Switch Mode

အပိုင်း (၂၆၅)

လျှို့ဝှက်အရောင်းဆိုင်

ဝမ်လင်းက သားရဲပေါ်တွင် စီးနင်းလိုက်ပါရင်း သူ့မျက်နှာအား လေများ တဖျပ်ဖျပ် ရိုက်ခတ်လျက်ရှိသည်။ ပျံသန်းရာ လမ်းတစ်လျှောက်မှာလည်း သားရဲအမြုတေများကို ထုတ်ယူ၍ ခြင်သားရဲက ၎င်းအမြုတေများကို ဝါးမျိုလို့လာသည်။

ပျံသန်းလာစဉ်တစ်လျှောက် ဝမ်လင်းက သူ့အချိန်အများစုကို ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်များကို ရှာဖွေရင်းဖြင့် ကုန်ဆုံးစေခဲ့သည်။ နောက်ဆုံးမှာ သူက အခုသားရဲနှင့် ဆင်တူသည့် ရှေးဟောင်း ခြင်သားရဲအကြောင်းကို ရှာတွေ့ခဲ့၏။ အရွယ်အစားအားဖြင့် အခုကောင်နှင့် မတူညီဘဲ အခုလက်ရှိကောင်က မှတ်ဉာဏ်ထဲကကောင်ထက် အလွန် အားနည်းသော်လည်း ခြင်နှာမောင်းကတော့ ဆင်တူလေ၏။

ရှေး‌ဟောင်းနတ်ဘုရား မှတ်ဉာဏ်များထဲတွင် ရှေးဟောင်းနတ်ဘုရားက သည်ခြင်သားရဲဖြင့် ကြုံတွေ့ဖူးခြင်း ရှိကြောင်း ဝမ်လင်းက သိလိုက်၏။ ထိုတွေ့ခဲ့သည့်နေရာက ကန္တာရ ကြယ်စနစ်ထဲတွင် ဖြစ်၏။ ထိုနေရာ ထိုစနစ်ထဲတွင် မည်သည့်ကျင့်ကြံသူမှ နေထိုင်နိုင်ခြင်း မရှိကြဘဲ မီးခိုးရောင် အငွေ့များနှင့်သာ ဝန်းရံလို့နေသည်။

ရှေးဟောင်းနတ်ဘုရား ထူစီက ထိုနေရာသို့ ရတနာတစ်ခု ရှာဖွေရန်အတွက် သွားရောက်ခဲ့ခြင်းပင်။ ရှေးဟောင်း နတ်ဘုရားများက မည်မျှ စွမ်းအားကြီးမာစေ သူတို့အများစုက ထိုနေရာသို့ ရောက်လျှင် အသက် ဆုံးရှုံးရသည်က များ၏။

သည်လိုဖြစ်စေသော အကြောင်းရင်းမှာ ခြင်နှာမောင်း အရှည်ကြီးများ ရှိသော ခြင်သားရဲများကြောင့်ပင်။ သူတို့က အစပိုင်းမှာ အရေအတွက် နည်းနည်းသာ ရှိသည်။ သို့ရာတွင် ထူစီက သည်ကန္တာရကြယ် အနက်ပိုင်းသို့ ဆက်သွားလေလေ ပို၍များပြားသော ခြင်သားရဲများက ပေါ်ထွက်လို့ လာကြသည်။ နောက်ဆုံး ခြင်သားရဲ ပင်လယ်ကြီး ဖြစ်သည့်အထိပင်။

ခြင်သားရဲများက တစ်ကောင်ချင်းဆိုလျှင် ပြဿနာ မရှိလှသော်လည်း အုပ်စုလိုက်ကြီး ဖြစ်လာခဲ့ရင်တော့ တကယ့် မလွယ်ကြောပင်။ ခြင်သားရဲများက တစ်ကောင်နှင့် တစ်ကောင်ကြား ဆက်သွယ်ချက် ရှိပုံရသည်။ သည်အရာက သူတို့၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်၏။ ထို့ကြောင့် ရှေးဟောင်း နတ်ဘုရားထူစီက အသက်ရှင် လွတ်မြောက်ရန် မနည်းကြိုးစား လိုက်ရသည်။ သူက ထိုနေရာမှ လွတ်မြောက် လာပြီးနောက် နောက်ဘယ်တော့မှ ပြန်မသွားရန် ဆုံးဖြတ်လိုက်သည်။

ဝမ်လင်းက သူ့အောက်ရှိ ခြင်သားရဲကို ငုံ့ကြည့်လိုက်သည်။ အထူးသဖြင့် ၎င်း၏ ခြင်နှာမောင်းကိုပင်။ သည်သားရဲက သူ့မှတ်ဉာဏ်ထဲရှိ ခြင်သားရဲ မဟုတ်သော်လည်း ဆက်စပ်မှုတော့ ရှိရပေမည်။ မဟုတ်လျှင် အခုလို တူညီသော ခြင်နှာမောင်း ရှိအံ့နည်း။

ဝမ်လင်းက သည်ခရီးတွင် ခြင်သားရဲနှင့် အခြားသားရဲများ တိုက်ခိုက်သည်ကို အကွာအဝေးတစ်ခုမှ အေးစက်စွာ ကြည့်လို့နေ၏။ သေခြင်းရှင်ခြင်း အချိန်ကျမှ ဝမ်လင်းက ခြင်သားရဲကို ကယ်တင်လေသည်။

ရလဒ်အနေနှင့် သူတို့က နှောင့်နှေးသွားသော်လည်း ခြင်သားရဲ၏ ခွန်အားကတော့ ဆက်၍ တိုးလာခဲ့တော့သည်။

ရှစ်ရက်ကြာပြီးနောက် ဝမ်လင်းက မြို့သို့ ရောက်လာခဲ့၏။

မြိုတစ်ခုလုံးက အဆောက်အအုံအကြီး၊ အသေး မျိုးစုံဖြင့် ပြည့်နေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း မြို့ထဲ၌ ရှိနေကြသည်။ မြို့ထဲမှာရှိသော တည်နေရာ ကူးပြောင်းခြင်း အစီအရင်အနားတွင် ကျင့်ကြံသူများ ပို၍ ရှိလို့နေသည်။

အခုချိန်တွင် နတ်ဆိုးပင်လယ်တွင် သားရဲများစွာ ရှိနေကြပြီဟု ပြော၍ ရပေသည်။ ထို့ကြောင့် ကျင့်ကြံမှု အဆင့်အနည်းငယ် နိမ့်သူများက သုံးလေးယောက်ဖွဲ့၍သာ မြို့ပြင်သို့ ထွက်ရဲကြသည်။

ကျင့်ကြံသူ အများစုကတော့ သူတို့၏ စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ်ကို အသုံးပြု၍ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဖြင့် သွားရောက်ကြသည်။ ထိုနည်းဖြင့် သူတို့၏ လုံခြုံမှုက အာမခံရလေသည်။

ဝမ်လင်းက ခြင်သားရဲကို စီးနင်ပြီး မြို့နှင့် တဖြည်းဖြည်း နီးကပ်လာသည့်အခါ မြို့စောင့်များက သူ့ကို လှမ်းမြင် လိုက်ကြသည်။ သူတို့အားလုံးက သည်သွေးဆာသော ခြင်သားရဲနှင့် သူ့အပေါ်မှာ ရပ်နေသည့် လူငယ်ကို ကြည့်၍ လေအေးတစ်ရှိုက် ရှူမိလိုက်ကြသည်။

ဝမ်လင်းက သားရဲပေါ်မှာ ရပ်နေခဲ့ပြီး မြို့ထဲသို့ တန်းမဝင်ခဲ့သေးပေ။ ထို့နောက် သူက မြို့ထဲသို့ ဝင်သည့်အခိုက် နတ်ဘုရားအာရုံသုံးခုက သူ့ဆီ ရောက်လာခဲ့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ရုတ်တရက် တည်နေရာ ပြောင်း၍ ပျောက်ကွယ် သွားသည်။ သူပြန်ပေါ်လာသည်နှင့် သူက မြို့ထဲသို့ ရောက်နှင့်ပြီး ဖြစ်သည်။ သူ့ခြင်သားရဲကတော့ သိုလှောင်အိတ်ထဲမှာ ထည့်ထားလိုက်သည်။

