Switch Mode

အပိုင်း(၂၅၉)

နေခဲ့ခြင်း

စုန်ချင်က ချွေးများဖြင့် ရွှဲနစ်လို့ နေသည်။ သူ့စိတ်ထဲတွင်လည်း ဟာလာဟင်းလင်းကြီး ဖြစ်နေပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေ၏။ လိုင်ဖန်ကတော့ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်လို့ နေသည်။ ကလန်၏ ဘိုးဘေးများက ဝမ်လင်းကို ထိန်းချုပ်မရ ဖြစ်သွားမည်လို့ သူက မျှော်လင့်ထားခြင်း မရှိပေ။ တိမ်ကောင်းကင် ကလန်၏ ဆရာသခင်များက အမှန်တကယ် ပြောင်းလဲသွားမည်လား။

ဝမ်လင်းက စိတ်ဝိညာဉ်သွေးကို ရရှိပြီးနောက် သူက စုန်ချင်နှင့် လိုင်ဖန်တို့ကို ကြည့်၍ ပြောလိုက်သည်။

“အမြုတေ ဖွဲ့တည်ခြင်း အဆင့်တွေ အားလုံးရဲ့ စိတ်ဝိညာဉ်သွေး တွေကို ငါ့လက်ထဲအပ်ပါ။ တစ်ခုမှ ချန်မထားနဲ့ …”

စုန်ချင်က တုန်ရင်သွားပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သည့်နောက် သူ့ စိတ်ဝိညာဉ်သွေးကို အလျင်အမြန် အရင်ထုတ် ပေးလိုက်၏။ လိုင်ဖန်နှင့် အခြား နှစ်ယောက်ကလည်း သူတို့၏ စိတ်ဝိညာဉ်သွေးများကို မြန်ဆန်စွာ ထုတ်ပေးလိုက်ကြ၏။

နောက်ဆုံးတွင် ဝမ်လင်းက အခြားကလန်များ၏ ကျင့်ကြံသူများကို ကြည့်လိုက်၏။ သူ့မျက်လုံးများက အေးစက်သွားပြီး ပြောလိုက်သည်။

“မင်းတို့ အားလုံးကို မမြင်ချင်တော့ဘူး …”

ထိုအခါကြမှ လူတိုင်းက သက်သာရာ ရသွားပြီး သက်ပြင်း ချလိုက်မိကြ၏။ သူတို့က အလျင်အမြန် နှုတ်ဆက်ပြီး တိမ်ကောင်းကင်ကလန်မှ ခပ်သုတ်သုတ် ထွက်ခွာ သွားကြသည်။

ဝမ်လင်း အမူအရာက တည်ငြိမ်လျက် ရှိသည်။ သူက လီမူဝမ်ကို ထွေးပိုက်လိုက်ပြီး တောင်ဘက် ခြံဝင်းထဲသို့ လျင်မြန်စွာ ထွက်ခွာသွားသည်။ အသက်ရှူချိန် အနည်းငယ် အတွင်း သူတို့နှစ်ယောက်က တောင်ဘက်ခြံထဲသို့ ရောက်သွားပြီး လီမူဝမ်အိမ်ထဲသို့ ဝင်ရောက်လိုက်သည်။ လီမူဝမ်က စကားပြောမလို လုပ်လိုက်စဉ်မှာ ဝမ်လင်းမျက်နှာက ဖြူဖျော့လို့ သွားတော့သည်။ သူက ချောင်းဆိုးပြီး ပါးစပ် အပြည့်သွေးများ အန်ထုတ် လိုက်ရသည်။ သူ့ကိုယ်သူလည်း ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ တုန်ခါလို့နေ၏။

လီမူဝမ်က တုန်လှုပ်လို့သွား၏။ ဝမ်လင်းက အသက်မနည်း ရှူကာ ခပ်မြန်မြန် ပြောလိုက်သည်။

“ငါ … ရက်အနည်းငယ် တံခါးပိတ် လေ့ကျင့်ရမယ်။ ဝမ်အာ … ကျေးဇူးပြုပြီး ငါ့ကို စောင့်ရှောက်နေပေးပါ …”

ထိုသို့ ပြောပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ် သွားတော့သည်။ ထို့နောက်သူက လီမူဝမ် အခန်းထဲ၌ ပြန်ပေါ်လာခဲ့သည်။ သူက အခန်းထဲသို့ ဝင်လိုက်ပြီးနောက် ကောင်းကင်ဘုံ ဆန့်ကျင့်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက် လိုက်တော့သည်။

ပုတီးစေ့ထဲတွင် သူက ခြေချိတ်ထိုင် လိုက်သည်။ သူ့မျက်နှာက သွေးရောင်ပင် မရှိတော့ချေ။ သူက မျက်လုံးပိတ်ကာ စတင် လေ့ကျင့်တော့သည်။ တကယ့်တော့ ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခြင်း မရှိပေ။

လွန်ခဲ့သော ရက် နှစ်ဆယ်က သူ့ကိုယ်ပွားက အဆင့် (၆) ဆေးလုံးကို သုံးစွဲပြီးနောက် စဦးစိတ်ဝိညာဉ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ သူက ထိုအချိန်ထိ မည်သည့် ပြဿနာမျှ မရှိသေးဘူး။ သို့ရာတွင် သူ့ကိုယ်ပွားက မူရင်း ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်လိုက်သည့် အခိုက် ပြဿနာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက မူရင်းခန္ဓာကိုယ်ဖြင့် ပေါင်းစပ်နေသည့် နောက်ဆုံးဖြစ်စဉ် အတွင်း၌ ဝမ်လင်းက သူ့မူရင်း ခန္ဓာကိုယ်ကို စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိအောင် မပြုလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူ့ကိုယ်ပွားကို ချုံ့၍ သူ့ဒန်ထျန် ထဲတွင် အစားသွင်း၍ အထိုင်ကျအောင် ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းက သူ့မူရင်း ခန္ဓာကိုယ်ကို စဦးစိတ်ဝိညာဉ် အဆင့်သို့ ယာယီ ရောက်ရှိ သွားစေခဲ့သည်။ သူ့ ဂျိနယ်ပယ် စွမ်းအင်ကိုလည်း စဦးစိတ်ဝိညာဉ် အဆင့်သို့ တိုးမြင့်သွားစေ၏။သို့သော် ထိုအဖြစ်က ကြာရှည်မည် မဟုတ်ချေ။ သူက ဂျိနယ်ပယ်ကို အသုံးပြုလိုက်တိုင်း သူ့ကိုယ်ပွား၏ စဦးစိတ်ဝိညာဉ် စွမ်းအင်များစွာနှင့် နတ်ဘုရား အာရုံစွမ်းအင်ကို အသုံးပြုခဲ့ရသည်။

ထိုသို့သော နည်းဖြင့် စဦးစိတ်ဝိညာဉ် စွမ်းအားများကို အသုံးပြုခြင်းက သူ့ကိုယ် ဒဏ်ရာများစွာ ရစေခဲ့သည်။အခု ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲတွင် သူက ဆေးလုံးမြောက်များစွာကို သုံးစွဲပြီး နောက်မှာတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ဝမ်လင်း ပြန်ကောင်းလာမှုက ခုနစ်ရက် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် အပြင်ဘက်တွင်မူ တစ်ရက်ခန့်သာ ကြာသေးလေသည်။

သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲမှ ထွက်လာပြီးနောက် သူ့မျက်လုံးများက တောက်ပလို့ နေခဲ့သည်။ သူ့ဂျိနယ်ပယ်က ထူးဆန်းသော ရတနာတစ်ခုအလား တည်ရှိနေခဲ့သော်လည်း သူက နောက်ဆုံးတွင်တော့ စဦးစိတ်ဝိညာဉ် အဆင့်သို့ စစ်မှန်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခု ကျောက်နိုင်ငံကို ပြန်၍ လက်စားချေရန် အချိန် ရောက်လာခဲ့ပြီ ဖြစ်လေ၏။

သူက အခန်းထဲသို့ ပြန်ပေါ်လာသည်နှင့် လီမူဝမ်က တံခါးဖွင့်၍ ဝင်လာခဲ့သည်။ သူမက သူ့ဘေးမှာ ရပ်၍ ခပ်တိုးတိုး မေးလိုက်သည်။

“ ပြန်ကောင်းသွားပြီလား …”

ဝမ်လင်းက လီမူဝမ်ကို ကြင်နာစွာ ကြည့်လိုက်သည်။ သူက လီမူဝမ် ဆံပင်လေးကို ညင်သာစွာ ပွတ်သတ်လိုက်ပြီး ပြောလိုက်၏။

“ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး …”

လီမူဝမ်က ဝမ်လင်းကို စိုးရိမ်စွာ ကြည့်၍ ဆက်မေးလိုက် ပြန်သည်။

“အစ်ကို … အမှန်တိုင်း သိချင်တယ်။ အစ်ကိုနဲ့ ပတ်သက်လို့ အရာအားလုံးကို သိချင်တယ်။ ငါ့ကို ပြောပြလို့ အဆင်ပြေတယ်မလား …”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက လီမူဝမ်ကို ကြည့်လိုက်ရာ သူမမျက်လုံးထဲတွင် အလေးအနက် ဖြစ်ဟန် များကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း ပြောပြလိုက်၏။

“အဆင်ပြေပါတယ်။ ညီမက အနှေးနဲ့ အမြန် သိလာမှာပါ။ အစ်ကိုက ဟိုဖန်နိုင်ငံက မဟုတ်ဘူး။ တကယ်တော့ အစ်ကိုက ဒီနေရာရဲ့ အဝေးမှာရှိတဲ့ အဆင့်သုံး ကျောက်နိုင်ငံမှာ မွေးဖွားခဲ့တာပဲ …”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် သူကျောက်နိုင်ငံမှာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် အခုလက်ရှိ သူ့ခန္ဓာကိုယ် အကြောင်းကို ပြောပြလိုက်သည်။

လီမူဝမ် မျက်လုံးများက မသိလိုက် မသိဘာသာ နီရဲလာခဲ့သည်။ သူမက ဝမ်လင်းတွင် ထိုကဲ့သို့ ပုံပြင်တစ်ခု ရှိခဲ့မှန်း ဘယ်တုန်းကမှ မခန့်မှန်းနိုင်ခဲ့ချေ။

အချိန်တစ်ခု ကြာပြီးနောက် လီမူဝမ်က အောက်နှုတ်ခမ်းကို ကိုက်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“အခုအစ်ကိုက ကျောက်နိုင်ငံကို ပြန်တော့မှာလား …”

ဝမ်လင်း မျက်လုံးထဲတွင် အေးစက်မှု တချို့ ဖြတ်ပြေးသွားသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏။

“အစ်ကို ပြန်ရမယ်။ ပြီးရင် ထျန်မိသားစုရဲ့ သွေးတွေကို မြစ်တစ်ခုလို စီးဆင်းအောင် လုပ်ပစ်မယ်။ ညီမက အစ်ကိုနဲ့ လိုက်လာခဲ့ …”

လီမူဝမ်က မျက်မှောင်ကြုတ်မိ သွားသည်။ သူမက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ အစ်ကိုက ဂျိနယ်ပယ်ကို အသုံးပြုတဲ့ အချိန်တိုင်း စဦးစိတ်ဝိညာဉ် များစွာကို အသုံးပြုရတယ်။ ဒါက ရည်ရှည်အတွက် အဖြေ မဟုတ်ဘူး …”

ထို့နောက် သူမက ဆုံဖြတ်ထားသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည်။ ညီမ တိမ်ကောင်းကင်ကလန်မှာပဲ နေခဲ့မယ်။ ဒီမှာက ဆေးလုံး ပြုလုပ်ဖို့နဲ့ ဆေးပညာအတွက် သင့်တော်တယ်။ ညီမက အဆင့် (၆) ဆေးလုံး ဖော်စပ်နိုင်ခဲ့မယ် ဆိုရင် အစ်ကို့ အခြေအနေကို အများကြီး ကူညီနိုင်လိမ့်မယ်။

ဝမ်လင်းက တိတ်ဆိတ်လို့ သွားသည်။ သူက လီမူဝမ်ကို ကြည့်၍ မေးလိုက်၏။

“ညီမ … သေချာလား …”

လီမူဝမ်က အလေးအနက် ခေါင်းညိတ်လိုက် ပြလိုက်သည်။ သူက ပြုံး၍ ဆက်ပြောလိုက်သည်။

“စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူတွေရဲ့ စိတ်ဝိညာဉ်သွေးတွေ ရှိနေတဲ့အတွက် သူတို့ ဘာမှ တက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အစ်ကိုက ညီမ လုံခြုံရေးအတွက် သိပ်စိတ်ပူစရာ မလိုပါဘူး။ ဝမ်အာက တိမ်ကောင်းကင် ကလန်မှာ အချိန်အကြာကြီး နေခဲ့ပြီးပြီ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် နိုင်ပါတယ်။ ညီမ တိမ်ကောင်းကင် ကလန်မှာပဲ နေခဲ့မယ် ဆိုတာ အစ်ကို့အတွက် ဆေးလုံး ဖော်စပ်ဖို့ပါ …”

ဝမ်လင်းက လီမူဝမ်ကို မျက်မှောင်ကြုတ်၍ ဆက်မေးလိုက်သည်။

“အဆင့်လေး နိုင်ငံတွေ လာမယ် ဆိုရင်ရော ညီမ ဘယ်လိုလုပ်မလဲ …”

လီမူဝမ်က ပြုံးကာ ပြန်ဖြေလိုက်ပြန်သည်။

“အဆင့်လေး နိုင်ငံက တိမ်ကောင်းကင် ကလန်ကို ဂရုမစိုက်ပါဘူး။ ညီမတို့က သူတို့ကို ဆေးလုံးတွေ ပေးနေဦးမယ် ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး …”

ဝမ်လင်းက အသက်ဝဝ ရှူလိုက်သည်။ သူက ဆုံးဖြတ်ချက် မပြတ်သားသူ တစ်ယောက် မဟုတ်ပေ။ လီမူဝမ်က အခုလို ဆုံးဖြတ်ပြီး ဖြစ်သည့်အတွက် သူက သူမစိတ်ကို ထပ်၍ မပြောင်းလဲလိုတော့ပေ။ ထို့နောက် သူက အနည်းငယ် စဉ်းစားလိုက်၍ ဒုတိယ မကောင်းဆိုးဝါးကို ထုတ်ဖော်လိုက်သည်။ ဒုတိယ မကောင်းဆိုးဝါးက ဝမ်လင်းကို လေးစားစွာ ဦးညွှတ်လိုက်၏။ သူ့မျက်လုံးထဲ၌လည်း လေးစားမှုများ ပြည့်လျက် ရှိနေသည်။

ဝမ်လင်းမျက်လုံးက မြင့်တက်သွားသည်။ သူကပြောလိုက်၏။

“အခုက စပြီး မင်းက လီမူဝမ် အနားမှာပဲ အမြဲနေရမယ်။ ဒါကို မမေ့ပါနဲ့ …”

ဒုတိယ မကောင်းဆိုးဝါးက လီမူဝမ်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ သည့်နောက် သူက အနက်ရောင် အလင်းတန်း အသွင် ပြောင်းသွားပြီး လီမူဝမ် မျက်ခုံး နှစ်ခုကြားထဲတွင် ပျောက်ကွယ်လို့ သွားလေ၏။

လီမူဝမ်က မှင်တက်သွားသည်။ သူမက ရုတ်တရက် မကောင်းဆိုးဝါးနှင့် ပတ်သက်၍ အလွန် သိချင်မိသွား၏။ သူက ဒုတိယ မကောင်းဆိုးဝါး အကြောင်း တွေးလိုက်သည်နှင့် မကောင်းဆိုးဝါးက သူမမျက်ခုံး နှစ်ခုကြားမှ ထွက်လာခဲ့တော့သည်။ သူမက သည်မကောင်းဆိုးဝါးကို နှစ်သက် သွားမိလေသည်။

ဝမ်လင်းက အခုထိ ပူပန်နေတုန်းပင်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအားကောင်းသော အတားအဆီး အလံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက ထိုအလံကို လီမူဝမ်ကို ကမ်းပေးကာ ပြောလိုက်သည်။ ညီမက ဒီရတနာကို အသုံးပြုမယ် ဆိုရင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နဲ့ တွေ့ခဲ့မယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်။ အန္တရာယ် တစ်ခုခု ကြုံလာခဲ့ရင် အစ်ကိုက မကောင်းဆိုးဝါးနဲ့ ဆက်သွယ်ပြီး သိနိုင်လိမ့်မယ်။ တစ်ခုခုဖြစ်ခဲ့ရင် အစ်ကို အမြန်ဆုံး ပြန်လာမှာပါ …”

လီမူဝမ်က ဝမ်လင်းကို ကြည့်လိုက်သည်။ သူမက ထိုအရာကို မငြင်းပယ်ခဲ့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset