Switch Mode

အခန်း (၄၈၂)

ကောင်းကင်တာအိုကျောင်းထဲမှ ကြီးမားသောဖြစ်ရပ်ကြီး

ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံနှင့် စကားစမြည်များပြောဆိုရင်း ရှဲ့ဟေးရန်၏ ပုံရိပ်မှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ကောင်းကင်တာအိုကျောင်းကြီးအား ကြည့်ရင်း သက်ပြင်းချနေမိတော့သည်။ နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ်များရောက်ရှိလာပြီး ကျောင်းသားဟောင်းများ ထွက်ခွာသွားသည်မှာ ဓမ္မတာသာဖြစ်ကြောင်း သူက နားလည်သွား၏။

မျိုးဆက်သစ်တစ်ခုချင်းစီတိုင်းမှာ ဒီရေလှိုင်းများကဲ့သို့ပင်။ တာအိုကျောင်းတိုင်း အသုံးပြုကြသည့် ထိုနည်းစနစ်မှာ တစ်ဖက်တွင် ပြည်ထောင်စုကြီးအတွက် ကျင့်ကြံသူများ ထောက်ပံ့ပေးနိုင်သလို အခြားတစ်ဖက်တွင်လည်း တာအိုကျောင်းများအတွက် ထူးချွန်သည့် ကျောင်းသားများကို မွေးထုတ်ပေးနိုင်၏။ ကမ္ဘာပေါ်၌ ကျင့်ကြံခြင်း လူမှုအဖွဲ့အစည်း စတင်ထွန်းကားလာသည့်အချိန်မှစ၍ တာအိုကျောင်းကြီးလေးကျောင်းမှာ ထိုနည်းစနစ်ကိုသာ အသုံးပြုခဲ့ကြသည်။ အကယ်၍ ထိုနည်းစနစ်မှာ အသုံးဝင်နေဦးမည်ဆိုပါက အနာဂတ်အထိ ရှင်သန်နေဦးမည်သာ ဖြစ်သည်။

ထိုနည်းစနည်းမှာ ကျင့်ကြံခြင်းဂိုဏ်းများ အသုံးပြုကြသည့် နည်းစနစ်များနှင့် မတူပေ။ ၎င်းတို့မှာ အားသာချက် အားနည်းချက်ကိုယ်စီ ရှိကြပေသည်။ သို့သော် အချိန်များ ပြောင်းလဲလာသည့်တိုင်အောင် ကျင့်ကြံခြင်းဂိုဏ်းများနှင့် မိသားစုမျိုးနွယ်စုများ အသုံးပြုသော နည်းစနစ်များမှာ ပျောက်ကွယ်သွားနိုင်ခြင်း မရှိပါသော်လည်း တာအိုကျောင်းကြီးလေးကျောင်းကသာ အနာဂတ်ပြည်ထောင်စုကြီးအား လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။

တာအိုကျောင်းကြီးလေးကျောင်းထဲတွင် အတွင်းရေးပဋိပက္ခများ ရှိနေသည့်တိုင်အောင် တာအိုကျောင်းကြီးလေးကျောင်းအား စီမံအုပ်ချုပ်နေကြသည့် လူများမှာ စည်းလုံးညီညွတ်မှု ရှိကြကြောင်း ဝမ်ပေါင်လဲ့က သိရှိထား၏။

ထိုစည်းလုံးညီညွတ်မှုမှာ တာအိုကျောင်းကြီးလေးကျောင်းအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပေသည်။

ထို့အပြင် မဟာထိပ်သီးအကြီးအကဲကြီး လီရှင်းဝမ်မှာလည်း ဖောက်ထွက်နိုင်တော့မည် မဟုတ်ပါလော။ ၎င်းမှာ တာအိုကျောင်းကြီးလေးကျောင်းအတွက် အလွန်အင်မတန်မှ အရေးပါအရာရောက်သည့် ကိစ္စရပ််ကြီးတစ်ခု ဖြစ်ပေသည်။ ကောင်းကင်တာအိုကျောင်းမှာ မလွဲမသွေ တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာမည် ဖြစ်ပါသော်လည်း တာအိုကျောင်းကြီးလေးကျောင်းအတွက်မူ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်အား ပိုင်ဆိုင်ထားရခြင်းမှာ စိတ်လှုပ်ရှားစရာကောင်းပေသည်။

