Switch Mode

အပိုင်း ( ၂၆၃)

မျက်နှာသာပေးခြင်း

ဝမ်လင်းက ချူးစစ်ပိုင်ကို ကြည့်လိုက်၏။ သူက အနည်းငယ် ပြုံး၍ ပြောလိုက်သည်။

“ဒီဂျူနီယာ နှစ်ယောက်က မှော်နန်းတော်ကပဲ။ အစ်ကိုချူး အခုကစပြီး ဂရုစိုက် နေသင့်တယ် …”

ချူးစစ်ပိုင်က ပြုံးလိုက်သည်။

ဝမ်လင်းက ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ … သူတို့နှစ်ယောက်က အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့် နှစ်ယောက် ဖြစ်တဲ့အတွက် အစ်ကိုချူးက နောက်က အမြန်လိုက်ရင် သူတို့နှစ်ယောက်ကို ဖမ်းမိနိုင်လိမ့်မယ် …”

ချူးစစ်ပိုင်က သက်ပြင်းချပြီး လက်နှစ်ဖက်ကို ယှက်၍ ပြောက်လိုက်သည်။

“အစ်ကိုဝမ် … စိတ်ထဲရှိတာ ပြောပါ။ ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက သိပ်မနက်ရှိုင်းခဲ့ပေမဲ့ အချိန်တစ်ခုတော့ အတူရှိခဲ့ဖူးကြတယ်လေ …”

ဝမ်လင်း မျက်လုံးများက မြင့်တက်လို့ သွား၏။ သူက မေးလိုက်၏။

“မင်းမှာ နတ်ဆိုးပင်လယ်ရဲ့ မြေပုံရှိလား…”

ချူးစစ်ပိုင်က မှင်တက်မိ သွားသည်။ အချိန်အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းရမ်းကာ ပြောလိုက်သည်။

“ငါ့မှာ နတ်ဆိုးပင်လယ်ရဲ့ မြေပုံမရှိဘူး။ အစ်ကိုဝမ်က ဒါကို လိုချင်တယ် ဆိုရင် အဓိက မြို့ကြီးတွေရဲ့ ရတနာခန်းမဆိုင်တွေမှာ ကြိုးစားကြည့်နိုင်တယ် …”

ဝမ်လင်း မျက်လုံးထဲတွင် အေးစက်မှုတို့ ဖြတ်ပြေး သွားသည်။ ဝမ်လင်းက ချူးစစ်ပိုင်ကို မသတ်ခဲ့ရသည့် အကြောင်းမျာ သူက အကြံအစည်များ ရှိတတ်သောကြောင့် ဖြစ်သည်။ သူက သတ်ဖို့က လွယ်ကူလှ၏။ သို့သော် သူထံမှ အမှန်ပြောအောင် လုပ်ဖို့က ခက်လှ၏။

ဝမ်လင်းက သူ့ကို သေလောက်အောင် ကြောက်ရွှံ့စေခဲ့မည် ဆိုလျှင် အမှန်တရား တချို့သိလာဖို့ အခွင့်အရေး ရှိနိုင်လေသည်။

ထို့ကြောင့် ဝမ်လင်းက ချူးစစ်ပိုင်ကို မြင်လိုက်သည့်အချိန် သူက ချူးစစ်ပိုင် ဂျူနီယာ နှစ်ယောက်ကို သတ်ဖြတ်ခြင်းကို တားဆီး၍ သူ့အပေါ် အာရုံချက်ချင်း ရအောင် ဖန်တီးခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ အို … တကယ်လား …။ အစ်ကိုချူက မြို့ထဲကို ငါနဲ့ လိုက်လာသင့်တာပေါ့။ ငါမြေပုံရမှာ ဒီဂျူနီယာ နှစ်ယောက်ကို ရှာရင်လည်း သိပ်တော့ နောက်မကျသေးပါဘူး..”