သူ့ကျင့်ကြံမှု အဆင့်ကိုလည်း အခြေခံ တည်ဆောက်ခြင်း အလယ်အဆင့် အဖြစ် ဟန်ဆောင်လိုက်သည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် မဟုတ်ဘူးဆိုလျှင် သူ့ကျင့်ကြံမှုအဆင့်ကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။

သူပျောက်ကွယ် သွားသည်နှင့် ပုံရိပ်သုံးခုက ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ သည်သုံးယောက်က တူညီဝတ်စုံကို ဝတ်ဆင်ထားကြပြီး အင်္ကျီအရောင်တော့ မတူကြပေ။ အမည်းရောင်၊ အဖြူရောင်နှင့် အနီရောင် စသည့်ဖြင့် တစ်မျိုးစီ ဖြစ်နေကြသည်။

အမည်းရောင်ဝတ်စုံနှင့် လူကြီးက မြို့ကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။ “ဒီစဦးစိတ်ဝိညာဉ်အဆင့်က သူ့ကို အသိမခံချင်တဲ့ပုံပဲ။ ထားလိုက်ပါလေ။ သူက ပြဿနာ တစ်ခုခု မရှာသရွေ့ ငါတို့က သူနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာ မလိုပါဘူး…”

အခြား နှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သည့်နောက် သူတို့က ပျောက်ကွယ်လို့ သွား၏။

သူတို့က ဝမ်လင်း၏ နတ်ဘုရားအာရုံဖြင့် တစ်ချိန်လုံး စောင့်ကြည့်နေသည်ကို သိရှိကြခြင်း မရှိပေ။ သူတို့ ထွက်ခွာသွားမှသာ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်သိမ်းလိုက်ပြီး မြို့ထဲသို့ ဆက်လျှောက် သွားလိုက်သည်။

မြို့တွင်းမှာက ဆိုင်များစွာ ရှိနေကြသည်။ သို့သော် သူက ဆိုင်များစွာကို ဝင်ရောက် ကြည့်ရှုသော်လည်း မြေပုံတစ်ပုံလောက်ကိုပင် ရှာလို့မတွေ့ချေ။ သူက အနည်းငယ် ဆက်လျှောက်လာပြီးနောက် သုံးထပ် အဆောက်အဦ ရှေ့သို့ ရောက်သွားသည်။ သူက ပြုံးလိုက်မိသည်။ သည်အဆောက်အဦ၏ အမည်မှာ ရတနာ သန့်စင်ခြင်းခန်းမပင်။

ဝမ်လင်းက လွန်ခဲ့သော နှစ်များစွာက လူအိုကြီးကို သတိရလိုက်မိသည်။ သူက နှခေါင်းရှုံ့လိုက်မိသည်။ သို့သော် ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ခြင်း မရှိပေ။ သူက အခု ထိုလူအိုကြီးဖြင့် ထပ်တွေ့လျှင် လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိသည်ကို ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။

သူက လမ်းဆက်လျှောက် လာလိုက်သည်။ သူ့မျက်လုံးက ကျောက်စိမ်းပြားများ ရောင်းနေသော ဆိုင်တစ်ဆိုင်ကို မြင်လိုက်ရ၍ မျက်လုံး မြင့်တက်မိသွားသည်။ သူက ဆိုင်ပေါ်မှ နာမည် ရေးထိုးထားသည့် ကျောက်ပြားတွင် စိတ်ဝိညာဉ် စွမ်းအင်စီးကြောင်း တစ်ခုကို သတိပြုမိလိုက်သည်။