ထို့ကြောင့် တစ်ပတ်အကြာတွင် ကောင်းကင်တာအိုကျောင်းမှာ ပြည်ထောင်စုကြီးဆီသို့ ဖိတ်စာများ ပေးပို့လိုက်၏။ ထိုအချိန်တွင် အခြားတာအိုကျောင်းသုံးကျောင်းမှ လူများမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြတော့သည်။

သမင်ဖြူတာအိုကျောင်း၊ သမင်ဖြူတာအိုကျောင်းခွဲနှင့် မဟာမြစ်တာအိုကျောင်းတို့မှ ဂိုဏ်းချုပ်ကြီးများနှင့် မဟာအကြီးအကဲများ ရောက်ရှိလာကြပြီဖြစ်သည်။ ထို့အပြင် ထိုကျောင်းများမှ မဟာထိပ်သီးအကြီးအကဲကြီးများပင်လျှင် ပါလာကြသည်။

တစ်ချိန်ထဲမှာပင် ထိုတာအိုကျောင်း တစ်ကျောင်းချင်းစီမှ ထူးချွန်ထက်မြက်သော ကျောင်းသားများလည်း သူတို့နှင့်အတူ ရောက်ရှိလာကြသည်။ အကျိုးအပဲ့ အပိုင်းအစများပေါ်တွင် ရေးသားထားသည့် မှတ်တမ်းများအရဆိုလျှင် အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သည့်အချိန်တိုင်း မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့၏ စွမ်းအားများ စုဝေးလာမည်ဖြစ်သည်။ ထိုအခါ ကျောင်းသားများမှာ အချိန်တိုလေးအတွင်းတွင် သူတို့၏ ကိုယ်ကာယစွမ်းအားများ တိုးတက်လာအောင် လေ့ကျင့်နိုင်မည်ဖြစ်သည်။

တာအိုကျောင်းကြီးလေးကျောင်းနှင့် မသက်ဆိုင်သော အဖွဲ့အစည်းများမှာမူ ကောင်းကင်တာအိုကျောင်း၏ ဖိတ်ကြားခြင်းကို မခံရပါက ထိုဖြစ်ရပ်ထဲ‌၌ ပါဝင်ပတ်သက်ခွင့် ရှိမည်မဟုတ်ပေ။ သို့သော် အခြား တာအိုကျောင်းသုံးကျောင်းပင်လျှင် ကောင်းကင်တာအိုကျောင်းနှင့်အတူတူ ကြည့်ရှုခွင့်ရမည်မဟုတ်ဘဲ ကောင်းကင်တာအိုကျောင်းဘက်မှ စီစဉ်ပေးထားသည့်အတိုင်းသာ နေကြရမည်ဖြစ်သည်။ အဆင့်မြင့်ကျွန်းပေါ်ရှိ အတွင်းအကျဆုံးနေရာတွင် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများအပြင် အခြားတာအိုကျောင်းသုံးကျောင်းမှ ဂိုဏ်းချုပ်ကြီးများနှင့် မဟာထိပ်သီးအကြီးအကဲများသာ နေရာယူနိုင်မည်ဖြစ်သည်။

ထိုကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာမူ ကျွန်းအပြင်ဘက်တွင် ဆောက်လုပ်ထားသော ကုန်းပတ်ပေါ်၌သာ နေရာယူခွင့်ရှိပေသည်။

အခြားတာအိုကျောင်းသုံးကျောင်းမှ လူများ ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့နှင့် ဘန်နီလေးတို့နှစ်ယောက် မိုးမမြင်လေမမြင် ပျော်ရွှင်ကြည်နူးနေကြသည့် နေ့ရက်များမှာလည်း ကုန်ဆုံးသွားရတော့သည်။ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား ဆင့်ခေါ်လိုက်ပြီး သူနှင့် သက်တူရွယ်တူ၊ ရာထူးအဆင့်အတန်းအတူတူတွင် ရှိသော ဂိုဏ်းတူ အစ်ကိုအစ်မများနှင့်အတူ အခြားတာအိုကျောင်းသုံးကျောင်းမှ ဧည့်သည်များကို ကြိုဆိုခိုင်းလိုက်၏။

ဂိုဏ်းချုပ်ကြီး၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည့်လူများမှာ အနိမ့်ဆုံး အခြေတည်ထိပ်ဆုံးအဆင့်တွင် ရှိနေကြပြီး သူတို့ထဲမှ အများစုမှာ ဒုပဏာမအဆင့်သုံးနှင့်အထက်တွင် ရှိကြသည့် အရာရှိများ ဖြစ်ကြသည်။ ပြည်ထောင်စုကြီးထဲတွင် သူတို့အားလုံးမှာ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များဖြစ်ကြသောကြောင့် တစ်ယောက်အကြောင်းတစ်ယောက် သိကြပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား မမြင်ဖူးသည့်တိုင်အောင် သူ့အကြောင်းကို ကြားဖူးထားကြသောကြောင့် သူနှင့် လူချင်းဆုံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့အား ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံနေကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ပွင့်ပွင့်လင်းလင်း ပြောဆို၍ ပျော်ပျော်နေတတ်သူဖြစ်ရာ မိတ်ဆွေဖွဲ့ရာ၌ အလွန်အင်မတန်မှ ကျွမ်းကျင်ပေသည်။ သူသည် ပြောဆိုဆက်ဆံရေးအပိုင်းတွင်လည်း ချေငံပြေပြစ်သောကြောင့် စကားအနည်းငယ်မျှသာ ပြောလိုက်ပြီးနောက် သူ၏ကျောင်းမှ အစ်ကို၊ အစ်မများနှင့် ခင်မင်ရင်းနှီးသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားဟောင်းများထဲတွင် အဆင့်အမြင့်ဆုံး မဟုတ်သေးပေ။ နောက်ထပ် ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်လည်း ရှိနေသေးသလို သူတို့ထက် တစ်ဆင့်ပိုမြင့်သည့် လူတစ်ယောက်လည်း ရှိနေသေးသည်။

သူနှင့် အဆင့်တူသည့် တစ်ယောက်မှာ ဂိုဏ်းတူအစ်မတစ်ယောက်ဖြစ်ပြီး သူတို့ထက်အဆင့်မြင့်သည့် ကျောင်းသားဟောင်းမှာ ဂိုဏ်းတူအစ်ကိုတစ်ယောက် ဖြစ်သည်။

ဒုပဏာမအဆင့်နှစ်တွင်ရှိသော ဂိုဏ်းတူအစ်မမှာ အစောပိုင်း အမြုတေအဆင့်တွင် ရှိနေသည့်ပုံပေါ်ပြီး အလယ်အလတ် အမြုတေအဆင့်သို့ ဖောက်ထွက်နိုင်ရန် သိပ်မလိုတော့သည့်ပုံပင်။ သူမသည် ကမ္ဘာပေါ်၌ တာဝန်ကျနေခြင်းမဟုတ်ဘဲ သောကြာဂြိုဟ် ကိုလိုနီမြို့တော်ထဲတွင် လက်ထောက်မြို့တော်သခင်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

သူမသည် အသက်သုံးဆယ်ဝန်းကျင်ရှိပြီး သာမန်ရုပ်ရည်တစ်ခုကိုသာ ပိုင်ဆိုင်ထားပါသော်လည်း ပြုံးလိုက်သည့်အချိန်တွင် သူမ၏ အငွေ့အသက်များမှာ ပြောင်းလဲသွား၏။ အခြားသူများ၏ အမြင်တွင် သူမမှာ ဖော်ဖော်ရွေရွေနှင့် ပေါင်းသင်းဆက်ဆံရ လွယ်ကူသည့်ပုံစံ ပေါက်နေ၏။ လင်းယွမ်ဟွေ့ဟု အမည်ရသော ထိုဂိုဏ်းတူအစ်မမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူ့အား လှမ်း၍ပြုံးပြလိုက်၏။

” ‌ဂိုဏ်းတူမောင်လေးပေါင်လဲ့။ အခွင့်ကြုံရင် သောကြာဂြိုဟ်ကို လာလည်ဦး။ သောကြာဂြိုဟ်ပေါ်က ကြေးချွတ်သန့်စင်ဘုံထဲမှာ မောင်လေး မှော်ဝင်လကမ္ဘာပေါ် မှာတုန်းက ကြုံခဲ့ရတဲ့ မိတ်ဆွေဟောင်းကြီးတစ်ယောက် ရှိနေတုန်းပဲ ”

ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို ကြားလိုက်ရသောအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဘွားကြီးအား ပြန်၍သတိရသွား၏။ သူမသည် မဟာထိပ်သီးအကြီးအကဲကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် ထိုနေရာသို့ ပို့ခံခဲ့ရခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများ ပြန်တွေးမိသွားသောအခါ ရယ်မောလိုက်ပြီး သူမ၏ ဖိတ်ကြားမှုအား လက်ခံလိုက်၏။ သူလာလည်မည့် နေ့ရက်အား ဂိုဏ်းတူအစ်မလင်းနှင့် ညှိနှိုင်းပြီးသွားသောအချိန်တွင် ထိုလူအုပ်ထဲရှိ တစ်ဦးတည်းသော ပဏာမအဆင့်နှင့်အရာရှိတစ်ယောက်ဖြစ်သည့် ဂိုဏ်းတူအစ်ကိုကြီးက သူ့အား စကားပြောရန် ခေါ်လိုက်၏။

ထို ဂိုဏ်းတူအစ်ကို၏ အမည်မှာ စွန်းပုကျန့် ဖြစ်သည်။

သူ၏အမည်မှာ အများနှင့်မတူဘဲ တမူထူးခြားနေတော့ကြောင့် ဝမ်ပေါင်လဲ့၏ စိတ်ထဲ၌ ချက်ချင်းပင် စွဲသွားတော့သည်။ ထို ဂိုဏ်တူအစ်ကိုကြီးမှာ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားဟောင်းများထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်နေရုံသာမက တမူထူးခြားသော ရာထူးတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်ဖြစ်သည်။

သူသည် ပြည်ထောင်စုကြီး၏ သတင်းအချက်အလက်စုစည်းရေးဌာနအား တာဝန်ယူထားရသူဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက် ဖြစ်လာခဲ့ပြီးမှ ပြည်ထောင်စုကြီးထဲရှိ အမှောင်ဝန်ကြီးဌာနဟုအမည်ရသော ဌာနတစ်ခု၏အကြောင်းကို ကြားဖူးခဲ့သည်ဖြစ်သည်။

ထို အမှောင်ဌာနမှာ အမှောင်ဂိုဏ်းနှင့် ဆက်စပ်နေခြင်းတော့ မရှိပေ။ ၎င်း၏ ဌာနချုပ်မှာ ပလူတိုဂြိုဟ်ပေါ်တွင် တည်ရှိပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို အများပြည်သူမသိအောင် ဖုံးကွယ်ထားသောကြောင့်သာ ထိုကဲ့သို့ နာမည်ပေးထားခြင်းဖြစ်သည်။

စွန်းပုကျန့်မှာ ထိုအမှောင်ဌာန၏ ဝန်ကြီးဖြစ်ပြီး သူပိုင်ဆိုင်ထားသည့် လုပ်ပိုင်ခွင့်အာဏာမှာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြီးမားပေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင်းအမြုတေအဆင့်တွင် ရှိနေ၏။

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ဩဇာအာဏာကြီးမားသော စွန်းပုကျန့်အား ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနေ၏။ သူသည် သူ၏ဌာနအကြောင်း သိချင်နေသလို စွန်းပုကျန့်မှာလည်း ဝမ်ပေါင်လဲ့၏အကြောင်းကို အလွန်အင်မတန်မှ စိတ်ဝင်စားနေသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အဝေးတစ်နေရာသို့ ခေါ်သွားလိုက်ပြီးနောက် ပြုံးကာ ဆိုလိုက်၏။

” ဂိုဏ်းတူညီလေးပေါင်လဲ့။ မင်း ပလူတိုဂြိုဟ်ပေါ်ကို ပြောင်းလာချင်လား။ တကယ်လို့ မင်းသာ ဆန္ဒရှိမယ်ဆိုရင် အမှောင်ဌာနရဲ့ ပထမဆုံး ဒုဝန်ကြီးတစ်ယောက် ဖြစ်လာမှာနော်။ ရာထူးအလွှဲအပြောင်းကိစ္စတွေ အကုန်လုံးကို အစ်ကို တာဝန်ယူပေးမယ် ”

” အမှောင်ဌာနထဲမှာဆို အေးအေးဆေးဆေးပဲ။ ပြီးရင် ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ သတင်းအချက်အလက်တွေ အားလုံးကိုလည်း သိရဦးမှာ။ အဲ့လောက်တင် မဟုတ်သေးဘူး။ အစ်ကိုတို့ရဲ့ ဌာနက တခြားဂြိုဟ်က လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ရတဲ့ တာဝန်တွေကိုပါ ထမ်းဆောင်ရသေးတယ်… ဘာပဲဖြစ်ဖြစ်ပါ။ ညီလေးသာ လာမယ်ဆိုရင် ပြည်ထောင်စုကြီးနဲ့ စကြဝဠာကြီးအပေါ် လုံးဝအမြင်ပြောင်းသွားစေရမယ်လို့ အစ်ကို အာမခံတယ် ”

ဝမ်ပေါင်လဲ့မှာ အမှောင်ဌာနအား စိတ်ဝင်စားသည့်တိုင်အောင် အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာရန် စိတ်ကူးမရှိပေ။ အကယ်၍ သူသာ အင်္ဂါဂြိုဟ်ပေါ်မှ အမှောင်အဆောင်ပစ္စည်းအား မပိုင်ဆိုင်ထားပါက ထိုကမ်းလှမ်းချက်အား စဉ်းစားလျှင် စဉ်းစားမိလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ အကယ်၍ သူသာ အင်္ဂါဂြိုဟ်ပေါ်မှ ထွက်ခွာသွားပြီး အမှောင်အဆောင်ပစ္စည်းအား ချန်ရစ်ထားခဲ့မည်ဆိုပါက အနာဂတ်တွင် ပြဿနာများတက်လာမည်ကို စိုးရိမ်မိနေ၏။ ထို့ကြောင့် သူသည် ပြုံးသာပြုံးပြလိုက်ပြီး သူ၏ကမ်းလှမ်းချက်အား ငြင်းဆန်လိုက်ရ၏။

စွန်းပုကျန့်မှာလည်း လောနေခြင်း မရှိပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ပခုံးအား လက်ဖြင့်ပုတ်လိုက်ပြီး စိတ်ပြောင်းသွားပါက အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း အသိပေးလိုက်၏။ ထို့နောက် ကောင်းကင်တာအိုကျောင်းဂိုဏ်းချုပ်ကြီး၏ ဦးဆောင်မှုအောက်တွင် သူတို့အားလုံးမှာ အခြားတာအိုကျောင်းသုံးကျောင်းအား စတင်ကြိုဆိုလိုက်ကြတော့သည်။

အခြားတာအိုကျောင်းသုံးကျောင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသားများနှင့် ဂိုဏ်းချုပ်ကြီးများမှာလည်း အချင်းချင်းသိထားကြ၏။ သူတို့၏ ကျောင်းများထဲတွင်လည်း ဝမ်ပေါင်လဲ့မှာ နာမည်ကျော်ကြားနေခဲ့သည်။ ထိုသို့ဖြင့် ခဏအကြာတွင် တာအိုကျောင်းကြီးလေးကျောင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသားများမှာ ပျော်ရွှင်မြူးထူးစွာ စကားစမြည် ပြောဆိုနေလိုက်ကြတော့သည်။

ထိုသို့ဖြင့် အခြားတာအိုကျောင်းသုံးကျောင်းမှ လူတိုင်းနီးပါး ရောက်ရှိလာကြပြီ ဖြစ်သည်။ လီရှင်းဝမ် ဖောက်ထွက်မည့် အချိန်ကို အတိအကျ ခန့်မှန်းနိုင်စွမ်းမရှိသောကြောင့် ကောင်းကင်တာအိုကျောင်းမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ကျောင်းသားများအားလုံးကို အဆင်မြင့်ကျွန်း အတွင်းပိုင်းထဲတွင် စုဝေးကာ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်ခိုင်းထား၏။ အခြားတာအိုကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာလည်း အပြင်ဘက်တွင် ထိုင်နေကြပြီဖြစ်သည်။

ကောင်းကင်ပေါ်မှနေ၍ ကြည့်လိုက်မည်ဆိုပါက ကောင်းကင်တာအိုကျောင်း၏ အဆင့်မြင့်ကျွန်း၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း နှစ်ခုစလုံးတွင် လူဦးရေသောင်းဂဏန်းအထိ စုဝေးနေကြသည်ကို မြင်နိုင်မည် ဖြစ်သည်။ သူတို့အားလုံး လီရှင်းဝမ် ဖောက်ထွက်နိုင်မည့် အချိန်အား စောင့်ဆိုင်းနေကြသည့် မြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။

