ဒေါင်… ဒေါင်…
ကျောင်းသားသစ်တွေ လေ့ကျင့်ရေးကွင်းထဲမှာ ပိုပိုပြီးစုဝေးရောက်ရှိလာကြသကဲ့သို့ မြင့်မားတဲ့စင်မြင်တစ်ခုပေါ်မှ ကျယ်လောင်တဲ့အသံတစ်ခုက လွင့်ပျံလာခဲ့သည်။ လူတိုင်းသူတို့ရဲ့ ခေါင်းတွေကိုမော့ကြည့်လိုက်သည့်အခါ စာမေးပွဲကြီးကြပ်သူတစ်ယောက် ရပ်နေတာကို မြင်လိုက်ကြရသည်။
“ဒီကျောင်းသားသစ်စာမေးပွဲအတွက် မင်းတို့ရဲ့ပြိုင်ဘက်တွေကို ဒီရေးဆွဲထားတဲ့ကတ်ပြားတွေနဲ့ ဆုံးဖြတ်ပေးလိမ့်မယ်… လူတိုင်းရှေ့ကိုလာပြီးတော့ မင်းတို့ရဲ့ကတ်ပြားတွေကိုလာယူကြ… နံပါတ်တူတဲ့သူအချင်းချင်းက တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ကြရလိမ့်မယ်…” စာမေးပွဲကြီးကြပ်သူရဲ့ စွမ်အားပြည့်ဝတဲ့အသံက ကွင်းပြင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
အဲ့ဒီနောက်မှာ များစွာသောကျောင်းသားသစ်တွေက ရှေ့ကိုလျှောက်သွားလိုက်ကြပြီး သူ့တို့ရဲ့ကတ်တွေကို ယူလိုက်ကြကာ နေရာတစ်ခုလုံးက ချက်ချင်းဆိုသလို ပျာပန်းခပ်မျှလှုပ်ရှားသွားခဲ့ကြသည်။
တော်ဝင်ဇူကျောင်းတော်ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေက ကွင်းပြင်အနောက်ဘက်တွင်ရှိသည့် ပွဲကြည့်စင်ပေါ်မှာ စုဝေးရောက်ရှိနေခဲ့ကြပြီး အလယ်တည့်တည့်မှာထိုင်နေသူက လက်ရှိကျောင်းအုပ်ဖြစ်သူ ချူထျန်းယန်ပင်ဖြစ်သည်။
သူ့ရဲ့ဘေးမှာတော့ ခရမ်းရောင်ဝတ်စုံဝတ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ရှိနေပေသည်။ ထိုအမျိုးသားရဲ့မျက်နှာက ပိန်ပိန်ပါးပါးနှင့် မျက်လုံးတွေက နက်ရှိုင်းနေတဲ့မျက်လုံးတစ်စုံနဲ့ သူ့ရဲ့ပုံစံက တင်းမာခက်ထန်နေပေသည်။ သူကလက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် ထိုင်ခုံပေါ်မှာကျောမှီ၍ ခံစားချက်ကင်းမဲ့စွာဖြင့် ထိုင်နေလျက်ရှိသည်။
ထိုပုဂ္ဂိုလ်က လက်ရှိတော်ဝင်ဇူကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်လည်းဖြစ် ဒုတိယအတန်းရဲ့ကြီးကြပ်သူတစ်ယောက်လည်းဖြစ်တဲ့ ရှုဟောင်ပင်။
ရှုဟောင်က ကွင်းပြင်ထဲကို ကြည့်လိုက်ရင်းမှ ပြုံး၍ပြောသည်… “ကျောင်းအုပ်ချူ ခင်ဗျားရဲ့ပါရမီရှင်အတန်းက ဒီတစ်ကြိမ်မှာ အဆင့် ၁၁ နဲ့အောက်ပိုင်းကိုပဲ ရွေးချယ်နိုင်လိမ့်မှာကို ကျုပ်တော့စိုးရိမ်မိတယ်…”