သည်စိတ်ဝိညာဉ် စွမ်းအင်များက ဖျော့တော့တော့သာ ဖြစ်သည်။ စဦးစိတ်ဝိညာဉ် အဆင့် ရောက်နေသူများသာ ထိုအရာကို မြင်နိုင်မည် ဖြစ်သည်။ ထိုအဆင့်အောက် ဆိုလျှင် မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ဝမ်လင်းက နတ်ဆိုးပင်လယ်တွင် ကျင်လယ်ခဲ့ဖူးသဖြင့် သူက အခုလို အများသူငါ အရောင်းဆိုင်များ အပြင် မြို့အတွင်း၌ လျှို့ဝှက် ရောင်းဝယ်သော နေရာများ ရှိကြောင်း သိပေသည်။ သည်နေရာများက ကျင့်ကြံမှုအဆင့် တစ်ခုရောက်နေမှသာ ဆက်သွယ်နိုင်သည်။

ဝမ်လင်းက ကျောက်စိမ်းပြား ရောင်းသော ဆိုင်ကို အနည်းငယ်ကြည့်၍ ဆက်လျှောက် လာလိုက်သည်။ သူက ဆိုင်ရှိရာသို့ လျောက်လာစဉ်မှာ ရုပ်ချောချော လူငယ်တစ်ယောက်က သူရှိရာသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်ပုံစံက အမောတကောဖြင့် စိုးရမ် ပူပန်နေသည့်ပုံပင်။ သူ့နောက်ကိုလည်း လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်။ သက်လတ်ပိုင်း လူကြီးက လူငယ်နောက်သို့ နောက်ယောင်ခံ လိုက်လာခြင်း ဖြစ်သည်။ သည်လူငယ်ကြီးက လူငယ်ကို မီလာပြီး ဖမ်းမိရန် ကြိုးစားနေသည်။ လူငယ်ကလည်း ရှောင်ကာ တိမ်းကာဖြင့် ဝမ်လင်းထံသို့ ပြေးလာခဲ့သည်။

ဝမ်လင်း ကဘေးသို့ ဖျတ်ခနဲ ရှောင်လိုက်သည်။

လူငယ်က ခြေလှမ်းချော်သွားပြီး မြေပေါ်သို့ လဲကျသွား၏။ သူလဲကျသွားသည်နှင့် ခရမ်းရောင် ကျောက်စိမ်းပြားကလည်း သူ့လက်ထဲမှ ပြုတ်ကျလို့သွားသည်။ သည်ကျောက်စိမ်းပြားက လက်သီးဆုပ်အရွယ်ခန့် ရှိသည်။

လူငယ်မျက်နှာပေါ်တွင် ထိတ်လန့်ဟန်များ ဖြစ်ပေါ်လို့နေသည်။ သူက ကျောက်စိမ်းပြားကို ဆွဲယူလိုက်ပြီး သူ့လက်ထဲသို့ ပြန်ဆုပ်ထားလိုက်သည်။

ထိုအချိန်တွင် သက်လတ်ပိုင်း လူကြီးက ရောက်လာခဲ့သည်။ ဝမ်လင်းက သူ့လမ်းမှာ ပိတ်နေသည့်အတွက် ထိုလူက ဝမ်လင်းကို လက်ဖြင့် ယမ်းလိုက်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။ သူက နောက်သို့ အနည်းငယ်ဆုတ်ကာ ရှောင်လိုက်၏။

သက်လတ်ပိုင်း လူကြီးက အံ့ဩလို့သွားသည်။ သို့သော် သူက စိတ်ဆိုးစွာ ပြောလိုက်၏။ “မင်းအဘိုးရဲ့ လမ်းကြောင်းမှာ လာပိတ်နေရဲတယ်ပေါ့…။ ထွက်သွားစမ်း…”

ဝမ်လင်းက တည်ငြိမ်စွာ ထိုလူကို ကြည့်လိုက်သည်။ သူက ထိုလူကြီး၏ ကျင့်ကြံမှုအဆင့်က အခြေခံ တည်ဆောက်ခြင်း အလယ်အဆင့် ဖြစ်ကြောင်း သိလိုက်၏။ သည်လူ၏ စိတ်ဝိညာဉ် စွမ်းအင်ကလည်း အလွန် ဖျော့တော့လှ၏။ ကြည့်ရသည်မှာ သူက သည်အဆင့်ကို ရောက်ရန် ဆေးလုံးများဖြင့် ဖြတ်ကျော်ခဲ့ဟန် တူ၏။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်းမည်သို့မျှ တုံ့ပြန်ခြင်း မရှိသည်ကို တွေ့လိုက်သည့်အခါ နှခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက လူငယ်ကိုကြည့်၍ ဆက်ပြောလိုက်သည်။ ခွေးကောင်လေး… မင်းက သတ္တိသိပ်ရှိနေတဲ့ ပုံပဲ… မင်းက မင်းအဘိုးရဲ့ ကျောက်စိမ်းပြားကို ခိုးရဲတယ်ပေါ့လေ…”

