Switch Mode

အပိုင်း (၂၆၆)

တုန်ကင်ပြား အတွက် သတ်ပစ်ခြင်း

ဝမ်လင်းမျက်နှာက ရှုံ့တွသွား၏။ သူက ဆိုင်အပေါ်မှာ ချိတ်ဆွဲထားသော ကျောက်ပြားပေါ်မှာ ရှိသည့် စိတ်ဝိညာဉ် စွမ်းအင်ကို ညွှန်ပြ၍ မေးလိုက်သည်။

“ဒါက အများသူငါ အတွက်ဖွင့်တာ မဟုတ်ဘူးဆိုရင် ဒီအမှတ်အသားကို ဘာလို့ ထားထားတာလဲ … ”

လူအိုကြီးက မှင်သက် သွားသည်။ သူက ခပ်မြန်မြန်ပင် တလေးတစား ပြန်ပြောလိုက်၏။

“ကျေးဇူးပြု၍ ခွင့်လွှတ်ပါ … စီနီယာ။ ကျေးဇူးပြု၍ အထဲဝင်ပြီး စကားပြောရအောင် … ”

ဆိုင်ထဲ ရောက်သွားသည့် အခါ လူအိုကြီးက ထူးဆန်းသည့်ပုံစံ ဖြစ်သွားသည်။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။

“စီနီယာ … ဒီမှာ ရောင်းဝယ်မှုက နောက်သုံးရက်မှ ဖွင့်မှာ … ဂျူနီယာ အကြံပေး ချင်တာက စီနီယာ ဒီမြို့ကနေ တက်နိုင်သမျှ မြန်မြန်ထွက်သွား စေချင်တယ် … ”

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။

“ငါ သတ်လိုက်တဲ့လူက အားကောင်းတဲ့ နောက်ခံရှိလို့လား … ”

လူအိုကြီးက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူက ခေါင်းညိတ်ပြ လိုက်သော်လည်း ဘာမျှတော့ မပြောလိုက်ချေ။

သည်အခိုက်တွင် အားကောင်းသော နတ်ဘုရား အာရုံက အရှေ့ဘက်မှ တစ်ဆင့် မြို့တစ်ခုလုံးကို ပျံ့နှံ့လာခဲ့ပြီး စကားတစ်ခွန်း ချန်ထား လိုက်သည်။

“ငါ့တပည့်ကို သတ်ခဲ့တဲ့ ခွေးကောင် … အခု ထွက်လာခဲ့စမ်း … ”

လူအိုကြီး မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဝမ်လင်းကို အသနားခံသည့် အကြည့်နှင့် ကြည့်၍ တောင်းပန် လိုက်သည်။ စီနီယာ ကျေးဇူးပြု၍ ဒီလူအိုကြီးက သနားသောအားဖြင့် ထွက်သွားပေးပါ။ ဒီ ရောင်းဝယ်မှု ကလည်း တုန်ကင်နဲ့မှ ရမှာ။ အခုတုန်ကင်တွေ အားလုံး ကုန်သွားခဲ့ပြီ။ စီနီယာ နောက်သုံးရက်နေလို့ ပြန်လာမယ် ဆိုရင်လည်း အရောင်းအဝယ် လုပ်လို့ရမှာ မဟုတ်တော့ပါဘူး … ”

ဝမ်လင်းက မတ်တတ် ရပ်လိုက်ပြီး တည်ငြိမ်စွာ ထပ်မေးလိုက်သည်။

“ခုနက စကားတစ်ခွန်း ချန်ထားခဲ့တဲ့ လူကရော တုန်ကင်ရှိလား … ”

လူအိုကြီးက ကြက်သေသေ သွားမိသည်။ သူက အလိုလိုပင် ခေါင်းညိတ်မိ သွားသည်။ သူက သတိပြန်လည် လာသည့်အခိုက် သူ့အသွင်က ပြောင်းလဲသွား၏။ သို့သော် သူက ဝမ်လင်းကို ကြည့်လိုက်သည့် အခါ ဝမ်လင်းက သူ့ရှေ့က ပျောက်ကွယ်သွားပြီး ဖြစ်နေ၏။

မြို့၏အပေါ်တွင် ကြီးမားသော စပါးအုံးမြေကြီးကို သူ့ကိုယ်ပေါ်မှာ ပတ်ထားသော ထိပ်ပြောင်ပြောင် လူကြီးက လေပေါ်မှာ ပျံဝဲလို့နေသည်။ သူက မျက်လုံး ပြူးပြူးနှင့် ရုပ်ရည် ကြမ်းသည့်အပြင် သုန်မှုန်သော မျက်နှာပေးနှင့် ရှိနေသည်။

သည်လူက လျန်မိုမြို့၏ မြို့စောင့်ရှောက် သူများထဲမှ တစ်ယောက် ဖြစ်၏။ သူက တံခါးပိတ် လေ့ကျင့်နေ သော်လည်း သူ့တပည့်၏ သွေးဝိညာဉ် ပျောက်သွားသည်ကို သိလိုက်ပြီးနောက် အလွန်ဒေါသ ထွက်သွားခဲ့၏။ သည့်အတွက် ကြောင့်လည်း သူက တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာခဲ့ပြီး လူသတ်သမားကို ရှာရန် မတ်ဆေ့ပို့ လိုက်ခြင်း ဖြစ်သည်။

လူသတ်သမား ထွက်သွားမည် စိုးသောကြောင့်လည်း သူက မြို့ဂိတ်များကို ပိတ်ဆို့ရန် လူများစေလွှတ် ထားခဲ့သေး၏။ သူက မျက်မြင် သက်သေများမှ တစ်ဆင့် သူ့တပည့်ကို သတ်ခဲ့သော သူ၏ ပုံပန်းသွင်ပြင်ကို သိခဲ့လေသည်။ ထို့ကြောင့် သူက နတ်ဘုရား အာရုံဖြင့် ထိုအသွင်အပြင် ရှိသောသူကို ဖြန့်ကျက်၍ ရှာခဲ့ခြင်း ဖြစ်၏။

သို့သော် သူက ပို၍ ရှာဖွေလေလေ သူ့ကိုယ်သူ သံသယ ဝင်လာလေ ဖြစ်လို့နေ၏။ တစ်မြို့လုံးကို အခေါက်ခေါက် အခါခါ နတ်ဘုရား အာရုံဖြင့် ရှာဖွေခဲ့ သော်လည်း ထိုလူက လေထဲတွင် ပျောက်ကွယ် သွားသည့်အလား ရှာမတွေ့နိုင် ဖြစ်ရ၏။ သူက လျှို့ဝှက် ဆိုင်ထဲကိုပါ ရှာခဲ့သော်လည်း ထိုလူသတ်သမားကို မတွေ့မိချေ။

ထို့ကြောင့် သူက ဒေါသထွက် လာခဲ့ပြီး နတ်ဘုရား အာရုံဖြင့် မက်ဆေ့ ပို့လိုက်ခြင်း ဖြစ်၏။ သည်လိုလုပ်ခြင်း အားဖြင့် သည်လူက လျှို့ဝှက်နည်းစနစ် တစ်ခုခုဖြင့် လွတ်မြောက် သွားသည် ဆိုရင်တောင် သူ့ဒေါသ အတွက် ထွက်ပေါက် တစ်ခုတော့ ရသွားသည်။

သို့ရာတွင် သူက အခုလို အသံမက်ဆေ့ ပို့ပြီးပြီးချင်း လူငယ် တစ်ယောက်က သူ့ရှေ့ ဆယ်ပေအကွာမှာ ပေါ်လာလိမ့်မည်လို ထင်မှတ်ထားခြင်း မရှိပေ။ သည်လူငယ်၏ ဆံပင်များက ဖြူဖွေးနေပြီး ရုပ်ရည်ကလည်း ချောမောသည်။ သည်လူငယ့် ပုံစံက သူ့တပည့်ကို သတ်ခဲ့သော လူသတ်သမားပုံနှင့် ချွတ်စွတ်ပင်။

ထိပ်ပြောင်ပြောင် လူကြီး၏ မျက်လုံးအိမ်များက ကျဉ်းမြောင်း သွားသည်။ သူက နောက်သို့ ဆုတ်လိုက်ပြီး ချက်ချင်း သူ့ဒေါသကို ပြန်ဖိနှိပ်ထား လိုက်၏။ သူက ရုန့်ရင်း ကြမ်းတမ်းပုံ ပေါက်သော်လည်း သတိရှိသောလူ တစ်ယောက်လည်း ဖြစ်၏။ သည့်အတွက် ကြောင့်လည်း သူက အခုလို ကျင့်ကြံမှု အဆင့်နှင့် အနေအထား တစ်ခုသို့ ရောက်လာနိုင် ခဲ့ခြင်းပင်။

လူငယ်က တည်နေရာ ရွှေ့ပြောင်းခြင်းဖြင့် ပေါ်ထွက်လာ ခဲ့သည်။ သူက မြို့ကို အကြိမ်များစွာ စစ်ဆေးကြည့် ခဲ့သော်လည်း သည်လူငယ်ကို တွေ့ရှိခဲ့ခြင်း မရှိပေ။ သည့်အတွက်ကြောင့် သူက ကောက်ချက်တစ်ခု ချလိုက်မိသည်။ သည်လူငယ်က စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက် ဖြစ်နေရုံသာမက သူ့ထက်လည်း ကျင့်ကြံမှုအဆင့် မြင့်ပေလိမ့်မည်။

ဝမ်လင်းက ပေါ်ထွက်လာသည်နှင့် စကားတစ်လုံးမှ ပြောခြင်းမရှိပေ။ သူက သိုလှောင်အိတ် ထဲက အတားအဆီး အလံကို ထုတ်ယူ လိုက်သည်။ အေးစက်သော အလင်းက သူ့မျက်လုံး ထဲတွင် ပြန့်ကျဲသွားပြီး အော်ဟောက် လိုက်သည်။

“ပြန့်ကျဲလိုက်စမ်း … ”

အတားအဆီး အလံက ချက်ချင်း ရွေ့လျားသွားပြီး လျင်မြန်စွာ ပျံ့နှံ့၍ ကောင်းကင်ကို ဖုံးအုပ်သွား၏။ အချိန်ခဏလေး အတွင်း မြို့တစ်ခုလုံးက အတားအဆီး အလံဖြင့် ဖုံးအုပ်ခြင်းကို ခံလိုက်ရပြီး တစ်မြို့လုံး မှောင်မိုက်သွား၏။

ထိပ်ပြောင် လူကြီး၏ အမူအရာက ပြောင်းလဲသွားသည်။ သူက သိုလှောင်အိတ် ထဲမှ အင်းဆက် အုပ်များကို ထုတ်လွှတ် လိုက်သည်။ အင်းဆက်များက စုစည်းလာပြီး သူ့ဘေးနားတွင် ဝန်းရံလို့သွား၏။

တစ်ပြိုင်နက်တည်းမှာ သူက လျင်မြန်စွာ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူ … နားလည်မှု လွဲတာပါ … ”

ဝမ်လင်းက နှခေါင်း ရှုံ့လိုက်သည်။ သူက ထိပ်ပြောင် လူကြီးကို လက်ညှိုးဖြင့် ညွှန်လိုက်ရာ အတားအဆီး အလံထဲမှ အနက်ရောင် နဂါးကိုးကောင်က ထိပ်ပြောင် လူကြီးထံသို့ တဟုန်ထိုး တိုးဝင်လို့ သွားသည်။

တစ်ချိန်တည်းမှာ ဝမ်လင်းက သိုလှောင်အိတ် ထဲက ကြေးမှန်ကို ထုတ်ယူကာ လက်ထဲကိုင်ထား လိုက်သည်။ သည့်နောက် သူက ကြေးမှန်ကို မြှောက်လိုက်ရာ အစိမ်းရောင် အလင်းများ ကလည်း သည်လူကြီးထံ တိုးဝင်သွား ခဲ့ပြန်သည်။

အတားအဆီးများက အလွန် အားကောင်းလှ၏။ နဂါးကိုးကောင်က မတူညီသော အရပ်မျက်နှာ များမှ တိုးဝင်လာပြီး သည်လူကြီးထံ ကျရောက် ထိမှန်သည်။ ထိပ်ပြောင်လူကြီး အနီးတွင် ဝန်းရံထားသော အင်းဆက်များက နဂါးများနှင့် ထိတိုက်သွား သည်နှင့် တစ်စစီ ဖြစ်သွားကြသည်။

ထိပ်ပြောင်လူကြီးက ထိတ်လန့်လို့ သွား၏။ သူက အစောပိုင်း စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံမှု ရှိနေသော်လည်း သေရတော့မည်လို ခံစားလာရ တော့သည်။ လူငယ်၏ ထူးဆန်းအံ့ဖွယ် ရတနာက သူ့ကို ကြောက်ရွံ့ တုန်လှုပ်စေ၏။

သူက ထိုသို့တွေးမိ လိုက်သည်နှင့် သူ့လျာကို သူကိုက်၍ သွေးအချို့ကို ထွေးထုတ် လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးရောင် နီမြန်းသွားပြီး နောက်သို့ လျင်မြန်စွာ ဆုတ်သွားသည်။ သို့သော် သူက တစ်စက္ကန်လောက် တုံ့ဆိုင်း သွားသည်နှင့် နဂါးကိုးကောင်က သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်။ သည်အခိုက်တွင် သူက ပါးစပ်ဟလိုက်ပြီး ခက်ရင်းခွ တစ်ချောင်းကို ထုတ်ဖော်လိုက်ရာ နဂါးကိုးကောင်က ပျက်စီးလို့ သွား၏။ သို့သော် သူက ထိုအခိုက်တွင် ခဏမလှုပ်ရှားနိုင် ဖြစ်သွား၏။ ထို့ကြောင့် သူ့ခေါင်းပေါ်သို့ ရောက်လာသော ကြေးမှန်မှ ထွက်လာသည့် အစိမ်းရောင် အလင်းတန်းက သူ့ကို ဖုံးလွှမ်းခြင်း ခံလိုက်ရသဖြင့် အလွန်အားနည်းလို့ သွားသည်။

သူက အစိမ်းရောင် အလင်းတန်း ထဲကနေ တဟုန်ထိုး လွတ်အောင် ထွက်လိုက် သော်လည်း သွေးတစ်ပွက် အန်လိုက်ရပြီး သူ့ စဦးစိတ်ဝိညာဉ် ကလည်း သူ့ခေါင်းပေါ်မှ ထွက်လာခဲ့ပြီး လျင်မြန်စွာ သူ့ခန္ဓာကိုယ်ထံမှ လွတ်မြောက် ထွက်သွားသည်။ သည့်နောက် ဝမ်လင်းက သူ့ရင်ဘက်ကို အနက်ရောင် ဓားဖြင့် ထိုးဖောက် လိုက်လေသည်။ ဝမ်လင်းက အကွာအဝေး တစ်ခုမှ အေးစက်စွာ ပြုံး၍ ကြည့်နေပြီး အနက်ရောင် ဓားပျံကို ထိန်းချုပ်၍ ပြန်ခေါ် လိုက်သည်။

သည်အရာ အားလုံးက မျက်စိတစ်မှိတ် အတွင်း ဖြစ်ပျက် ခဲ့ခြင်းပင်။ ဝမ်လင်းက ပေါ်ထွက်လာ ပြီးနောက် ထိပ်ပြောင် လူကြီး၏ စဦးစိတ်ဝိညာဉ် ကလည်း သူ့ခန္ဓာကိုယ်မှ လွတ်မြောက် သွားခဲ့ရခြင်း ဖြစ်သည်။ သည်ခဏတွင် တိုက်ပွဲကို စောင့်ကြည့် နေသော အခြား စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ များ၏ အမူအရာက ပြောင်းလဲလို့ သွားသည်။ မြို့စောင့်ရှောက်သူ အခြားသုံးယောက် ကလည်း လျင်မြန်စွာ ပျံသန်းရောက်ရှိ လာကြ၏။ သို့ရာတွင် သူတို့က ဝင်ရောက် မပတ်သက်ရဲဘဲ အပြင်မှသာ ရပ်ကြည့် နေကြရသည်။ သူတို့ သူငယ်ချင်း ဖြစ်သူ၏ စဦးစိတ်ဝိညာဉ်က သူတို့ရှေ့မှာတင် ခန္ဓာကိုယ်ထဲမှ ထွက်ပြေး ရသည်ကို တွေ့လိုက်ရသည်။ ထိပ်ပြောင် လူကြီး၏ စဦးစိတ်ဝိညာဉ်က သူအသက်ရှင်ရန် အလို့ငှာ သူ့သူငယ်ချင်း သုံးယောက်ထံသို့ ပြေးလာခဲ့သည်။

သည်အခိုက်တွင် ဝမ်လင်း၏ အတားအဆီး အလံက သည်စဦး စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ သုံးယောက်ကို တားဆီးထား လိုက်သည်။ သူတို့က ထိုအချက်တွင် လှုပ်ရှားနိုင်ခြင်း မရှဘဲ ရပ်တန့် သွားရသည်။ ထို့နောက် ဝမ်လင်း၏ ခြင်သားရဲက ထိုစဦး စိတ်ဝိညာဉ် နောက်သို့ လိုက်လာခဲ့သည်။ ထိုသားရဲ၏ ထူးခြားသည့် အချက်မှာ ၎င်း၏ ကျောချမ်းဖွယ် အော်ရာနှင့် အန္တရာယ်ရှိဟန် ရသည့် ခြင်နှာမောင်းပင် ဖြစ်သည်။

ကျင့်ကြံသူ သုံးယောက်က ခဏတာ တားဆီးခံလိုက် ရပြီးနောက် သူတို့ရှေ့ရှိ ဖြစ်ပျက်သွားသော မြင်ကွင်းကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ချေ။ အကြောင်းမှာ သည်သားရဲက ထိပ်ပြောင် လူကြီး၏ စဦးစိတ်ဝိညာဉ်ကို သူ့ ခြင်နှာမောင်းဖြင့် ထိုးစိုက်လိုက်ပြီး ၎င်းစဦး စိတ်ဝိညာဉ်က တဖြည်းဖြည်း သေးငယ်လာကာ နောက်ဆုံးတွင် သားရဲ၏ ဝါးမျိုခြင်း ခံလိုက်ရသည်ကို သူတို့ တွေ့လိုက်ရ သောကြောင့်ပင် ဖြစ်သည်။

ထို့နောက် ခြင်သားရဲက စဦးစိတ်ဝိညာဉ် အဆင့် သုံးယောက်ကို ပေစောင်းစောင်း၊ အေးတိအေးစက် ကြည့်၍ သူ့အတောင်ပံများကို ခတ်၍ ဝမ်လင်းရှိရှာသို့ လျင်မြန်စွာ ပြန်လာတော့သည်။

ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်ပြီး အတားအဆီး အလံနှင့် ကြေးမှန်ကို ပြန်သိမ်း လိုက်သည်။ ထိပ်ပြောင် လူကြီး၏ သိုလှောင်အိတ်နှင့် ခရင်းခွ ကလည်း သူ့လက်ထဲသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် သိုလှောင်အိတ်ထဲကို စစ်ကြည့်လိုက် ပြီးနောက် “လျှို့ဝှက်” ဟူသော စကားလုံးရေးထိုး ထားသည့် တုန်ကင်ကို ထုတ်ယူလိုက်၏။ ထို့နောက် သူက စဦးစိတ်ဝိညာဉ် သုံးယောက်ကို ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ပျောက်ကွယ် သွားတော့၏။

မြို့ထဲမှာ ရှိနေသော လူအများက သည်မြင်ကွင်းကို ကြည့်ကာ သူတို့၏ အမူအရာများက ပြောင်းလဲသွား ကြသည်။ ထိုသို့ကြည့်နေသူ များထဲတွင် လျှို့ဝှက် အရောင်းအဝယ် အတွက် လာရောက်ကြသော စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ များပင် ပါလေ၏။ အကြောင်းမှာ ဝမ်လင်းက သူတို့ရှေ့တွင်ပင် ထိပ်ပြောင်လူကြီးကို လွယ်လင့်တကူ သတ်ပြလိုက်ပြီး သူတို့ စိတ်ထဲတွင် ခပ်နက်နက် ဖိအားတစ်ခု ချန်ထားခဲ့ သောကြောင့်ပင်။

မြို့စောင့်ရှောက်သူ သုံးယောက်က ထိပ်ပြောင်လူကြီးနှင့် သူငယ်ချင်းများ ဖြစ်ကြသော်လည်း သူတို့က ဝမ်လင်းကို ခံ၍ ငြင်းခုံ ရန်ပြုရဲခြင်း မရှိကြပေ။ တကယ်တော့ နတ်ဆိုး ပင်လယ်တွင် ခွန်အားကသာ အရာရာ ဖြစ်လေ၏။ သူတို့က လျန်မိုမြို့၏ မြို့စားကိုတော့ သည်ကိစ္စကို တင်ပြရဦးမည် ဖြစ်သည်။

သို့ရာတွင် လျန်မို့မြို့စားက အမြဲလိုလို တံခါးပိတ် လေ့ကျင့်လျက်သာ ရှိနေသည်။ သည်ကိစ္စနှင့် ပတ်သက်၍တော့ ထွက်လာချင် ထွက်လာနိုင် လောက်သည်။ တကယ်တော့ လူငယ်၏ ခွန်အားက စဦးစိတ်ဝိညာဉ် အမြုတေ အလယ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့် တစ်ယောက်ထက် မည်သို့မျှ အားနည်းခြင်း ရှိမည် မဟုတ်ပေ။

သူတို့ သုံးယောက်က တစ်ယောက်နှင့် တစ်‌ယောက် ကြည့်လိုက်ပြီး ပြိုင်တူ သက်ပြင်း ချလိုက်ကာ ထွက်ခွာသွား ကြတော့သည်။

ဝမ်လင်းက လျှို့ဝှက်ဆိုင်တွင် တစ်ဖန် ပြန်ပေါ်လာခဲ့ပြီး မှင်တက် နေသော လူအိုကြီးကို တုန်ကင်ပြားကို ပစ်၍ ပေးလိုက်၏။ သည့်နောက် သူက ပြောလိုက်သည်။

“အခု ငါတုန်ကင်ပြား တစ်ခု ရှိသွားပြီ … ”

***

Comment

Leave a Reply

Options

not work with dark mode
Reset