ချူးစစ်ပိုင်က အနည်းငယ် စဉ်းစား၍ သက်ပြင်း ချလိုက်မိသည်။ ဝမ်လင်း၏ အစီအစဉ်က ကောင်းမွန်လှပေသည်။ သည်လို ဖြစ်ပျက်လာမှုက ဝမ်လင်းက ချူးစစ်ပိုင်၏ ကျင့်ကြံမှု အဆင့်ကို ဂျူနီယာ နှစ်ယောက်အား သိရှိစေပြီး သူတို့နှစ်ယောက်ကို လွတ်မြောက် စေကတည်းက စတင်ခဲ့ခြင်းပင်။ ချူးစစ်ပိုင်က မသိလိုက် မသိဘာသာနှင့် ဝမ်လင်း အစီအစဉ်ထဲ ရောက်လာခဲ့ရခြင်း ဖြစ်၏။

ချူးစစ်ပိုင်က ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထို့နောက် သူက စကားတစ်လုံးမှ မပြောဘဲ ကျောက်စိမ်းပြား အလွတ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူ့မှတ်ဉာဏ်များပေါ် အခြေခံ၍ မြေပုံတစ်ခုကို ကျောက်စိမ်းပြားပေါ်သို့ ရိုက်နှက်လိုက်သည်။

သည့်နောက် သူက ထိုကျောက်စိမ်းပြားကို ဝမ်လင်းအား လက်ကမ်းပေး၍ ပြောလိုက်သည်။

“ဒီကျောက်စိမ်းပြားထဲမှာ ငါ နှစ်များစွာ နတ်ဆိုးပင်လယ်မှာ ကျင်လည်ခဲ့တဲ့ မြေပုံ အချက်အလက်တွေ ပါဝင်တယ်။ ဒီထဲက အချက်အလက် အချို့ကတော့ မှားနိုင်ပေမဲ့ အများကြီးတော့ မှားနိုင်မှာ မဟုတ်ပါဘူး။ အစ်ကိုဝမ် နောက်ထပ် ကိစ္စမရှိဘူး ဆိုရင် ငါသွားတော့မယ် …”

ဝမ်လင်းက ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူက ၎င်းကို စစ်ဆေးခြင်း မရှိဘဲ လက်နှစ်ဖက်ယှက်၍ ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးပဲ…”

ချူးစစ်ပိုင်က မှင်တက်မိ သွားသည်။ သူက ဝမ်လင်းကို မေးလိုက်၏။

“အစ်ကို မစစ်ကြည့်တော့ဘူးလား …”

ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။

“ဒါကလိုလို့လား …”

ချူးစစ်ပိုင်က ရယ်မော၍ ပြောလိုက်၏။

“အစ်ကိုဝမ် … နှုတ်ဆက်ပါတယ် …”

သူက အကွာအဝေး တစ်ခုသို့ ရောက်သွားပြီးနောက် လှမ်းအော်လိုက် ပြန်သည်။

“အစ်ကိုဝမ် … ငါမင်း ကျေနပ်ဖို့အတွက် သတင်း အမှားတွေ မပေးခဲ့ပါဘူး။ မင်း စိတ်ချနိုင်ပါတယ် …”

သူက ထိုသို့ ပြောပြီးနောက် တည်နေရာ ရွှေ့ပြောင်း သွားတော့သည်။

ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် ကျောက်စိမ်ပြားကို စစ်ကြည့်လိုက်သည်။ ကျောက်စိမ်းပြားထဲတွင် တိကျသော နတ်ဆိုးပင်လယ် အတွင်းဘက် မြေပုံအချက်အလက်များ ပါဝင်နေခဲ့သည်။ အပြင်ဘက်ပိုင်းခြမ်း အချက်အလက်များ ကတော့ သိပ်အများကြီး မပါဝင်ပေ။ အတွင်းဘက် ပင်လယ်၏ ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် အချို့၏ တည်နေရာများပင် ပါဝင်နေသေးသည်။

ဝမ်လင်းက မြေပုံထဲရှိ အချက်အလက်များကို ယုံကြည်၏။ သို့သော် သူက နတ်ဆိုးပင်လယ်တွင် ခရီးသွားရာ၌ သည်မြေပုံ တစ်ခုတည်း အပေါ် မှီခို နေလိမ့်မည် မဟုတ်ပေ။ ဝမ်လင်း၏ ဆန္ဒက အပြည့်အစုံ မြေပုံတစ်ခုကို တက်နိုင်သမျှ မြန်မြန် ရှာတွေ့နိုင်ရန်သာ ဖြစ်သည်။ အကယ်၍ သည်လို မြေပုံမျိုးရဖို့ မဖြစ်နိုင်ဘူး ဆိုရင်လည်း သူက အခုလို အရမ်း မပြည့်စုံသော မြေပုံအပိုင်းအစ များစွာကို ရန်အောင် လုပ်မည် ဖြစ်သည်။ သူက ထိုမြေပုံများကို နှိုင်းယှဉ်၍ မှားယွင်းသော နေရာများကို လွယ်ကူစွာ မှတ်သား သိရှိနိုင်မည် ဖြစ်သည်။