လူငယ်က တုန်ယင်လို့နေသည်။ သူ့မျက်နှာက ကြောက်ရွံ့မှုများ ပြည့်နေသော်လည်း သူက ထိတ်ထိတ်လန့်လန့် ပြောလိုက်သည်။ “မင်း…လိမ်နေတာ။ ဒါက ငါ့မိသားစုပိုင် အမွေပစ္စည်းပဲ…”

သက်လတ်ပိုင်းလူကြီးက ရယ်မောလိုက်သည်။ သူက လူငယ်ကို ဆောင့်ကန်လိုက်ပြီး လူငယ်လက်ထဲက ကျောက်စိမ်းပြားကို ဆွဲယူလိုက်ပြီး လူငယ်ကို ကြည့်၍ ပြောလိုက်သည်။ “ငါ ဒါကို မျက်စိကျနေတယ်။ မင်းဘာလုပ်မလဲ အခုငါခိုးတာ မဟုတ်တော့ဘူး ခုငါ မင်းရှိက ဝယ်နေတာ…” သူက ထိုသို့ ပြောပြီးနောက် အဆင့်နိမ့်စိတ်ဝိညာဉ် ကျောက်တုံး အနည်းငယ်ကို မြေပေါ်သို့ ပစ်ချလိုက်သည်။

လူငယ်က သက်လတ်ပိုင်း လူကြီးကြောင့် မြေကြီးနှင့် သွားရိုက်ပြီး သွေးတစ်ဝက် အန်ထုတ်လိုက်ရသည်။ သူ့မျက်နှာက ဖျော့တော့လို့သွားပြီး သူက ထိုလူကြီးကို မုန်းတီးစွာ ကြည့်လိုက်သည်။

ထိုအခိုက်တွင် ဖြတ်သွား ဖြတ်လာများက သည်အဖြစ်အပျက်ကို စောင်းငဲ့ ကြည့်လိုက်ကြသည်။ သို့သော် သူတို့က သက်လတ်ပိုင်း လူကြီးက တွေ့လိုက်သည်နှင့် ခပ်မြန်မြန် ပြန်ထွက်သွားကြသည်။

ဝမ်လင်းက တစ်ချက်သာ ကြည့်၍ သည့်အဖြစ်ကို လျစ်လျူရှုကာ ဆိုင်သို့ ဆက်လျှောက်သွားသည်။ ဝမ်လင်းက သည်ခရမ်းရောင် ကျောက်စိမ်းပြားကို သိ၏။ သည်အရာက သန့်စင်ထားသည့် အရာတစ်ခုဖြစ်ပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးနှင့် ရောင်းချနိုင်လေသည်။

ဝမ်လင်းက အရင်ချိန်တုန်းကဆိုရင် သက်လတ်ပိုင်း လူကြီးကို ခွင့်လွှတ်ပေးမည် မဟုတ်ချေ။ သို့သော် သူ့ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့် ဝမ်လင်းက အခုလို အဓိပ္ပာယ်မရှိသည့် လူတစ်ယောက်နှင့် အချိန်မဖြုန်းလိုတော့ပေ။

သို့ရာတွင် သူက သက်လတ်ပိုင်း လူကြီးနှင့် ပြဿနာ မဖြစ်ချင်သော်လည်း ထိုလူကတော့ သူနှင့် ပြဿနာဖြစ်လိုဟန် ရသည်။ သူက ခရမ်းရောင် ကျောက်စိမ်းပြားကို ကောက်ယူ လိုက်ပြီးနောက် သူ့ပုံစံက ပို၍ မောက်မာသည့်ဟန် ဖြစ်သွားသည်။သူက ဝမ်လင်း ထွက်သွားသည်ကို တွေ့လိုက်သည်နှင့် လှမ်းအော်လိုက်သည်။ “အစကတည်းက မင်းကို ထွက်သွားဖို့ ပြောခဲ့တယ်… အခုမှတော့ ထွက်မသွားတော့နဲ့…”

သူက ထိုသို့ပြောပြီးနောက် ဝမ်လင်းခေါင်းကို ရိုက်ချရန် ရွယ်လိုက်သည်။

ဝမ်လင်းက နောက်ပြန်လှည့်လိုက်ပြီး သက်လတ်ပိုင်း လူကြီးကို စိုက်ကြည့်လိုက်သည်။ ဝမ်လင်းအကြည့်ကို မြင်လိုက်သည်နှင့် သက်လတ်ပိုင်းလူကြီး၏ လက်က လေထဲမှာ တန့်သွားတော့၏။ သူက ချက်ချင်း ချွေးပြန်လာခဲ့သည်။

“ထွက်သွားစမ်း…” ဝမ်လင်းအသံက တည်ငြိမ်စွာပြောပြီး ပြန်လှည့်၍ ထွက်ခွာ သွားတော့သည်။

ထိုအချိန်တွင် ဆိုင်ထဲမှ လူအိုကြီးတစ်ယောက် ထွက်လာခဲ့သည်။ သူက ဝမ်လင်းက တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဆိုင်ပေါ်ရှိ ကျောက်ပြားကို သန့်ရှင်းရေး လုပ်နေလိုက်သည်။

သက်လတ်ပိုင်း လူကြီးမျက်နှာက ဖြူရော်သွား၏။ သူက စတင်စုဝေးလာသော လူအများကြီးကို ကြည့်လိုက်သည်။ သူက အံကြိတ်၍ သိုလှောင်အိတ်ထဲက ဓားပျံကို ထုတ်၍ ဝမ်လင်းကို ပစ်လိုက်သည်။

ဝမ်လင်းနှင့် သူ့ကြား အကွာအဝေးက နီးကပ်နေသဖြင့် ဓားပျံက ဝမ်လင်းရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။ သို့သော် သည်ဓားပျံက ဝမ်လင်းရှေ့ ရောက်သည်နှင့် ထက်ပိုင်းကျိုးသွားပြီး မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဝမ်လင်းက သည်လူကို သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက လက်ယမ်းလိုက်ရာ အတားအဆီးတစ်ခုက သက်လတ်ပိုင်းလူကြီး နဖူးထဲသို့ ကျရောက်သွားသည်။

သက်လတ်ပိုင်းလူကြီးက ထိတ်လန့်ကြောက်ရွံ့စွာ အော်ဟစ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်ကလည်း သွေးအိုင်ကြီး ဖြစ်လို့သွား၏။ သိုလှောင်အိတ် တစ်ခုနှင့် ခရမ်းရောင် ကျောက်စိမ်းပြား တစ်ခုသာ သွေးအိုင်ထဲတွင် ကျန်ခဲ့လေ၏။ လူငယ်က ကျောက်စိမ်းပြားကို ကြည့်၍ သွေးအိုင်ထဲမှ ကောက်ယူကာ ဝမ်လင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူကလည်း တစ်ချိုးတည်း လစ်တော့သည်။

အနားမှာရှိနေသော လူများက ထိတ်လန့် တုန်လှုပ်သွားကြသည်။ သူတို့ကလည်း အလျင်အမြန် ပြန်ပြေးတော့သည်။ လူအိုကြီးက ဆိုင်ရှိရာသို့ တည်ငြိမ်စွာ လမ်းလျှောက်လာနေသော ဝမ်လင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ “ဒီဆိုင်က အများသူငါအတွက် ဖွင့်ထားတာ မဟုတ်ဘူး။ ရောင်းရင်း ကျင့်ကြံသူ ထွက်သွားပေး နိုင်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset