင်တဲ့အသံက ကွင်းပြင်ထဲမှာ ထွက်ပေါ်လာသည့်အခါ များစွာသောအကြည့်တွေက ချက်ချင်းဆိုသလို တစ်နေရာတည်းကို ရောက်ရှိသွားခဲ့ကြသည်။ ပထမပွဲစဉ်တုန်းက လျင်မြန်စွာပြီးဆုံးသွားခဲ့သည့်အတွက် လူအများစုက ဇူယွမ်ဘယ်လိုအနိုင်ရခဲ့တာလဲဆိုတာကို နားလည်နိုင်ခြင်းမရှိခဲ့ကြပေ။ ဒါ့ကြောင့်ပင် အခုလာမယ့်ပွဲစဉ်အပေါ်မှာ လွန်စွာစိတ်ဝင်စားမှုများပြားနေကြခြင်းဖြစ်သည်။

စိတ်ဝင်တစားကြည့်နေတဲ့ အကြည့်တွေအောက်မှာ ဇူယွမ်က ပြိုင်ပွဲစင်မြင့်ရှိရာသို့ လျှောက်လှမ်းလာခဲ့လိုက်သည်။ သူနဲ့ရင်ဆိုင်ရမယ့် ရှီယုလို့ခေါ်တဲ့လူငယ်လေးက တောင့်တင်းကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိသောလူငယ်တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့လည်း ရှီယုက ဇူယွမ်ကို သတိထားစောင့်ကြည့်နေလျက်ရှိပေသည်။ သူ့ရဲ့ ဒုတိယမြောက်ပြိုင်ဘက်ဖြစ်သူက သူ့ရှေ့ကလူထံမှ သင်ခန်းစာတစ်ခုရသွားခဲ့သည်မှာ ထင်ရှားလှသည်။

“စေတာ့…”

ဒိုင်ဖြစ်သူ၏ အော်သံကိုကြားလိုက်ရသည်နှင့် ရှီယုက သူ့ရဲ့လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့လိုက်သည်… “ဝင်ပေါက်သုံးခုဖွင့်ခြင်း…”

ရှီယုရဲ့ အော်သံနောက်မှာ မူလချီတွေက သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ သူ့ရဲ့အဝတ်အစားတွေက တဖျပ်ဖျပ်လှုပ်ခါလျက် သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်နေတဲ့ အလင်းရောင်တွေကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်ပေသည်။ ၎င်းကခန့်ညားထည်ဝါသည့် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအားတွေပေါက်ကွဲထွက်ပေါ်လာတာကို ခံစားမိခဲ့လိုက်ပြီးနောက်တွင် သူ့ရဲ့မျက်လုံးထဲက သတိထားနေမှုတွေ ပြန်ပြီးလျော့ကျသွားခဲ့သည်။ ရှီယုက ဇူယွမ်ကို သေသေချာချာစိုက်ကြည့်နေလိုက်ပြီး စက္ကန့်ပိုင်းအကြာမှာ သူ့ရဲ့ခြေထောက်ကို မြေပြင်ပေါ်ဆောင့်နင်းလိုက်ပြီး ရှေ့ကိုပစ်လွင့်သွားခဲ့သည်။

သူ့ရဲ့ခန္ဓာကိုယ်က ဇူယွမ့်အရှေ့မှာ ပေါ်လာခဲ့ပြီး သူ့ရဲ့လက်ငါးချောင်းကို သိန်းငှက်လက်သည်းကဲ့သို့ ကွေးလိုက်သည့်အပြင် လက်ချောင်းတွေရဲ့ထိပ်မှာလည်း မူလချီအလင်းတွေ စီးဆင်းနေလျက်ရှိပေသည်။ ဒီတိုက်ခိုက်မှုရဲ့အားအင်က ကျောက်တုံးကို ကွဲကြေသွားစေဖို့ရန် လုံလောက်သည်။

ရှီယုရဲ့တိုက်ခိုက်မှုက လွန်စွာလျင်မြန်ပြီး ပြင်းထန်လှသလို မျက်စိတစ်မှိတ်အတွင်းမှာပင် ဇူယွမ်၏လည်ပင်းဆီသို့ ရောက်ရှိလာခဲ့သည်။ ဒါပေမဲ့ ၎င်းကထိလုထိခင်မှာပဲ ဇူယွမ်ရဲ့ခြေထောက်တွေက ရုတ်တရက်ကွေးညွတ်သွားခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်ကလည်း မှုန်ဝါးပျောက်ကွယ်သွားခဲ့ရသည်။

မူလချီအလင်းတန်းတွေဝန်းရံနေတဲ့ လည်သည်းကုတ်ချက်က အောက်ကိုကျဆင်းလာခဲ့သလို ကျိန်းသေပေါက်ထိခိုက်မည်ဟု ထင်ထားသည့်တိုက်ခိုက်မှုက ဘာမှမရှိတဲ့လေထုကိုသာ ကုတ်ဆွဲလိုက်မိသည့်အခါ ရှီယုရဲ့မျက်လုံးတွေက လှုပ်ရှားသွားခဲ့ရသည်။

“မကောင်းတော့ဘူး…” သူ့ရဲ့နှလုံးသားထဲမှာ အေးစိမ့်သည့်ခံစားချက်က မြင့်တက်လာခဲ့သည်။

သို့ပေမဲ့လည်း သူ့ရဲ့လက်ကို ပြန်ရုတ်ပြီး ကာကွယ်နိုင်ခြင်းမရှိသေးခင်မှာ လူရိပ်တစ်ခုက သူ့မျက်လုံးရှေ့မှာ ဖြတ်ခနဲပေါ်ထွက်လာခဲ့သည်။ ဇူယွမ်က လျင်မြန်စွာနီးကပ်လာခဲ့ပြီး သူ့ရဲ့လက်တစ်ဖက်က ရှီယုရဲ့ခံစစ်ကို ဖြတ်ကျော်ကာ သူ့ရဲ့ရင်ဘတ်ပေါ်ကို ပေါ့ပါးစွာကျဆင်းသွားခဲ့သည်။ လက်ဝါးရိုက်ချက်က ပျော့ပျောင်းတယ်လို့ထင်ရပေမဲ့လည်း ၎င်းမှာမယုံကြည်နိုင်စရာကောင်းတဲ့ စွမ်းအားတွေပါဝင်လို့နေပေသည်။

ဘုန်း…

ရှီယုက မူလချီအလင်းတန်းတွေနဲ့ သူ့ရဲ့ရင်ဘတ်ကို ကာကွယ်နိုင်ရုံမျှသာရှိသေးစဉ် အလွန်ပြင်းထန်တဲ့စွမ်းအားတစ်ခု သူ့ရင်ဘတ်ပေါ် ကျရောက်လာတာကို ခံစားလိုက်ရသည်။

ရှီယုရဲ့ ခန္ဓာကိုယ်က နောက်ကိုလွင့်ထွက်သွားခဲ့ပြီး စင်မြင့်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။

သူက ကိုယ့်ကိုကိုယ်တည်ငြိမ်သွားအောင် မလုပ်နိုင်သေးခင်မှာပဲ နောက်ကနေလိုက်ပါလာတဲ့ ဇူယွမ်ရဲ့နောက်ထပ်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်ချက်နဲ့ အဝေးကိုလှိမ့်ထွက်သွားခဲ့လိုက်သည်။ သို့ပေမဲ့လည်း သူ့ခန္ဓာကိုယ်ရပ်တန့်သွားခဲ့ချိန်မှာ ရှီယုရဲ့မျက်လုံးထောင့်စွန်းက နောက်ကနေအရိပ်တစ်ခုလိုကပ်ပါလာတဲ့ လူရိပ်တစ်ခုကို ရုတ်တရက်မြင်လိုက်ရသည့်အတွက် တုန်လှုပ်သွားခဲ့ရသည်။

ဒါပေမဲ့လည်း သူဘာတစ်ခုမှ လုပ်ဆောင်နိုင်ခြင်းမရှိသေးခင်မှာပင် သူ့နဖူးကို လက်တစ်ဖက်က လာရောက်ဆုပ်ကိုင်လိုက်တာကို ခံစားခဲ့ရသည်။ လက်ရဲ့အလယ်ဗဟိုကနေ ထွက်ပေါ်လာခဲ့တဲ့ စွမ်းအားလှိုင်းတွေက သူ့ရဲ့ခန္ဓာကိုယ်ကို အေးခဲသွားစေသလို သူ့အနေနဲ့လည်း လှုပ်ရှားမှုတစ်ခုတစ်လေကိုမျှ လုပ်ဆောင်ရန်မဝံ့ရဲခဲ့ပေ။

အကယ်၍ ဒီစွမ်းအားသာကျရောက်လာခဲ့ပါက သူ့ရဲ့ခေါင်းဟာ အမှန်တကယ်ကို ကွဲကြေသွားရပေလိမ့်မည်။

“ငါအရှုံးပေးတယ်…” ရှီယုရဲ့ ခန္ဓာကိုယ်မှာ အေးစက်တဲ့ချွေးတွေဖြင့် စိုရွှဲနေလျက် သူကတုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ရှီယုအရှုံးပေးတာကို ကြားလိုက်ရသည့်အခါ ဇူယွမ်က သူ့ရဲ့လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ခဲ့ပြီး သူ့ရဲ့အကြည့်တွေကိုလည်း ရှီယုထံမှ လွှဲဖယ်သွားခဲ့သည်။ ပြိုင်ပွဲစင်မြင့်ပတ်ပတ်လည်မှာတော့ အရာအားလုံးက လုံးဝကို တိတ်ဆိတ်ငြိမ်သက်နေပေသည်။

လျင်မြန်စွာပြီးဆုံးသွားတဲ့ ပြိုင်ပွဲကိုကြည့်နေလျက်က လူတိုင်းရဲ့ပါးစပ်တွေ ကျယ်လောင်စွာပွင့်ဟသွားခဲ့ရသည်။

“အရမ်းမိုက်တယ်…”

ဒီလိုတိတ်ဆိတ်ငြိမ်သက်မှုက စက္ကန့်အနည်းငယ်သာကြာမြင့်ခဲ့ပြီးနောက်မှာ မရေတွက်နိုင်တဲ့ အားပေးသံတွေထွက်ပေါ်လာခဲ့သည်။ ဇူယွမ်စောစောကပြသခဲ့တဲ့ လျင်မြန်မှုနဲ့ ရက်စက်ကြမ်းတမ်းမှုက သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် အားလုံးကိုအံ့အားသင့်သွားစေခဲ့ရသည်။

ဒါက သူတို့တွေ ပြောပြောနေကြတဲ့ စွမ်းအင်ဝင်ပေါက်ဖွင့်ခြင်းလေ့ကျင့်မှုကိုတောင် မစတင်နိုင်သေးတဲ့ မင်းသားရော ဟုတ်ရဲ့လား။

အနားက မြင့်မားတဲ့စင်မြင့်ပေါ်မှာရှိတဲ့ ချီယွဲ့၊ လျှိုစီနဲ့ လင်ဖုန်းတို့ သုံးယောက်စလုံး တိတ်ဆိတ်သွားခဲ့ရကာ သူ့တို့ရဲ့အမူအယာတွေက ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

လင်ဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်… “ဒါက အရမ်းကို မြန်လွန်းတယ်…”

နောက်ဆုံး သူ့ရဲ့မျက်လုံးတွေထဲမှာ တည်ကြည်လေးနက်မှုတွေ ထင်ဟပ်လာခဲ့ရသည်။

သူက စောင့်ကြည့်နေတဲ့သူတစ်ယောက်ဖြစ်သည့်အတွက် ရှီယုဟာ ဇူယွမ်ရဲ့အမြန်နှုန်းကြောင့် ရှုံးနိမ်သွားခဲ့ခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ရှီယုက သူ့ရဲ့အမြန်နှုန်းကို အပြည့်အဝထုတ်သုံးခဲ့တာတောင်မှ ဇူယွမ်က အရိပ်တစ်ခုလို နောက်ကနေတစ်လျှောက်လုံး လိုက်ပါလာခဲ့သည်။

လျှိုစီက သူမရဲ့သွားတွေကို တင်းတင်းစေ့ပိတ်လိုက်ရင်းမှ ရှီယုကို ကြိမ်းမောင်းလိုက်သည်… “ဘယ်လောက်တောင် အသုံးမကျတဲ့ အမှိုက်တစ်ခုလဲ…”

ချီယွဲ့က ခံစားချက်ကင်းမဲ့စွာဖြင့် ရပ်နေလျက်ပင်ရှိသေးသည်။ သူ့ရဲ့လက်တွေက စင်မြင့်လက်ရန်းတွေကို ဖြည်းညှင်းစွာ ရိုက်နေလျက်မှ အေးစက်စက်ပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်ရဲ့စွမ်းရည်က ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်တယ်…”

သူကလင်ဖုန်းကို ကြည့်လိုက်သကဲ့သို့ သူ့လေသံကလည်း ပိုပိုပြီးအေးစက်လာခဲ့သည်… “ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတွေက သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး… ကြည့်ရတာ ငါတို့က မင်းအပေါ်မှာပဲ အားကိုးရတော့မယ်…”

လင်ဖုန်းရဲ့မျက်လုံးထဲမှာ အေးစက်စက်အလင်းရောင်တွေ ဖြတ်စီးသွားခဲ့ရပြီး ခေါင်းညိတ်ပြလိုက်သည်… “စိတ်ချပါ… သူငါ့ကို ကျော်နိုင်မှာမဟုတ်ပါဘူး… ငါက သူ့ကို ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားက ဘယ်လိုလဲဆိုတာကို သိအောင်လုပ်ပေးရမှာပေါ့…”

ပွဲကြည့်စင်ပေါ်မှာ ထိုင်ကြည့်နေတဲ့ ချူထျန်းယန်ရဲ့မျက်နှာပေါ်မှာလည်း အံ့အားသင့်နေမှုတွေ ထွက်ပေါ်လာခဲ့ရပြီး ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိသည်… “သူ့ခန္ဓာကိုယ်ရဲ့စွမ်းရည်က ဝင်ပေါက်လေးခုဖွင့်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်ပေမဲ့လည်း မူလချီပမာဏက ဝင်ပေါက်လေးခုဖွင့်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်လောက်တော့ မသန်မာသေးဘူး… ဒါကတကယ့်ကို ထူးဆန်းတယ်…”

ဇူယွမ်စင်မြင့်ပေါ်မှ ခုန်ချလိုက်သည်။ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးက သူ့ကိုလေးစားစွာကြည့်နေကြတာကို ခံစားလိုက်မိသည်။ ဒါကသူ့ရဲ့အဆင့်အတန်းကြောင့် လေးစားခြင်းမဟုတ်ဘဲ သူပြသခဲ့တဲ့စွမ်းအားကြောင့်ပင်ဖြစ်သည်။

ဒီကမ္ဘာကြီးထဲမှာ ကျင့်ကြံခြင်းက အရမ်းကိုအရေးပါလှပြီး မင်းသားတစ်ပါးဖြစ်တဲ့ ဇူယွမ်တောင်မှ ဝင်ပေါက်ဖွင့်ခြင်းကျင့်ကြံမှုတွေကို မစတင်နိုင်ခဲ့သေးခင်မှာ လူတွေက သူ့အတွက်သနားဂရုဏာသက်ကြတာကို ခံစားခဲ့ရသည်။

ဇူယွမ် ဒီလိုမျိုးအကြည့်တွေနဲ့ အကြည့်ခံရတာကို မနှစ်သက်ပေ။ ဒါကြောင့်ပဲ သူက မူလချီကျင့်ကြံခြင်းကို အလေးထား၍ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ခြင်းဖြစ်ပေသည်။

အခုချိန်မှာတော့ သူ့ကိုဦးတည်ပြီး ကြည့်နေကြတဲ့အကြည့်တွေထဲမှာ ဒီလိုမျိုးခံစားမှုတွေ ပါဝင်နေခြင်းမရှိတော့ပေ။

“အရမ်းကို စွမ်းအားကြီးတာပဲ…” ဇူယွမ်လျှောက်လှမ်းလာတာကို ကြည့်နေလျက်မှ သူမရဲ့လှပတဲ့မျက်နှာလေးပေါ်မှာ အလွန်တရာအံ့အားသင့်မှုတွေဖြင့် ပြည့်နှက်နေခဲ့ရသည်။ ဝင်ပေါက်လေးခုဖွင့်ထားနိုင်တဲ့သူတစ်ယောက်အနေနဲ့ သူမပြောနိုင်တာက စင်မြင့်ပေါ်မှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့တိုက်ခိုက်မှုက အထင်ကြီးစရာကောင်းလောက်ပေသည်။ အထူးသဖြင့် ဒီလိုအမြန်နှုန်းမျိုးက သူမတောင်မှ ၎င်းကိုလျှော့မတွက်ရဲပေ။

ဇူယွမ်ရယ်မောလိုက်ပြီး သူ့ရဲ့ခေါင်းကိုလှည့်ကာ အနီးကမြင့်မားတဲ့စင်မြင့်ပေါ်ကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ချီယွဲ့ရဲ့အကြည့်ကလည်း ဇူယွမ့်အကြည့်နဲ့တွေ့ဆုံသွားခဲ့ကာ သူတို့နှစ်ယောက်စလုံး တစ်ယောက်ရဲ့မျက်လုံးထဲက အေးစက်မှုတွေကို တစ်ယောက်ကမြင်နေကြရပေသည်။

ချီယွဲ့က ဇူယွမ့်ကို အေးစက်နက်မှောင်စွာ စိုက်ကြည့်နေခဲ့ပြီး သူ့ရဲ့နှုတ်ခမ်းတွေဖွင့်ဟကာ ဖြူဖွေးတဲ့သွားတွေ ပေါ်ထွက်လာသည်အထိ ပြုံးလိုက်မိသည်။

အဲ့ဒီနောက်မှာ သူ့ရဲ့လက်ကိုဆန့်ထုတ်လိုက်ပြီး လည်ပင်းကို ကန့်လန့်ဖြတ်လှီးဖြတ်သည့်ပုံ ပြုလုပ်ပြလိုက်သည်။ ဒီအပြုအမူက ရန်စနေသည့်အလားပင်။

ဇူယွမ်က ရယ်မော၍သာ တုန့်ပြန်လိုက်ပြီး ကိုယ့်ကိုကိုယ်တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

“အခုတော့ ပျော်ထားလိုက်ဦးပေါ့… နှစ်ကုန် အတန်းအဆင့်သတ်မှတ်ချက် စာမေးပွဲရောက်မှ မင်းကို ငါဘယ်လိုရိုက်မလဲဆိုတာ စောင့်ကြည့်ရတာပေါ့…”


Comment

Leave a Reply

Options

not work with dark mode
Reset