ဝမ်လင်း၏ နတ်ဆိုး ပင်လယ်အပေါ် နားလည်မှုအရ မင်မြို့က သည်အခု နေရာ၏ မြောက်ဘက် ဆယ်ရက်ခန့် သွားရမည့် အကွာအဝေးတွင် ရှိကြောင်း သိလိုက်သည်။ သည်မင်မြို့က နတ်ဆိုးပင်လယ်၏ မြို့ကြီး ၉၉ မြို့ထဲက တစ်မြို့ဖြစ်သည်။ သည်မြို့က အပြင်ဘက်ရှိ မြို့လေးများနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရပေ။

သူက ထိုမြို့သို့ သွားရသည့် အကြောင်းရင်း နောက်တစ်ခုမှာ ချူးစစ်ပိုင် မြေပုံကြောင့်လည်း ဖြစ်သည်။ ထိုမြေပုံတွင် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုသည် မြို့မှ မိုင်သုံးသိန်း အကွာတွင် ရှိကြောင်း ဖော်ပြထားခြင်း ကြောင့်လည်း ဖြစ်သည်။

သူ မြို့သို့ ပျံသန်း လာနေစဉ်အတွင်း သားရဲများစွာ၏ အမြုတေများကို စုဆောင်းခဲ့သည်။ သူက အဆင့်မြင့် စိတ်ဝိညာဉ် သားရဲများနှင့် တွေ့ကြုံခဲ့ရင်တော့ ကွေ့ပတ်၍ သွားခဲ့သည်။

ခုနှစ်ရက်ခန့် ကြာပြီးနောက် ဝမ်လင်းက ပို၍ သတိထား လာခဲ့သည်။ သူက အခုလို နှစ်အနည်းငယ် အတွင်း နတ်ဆိုးပင်လယ်တွင် သားရဲများ အခုလောက် သောင်းကျန်း နေလိမ့်မည်ဟု ထင်မထားမိချေ။ သူ့အခု လာရာ လမ်းတစ်လျှောက်မှာပင် အဆင့်မြင့် စိတ်ဝိညာဉ် သားရဲနှစ်ကောင်ကို တွေ့ခဲ့ရသေးသည်။ ထိုနှစ်ကောင်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများနှင့် ညီမျှလေ၏။

ကံကောင်းစွာ သည်နှစ်ကောင်လုံးက သူတို့ဘာသာ အာရုံစိုက် လေ့ကျင့်နေကြခြင်း ဖြစ်သည်။ ဝမ်လင်းက တမင် မနှောင့်ယှက်ဘူး ဆိုရင် သူတို့ကလည်း နောက်မှ လိုက်လံ တိုက်ခိုက်ခြင်း မပြုကြပေ။

ဝမ်လင်းက မင်မြို့သို့ သွားရာလမ်းတွင် အကျိုးများစွာ ရိပ်သိမ်းနိုင်ခဲ့၏။ သူက အမြုတေ များစွာကို ရရှိခဲ့ပေ၏။

ထိုအမြုတေ အကုန်လုံးကို သူက ရှေးဟောင်း နတ်ဘုရား နည်းစနစ်ဖြင့် ဝါးမျိုပြီး စဦးစိတ်ဝိညာဉ်ဖြင့် စုပ်ယူခဲ့လေ၏။

ဝမ်လင်းက ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိရာသို့ ရောက်လာခဲ့သည်။ သူ့က လေထဲမှာ ပျံဝဲလျက်ရှိပြီး သူ့အောက်ရှိ တောင်ကြားကို စူးစိုက်ကြည့်လိုက်၏။

သည်နေရာက တိတ်ဆိတ်လှ၏။ မည်သည့် သားရဲမှလည်း ရှိမည့်ဟန် မပေါ်ချေ။ ဝမ်လင်းက နတ်ဘုရား အာရုံဖြင့် ဖြန့်ကြက် ကြည့်လိုက်ပြီးနောက် သူ့အသွင်က အလေးအနက် ဖြစ်သွားသည်။ သူက သည်နေရာတွင် သာမန် မဟုတ်သည့် မည်သည့် အရာကိုမျှ မတွေ့ရပေ။ သို့သော် သူက တစ်မျိုးကြီး ခံစားမိနေ၏။

သူက အနည်းငယ် စဉ်းစားလိုက်ပြီး လူဝံ မကောင်းဆိုးဝါးကို ဆင့်ခေါ်လိုက်သည်။ သူက စိတ်ဝိညာဉ်လူဝံ၏ ဝိညာဉ်ကို သန့်စင် လိုက်ပြီးနောက် ၎င်းက သူ့တတိယမြောက် မကောင်းဆိုးဝါး ဖြစ်လာခဲ့ခြင်းပင်။

တိမ်ကောင်းကင် ကလန်မှာ ရှိခဲ့သော အချိန်တွင် သူက ထိုမကောင်းဆိုးဝါးကို အပြည်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သည်။

လူဝံက အဆင့်နိမ့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်ခဲ့သည်။ အခုသူက မကောင်းဆိုးဝါး ဖြစ်လာခဲ့ပြီး ပို၍ သန်မာလာခဲ့၏။ သူက အခုချိန်ထိ စဦးစိတ်ဝိညာဉ် တစ်ယောက်ကို ဝါးမျိုနိုင်ခြင်း မရှိသေးသော်လည်း အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူများကိုတော့ အလွယ်တကူ ဝါးမျိုနိုင်နေပြီ ဖြစ်သည်။

သည်မကောင်းဆိုးဝါးက ပေါ်လာသည်နှင့် ဟိန်းသံတစ်ချက် ပေးလိုက်သည်။ သည့်နောက် သူ့ပုံရိပ်က မှုန်ဝါးသွားပြီး တောင်ကြားထဲသို့ တစ်ဟုန်ထိုး ဝင်သွားတော့၏။ သူက တောင်ကြားထဲသို့ ဖြတ်လာစဉ်မှာ မည်သည့် ထူးခြားမှုကိုမှ ရှာတွေ့မိခြင်း မရှိပေ။ ထို့ကြောင့် သူက ပြန်လှည့်ထွက်မလို လုပ်စဉ် တောင်အငူစွန်းမှ ဧရာမပါးစပ်ကြီးက ဟလာခဲ့သည်။ တစ်ချိန်တည်းမှာ ကြီးမားသော စုပ်အားဖြင့် မကောင်းဆိုးဝါးအား ပါးစပ်ထဲသို့ ဆွဲသွင်း စုပ်ယူလာ၏။ သို့သော် သည်မကောင်းဆိုးဝါးက အကောင်ဒြပ် မရှိသဖြင့် လွတ်မြောက် လာနိုင်ခဲ့လေသည်။

အငူစွန်းပေါ်ရှိ ပါးစပ်ကြီးက တဖြည်းဖြည်း ပြန်ပိတ်သွားတော့၏။

ဝမ်လင်း မျက်လုံးများက မြင့်တက်သွားသည်။ သူက လက်ရမ်းလိုက်ရာ ခါးကုန်းကြီးမုံ့၏ အဆိပ်ဓားက သူ့လက်ထဲ ရောက်လာခဲ့သည်။ သူက ပြန်လည် ပိတ်နေသော ပါးစပ်ကြီး အနီးသို့ တစ်ဟုန်ထိုး သွားလိုက်ပြီး ထိုဓားဖြင့် သည်ပါးစပ်ကြီးကို လှီးချလိုက်သည်။ ကျောက်တုံး ကျောက်စများ ပေါက်ကွဲထွက်သွားသည့် အသံများက သည်ဧရိယာ တစ်ဝိုက်တွင် ပျံ့နှံ့လို့ သွားသည်။ ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်မိသည်။ သူက လျင်မြန်စွာ နတ်ဘုရား အာရုံဖြင့် ဓားကို ထိန်းချုပ်၍ သူနားသို့ ပြန်ခေါ်လိုက်သည်။

ဝမ်လင်းက ပြန်ပိတ်သွားသော အငူစွန်း အခြမ်းဘက်ကို စူးစိုက် ကြည့်လိုက်သည်။ သူက အနည်းငယ် စားစားပြီးနောက် လက်ဟန်တစ်ခု ဖန်တီးလိုက်၍ ပြောလိုက်သည်။

“ရေခဲမီးတောက် … ထွက်ပေါ်လာစမ်း …”

အပြာရောင် မီးတောက် တစ်ခုက ဝမ်းလင်းထံမှ ထွက်ပေါ်လာခဲ့သည်။ သည်မီးတောက်က တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို အောင်မြင်ခဲ့သည့် အချိန်တုန်းက ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အခုသူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်လာသည်နှင့်အမျှ မီးတောက်က သူ့စဦးစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီး ပို၍ သန်မာ လာခဲ့ပေသည်။

မီးတောက် ထွက်ပေါ်လာသည်နှင့် သည်ဧရိယာ၏ အပူချိန်က ထိုးကျလာသည်။ တစ်ချိန်တည်းမှာ ရေခဲမီးတောက်က ရှေ့သို့ ရွေ့လျားသွား၏။ မီးတောက်က အငူစွန်းနှင့် ထိတွေ့မိသည့်အခိုက် အငူက ထူးဆန်းစွာ စတင် လှုပ်ရှားသွားသည်။ ၎င်းက လူသားမျက်နှာပုံစံ ဖြစ်ပေါ်သွားပြီး မီးတောက်ကို မျိုချရန် ကြိုးပမ်းလာခဲ့၏။

သို့သော် ၎င်းက မီးတောက်နှင့် ထိလိုက်သည့်အခိုက် အငူစွန်းမှ ရေခဲပါးလွှာတစ်ခု စတင်ပျံ့နှံ့ လာခဲ့သည်။ အသက်ရှူချိန် အနည်းငယ် အတွင်းမှာ အငူစွန်း တစ်ခုလုံးက ရေခဲများနှင့် ဖုံးသွားပြီး လူပုံစံမျက်နှာ သွင်ပြင်ကြီးကလည်း အေးခဲ သွားရလေ၏။

ဝမ်လင်းကို ထိုမြင်ကွင်းကို ကြည့်၍ အံ့အားသင့် သွားသည်။ သည်အငူအတွင်း၌ နေထိုင်သော သက်ရှိ သားရဲတစ်ကောင် ရှိရပေမည်။ ၎င်းသက်ရှိက လူသားပုံစံ ပြောင်းနိုင်ဟန် ရ၏။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တောင်ကြားထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။ သည်တောင်ကြား အတွင်းတွင် အမှန်တကယ် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိလို့နေပေသည်။ သို့သော် သည်ဟာက အသုံးပြုရန် အတွက် အတော်လေး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ သူက ကျောက်စိမ်းပြားကို ယူ၍ သည်အစီအရင်ကို မှတ်သား ထားလိုက်၏။

သူကထိုသို့ ပြုလုပ်ပြီးနောက် သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အငူအရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ရေခဲများက ရေခဲမီးတောက် အသွင်သို့ ပြန်ပြောင်း၍ သူ့လက်ထဲသို့ ပြန်ရောက်လာခဲ့သည်။

အချိန်သိပ်မကြာခင်မှာ အငူစွန်းပေါ်မှ မျက်နှာက တစ်ဖန် ပြန်လှုပ်ရှား လာခဲ့သည်။ သူ့မျက်လုံးများက ဝမ်လင်းပေါ်သို့ ရောက်သွားပြီး ရန်လိုစွာ ဟိန်းဟောက်လိုက်၏။

ဝမ်လင်းက ၎င်းကို ကြည့်မိလေလေ ပို၍ စိတ်ဝင်စားမိ လာလေလေ ဖြစ်သည်။ သည်သားရဲက အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်၍ အရမ်းကြီး မသန်မာ လှသော်လည်း အမြုတေ နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်လောက်တော့ အစွမ်းထက်လို့ နေသည်။ ဝမ်လင်းက သူတံခါးပိတ် လေ့ကျင့်လျှင် သည်သားရဲကို အစောင့်အကြပ်ဖြင့် ထားရလျင် အဆင်ပြေမည်ကို တွေးမိ၏။ ဝမ်းနည်းစရာ ကောင်းသည်က သည်သားရဲ၏ ကျင့်ကြံမှု အဆင့်က အကန့်အသတ် ရှိနေခြင်းပင်။ သို့သော် ဝမ်လင်း သိုလှောင်အိတ်ထဲ၌ အမြုတေများစွာ ရှိနေသေးသည်။ ထိုအရာများ ဖြင့်သူက သည်သားရဲ၏ ကျင့်ကြံမှု အဆင့်ကို အနည်းငယ် တိုးမြှင့်နိုင်၏။ ထို့နောက် ဝမ်လင်းက လက်ဟန်တစ်ခု ဖန်တီးလိုက်ပြီး မန္တာန်တစ်ခု စရွတ်လိုက်သည်။

“ပျက်စီးစမ်း …”

ထိုနည်းစနစ်က အငူစွန်းပေါ်သို့ ကျရောက် သွားသည့်အခိုက် အငူစွန်းထဲက တုန်ခါသံများ ထွက်ပေါ်လာပြီး အက်ကွဲရာများ ဖြစ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများက ပို၍ ကြီးလာခဲ့ပြီး နောက်ဆုံး အငူစွန်းက ပြိုကျ သွားခဲ့လေ၏။ ထိုအငူစွန်း ပြိုကျသည့် အခိုက်မှာ အနက်ရောင် ပုံရိပ်တစ်ခုက တောင်ဘက်သို့ ပြေးလို့သွား၏

ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် ထိုသားရဲကို ပိတ်လှောင် လိုက်သည်။ သူက ရှည်လျားသော နှုတ်သီးနှင့် ထူးဆန်းသော သားရဲကို တွေ့မြင်လိုက်ရသည်။

သည်သားရဲက ကျောချမ်းဖွယ် ခံစားချက်ကို ပေးစွမ်းလို့နေသည်။ အထူးသဖြင့် လူတစ်ယောက် အရပ်လောက် ရှည်သော သူ့ပါးစပ်က သေခြင်း အငွေ့အသက်လို့ ထင်မြင်ရသည်။

ဝမ်လင်းက သူ့မေးစေ့ကို ပွတ်၍ စဉ်းစားလိုက်သည်။ ထို့နောက် သူက ၎င်းသားရဲနောက်သို့ လိုက်တော့၏။ သူက မကောင်းဆိုးဝါး ရှုလီကောကို ဆင့်ခေါ်လိုက်သည်။ မကောင်းဆိုးဝါး ရှုလီကောက ထွက်ပေါ်လာခဲ့ပြီး ဝမ်လင်းနှင့် တတိယ မကောင်းဆိုးဝါးတို့နှင့် အတူ သားရဲနောက်သို့ လိုက်၏။

ရှုလီကောက အသံတချို့ ထုတ်ဖော်လိုက်သည်။ သူထွက်သည့် အခိုက်တွင် သူက အလွန် စိတ်လှုပ်ရှားလို့ နေသည်။ သို့သော် သူက ထူးဆန်းသော သားရဲကို မြင်လိုက်သည်နှင့် ရပ်တန့်ကာ တိတ်တဆိတ် တွေးတောလိုက်၏။

“ဒါက ဘာကောင်လဲ။ ဘာမှားနေတာလဲ။ ဘာလို့ ဒီကောင်က ဒုတိယ မကောင်းဆိုးဝါးထက် ရုပ်ဆိုး နေရတာလဲ။ ငါက နံပါတ်သုံး အရူးကောင်ကို ဒီကောင့်နောက် အရင် လိုက်ခိုင်းလိုက်မယ်။ ဒီသားရဲက အားနည်းမယ် ဆိုရင် ငါက သွားပြီးတော့ အဲဒီကောင် လက်ထဲကနေ သူ့ရဲ့ စွမ်းဆောင်မှုကို ခိုးယူလိုက်မယ် …”

***

Comment

Leave a Reply

Options

not work with dark mode
Reset