ဝမ်လင်းက လျှပ်စီးတစ်ခု အလား မြန်ဆန်စွာ ပျံသန်းသွားသည်။ သိပ်မကြာခင်မှာ သူက ရှေးဟောင်း တည်နေရာ ကူးပြောင်းရေး အစီအရင်သို့ ရောက်ရှိ လာခဲ့သည်။ သူက ထိုနေရာတွင် တိမ်ကောင်းကင် ကလန်သို့ ထွက်မလာခင် အတားအဆီး အစီအရင်များ ချန်ထားခဲ့၏။ ဝမ်လင်းက သည်နေရာ အနီးတစ်ဝိုက်ကို စစ်ဆေးလိုက်သည်။ ဘာမှ ပြောင်းလဲခြင်း မရှိသည်ကို တွေ့လိုက်မှ သူက အစီအရင်ထဲသို့ ဝင်ရောက်လိုက်၏။
သူ့ရှေ့ရှိ မြင်ကွင်းက မှိန်ဖျော့ဖျော့ ဖြစ်သွားပြီး သိပ်မကြာခင် ရှေးဟောင်း အတားအဆီးတစ်ခု ထွက်ပေါ် လာခဲ့တော့သည်။ ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်လိုက်၏။ ထို့နောက် သိုလှောင်အိတ်ထဲက အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ထည့်လိုက်သည်။ သိပ်မကြာခင်မှာ အစီအရင်က အသက်ဝင်လာပြီး အလင်းတန်းများ ထွက်ပေါ် လာခဲ့သည်။ တစ်ချိန်တည်းမှာ ဝမ်လင်းကလည်း ပျောက်ကွယ်လို့ သွားလေသည်။ အချိန်တစ်ခုကြာ ပြီးနောက်မှာတော့ အစီအရင်က အလင်းများ ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ နတ်ဆိုးပင်လယ်၏ ပျက်စီးနေသော မြေရိုင်းတစ်ခုတွင် မြေကြီးထဲမှ တုန်ခါသံများ ထွက်ပေါ်လာခဲ့၏။ ထိုတုန်ခါသံများ ပျောက်ကွယ် သွားသည့်အခိုက် ဝမ်လင်းက အေးစက်စက် အကြည့်နှင့်အတူ ထွက်ပေါ် လာခဲ့တော့သည်။
သူက သူ့ရှေ့ရှိ ရင်းနှီးသော မြင်ကွင်းကို ကြည့်၍ သက်ပြင်းချ လိုက်သည်။ သူက လေထဲသို့ ပျံတက်လိုက်ပြီး အရှေ့အရပ်သို့ လျင်မြန်စွာ ပျံသန်း သွားတော့၏။
ဝမ်လင်း၏ အခုပန်းတိုင်မှာ ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်၏ မြေပုံနှင့် ဟင်္သာပြဒါးဂြိုလ် မြေပုံကိ ရှာဖွေရန် ဖြစ်၏။ သူက ချူနိုင်ငံတွင် မြေပုံများစွာ စုဆောင်းခဲ့သော်လည်း ကျောက်နိုင်ငံကို ရှာဖွေရန်အတွက် မလုံလောက်ခဲ့ချေ။
သူက ထိုမြေပုံများကို လေ့လာ ကြည့်ပြီးနောက် ကျောက်နိုင်ငံက နတ်ဆိုးပင်လယ် အပြင်ဘက်မှာ ရှိလောက်သည်ကိုသာ ခန့်မှန်းနိုင်ခဲ့သည်။
သူက ပျံသန်း လာနေခိုက်မှာ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲ သွားသည်။ သူက မျက်မှောင်ကြုတ် မိလိုက်သည်။ သူက သူ့နတ်ဘုရား အာရုံကို အသုံပြ၍ သူ့သူငယ်ချင်းဟောင်းကို တွေ့လိုက် ရသောကြောင့်ပင်။
နတ်ဘုရား ပြစ်ဒဏ် ဖြစ်ပွားပြီးနောက် နတ်ဆိုး ပင်လယ်ထဲကို ဖုံးအုပ်နေသော မြူများက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့နောက် အနက်ရောင်မိုးများက နှစ်ပေါင်းများစွာ ရွာသွန်းပြီး နတ်ဆိုးပင်လယ် တစ်ခုလုံးတွင် ထိုအနက်ရောင် ပင်လယ်ရည်များကို မြင်တွေ့နေရသည်။
မြို့ပေါင်း ၉၉၉ ခုနှင့် နတ်ဆိုးပင်လယ်၏ နေရာအနှံ့တွင် စက်ဆုပ်ဖွယ် ကောင်းသော လူများစွာ နေထိုင်လျက် ရှိခဲ့သည်။ သူတို့ထဲက အများစုက မတူညီသော တိုင်းပြည်များမှ ဖြစ်ပြီး နတ်ဆိုးပင်လယ်တွင် ခိုလုံရာ လာရှာဖွေကြ သူများလည်း ဖြစ်သည်။
မြူများ ပျောက်ကွယ်သွားမှုက နတ်ဆိုး ပင်လယ်တွင် အဖြစ်အပျက် များစွာကို ဖြစ်ပွားစေခဲ့သည်။ ပထမဦးဆုံး အနေဖြင့် ရည်မှန်းချက်ရှိသော အဆင့်လေး တိုင်းပြည်များက နတ်ဆိုးပင်လယ်ကို မျက်စိကျခဲ့ ကြသည်။
တိုတောင်းသော အချိန်အတွင်းမှာ များစွာသော ကလန်များနှင့် မိသားစုများက သူတို့တပည့်များကို နတ်ဆိုး ပင်လယ်သို့ ပို့ဆောင်ခဲ့ကြသည်။
အနက်ရောင်မိုးများက နတ်ဆိုး ပင်လယ်တွင် လူမနေသင့်အောင် ပြုလုပ်နေသလို ဖြစ်သဖြင့် စွမ်းအားကောင်းသော ကျင့်ကြံသူ အချို့က ဖယ်ရှားပစ် ကြသေးသည်။ ထိုအရည်ထဲတွင် အဆိပ်တစ်မျိုး ပါဝင်နေခဲ့၏။ ထိုအဆိပ်က ဖျားနာမှုကို ဖြစ်စေနိုင်သည်။ ပုံမှန်ဆိုလျှင် ကျင့်ကြံသူများက ဖျားနာခြင်း မရှိကြပေ။ သို့သော် ထိုမိုးရေက အဆင့်နိမ့် ကျင့်ကြံသူ များစွာကို နှစ်အနည်းငယ်အတွင်း သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်နေခဲ့၏။
တဖြည်းဖြည်းနှင့် စွမ်းအားကောင်းသော ကျင့်ကြံသူ အချို့က စုဝေးပြီး ထိုအနက်ရောင်မိုးကို နတ်ဆိုးပင်လယ်မှ ဖယ်ရှား ပစ်နိုင်ခဲ့ကြသည်။ သို့ရာတွင် ထိုအတောအတွင်း၌ နတ်ဆိုးပင်လယ်ရှိ လူငယ်ကျင့်ကြံသူ မျိုးဆက်များက ကြီးစွာသော အန္တရာယ်များ ကြုံတွေ့ခဲ့ရလေ၏။
အနက်ရောင်မိုးက ကျင့်ကြံသူများ အတွက် အန္တရာယ် ရှိသော်လည်း နတ်ဆိုး ပင်လယ်ထဲရှိ သားရဲများအတွက်မူ အာဟာရ ဖြစ်သည်။ သားရဲများ အားလုံး၏ ခွန်အားများက ထိုမိုးကြောင့် ကြီးစွာ တိုးတက် လာခဲ့ရသည်။
အနက်ရောင်မိုးကြောင့် ကမောက်ကမ ဖြစ်မှုထက် သားရဲများကြောင့် ကမောက်ကမ ဖြစ်မှုက ပိုဆိုးခဲ့လေသည်။ အခု နတ်ဆိုးပင်လယ်ထဲရှိ မြို့များ၏ အပြင်ဘက်တွင် မည်သည့် ကျင့်ကြံသူကိုမျှ တွေ့ရှိရခြင်း မရှိတော့ချေ။
တစ်ချိန်တည်းမှာ အမဲလိုက်ခြင်းနှင့် သားရဲများ၏ အမြုတေများကို ရောင်းချသော အထူး အလုပ်သစ် တစ်ခုကလည်း ပေါ်လာခဲ့တော့သည်။ ကျင့်ကြံသူများက အုပ်စုများဖွဲ့၍ သားရဲများကို သတ်၍ ရှင်သန်ဖို့အတွက် ၎င်းတို့၏ အမြုတေများကို ရောင်းချကြလေသည်။
ယနေ့တွင် နတ်ဆိုးပင်လယ် အတွင်းဘက်မှာ ရှိသော ရွှမ်ဒီ မြို့အပြင်ဘက်၌ အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ တစ်ယောက်က မတ်တတ်ရပ်၍ အကွာအဝေး တစ်ခုကို ငေးမောလျက်ရှိ၏။ သူက ကြည့်ကောင်းလှသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်လေ၏။
အချိန်ကြာလာသောအခါ သူကမျက်မှောင် ကြုတ်လိုက်မိသည်။ သူက မြို့တံတိုင်းပေါ်မှ ဆင်းသက်လိုက်သည်။ သူက အောက်သို့ ရောက်သွားသည်နှင့် မြို့ထဲမှ လူနှစ်ယောက် လမ်းလျှောက် ထွက်လာခဲ့ကြသည်။ တစ်ယောက်က ယောက်ျား ဖြစ်ပြီး နောက်တစ်ယောက် ကတော့ အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ ယောက်ျားဖြစ်သူက ခါးနည်းနည်း ကုန်း၍ အဆက်မပြတ် ချောင်းဆိုးလျက် ရှိသည်။ သူ့ပုံစံက သေးသွယ်လှပြီး လမ်းပင်မလျှောက်နိုင်သည့် ပုံဖြစ်နေသည်။
သူ့ဘေးရှိ အမျိုးသမီးကတော့ သူနှင့် ဆန့်ကျင်ဘက်ပင်။ သူမက လှပသည် သာမက ထက်မြက်မည့်ဟန်လည်း ရှိနေသည်။
သူတို့နှစ်ယောက်လုံးက အပြာရောင် ဝတ်စုံများ ဝတ်ဆင်ထားကြ၏။ သူတို့နှစ်ယောက်က ကလန်တစ်ခုတည်းမှ လာခဲ့သည့်ပုံပင်။
ထိုနှစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ် ထားသည်ကို ဖြေလျော့လိုက်သည်။ သူက ပြောလိုက်၏။
“တစ်ခုခု ဖြစ်ခဲ့တာလား …”
မိန်းကလေးဖြစ်သူက နှာခေါင်း ရှုံ့လိုက်သည်။ သူမ သူ့ဘေးမှာ ရှိသော နေမကောင်း ဖြစ်ဟန်ရနေသည့် လူကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။
“သူ့ကြောင့်ပေါ့ …။ ငါက သားရဲအမြုတေ ဝယ်ဖို့ ဆိုင်တစ်ဆိုင် တွေ့ပြီးသွားပြီ။ ဒါပေမဲ့ သူက ချာထူးလံ ဓားအိမ်တစ်ခုနဲ့ လဲလှယ်ခဲ့တယ်လေ…”
သက်လတ်ပိုင်း လူကြီးက အံ့အားသင့်မိ သွားသည်။ သူက နေမကောင်းသည့်ပုံနှင့် တူသည့် လူကို မေးလိုက်သည်။
“အစ်ကိုလီ… ဘယ်လို ဓားအိမ်မျိုးမို့လဲ။ ငါ့ကြည့်ခွင့်ရှိမလား…”
လီက အနည်းငယ် ပြုံးလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲ၌ ဓားအိမ်တစ်ခု ရောက်လာခဲ့သည်။ သူက ပြောလိုက်၏။
“ငါက ဒီဓားအိမ်က အရမ်း ထူးဆန်းနေတာကို တွေ့ခဲ့တယ်။ ဒီထဲမှာ ထူးခြားတဲ့ အရှိန်အဝါ တစ်ခုခု ပါနေတယ်လို့ ငါခံစားမိတယ်။ ဒါ့ကြောင့် ငါဝယ်လာခဲ့တာပဲ။ မေ့လိုက်ပါတော့။ နောက်တစ်ခေါက် ငါရမဲ့ အကျိုးအမြတ်ထဲက ဒီဓားတန်ဖိုးကို နုတ်လိုက်ပါ …”
မိန်းကလေးက တစ်ခါထပ်၍ နှာခေါင်းရှုံ့ လိုက်ပြန်သည်။ သူက ဓားအိမ်ကို ကြည့်၍ တိုးတိုးတိုးတိုး ပြောလိုက်သည်။
“ဘယ်လိုလုပ်ဒီလို ဓားအိမ် အစုတ်အပြတ်က အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲ အမြုတေ ကျခံခဲ့ရတာလဲ …”
သက်လတ်ပိုင်း လူကြီး၏ နာမည်က ချူဖြစ်သည်။ သူက လက်ရမ်းလိုက်ရာ ဓားအိမ်က သူ့လက်ထဲသို့ ရောက်လာခဲ့သည်။ သူက ဓားအိမ်ကို သေချာကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီဓားအိမ်က တကယ် ထူးဆန်းတယ်။ အစ်ကိုလီ ထင်တာ လုံးဝ မမှားလောက်ဘူး…” သူက ထိုသို့ ပြောပြီးနောက် ဓားအိမ်ကို ပြန်ပေးလိုက်သည်။
မိန်းကလေးက သက်လတ်ပိုင်း လူကြီးကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။
“ကောင်းပြီလေ… အခုတော့ သွားကြစို့။ အစ်ကိုချူး … ခြေသည်း ရှစ်ခုသားရဲကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲကို ငါသေချာ သိချင်တယ်…”
ချူးလို့ခေါ်သည့် လူကြီးက ပြုံး၍ ခေါင်းညိတ် ပြလိုက်သည်။
သူက သူ့သိုလှောင်အိတ်ထဲက အစိမ်းရောင် လှေတစ်စင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ထိုလှေကို လေပေါ် ပစ်တင်လိုက်ပြီး သူက လှေပေါ်သို့ ခုန်တက်ကာ ထိုင်ချလိုက်သည်။ အခြားနှစ်ယောက်ကလည်း သူ့နောက်မှ လိုက်ခုန်တက်၍ လှေပေါ်တွင် ထိုင်လိုက်ကြသည်။
လှေ၏ အမြန်နှုန်းက အလွန် မြန်ဆန်လှ၏။ ၎င်းလှေက သူသွားရာ လမ်းကြောင်းတွင် သက်တန့်များ ဖြစ်ပေါ်သွားစေပြီး အကွာအဝေး တစ်ခုသို့ ပျောက်ကွယ် သွားတော့သည်။
***