ပျံသန်းနေစဉ်မှာ ချူးဘေးတွင် အခြားနှစ်ယောက်က ထိုင်၍ ကျင့်ကြံလျက် ရှိသည်။ သူတို့က ခုလို လှေစီးတိုင်း သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံစိုက်၍ လေ့ကျင့်လျက် ရှိသည်။ မဟုတ်လျှင် သူတို့ လှေ၏စွမ်းအားကို တောင်ခံနိုင်ခြင်း မရှိကြပေ။
သူတို့နှစ်ယောက်ကို ကြည့်၍ ချူးလို့ခေါ်သော လူကြီး၏ မျက်နှာပေါ်တွင် အထင်သေးဟန် ဖြတ်ပြေး သွားသည်။ သူတို့ နှစ်ယောက်လုံးက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြသော်လည်း သူတို့၏ အခြေခံ အုတ်မြစ်ကတော့ ဆိုးရွားလှလေသည်။ အတိတ်တုန်းက သူ အမြုတေ ဖွဲ့တည်ခြင်း အဆင့်တုန်းက ဆိုလျှင် လှေပေါ်၌ထိုင်ရန် မည်သည့်ပြသနာမှ မရှိခဲ့ပေ။
အဲသည် အချိန်တွေတုန်းက သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အဆင့်ဖြစ်ခဲပြီး သူနှင့် အဆင့်တူများက သူ့ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိကြပေ။ သူ့နတ်ဘုရား အာရုံနှင့် နည်းစနစ်များက သာမန် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များ ထက်သွားလွန်ခဲ့ ပေသည်။ ထို့ပြင် သူ့တွင် ထူးဆန်းသော ရတနာ တစ်ခုလည်း ရှိခဲ့သေးသည်။ ထို့ကြောင့်သူက သူ့ကိုယ်သူ စဦးစိတ်ဝိညာဉ် အဆင့်အောက်တွင် အသန်မာဆုံးဟု ထင်ခဲ့မိပေသည်။
သည်လို အတွေးများက သူ လူတစ်ယောက်နှင့် မတွေ့ဆုံချိန်က ဖြစ်သည်။ သူနှင့်တွေ့ခဲ့သော လူက အဖြူရောင် ဆံပင်နှင့် အေးစက်မှုများ ပြည့်နေသည့် လူတစ်ယောက် ဖြစ်သည်။
သူ့မျက်လုံးများက ထိုလူ၏ ပုံရိပ်စိတ်ထဲ ပေါ်လာသည်နှင့် မြင့်တက် သွားခဲ့ရသည်။ အချိန်တချို့ ကြာပြီးနောက် သူက မသက်မသာ သက်ပြင်းချ၍ တွေးတောလိုက်သည်။
“အစ်ကိုဝမ်… စဦးစိတ်ဝိညာဉ်ကို မျိုချပြီးနောက်မှာ ငါကတော့ စဦးစိတ်ဝိညာဉ် အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့တယ်။ မင်း ကော အောင်မြင်ခဲ့လား … မအောင်မြင်ခဲ့လား ငါမသိလိုက်ရဘူး။ မင်း မအောင်မြင်ခဲ့ဘူး ဆိုရင်တော့ ငါတို့ ပြန်တွေ့တဲ့အခါ မင်း ပြန်ပေးဆပ် ရလိမ့်မယ်…”
လေးရက်ကြာပြီးနောက် သူတို့က လူသူမနေသော မြေရိုင်းနေရာသို့ ရောက်လာခဲ့သည်။ လီနှင့် မိန်းကလေးက မျက်လုံး ဖွင့်လိုက်ကြသည်။ အေးစက်မှုက မိန်းကလေး၏ မျက်လုံးထဲတွင် ဖြတ်သွားပြီး သူမက ပြောလိုက်သည်။
“အစ်ကိုချူး… ခြေသည်းရှစ်ခုသားရဲ ဘယ်မှာလဲ …”
ချူးစစ်ပိုင်က စကားတစ်လုံးမှ ပြန်မပြောဘဲ လက်ဖဝါးထဲရှိ ရွှံ့အပိုင်းလေးကို ပြလိုက်သည်။ သူက ထိုရွှံ့ထဲသို့ စိတ်ဝိညာဉ် စွမ်းအင်အချို့ သွင်းလိုက်ရာ ငါးညှီနံ့တချို့ ထွက်ပေါ်လာခဲ့တော့၏။
ထိုအနံ့က တဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ သိပ်မကြာခင်မှာ အနံကပို၍ ပို၍ ပျံ့နှံ့လာခဲ၏။ ထို့နောက် ကလေးအော်သံလို အသံတစ်သံက အကွာအဝေး တစ်ခုမှ ထွက်ပေါ်လာခဲ့သည်။ ချူးစစ်ပိုင်က ထိုအကွာအဝေးကို အာရုံစိုက်၍ ထားလေ၏။ သူက ထိုနေရာသို့ လှေကို ရွေ့လျားလိုက်သည်။ တစ်ချိန်တည်းမှာ မိန်းကလေးက စိတ်လှုပ်ရှားဟန် ဖြစ်လာခဲ့သည်။ သူမက ပြောလိုက်သည်။
“အစ်ကိုချူး လက်ထဲမှာ ရှိတဲ့ ရွံ့က တကယ် ထူးဆန်းတယ်။ ဒီနေရာမှာ တကယ်ကို ခြေသည်းရှစ်ခု သားရဲ ရှိနေတာပဲ…”
ချူးစစ်ပိုင် အမူအရာက သာမန်ပင် ဖြစ်ပြီး သူကပြောလိုက်သည်။
“ငါက ဒီသားရဲကို အချိန်အကြာကြီး နောက်ယောင် ခံလိုက်ခဲ့တဲ့ အတွက် သူ့အလေ့အကျင့်တွေကို သိနေတာပါ။ ငါ့ကျင့်ကြံမှု အဆင့်ကသာ မနိမ့်ကျဘူး ဆိုရင် ငါက ဖမ်းပြီးနေလောက်ပြီ…”
မိန်းကလေးက သူ့မေးစေ့ကို ပွတ်၍ ပြောလိုက်သည်။
“တကယ်တော့ … အစ်ကိုချူက အမြုတေ အလယ်အဆင့်ပဲ။ ဒီတော့ ဒီသားရဲကို သတ်ဖို့ ငါတို့နှစ်ယောက် အတွက် ထားလိုက်ပါ …”
ထိုသို့ ပြောပြီးနောက် သူမက လှေပေါ်ကမှ ဆင်းသက်လိုက်သည်။ နေမကောင်းသည့် ပုံပေါက်နေသည့် လီကလည်း သူမနောက်မှ လိုက်ဆင်းလိုက်၏။
ချူးစစ်ပိုင်က နှာခေါင်းရှုံ့လိုက်သည်။ သူက သူ့စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်ကို သည်ဂျူနီယာ နှစ်ယောက်ရှေ့တွင် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သည်သားရဲကို သတ်ဖို့ လိုအပ်သော အဆိပ်ကို ရဖို့မဟုတ်ရင် သူက သူတို့နှစ်ယောက်ကို ဒီနေရာသို့ ခေါ်လာမည်မဟုတ်ပေ။
သည်ခြေသည်း ရှစ်ခုသားရဲ၏ အနက်ရောင်မိုးကြောင့် အသိဉာဏ် အချို့ရခဲ့ပြီး အဆင့်နိမ့် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်လာခြင်း ဖြစ်သည်။ သည်သားရဲက အလွန် ထူးဆန်းလှသည်။ စဦးစိတ်ဝိညာဉ် အဆင့်များ အတွက်ပင် သူ့ကိုဖမ်းဖို့ ခေါင်းကိုက် ရလေသည်။ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် အတွက် ထိုသားရဲကို ကိုင်ပေါက်နိုင်ဖို့က အသာလေး ရင်ဆိုင် နိုင်သော်လည်း သူ့ကို ထိခိုက်အောင် လုပ်ဖို့ကျ ထိုသားရဲ၏ အရေပြားက မာကျောလွန်း လှလေသည်။ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် မဟုတ်လျှင် ၎င်းသားရဲများကို နာကျင်အောင် ပြုလုပ်နိုင်ခြင်း မရှိ ဖြစ်ရသည်။
ထို့ကြောင့် ကျင့်ကြံသူများက ထိုသားရဲများကို အမဲမလိုက်လိုကြချေ။
သို့သော် ခြေသည်းရှစ်ခုသားရဲက အလွန်စွဲဆောင်နိုင်သော တန်ကြေး တစ်ခုရှိနေ၏။ သူက အခြားသားရဲများနှင့် မတူဘဲ အမြုတေရှစ်ခု ရှိနေခြင်းပင်။ သို့ရာတွင် မှော်နန်းတော်၏ အဆိပ်နည်းလမ်းက ထိုသားရဲများအပေါ် သက်ရောက်မှု ကြီးမားစွာ ရှိနေ၏။ ထိုသားရဲကို အမဲလိုက်ခြင်းက မှော်နန်းတော်၏ အဓိက လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်လာခဲ့၏။ ထို့ကြောင့် မှော်နန်းတော်မှ တပည့်များက ၎င်းသားရဲများကို ပျော်ရွှင်စွာ အမဲလိုက် ကြလေ့ရှိသည်။
ချူးစစ်ပိုင်က သည်အမြုတေ ဖွဲ့တည်ခြင်း အဆင့်ဂျူနီယာ နှစ်ကောင်က သားရဲကို သတ်ပြီးလျှင် သူက ထိုနှစ်ယောက်ကို သတ်၍ အမြုတေကို ယူရန် စိတ်ထဲတွင် စဉ်းစားထားပြီးသား ဖြစ်၏။
သို့သော် ထိုခဏတွင် ကြီးမားသော နတ်ဘုရား အာရုံတစ်ခုက ဒီနေရာသို့ သိမ်းကျုံး ဖြတ်ကျော်သွားသည်။ ခြေသည်းရှစ်ခု သားရဲက ထိုနတ်ဘုရား အာရုံကြောင့် တုန်ရင်သွား၏။ ၎င်းက ထိုအာရုံထဲတွင် ပါဝင်သော ထိတ်လန့်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်၍ ထိတ်လန့်ကြောက်ရွှံပြီး သူနေနေသော ဂူထဲမှ ထွက်မလာရဲတော့ချေ။
ချူးစစ်ပိုင်က သူဟာ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် တစ်ယောက် ဖြစ်သော်လည်း ထိုနတ်ဘုရားအာရုံ ဖြတ်ကျော် သွားသည့်အခိုက် သူ့စဦးစိတ်ဝိညာဉ်ကို ထိန်းချုပ်၍ မရတော့သလို ခံစားလိုက်ရသည်။ ထိုခံစားချက်က သူ့အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေ၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ အနက်ရောင်မိုးများကို ဖယ်ရှားသည့် အချိန်တုန်းက သည်လို စိတ်အာရုံမျိုးကို ခံစားမိခဲ့ဖူးသည်။
လီက နောက်သို့ ခြေအနည်းငယ် ဆုတ်သွားမိပြီး အလွန် လေးစားသည့် အမူအရာ ဖြစ်လာ၏။ ပုံမှန်အားဖြင့် ဘာကိုမှ မကြောက်တက်သော မိန်းကလေးပင် အသနားခံသည့် ပုံစံလေး ဖြစ်သွားပြီး လီ လို့ခေါ်သော လူအနားမှာ တိတ်ဆိတ်စွာ ရပ်လို့နေ၏။
“ရောင်ရင်းကျင့်ကြံသူ ချူး … မတွေ့ရတာကြာပြီ …”
ချူးစစ်ပိုင်က အံ့အားသင့် သွားပြီး မေးလိုက်သည်။
“စီနီယာက ကျွန်တော်ကို သိတယ်လား …”
တစ်ချိန်တည်းမှာ ဆံပင်အဖြူရောင်နှင့် လူတစ်ယောက်က သူ့တို့အထက်မှ ဖြည်းညင်းစွာ ပေါ်လာခဲ့တော့သည်။ သူက နှေးကွေးဟန် ထင်ရသော်လည်း မျက်စိတစ်မှိတ် အတွင်း သူတို့ရှေ့ ဆယ်ပေအကွာသို့ ရောက်လာခဲ့လေ၏။
ချူးစစ်ပိုင်က ထိုလူကို ပြူးကြောင်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်း … ပဲ…”
ထိုလူက ဝမ်လင်းပင်။ သူက လီလို့ခေါ်သည့် တစ်ယောက်နှင့် မိန်းကလေးကို သိမ်းကျုံး ကြည့်လိုက်သည်။ ထို့နောက် သူက ချူးစစ်ပိုင်က ပြုံးတုံ့တုံ့ လုပ်၍ ကြည့်လိုက်၏။
“အစ်ကို ချူးက တကယ် သဘောကောင်းတာပဲ။ မင်းရဲ့ စဦးစိတ်ဝိညာဉ် အဆင့်နဲ့တောင် ဂျူနီယာနှစ်ယောက်နဲ့ ကစားနေသေးတယ်။ တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်…”
ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ သူတို့နှစ်ယောက်၏ မျက်နှာက နက်မှောင်လို့ သွားသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်လင်းကို လေးစားစွာ လက်သီးဆုပ်၍ ဂါဝရ ပြုလိုက်သည်။ ထို့နောက် သူတို့က နောက်သို့ ဖြည်းညင်းစွာ ဆုတ်၍ အကွာအဝေး တစ်ခုစီသို့ ပြေးတော့သည်။
ချူးစစ်ပိုင်က အေးစက်စွာ ပြုံးလိုက်သည်။ သူက သိုလှောင်အိတ်ထဲက ဗုံကို ထုတ်၍ တီးလိုက်ရာ အနက်ရောင် အမျှင်တန်း နှစ်ခုက ထိုနှစ်ယောက် နောက်သို့ လိုက်သွားတော့သည်။
အနက်ရောင် အမျှင်တန်းများက အလွန်မြန်လှ၏။ အနက်ရောင် အလင်းများက ဂျူနီယာ နှစ်ယောက်နား ရောက်ခါနီး အစိမ်းရောင် အလင်းတစ်ခုက ပေါ်ထွက်လာခဲ့သည်။ အစိမ်းရောင် အလင်းက ပျောက်ကွယ် သွားသည်နှင့် ထိုအနက်ရောင် အမျှင်တန်း နှစ်ခုကလည်း ပျောက်ကွယ်လို့ သွားတော့သည်။
ချူးစစ်ပိုင် အသွင်က ရုပ်ဆိုးလို့ သွား၏။ သူက ဝမ်လင်းက စိတ်ထဲကနေ မုန်းတီး လှသော်လည်း အသက်ဝဝရှူကာ ပြောလိုက်၏။
“ရောင်းရင်းကျင့်ကြံသူ … မတွေ့ရတာကြာပြီ …”
***