လီရှင်ဝမ်းမှာလည်း သိပ်မကြာခင်တွင် ဖောက်ထွက်နိုင်သွား၏။ သုံးရက်တိတိ ကုန်ဆုံးသွားပြီးနောက် မနက်ခင်းအချိန်သို့ ရောက်လာသောအခါ ကောင်းကင်တာအိုကျောင်းတစ်ကျောင်းလုံးထဲ၌ အချက်ပေးခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားကြပြီး အဆင့်မြင့်ကျွန်းပေါ်ရှိ တာအိုဉာဏ်အလင်းပွင့်အဆောင် တောင်ထိပ်ပေါ်မှ မြေကြီးများပင် ကွဲအက်သွားစေနိုင်လောက်သည့် ပြင်းအားကြီးတစ်ခု ထွက်ပေါ်လာ၏။

ထိုပြင်းအားကြီး ထွက်ပေါ်လာသောအခါ ဝိညာဉ်ချီများ ပေါင်းစည်းသွားရာမှ ထွက်ပေါ်ပေါက်လာသည့်ပုံ ပေါ်သော အလင်းတန်းတစ်ခုမှာ တောင်ထဲမှနေ၍ ကောင်းကင်ယံပေါ်သို့ ထိုးတက်သွား၏။ ထို့နောက် ၎င်းမှာ တိမ်လွှာများကို ထိုးဖောက်သွားသဖြင့် မိုးကောင်ကင်ထဲတွင် လျှပ်စီးများ လက်လာတော့သည်။ ထို့နောက် မိုးခြိမ်းသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာကာ တိမ်တိုက်များမှာ မျက်လုံးဖြင့် မမြင်နိုင်သော လက်ကြီးတစ်ဖက်၏ ဖယ်ရှားခြင်းကို ခံလိုက်ရကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကြပြီး စက်လုံးပုံသဏ္ဍာန်ရှိဿာ ဧရာမ ချီလှိုင်းကြီးတစ်လှိုင်းအဖြစ် ပြောင်းလဲသွားတော့သည်။

၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေပြီး ၎င်း၏ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားကြီးမှာလည်း ပို၍ပင် အသံများကျယ်လောင်လာတော့သည်။ ထို့နောက် ၎င်းမှာ တိမ်တိုက်များထဲတွင် ဝဲကြီးတစ်ခု ဖန်တီးပေးလိုက်၏။ ထိုဝဲကြီး လည်ပတ်သွားချိန်တွင် ကြောက်မက်ဖွယ်ရာ စုပ်ယူအားကြီးတစ်မျိုး ထွက်ပေါ်လာပြီး ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီများအားလုံးအား ၎င်းဆီသို့ ဆွဲငင်စုပ်ယူနေလိုက်တော့သည်။

တစ်ချိန်ထဲမှာပင် ကမ္ဘာပေါ်ရှိ မြို့တော်အသီးသီးထဲမှ လူများမှာလည်း ကောင်းကင်ယံထဲရှိ တိမ်တိုက်များ လျင်မြန်စွာ ရွေ့လျားနေကြသည်ကို သတိထားမိလိုက်ကြသည်။ လက်ရှိတွင် ထိုတိမ်တိုက်များနှင့်အတူ ဝိညာဉ်ချီများ ကိန်းအောင်းနေသည့် လေပြင်းများပါ တိုက်ခတ်လာကြတော့သည်။

အကယ်၍ ဝိညာဉ်ချီများ ပေါကြွယ်ဝစွာရှိနေသည့် ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်း တစ်ခုထဲတွင် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့မည်ဆိုပါက ယခုကဲ့သို့သော အကျိုးသက်ရောက်မှုများ ထွက်ပေါ်လာမည်မဟုတ်ပေ။ သို့သော် အကျိုးအ ပဲ့အပိုင်းအစများမှ တစ်ဆင့်သာ ဝိညာဉ်ချီများကို ရရှိနိုင်သည့် ကမ္ဘာပေါ်တွင်မူ လီဝမ်ရှင်း၏ ဖောက်ထွက်နေသော မြင်ကွင်းကြီးမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset