Switch Mode

အခန်း (၄၈၁)

ချစ်သူရည်းစား

စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့ အဝေးသို့ရောက်နေခဲ့သည့် ကာလတစ်လျှောက်လုံး ပျင်းရိနေခဲ့ရ၏။ ကျောင်းသားကျောင်းသူများမှာ ၎င်းအား ချစ်ကြောက်ရိုသေကြပါသော်လည်း သူ့အတွက် ပျော်စရာမကောင်းသောကြောင့် သူသည် ဝမ်ပေါင်လဲ့အား ပို၍ပင် လွမ်းဆွတ်သတိရနေခဲ့ရ၏။

ထို့အပြင် သူ ၎င်းအား ပေးခဲ့သည့် ရုပ်သေးရုပ်များအားလုံးမှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းဆီ၌ ရုပ်သေးရုပ်တစ်ရုပ်မှ မရှိဘဲ ဖြစ်နေခဲ့ရသည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီ ဖြစ်၏။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့အား ပို၍ပင် လွမ်းဆွတ်တမ်းတလာရတော့သည်။

ထို့ကြောင့် စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့၏ ကိုယ်နံ့အား အနံ့ခံမိလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်တရှား ဖြစ်သွားရ၏။ ထို့နောက် ၎င်းမှာ အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ရှိရာသို့ ပြေးလာတော့သည်။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်မှာ အလယ်အလတ် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဝမ်းမြောက်ဝမ်းသာ ရယ်မောကာ စိန်လူဝံကြီး၏ ဘေးသို့ ရောက်လာ၏။ သူသည် အရွယ်အစား သေးငယ်နေသည့်တိုင်အောင် သူ၏ အငွေ့အသက်မှာ စိန်လူဝံကြီးထက် အများကြီးပို၍ အစွမ်းထက်နေပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အငွေ့အသက်၏ ပြင်းအားကို လျှော့ချလိုက်ပြီးမှ စိန်လူဝံကြီး၏ အနီးသို့ ချဉ်းကပ်သွားလိုက်ပြီး ၎င်း၏ ပခုံးပေါ်သို့ ဆင်းသက်ကာ ၎င်းအား ကြင်နာယုယစွာ ပွတ်သပ်ပေးလိုက်၏။

ထိုအခါ စိန်လူဝံကြီးမှာ အပျော်လွန်ကာ ထပ်ခဲတလဲလဲ နှာချေနေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ရင်ဘတ်အား လက်သီးဖြင့် အသံအကျယ်ကြီးမြည်အောင် ထုနှက်လိုက်ပြီး ရီဝေဝေ မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။

” နားလည်ပါတယ်ကွ ” ထိုအခါ ဝမ်ပေါင်လဲ့မှာ ရယ်မောကာ ဆိုလိုက်ပြီး သူ၏ညာဘက်လက်ကို‌ မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲမှ ရုပ်သေးရုပ်သုံးရုပ် ချက်ချင်းဆိုသလိုပင် ပြုတ်ကျလာသည်။ ထို ရုပ်သေးရုပ်သုံးရုပ် ပေါ်ပေါက်လာသည့်နှင့် စိန်လူဝံကြီးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး အသံကုန်အော်ဟစ်ကာ ထိုရုပ်သေးရုပ်သုံးရုပ်အား မလွှတ်တမ်း ဖက်ထားလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့အား သူ၏ သခင်ထက်ပင် ပို၍ ချစ်ခင်မြတ်နိုးသည့် အကြည့်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီးနှင့် ပြန်လည်ဆုံစည်းလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားရန် ပြင်လိုက်စဉ်တွင် စိန်လူဝံကြီးမှာ ရုတ်တရက်‌ဆိုသလို ဝမ်ပေါင်လဲ့အား အနံ့ခံလိုက်ပြီးနောက် ၎င်း၏ အမူအရာမှာ မယုံသင်္ကာဖြစ်သွား၏။ အခြားလူများမှာဆိုလျှင် ၎င်း၏ အတွေးများကို ခန့်မှန်းနိုင်မည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ စိန်လူဝံကြီး၏ အကြောင်းအား ခရေစေ့တွင်းကျ လေ့လာထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နားလည်သွား၏။ ထို့နောက် သူသည် ခေါင်းငုံ့လိုက်ပြီး သားရဲအိတ်တစ်လုံးကို ထုတ်ယူလို‌က်တော့သည်။ ထိုအိတ်အား ဖွင့်ချလိုက်သောအခါ မြည်းလေးတစ်ကောင် ထွက်လာ၏။

ဝမ်ပေါင်လဲ့မှာ ကမ္ဘာပေါ်သို့ ပြန်ရောက်လာသည့် အချိန်ကတည်းက မြည်းလေးအား သားရဲအိတ်ထဲ၌ ထည့်ထားခဲ့၏။ ထိုစဉ်တုန်းက သူ၏မိဘများမှာ သူ၏ဘေး၌ ရှိနေခဲ့သည်ဖြစ်ပြီး ထိုမြည်းလေးမှာ ရိုင်းစိုင်းလွန်းနေသောကြောင့် သူက စိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ စိန်လူဝံကြီးသာ သူ၏ကိုယ်နံ့ အထူးတဆန်းဖြစ်နေသည်ကို အာရုံမခံမိခဲ့ပါက သူသည် ထိုမြည်းလေးအား လုံးဝမေ့ပျောက်နေလောက်မည်သာ ဖြစ်သည်။

စိန်လူဝံကြီးမှာ မျက်လုံးပြူးကြီးများဖြင့် ထိုမြည်းအား စိုက်ကြည့်ကာ မာန်ဖီလိုက်၏။ အိပ်မောကျနေခဲ့သည့် မြည်းလေးမှာမူ မြေကြီးပေါ်သို့ ပြုတ်ကျလာပြီးနောက် ဇဝေဇဝါဖြစ်နေသည့် ပုံစံဖြင့် မျက်လုံးများ ပွင့်လာ၏။ ထို့နောက် ၎င်းမှာ ၎င်း၏ရှေ့တွင် ရှိနေသော စိန်လူဝံကြီးကို မြင်လိုက်ရသောအခါ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။

” သား ”

” ဝူးးးး ”

စိန်လူဝံကြီးမှာလည်း ပြန်အော်လိုက်၏။ သို့သော် သိပ်မကြာခင်တွင် မြည်းလေးနှင့် စိန်လူဝံကြီးတို့မှာ ထိုသို့ အော်ဟစ်နေကြရမှ အပြန်အလှန် ဆက်သွယ်နိုင်စွမ်း ရှိသွား၏။ ၎င်းတို့မှာ အပြန်အလှန် သဘောကျနှစ်သက်နေကြသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အံ့အားသင့်သွားရ၏။ သူသည် ထိုနှစ်ကောင်အား ဆက်ကြည့်ချင်ပါသော်လည်း ဘန်နီလေး၏ ချိုမြသော စကားသံလေးမှာ သူ၏ အသံလွှင့်လက်စွပ်ထဲမှ ထွက်ပေါ်လာ၏။

” အစ်ကိုပေါင်လဲ့။ ဘယ်မှာလဲ။ ညီမလေး အားပြီ ”

ဝမ်ပေါင်လဲ့မှာ ကျိုးရှောင်ရ၏ စကားသံကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး မြည်းလေးနှင့် အချိန်ဖြုန်းနေရန် ‌ဆန္ဒမရှိတော့ပေ။ သို့သော် သူသည် ထိုနေရာမှ ထွက်မလာခင် မြည်းလေးအား မည်သည့်အရာကိုမှ မစားရန် သတိပေးခဲ့၏။ ထို့နောက် သူသည် ၎င်းအား အာရုံစိုက်မနေတော့ဘဲ အသံလွှင့်လက်စွပ်ကို ကိုင်၍ ကျိုးရှောင်ရအား အကြောင်းပြန်လိုက်၏။ ထို့နောက် သူသည် မှော်ဆေးရည်အဆောင်ဆီသို့ ပြေးသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့ ထွက်ခွာသွားသောအခါ မြည်းလေးမှာ ပို၍ပင် စိတ်ဓာတ်တက်ကြွလာတော့သည်။ ထို့ကြောင့် ၎င်းမှာ စိန်လူဝံကြီးနှင့်အတူ အော်ဟစ်ဟိန်းဟောက်နေရင်း တစ်နည်းနည်းဖြင့် ၎င်းနှင့် အပြန်အလှန် ဆယ်သွယ်ပြောဆိုမိသွားသည့် ပုံပင်။ ထိုသို့ဖြင့် ၎င်းတို့မှာ ရုပ်သေးရုပ်သုံးရုပ်နှင့်အတူ ထွက်ခွာသွားကြတော့သည်။

ဘေးနားတွင် ရှိနေသော ကျောင်းသားကျောင်းသူများမှာမူ အဘယ်ကြောင့် စိန်လူဝံကြီးနှင့် မြည်းလေးတို့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားကာ စိတ်မရှည်တော့သည့်ပုံ ပေါက်နေကြသည်ကို မသိနိုင်လောက်အောင် ဖြစ်နေတော့သည်…

ဝမ်ပေါင်လဲ့မှာ လီဝမ်အာကြောင့် မျက်စိပွင့်နားပွင့် ဖြစ်ခဲ့ရပြီးနောက် ဘန်နီလေးအပေါ် ထားရှိသည့် အမြင်များမှာ ပြောင်းလဲသွားခဲ့၏။ ယခုတွင် မှော်ဆေးရည်အဆောင်ထဲရှိ ဆေးပင်များဖြင့် ဝန်းရံနေသော တောင်ခြေတစ်ခု၌ ရပ်နေသည့် လူတစ်ယောက်၏ နောက်ကျောအလှမှာ သူ၏ မျက်ဝန်းထဲ၌ သန့်ရှင်းစင်ကြယ်ကာ လှပလွန်းနေ၏။

အဝေးမှ ကြည့်လိုက်ပါက ထိုချောမောလှပသော မိန်းမပျိုလေးမှာ ပန်းစည်းတစ်စည်းအား မျက်နှာမူထားသည်ကို မြင်နိုင်ပေမည်။ သူမသည် ကျစ်လျစ်သွယ်လျသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူမ၏ ဆံနွယ်များကို ပန်းရောင်ကြိုးတစ်ချောင်းဖြင့် စည်းထား၏။ သူမအား ဘေးတိုက်မြင်နေရသည့် မြင်ကွင်းမှာ သိမ်မွေ့နူးညံ့မှု အပြည့်ရှိကာ ပြီးပြည့်စုံနေ၏။

သူမ ဝတ်ဆင်ထားသည့် အဖြူရောင်ဂါဝန်လေးမှာ မွန်းလွဲချိန် နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး ဘေးပတ်ပတ်လည်ရှိ ပန်းပင်များကြောင့် ၎င်း၏အလှမှာ ပို၍ပေါ်လွင်နေ၏။ ထို့အပြင် မှော်ဆေးရည်အဆောင်တွင်သာ ရှိသော ဆေးဘက်ဝင် မြူခိုးများလည်း ရစ်ပတ်လွှမ်းခြုံနေသည်ဖြစ်ရာ စိတ်ထဲ၌ အနည်းငယ်ခန့် ရီဝေဝေဖြစ်နေသလို ခံစားနေရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် လေများကိုတိုးဝှေ့ကာ ရောက်ရှိလာသည့်အသံအား ကြားလိုက်ရသဖြင့် ထိုမိန်းမပျိုလေးမှာ ချက်ချင်းပင် အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ စိတ်ချမ်းမြေ့စရာကောင်းသည့် အပြုံးတစ်ပွင့်ကို ပိုင်ဆိုင်ထားသော ချောမောလှပသည့် မျက်နှာလေးတစ်ခုကို မြင်လိုက်ရတော့သည်။ သူမသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစ်ချိန်လုံး တံခါးပိတ်လေ့ကျင့်နေခဲ့သောကြောင့်လားတော့ မသိပေ။ သူမ၏ အသားအရေမှာ နှင်းပွင့်လေးများကဲ့သို့ ဖွေးဆွတ်နေ၏။ ထို့ကြောင့် ထိုမိန်းမပျိုလေးမှာ တုနှိုင်းမဲ့လောက်အောင် ချောမောလှပနေတော့သည်။

သူမမှာ ကျိုးရှောင်ရပင် ဖြစ်သည်။

” ဘန်နီလေးတောင် အရွယ်ရောက်လာပြီပဲ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ အရောင်လက်သွား၏။ သူတို့ တစ်ယောက်နှင့်တစ်ယောက် မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် အရွယ်ရောက်နေပြီဖြစ်သည့် ကျိုးရှောင်ရမှာ ယခင်တုန်းကထက်ပင် ပို၍ ချစ်စရာကောင်းကာ ချောမောလှပနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား တမ်းတမ်းစွဲဖြစ်သွားရပြီး ချောင်းဟန့်ကာ စနောက်လိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ ကျီစယ်စကားများကို ကြားလိုက်ရသောအခါ ကျိုးရှောင်ရမှာ ရှက်ကိုးရှက်ကန်းဖြင့် ခြေဆောင့်ချလိုက်၏။

” အစ်ကိုပေါင်လဲ့က ညီမလေးကို စနေပြန်ပြီ ”

ကျိုးရှောင်ရမှာ ထိုသို့ဆိုလိုက်သည့်တိုင်အောင် စိတ်ထဲ၌ ပီတိများဖြစ်နေရပြီး ဝမ်ပေါင်လဲ့အား ကြည့်ရင်း တစိမ့်စိမ့် ပျော်ရွှင်နေရတော့သည်။ သူမ၏ ရိုးရှင်းသော ဘဝလေးထဲသို့ ဝင်ရောက်လာခဲ့သည့် လူများထဲတွင် ဝမ်ပေါင်လဲ့မှာ သူမနှင့် သက်တူရွယ်တူ ဖြစ်သလို ဆန့်ကျင်ဘက်လိင်လည်းဖြစ်သည့် ပထမဦးဆုံးလူ ဖြစ်သည်။ ထို့အပြင် သူသည် သူမ မြင်ဖူးသမျှ သူမနှင့် သက်တူရွယ်တူရှိသော လူတိုင်းထဲတွင် အစွမ်းအထက်ဆုံးလည်း ဖြစ်သည်။ သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် အဆင့်နိမ့်ကျွန်းပေါ်၌ နာမည်ကြီးလာခဲ့ပြီးနောက် အဆင့်မြင့်ကျွန်းပေါ်၌ ရာထူးတစ်ဆင့်ပြီးတစ်ဆင့် တက်သွားခဲ့သည်ကို မြင်ခဲ့ရသည် မဟုတ်ပါလော။

သူမသည် တံခါးပိတ်ကျင့်စဉ်ထဲတွင် ရှိနေခဲ့စဉ်တုန်းကပင်လျှင် မကြာခဏဆိုသလို အနားယူကာ ပြင်ပကမ္ဘာမှ အဖြစ်အပျက်များကို နားစွင့်နေခဲ့၏။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ နာမည်ကျော်ကြားလာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူမ၏ ရင်ထဲမှ ချစ်မြတ်နိုးရသည့် လူတစ်ယောက် ထိုကဲ့သို့ အောင်မြင်ကျော်ကြားနေသည်ကို ကြည့်ရင်း ကျိုးရှောင်ရမှာ ဝမ်ပေါင်လဲ့အား အချစ်များပိုလာရသလို ပို၍လည်း လေးစားလာတော့သည်။

ကျိုးရှောင်ရအား အပြစ်ကင်းစင်သည့် လူတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ သူမသည် သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲနေသည့် လီဝမ်အာနှင့် လုံးဝမတူသလို အများနှင့်မတူ တမူထူးခြားသည့် နတ်သမီးတစ်ပါးနှင့်တူသော ကျောက်ယမုန့်နှင့်လည်း တူညီမှု မရှိပေ။ ကျိုးရှောင်ရမှာ ဘေးအိမ်မှ ဗိုင်းကောင်းကျောက်ဖိ မိန်းမငယ်လေးတစ်ယောက်နှင့်သာ တူပေသည်။ ယခုတွင် သူမ ချစ်မြတ်နိုးကာ လေးစားရပါသော်လည်း မတွေ့ရသည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သော လူပုဂ္ဂိုလ်အား မြင်လိုက်ရသဖြင့် သူမမျက်နှာပေါ်၌ ဖြူစင်မှုအပြည့်ရှိသော အပြုံးလေးတစ်ပွင့် ပေါ်ပေါက်လာတော့သည်။ ထို့အပြင် သူမ၏ ရယ်မောသံလေးများမှာလည်း ဆည်းလည်းသံလေးများနှင့် ဆင်တူနေပြီး ၎င်းအား ကြားလိုက်ရသည့်လူတိုင်း စိတ်ချမ်းမြေ့သွားရမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဘန်နီလေးအားကြည့်ရင်း အမောပြေသွားရ၏။ သူသည် ငယ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျိုးရှောင်ရအား တာအိုကျောင်းထဲသို့ ခေါ်သွားကာ တစ်နေကုန် လျှောက်လည်လိုက်ပြီးနောက် ကြယ်တာရာများအား နေထွက်လာသည့် အချိန်အထိ ငေးကြည့်နေလိုက်၏။ ထိုသို့ဖြင့် သူတို့၏ ခြေရာများမှာ တောင်ကုန်းများနှင့် တောင်ကြားများထဲ၌ ပြည့်နှက်နေတော့သည်။

ကျိုးရှောင်ရမှာမူ ဝမ်ပေါင်လဲ့၏ လက်အား ဆုပ်ကိုင်ထားရုံနှင့်တင် ရင်ခုန်နှုန်းများ မြန်လာရပြီး မျက်နှာတစ်ခုလုံး နီမြန်းလာရ၏။ သူမသည် သူ့အား မကြည့်ရဲလောက်အောင် ရှက်နေသောကြောင့် တစ်ချိန်လုံး ခေါင်းငုံ့နေခဲ့၏။ တစ်ချိန်ထဲမှာပင် သူ၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေရတော့သည်။

သူမသည် ဝမ်ပေါင်လဲ့၏ အင်္ဂါဂြိုဟ်နှင့် လပေါ်မှ ပုံပြင်ဇာတ်လမ်းများအား နားထောင်ရသည်ကို အလွန်အင်မတန်မှ နှစ်ခြိုက်၏။ တစ်ခါတစ်ရံတွင်ဆိုလျှင် သူမမှာ အံ့အားသင့်ကာ ပင့်သက်များ ရှိုက်မိသွားသည့်အထိပင်။ ထိုသို့ဖြင့် သူမသည် ဝမ်ပေါင်လဲ့ပြောပြသမျှ ပုံပြင်ဇာတ်လမ်းတိုင်းထဲ၌ စိတ်ရောကိုယ်ပါ နစ်မျောနေတော့သည်။

သူမ၏ အပြစ်ကင်းစင်သော အမူအရာလေးများကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီလာရပြီး အချိန်များ နှေးသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် အနာဂတ်ကို ကြိုမသိနိုင်ပါသော်လည်း လက်ရှိတွင်မူ ဘန်နီလေးနှင့် အတူရှိနေရသောကြောင့် ကိုယ်စိတ်နှလုံး ပျော်ရွှင်ချမ်းမြေ့နေရတော့သည်။

သူတို့မှာ ထိုရက်အနည်းငယ်အတွင်း တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးနေကြသလို သူတို့နှင့် သိကျွမ်းသည့် လူအချို့နှင့်လည်း ဆုံတွေ့ခဲ့ကြသေးသည်။ သူတို့ထဲတွင် ဓမ္မလက်နက်အဆောင်မှ အဆောင်မှူးနှင့် ဝမ်ပေါင်လဲ့ သဘောမကျသည့် အခြေတည်အဆင့်ကျင့်ကြံသူတို့ ပါပေသည်။ ထိုအခြေတည်အဆင့် ကျင့်ကြံသူမှာဆိုလျှင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ နေမထိထိုင်မသွား ဖြစ်သွားရပြီး အဝေးမှနေ၍သာ လှမ်း၍ နှုတ်ဆက်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကတည်းက ထို အဆောင်မှူးဟောင်းအား အာရုံထဲ၌ မထည့်ခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ သူသည် ပြုံးရုံမျှသာ ပြုံးပြလိုက်ပြီး သူတို့၏ကြားမှ မပြေလည်မှုများအား ဖြေဖျောက်လိုသည့် အမူအရာဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။ သူ ထွက်ခွာသွားချိန်တွင် ထိုအဆောင်မှူးမှာ ဝမ်ပေါင်လဲ့နှင့် ကျိုးရှောင်ရတို့အား နောက်မှလှမ်းကြည့်ရင်း နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာသောကြောင့် ဝမ်ပေါင်လဲ့အား တရိုတသသေနှင့် ဦးညွှတ်လိုက်တော့သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံဆီသို့ သွားရောက်လည်ပတ်ခဲ့စဉ်တုန်းကလည်း ကျိုးရှောင်ရအား ခေါ်သွားခဲ့၏။ သူသည် ယခုလေးတင်မှ တာဝန်တစ်ခု ထမ်းဆောင်ခဲ့ပြီး ပြန်ရောက်လာခြင်း ဖြစ်သည်။ သူသည် ဂိုဏ်းထဲတွင်သာ နေခဲ့ရန် ဆုံးဖြတ်ခဲ့သည်ဖြစ်ပြီး ယခုတွင် ဓမ္မလက်နက်အဆောင်၏ အကြီးအကဲတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလယ်အလတ်အခြေတည်အဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ရာ နှောင်းပိုင်းအဆင့်သို့ ဖောက်ထွက်နိုင်ရန် အနည်းငယ်မျှသာ လိုတော့၏။ သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားရသည်။

သူတို့နှစ်ယောက်မှာ သူ၏ဂူဗိမာန်ထဲ၌ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်ပြောဆိုကြစဉ် ဘန်နီလေးမှာ သူတို့ ညီအစ်ကိုနှစ်ယောက်အတွက် လက်ဖက်ရည်ဖျော်ပေးနေ၏။ ထို့နောက် သူမသည် ရံခါဖန်ခါဆိုသလို လက်ပေါ်မေးတင်၍ ဝမ်ပေါင်လဲ့အား သမင်မျက်ဝန်းလေးများဖြင့် ငေးကြည့်နေ၏။ ထိုအခါ သူမ၏ မျက်ဝန်းလေးများမှာ လခြမ်းကွေးလေးများအဖြစ် ပြောင်းလဲသွားသောကြောင့် သူမမှာ အလွန်အင်မတန်မှ ချစ်စရာကောင်းနေတော့သည်။

သူတို့ညီအကိုနှစ်ယောက်မှာ သူတို့နှစ်ယောက်အား ဆုံစည်းစေခဲ့သည့် အတိတ်မှအကြောင်းများ ပြန်ပြောရင်း ရှဲ့ဟေးရန်အကြောင်း စကားစပ်မိသွား၏။

” အဆင့်နိမ့်ကျွန်းက ရှဲ့ဟေးရန်…. သူ ကောင်းကင်တာအိုကျောင်းထဲမှာ ဘာမဆို လုပ်နိုင်စွမ်း ရှိနေလောက်အောင် ကျောင်းထဲက ဘယ်လို အကြီးအကဲကြီးတွေနဲ့များ အချိတ်အဆက်တွေ ရှိနေတာလည်းဆိုတာ အစ်ကို အခုထိ အဖြေရှာမရသေးဘူးကွ ” ရှဲ့ဟေးရန်အကြောင်း ပြောရင်း ချန်းယွီထုံပင်လျှင် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်၏။

” သူက စီးပွားရေးသမားလေဗျာ။ ဒါနဲ့ သူ ကျောင်းထဲမှာပဲ ရှိနေတုန်းလားဗျ ” ဝမ်ပေါင်လဲ့မှာလည်း ရှဲ့ဟေးရန်အကြောင်း တွေးမိသွားသောအခါ သူတို့နှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် အရောင်းအဝယ်ပြုလုပ်ခဲ့သည့် အချိန်အား ပြန်၍သတိရသွားသည်။

” မရှိတော့ဘူး။ မင်း လပေါ်ကို ထွက်သွားပြီး နောက်နှစ်နှစ်နေတော့ သူက ဘွဲ့ရသွားတာပဲ။ အစ်ကိုလည်း အကြီးအကဲတစ်ယောက် ဖြစ်လာပြီးမှ သူ့ရဲ့အရည်အချင်းတွေကို ရိပ်မိလာခဲ့တာ။ အဲ့တာမလို့ သူ့ကိုရှာဖို့ ကြိုးစားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ သူက ကမ္ဘာပေါ်ကနေ အစအန ရှာမရလောက်အောင်ကို ပျောက်ကွယ်သွားခဲ့တာကွ “

Comment

Leave a Reply

Options

not work with dark mode
Reset