ချူထျန်းယန်က ခံစားချက်ကင်းမဲ့စွာနဲ့ ထိုင်နေလျက်ပင်ရှိသေးသည်။ သူကလည်းပုံမှန်အားဖြင့် ယခုကျောင်းသားသစ်တွေထဲက ထူးချွန်သည့်ကျောင်းသားအများစုဟာ ချီယွဲ့ရဲ့သွေးဆောင်မှုကို လက်ခံခဲ့ပြီး ကျောင်းသားသစ်စာမေးပွဲပြီးဆုံးသည့်အခါ ဒုတိယအတန်းကို ဝင်ရောက်ကြလိမ့်မည်ဆိုတာကို သူသိပေသည်။
ချူထျန်းယန်က အေးစက်စွာ ပြန်ပြောသည်… “လက်ထောက်ကျောင်းအုပ်ရှု ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတာက ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ဘူးနော်…”
ရှုဟောင်က ချူထျန်းယန်ရဲ့ ဒေါသတကြီးပြန်ပြောခဲ့တာကို စိတ်ထဲမထားခဲ့သလို သူ့ရဲ့နှုတ်ခမ်းမှာလည်း လှောင်ပြောင်တဲ့အပြုံးတစ်ခုက ထင်ဟပ်လာခဲ့သည်။ သူ့ရဲ့ ဒုတိယအတန်းက လွန်ခဲ့နှစ်နှစ်စလုံးကို အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပထမနေရာကို ရယူနိုင်ခဲ့သည်။ တကယ်လို့ သူတို့သာ ဒီနှစ်မှာပထမနေရာကို ဆက်လက်ရယူနိုင်ခဲ့မယ်ဆိုရင် ကျောင်းတော်ရဲ့စည်းမျဉ်းအရ သူကကျောင်းအုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပေလိမ့်မည်။
ဒီလိုမျိုးသာ ဖြစ်လာခဲ့မယ်ဆိုရင် တော်ဝင်ဇူကျောင်းတော်ရဲ့ ကျောင်းအုပ်အသစ်က သူဆိုတဲ့ ရှုဟောင်သာလျှင် ဖြစ်ရပေမည်။
ပတ်ဝန်းကျင်မှာရှိတဲ့ တခြားအတန်းတွေရဲ့ဆရာတွေက ဒီကွဲပြားနေတဲ့အဖွဲ့နှစ်ဖွဲ့ကို တိတ်တဆိတ်ပဲ စောင့်ကြည့်နေခဲ့ကြသည်။ ကျောင်းအုပ်နေရာအတွက်ပြိုင်ပွဲက ဇူအင်ပါယာတော်ဝင်ကလန်နှင့် ချီအိမ်တော်အကြားက တိုက်ပွဲတစ်ခုဖြစ်သည်ကို သူတို့နားလည်ထားကြသည်။
ချူထျန်းယန်က ရှုဟောင်ကြောင့် လွန်စွာဒေါသထွက်နေခဲ့ရပေမဲ့လည်း သူ့အနေနဲ့ ဘာတစ်ခုမျှလုပ်နိုင်စွမ်းမရှိပေ။ ချီယွဲ့လိုမျိုး ကျောင်းသားတွေကို ဆွဲဆောင်နိုင်ဖို့ အသုံးပြုခဲ့တဲ့အရာတွေက သူတောင်မှယှဉ်နိုင်စွမ်းမရှိခဲ့ချေ။
“အခုအချိန်မှာ ငါမျှော်လင့်လို့ရတဲ့ တစ်ခုတည်းသောအရာက စုယုဝေကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ပဲ… သူမကအလွန်ပါရမီရှိတယ်… တကယ်လို့သူမကသာ ပါရမီရှင်အတန်းကို ဝင်ရောက်လာခဲ့မယ်ဆိုရင် သေချာပြုစုပျိုးထောင်ပေးရမယ်… ဒီလိုမှပဲ အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ချီယွဲ့နဲ့ယှဉ်ပြိုင်နိုင်ဖို့ သူမအတွက် အခွင့်အရေးရှိလာနိုင်လိမ့်မယ်…”
ချူထျန်းယန် သူရဲ့နှလုံးသားထဲမှာ သက်ပြင်းကျိတ်ချလိုက်မိသည်။ ခဏအကြာမှာ သူ့ရဲ့အကြည့်က ရုတ်တရက် ဇူယွမ်ရှိနေတဲ့နေရာကို လျင်မြန်စွာရောက်ရှိသွားခဲ့သလို သူ့ရဲ့မျက်လုံးထဲမှာလည်း စိုးရိမ်မှုအချို့ရှိနေရပေသည်။ ဇူယွမ်အနေနဲ့ ခုချိန်မှာ သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ဖွင့်ထားနိုင်ခဲ့ပြီးပြီဆိုတာကို ချူထျန်းယန်သိနေခဲ့ရပေမဲ့လည်း ဒါကအချိန်အားဖြင့် တစ်လသာရှိသေးသည်။ ဇူယွမ်ရဲ့ပါရမီက စုယုဝေအောက်လျော့နည်းခြင်းမရှိဘူးဆိုရင်တောင်မှပဲ သူ့အနေနဲ့ ဝင်ပေါက်တစ်ခုကိုသာ ဖွင်ထားနိုင်ရုံလောက်သာ ရှိပေလိမ့်ဦးမည်။
ဒီလိုခွန်အားနဲ့ဆိုရင်တော့ ထိပ်ဆုံးဆယ်နေရာအတွက်က မေးခွန်းထုတ်စရာမလိုလောက်အောင် လွဲချော်သွားရလိမ့်မည်ဖြစ်ပြီး ဒီနေ့မှာပြိုင်ပွဲအနည်းငယ်ကိုတောင်မှ အနိုင်ရနိုင်လိမ့်မည်မဟုတ်ပေ။
ဇူယွမ်က ဇူအင်ပါယာက မင်းသားတစ်ယောက်ဖြစ်သလို သူ့ရဲ့ဒီလိုမြင့်မြတ်တဲ့အဆင့်အတန်းက သေချာပေါက်ကို တခြားလူတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဒါ့ကြောင့်ပဲ သူသာဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့မယ်ဆိုရင် တော်ဝင်ဇူကလန်ရဲ့ ဂုဏ်သတင်းကလည်း အလုံးစုံပျက်စီးသွားရပေလိမ့်မည်။
ချူထျန်းယန် သူ့ခေါင်းကို ခါယမ်းလိုက်မိပြီး သူ့ရဲ့နှလုံးသားထဲကနေ တိတ်တခိုးရေရွတ်နေခဲ့မိသည်… “မင်းသားလေး ပြိုင်ပွဲအနည်းငယ်လောက်ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ရမှာပဲ…”
တစ်ချိန်တည်းမှာပင် ဇူယွမ်နဲ့ စုယုဝေတို့က လေ့ကျင့်ရေးကွင်းထဲမှာ သူတို့ရဲ့ကတ်ပြားတွေကို ယူခဲ့လိုက်သည်။ ဇူယွမ်ရဲ့ နံပါတ်က ၁၈ ဖြစ်သလို စုယုဝေက နံပါတ် ၄၇ ကိုရရှိခဲ့သည်။
“ငါတို့နှစ်ယောက် နံပါတ်အတူတူမကျတာ ကျေးဇူးတင်ရမယ်…” ဇူယွမ်က နံပါတ်တွေကို မြင်လိုက်ရတဲ့အခါ ရယ်မော၍ပြောလိုက်သည်။
စုယုဝေကလည်း ညင်သာစွာရယ်မောမိလိုက်ပြီး အလေးအနက်ထားတဲ့ပုံစံဖြင့်ပြောသည်… “တကယ်လို့ ငါတို့သာရင်ဆိုင်တွေ့ခဲ့ရင် ငါနင့်ကို အလျှော့ပေးမှာမဟုတ်ဘူးနော်…”
ဇူယွမ် သူ့ရဲ့မျက်လုံးတွေနဲ့ကြည့်၍သာ ပြန်ပြီးတုန့်ပြန်နိုင်ခဲ့သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပဲ ပြိုင်ပွဲစင်မြင့်တစ်ခုစီအလိုက် ဒိုင်လူကြီးတွေရောက်ရှိလာခဲ့ကြပြီး ကျယ်လောင်တဲ့ခေါ်သံတွေကို ကြားလိုက်ကြရသည်။
“နံပါတ်တစ်… ချင်ရ နဲ့ လျှိုယင်း…”
“နံပါတ်နှစ်… ချန်းယု နဲ့ ဇောင်ချင်းရှန်…”
“…”
ငယ်ရွယ်ပြီးသန်စွမ်းတဲ့လူရိပ်တွေက ယှဉ်ပြိုင်းကွင်းတွေပေါ်မှာ ထွက်ပေါ်လာခဲ့သလို လေ့ကျင့်ရေးကွင်းတစ်ခုလုံးကလည်း စတင်ပြီးဆူညံလာခဲ့သည်။ စင်မြင့်တစ်ခုစီရဲ့ပတ်ပတ်လည်မှာ များစွာသောလူငယ်လေးတွေနဲ့ မိန်းခလေးတွေ ဝိုင်းရံလျက် အော်ဟစ်အားပေးနေကြတဲ့အသံတွေကို ကြားလိုက်ရသည်။
ဇူယွမ်နဲ့ စုယုဝေတို့နှစ်ယောက်က အော်ဟစ်နေကြတဲ့ကြားထဲမှာ ပါဝင်ခြင်းမရှိဘဲ အဝေးကနေသာကြည့်နေခဲ့ကြသည်။
အချိန်တွေက လျင်မြန်စွာကုန်ဆုံးသွားခဲ့သလို ယှဉ်ပြိုင်ကွင်းတွေအပေါ်က တိုက်ပွဲတွေကလည်း တဖြည်းဖြည်းနဲ့ ပြီးဆုံးသွားခဲ့ကြသည်။ အနိုင်ရရှိခဲ့သူတွေက ပျော်ရွှင်ခဲ့ရသလို ရှုံးနိမ့်ခဲ့ရသူတွေကလည်း စိတ်ပျက်အားလျော့စွာနဲ့ သူတို့ရဲ့ခေါင်းတွေက အောက်ကိုစိုက်ကျနေခဲ့ကြသည်။
သို့ပေမဲ့လည်း ယှဉ်ပြိုင်ပွဲတွေက လူတစ်ယောက်ရှုံးနိမ့်သွားသည်နှင့် ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် ယှဉ်ပြိုင်ကွင်းတိုင်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပေါ်နေသလို ဇူယွမ်ရဲ့အလှည့်ကလည်း လျင်မြန်စွာပဲရောက်ရှိလို့လာခဲ့သည်။
“နံပါတ် ၁၈… ဇူယွမ်နဲ့ ပိုင်ယွန်…”
ဒီအော်သံကိုကြားလိုက်ရသည့်အခါ လူငယ်များစွာရဲ့ နှလုံးတွေ ပြင်းပြင်ထန်ထန်ခုန်သွားခဲ့ရသလို နေရာအနှံက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဒါက တော်ဝင်ဇူကျောင်းတော်ထဲမှာရှိတဲ့လူတိုင်းက ဇူယွမ်ရဲ့အကြောင်းကို ကောင်းစွာသိနေသောကြောင့်ပင်။
ဘယ်လောက်တောင်လဲဆိုရင် ဇူယွမ်ရဲ့ပြိုင်ဘက်ဖြစ်သူ ပိုင်ယွန်တောင်မှပဲ အံ့အားသင့်သွားခဲ့ရပေသည်။
ဒီလူငယ်လေးကလည်း ကျောင်းသားသစ်တွေထဲမှာ အနည်းငယ်ထင်ရှားပေသည်။ သူကစွမ်းအင်ဝင်ပေါက်သုံးခုအထိ ဖွင့်လှစ်ထားနိုင်ရုံသာမက ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ လူတွေထဲမှာတောင်မှ အထူးချွန်ဆုံးလူငယ်တစ်ယောက်လည်းဖြစ်ပေသည်။
“မင်းသားလေးဇူယွမ်ရဲ့ ပထမပွဲစဉ်က ပိုင်ယွန်နဲ့ တိုက်ရမှာလား…”
“ဒါကတကယ့်ကို ကံမကောင်းတာပဲ… ပိုင်ယွန်က ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတွေထဲမှာမှ အသန်မာဆုံးလူတစ်ယောက်လေ…”
“မင်းသားဇူယွမ်က မူလမှော်စာလုံးစွမ်းရည်မှာ ကောင်းပေမဲ့လည်း ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို အနိုင်ရဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး…”
“မင်းသားဇူယွမ်က ပထမဆုံးပွဲမှာတင် ထွက်ရတော့မှာလား…”
“…”
တီးတိုးပြောဆိုနေမှုတွေက လေ့ကျင့်ရေးကွင်းထဲမှာ ပျံ့နှံ့သွားခဲ့သည်။ ကျောင်းတော်ထဲမှာ ဇူယွမ်ရဲ့ဂုဏ်သိက္ခာက ကောင်းတယ်ဆိုရုံသာရှိခဲ့ပြီး ဒီပြိုင်ပွဲက သူ့အတွက်ကံမကောင်းခဲ့ဘူးလို့ လူအများကခံစားလိုက်ရသည်။
“ဒါက ပိုင်ယွန်လို့ ဘယ်လိုထင်မိမှာလဲ…” စုယုဝေ မျက်နှာပျက်သွားခဲ့ရသည်။ သူမကလည်း ပုံမှန်အားဖြင့် ပိုင်ယွန်ဘယ်လောက်စွမ်းအားမြင့်လဲဆိုတာကို ကြားသိခဲ့ရပေသည်။
ဇူယွမ်ရဲ့ မျက်လုံးတွေကလည်း အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ရသည်။ သူကတစ်စုံတစ်ခုကို ခံစားမိလိုက်ရသည့်အလား အနီးရှိစင်မြင့်ပေါ်ကို ကြည့်လိုက်သည့်အခါ ချီယွဲ့ကထူးဆန်းစွာပြုံးနေလျက်ရှိတာကို မြင်လိုက်ရသည်။ ဇူယွမ်ရဲ့ စိတ်ထဲမှာအတွေးတစ်ခုထွက်ပေါ်လာခဲ့ပြီး ကိုယ့်ကိုကိုယ်ရေရွတ်လိုက်မိသည်… “ဒါက ငါ့ရဲ့ပထမဆုံးပြိုင်ပွဲမှာပဲ ဒီလိုပြိုင်ဘက်မျိုးနဲ့တွေ့ရတာက တကယ့်ကိုတိုက်ဆိုင်မှုတစ်ခုတော့ မဖြစ်နိုင်ဘူး…”
သူ့ရဲ့မျက်လုံးတွေက တစ်ခုခုကိုတွေးမိလိုက်ပြီး အနည်းငယ်လှုပ်ရှားသွားခဲ့ရသည်။ ကြည့်ရတာ ဒါတွေအားလုံးက ချီယွဲ့ရဲ့ လက်ထဲမှာရှိနေသည့်ပုံပင်။ ဒါ့အပြင် ဒီအချက်ကပဲ ချီအိမ်တော်က ကျောင်းတော်ထဲမှာ ဘယ်လောက်ထိနက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေခဲ့လဲဆိုတာကို သိရှိနိုင်ပေသည်။
“သူက ငါ့ကို ချီအိမ်တော်ရဲ့လျှို့ဝှက်နယ်ရုပ်တွေကို မြင်အောင်ထုတ်ပြပြီး ဒုက္ခရောက်အောင်ပြုလုပ်လိမ့်မယ်လို့ ထင်မထားမိဘူး…”
ဒီအတွေးက ဇူယွမ်ရဲ့ စိတ်ထဲမှာလျှပ်တစ်ပြက်ပေါ်ပေါက်လာသည့်အခါ သူ့ကိုစိုးရိမ်စွာကြည့်နေသည့် စုယုဝေကိုပြုံးပြ၍ ပြောလိုက်သည်… “ဘာမှမစိုးရိမ်နဲ့… ဝင်ပေါက်သုံးခုဖွင့်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက်က ငါ့ကိုမရပ်တန့်နိုင်မှာကိုပဲ စိုးရိမ်မိတယ်…”
“ငါသွားတော့မယ်…”
ပြောပြီးပြီးချင်း သူက စုယုဝေကို လက်ဝှေ့ရမ်းပြလိုက်ကာ လေ့ကျင့်ရေးစင်မြင့်ဆီကို သွက်လက်စွာလျှောက်သွားခဲ့လိုက်သည်။
ချီယွဲ့က မြင့်မားတဲ့စင်မြင့်ပေါ်ကနေ ဒီမြင်ကွင်းကိုကြည့်နေလျက်က လင်ဖုန်းနဲ့ လျှိုစီတို့ကို ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်… “ပြပွဲကစတော့မယ်… ငါတို့ရဲ့ မင်းသားက ငါတို့ကို အချိန်ခဏကြာအောင် ဖျော်ဖြေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ…”
ဒါကိုကြားလိုက်ရသည့်အခါ လင်ဖုန်းနဲ့ လျှိုစီတို့ရဲ့မျက်လုံးတွေထဲမှာ နှစ်ထောင်းအားရဖြစ်နေမှုတွေ ဖြတ်ပြေးသွားခဲ့ရသည်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာပေါ်မှာ အပြုံးတွေဝေဆာသွားခဲ့ပြီး ပြိုင်ပွဲစင်မြင့်ပေါ်ကို ကြည့်လိုက်ကြသည်။
အနောက်ဘက်ပွဲကြည့်စင်ပေါ်မှာလည်း ချူထျန်းယန်က ဒီလိုမျိုး တူညီတဲ့မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့ရဲ့နှလုံးသားထဲမှာ ကူကယ်ရာမဲ့စွာနဲ့ သက်ပြင်းသာချလိုက်မိသည်။ ဒီလိုမျိုးပြိုင်ဘက်တစ်ယောက်နဲ့တွေ့ဆုံမှုက ဇူယွမ့်ကို သူရဲ့ပထမဆုံးပြိုင်ပွဲမှာတင် အနိုင်ရရှိဖို့အတွက် အရမ်းခက်ခဲသွားစေသည်။
များစွာသော သနားဂရုဏာသက်တဲ့အကြည့်တွေရဲ့အောက်မှာပဲ ဇူယွမ်ကစိတ်လှုပ်ရှားခြင်းမရှိဘဲ ပြိုင်ပွဲစင်မြင့်ပေါ်ကို ရောက်ရှိလာခဲ့သည်။ သူကရှေ့ကိုကြည့်လိုက်သည့်အခါ အကြောက်အရွံ့ကင်းစွာရပ်နေလျက်ရှိတဲ့ အပြာရောင်ဝတ်လူငယ်တစ်ယောက်ကို မြင်လိုက်ရပြီး သူ့ရဲ့မျက်လုံးထဲမှာတော့ လှောင်ပြောင်သရော်မှုတွေ စွန်းထင်းနေပေသည်။
ပိုင်ယွန်ရဲ့မျက်လုံးတွေက တစ်မူထူးခြားနေခဲ့ပြီး သူကပြုံးလျက်ပြောသည်… “ပထမဆုံးပွဲမှာတင် မင်းသားလေးနဲ့တွေ့ရလိမ့်မယ်လို့ ငါထင်မထားမိခဲ့ဘူး… ခဏနေလို့တိုက်ခိုက်ကြတဲ့အခါ ငါပြင်းပြင်းထန်ထန်လုပ်မိသွားရင် ငါ့ကိုခွင့်လွှတ်ပေးပါ…”
“ဒါကို ချီယွဲ့စီစဉ်ခဲ့တာလား…” ဇူယွမ်က ခံစားချက်ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
ပိုင်ယွန်ရဲ့မျက်လုံးတွေ အနည်းငယ်ပြူးကျယ်သွားခဲ့ရပြီးမှ ပြုံးလျက်ပြန်ပြောသည်… “မင်းသားလေး ဘာပြောနေတယ်ဆိုတာကို ငါမသိဘူး…”
ဇူယွမ်သူ့ရဲ့အင်္ကျီကို သပ်ရပ်အောင်ပြုလုပ်လိုက်ပြီး “ရေတွေကို ကိုယ့်ဆန္ဒအလျောက် ပထမဆုံးစမ်းသပ်ချင်တဲ့ လူတစ်ယောက်ရဲ့ အဆုံးသတ်က မလှပမှာကို ငါစိုးရိမ်မိတယ်…”
ပိုင်ယွန်အနည်းငယ် ဒေါသထွက်သွားခဲ့ရပြီး အေးစက်စွာပြန်ပြောသည်… “မင်းသားလေးက ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်တွေးနေတာက အကောင်းဆုံးဖြစ်လိမ့်မယ်… ငါ့အနေနဲ့ မင်းဒီနေ့အရမ်းကြီး အရှက်မကွဲသွားပါစေနဲ့လို့ ဆုတောင်ပေးပါတယ်…”
သူတို့တွေ စကားပြောနေစဉ်မှာပဲ ဒိုင်ဖြစ်သူရဲ့ကျယ်လောင်တဲ့အသံက ထွက်ပေါ်လာခဲ့သည်… “စကြတော့…”
ပိုင်ယွန်ရဲ့ မျက်လုံးတွေက အေးစက်မှုတွေနဲ့ ပြည့်နှက်နေပေသည်။ ဒါ့အပြင် ဒိုင်ဖြစ်သူရဲ့အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့ရဲ့ခန္ဓာကိုယ်က သစ်နက်တစ်ကောင်လို ပြေးထွက်သွားခဲ့ကာ လက်ချောင်းတွေကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး စွမ်းအားပြည့်ဝတဲ့ လက်သီးတစ်လုံး ဇူယွမ့်ဆီကို ပစ်သွင်းလိုက်သည်။
သူကဒီလက်သီးချက်ကို အားကုန်သုံးကာထိုးချလိုက်ခြင်းဖြစ်ပေသည်။ ဝင်ပေါက်သုံးခုရဲ့စွမ်းအားတွေက လက်သီးထဲမှာ ပေါင်းစပ်ပါဝင်နေသည့်အပြင် လက်သီးရဲ့မျက်နှာပြင်ပေါ်မှာ မူလချီတွေဖုံးအုပ်နေလျက် ၎င်းဖြတ်သန်းသွားတဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့လေတိုးသံတွေကိုပင် ကြားနိုင်ပေသည်။
ဒါကအရမ်းကို လွှမ်းမိုးနိုင်စွမ်းရှိပြီး စွမ်းအားကြီးမားသည့် လက်သီးချက်ဖြစ်သည်။ ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်တောင်မှ ဒီလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ဝံ့လိမ့်မည် မဟုတ်ပေ။
ပြိုင်ပွဲစင်မြင့်ပတ်ပတ်လည်က လူအုပ်ကြီးက သူတို့ရဲ့ခေါင်းတွေကိုသာ ခါရမ်းလိုက်မိကြသည်။ ဒီလက်သီးချက်ကျရောက်လာခဲ့တာနဲ့ ဇူယွမ်ကျိန်းသေပေါက် ရှုံးနိမ့်သွားရပေတော့မည်ဖြသ်သည်။
လူအုပ်ကြီးရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာပဲ လက်သီးအားလှိုင်းတွေက ဇူယွမ်၏မျက်နှာဆီသို့ ခြိမ်းခြောက်လာခဲ့သည်။ ဇူယွမ်က သူ့ပြိုင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပိုင်ယွန်ရဲ့လက်သီးကို ဖမ်းဆုပ်ဖို့ သူ့ရဲ့လက်ကိုရုတ်တရက် ရှေ့ကိုထုတ်လိုက်သည်။
“သေဖို့ဆုံးဖြတ်ထားတာလား…” ဒါကိုမြင်လိုက်ရသည့်အခါ ပိုင်ယွန်ရဲ့ဒေါသတွေက ရယ်မောခြင်းအဖြစ်ကို ပြောင်းလဲသွားခဲ့ရသည်။ ဇူယွမ်က ဦးနှောက်မရှိဘဲ ထိတ်လန့်တကြားလုပ်မိလိုက်တာလား။ ပိုင်ယွန်ရဲ့လက်သီးက ကျောက်တုံးကိုတောင်ကွဲကြေသွားစေနိုင်တာကို ဇူယွမ်ကဖမ်းဖို့ရဲတယ်လား။ သူ့လက်မောင်းကျိုးသွားမှာ မစိုးရိမ်ဘူးလား။
ဘုန်း…
ပိုင်ယွန်က သူ့ရဲ့ပြင်းထန်လှတဲ့လက်သီးချက် ဇူယွမ်ရဲ့လက်ပေါ်ကျရောက်သွားတာကို ရက်စက်ယုတ်မာမှုတွေ ပြည့်နှက်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သလို သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာလည်း ကျေနပ်တဲ့အပြုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။
သို့ပေမဲ့လည်း သူ့ရဲ့အပြုံးက စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ရသည်။
သူက ဇူယွမ်ရဲ့ထွက်ပေါ်လာတဲ့လက်က လုံးဝကို လှုပ်ရှားခြင်းမရှိတာကို မြင်လိုက်ရသောကြောင့်ပင်။
ပိုင်ယွန်ရဲ့ လက်သီးထံမှ ပြင်းထန်ကြမ်းတမ်းတဲ့ စွမ်းအားတွေစီးထွက်သွားခဲ့သော်ငြား ထိုစွမ်းအားအားလုံးက အနက်ရောင်တွင်းကြီးတစ်ခုရဲ့စုပ်ယူခြင်းကိုခံလိုက်ရသည့်အပြင် သူတို့အားလုံး ပြန်လည်တုန့်ပြန်ချိန်ပင် မရလိုက်ချေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…” ပိုင်ယွန်ရဲ့ နှလုံးသားထဲမှာ အထိတ်တလန့်ရေရွတ်လိုက်မိပြီး စိုးရိမ်မှုကို ခံစားလိုက်ရသည့်အလား သူ့အမူအယာက ရုတ်ခြည်းပြောင်းလဲသွားခဲ့ရသည်။
ပိုင်ယွန်ရဲ့ မျက်နှာပေါ်က ပြောင်းလဲသွားတဲ့အမူအယာကို ကြည့်နေလျက်မှ ဇူယွမ်ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်က ဝင်ပေါက်နှစ်ခုကို ဖွင့်ထားနိုင်ခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်ရဲ့ခွန်အားကလည်း လွန်စွာမြင့်မားလာခဲ့ပေသည်။ အခုအချိန်မှာ ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်တောင်မှ သူ့ကိုယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပေ။
သူကပိုင်ယွန်ရဲ့ လက်သီးကိုဖမ်းဆုပ်ထားခဲ့လိုက်ပြီး သိမ်းငှက်တစ်ကောင်က ပစ္စည်းတစ်ခုကို ဆုပ်ကိုင်ထားသည့်အလား ဖြည်းညှင်းစွာအားစိုက်၍ ဆုပ်ကိုင်လိုက်သည်။ တဖြည်းဖြည်းနဲ့ မြင့်တက်လာတဲ့စွမ်းအားတွေက ပိုင်ယွန်ရဲ့လက်သီးကို ကွဲကြေသွားစေတော့မတတ် ခံစားရစေခဲ့သည်။
“ဝင်ပေါက်သုံးခုပွင့်စမ်း…”
ပိုင်ယွန်က ထိတ်လန့်နေသည့်အမူအယာဖြင့် အံကိုတင်းတင်းကြိတ်ကာ အော်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ဝင်ပေါက်သုံးခုက ရုတ်တရက်စတင်ပြီး တုန်ခါလာခဲ့သလို ပတ်ဝန်းကျင်က မူလချီတွေကို စုပ်ယူလိုက်သည်။ ချက်ချင်းကိုပဲ သူ့ခန္ဓာကိုယ်ထဲကနေ အရမ်းကိုပြင်းထန်လှတဲ့စွမ်းအားတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သို့ပေမဲ့လည်း သူကိုယ်တိုင်က ဇူယွမ်ရဲ့ခိုင်မြဲစွာဆုပ်ကိုင်ထားမှုအောက်ကနေ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့သည့်အပြင် ဇူယွမ်ကတောင် ရုတ်တရက် သူ့ရဲ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့လိုက်သည်။ ဇူယွမ်က သူ့ရဲ့ခြေထောက်ကိုလွှဲယမ်းကာ ကန်ထုတ်လိုက်ပြီး ပြင်းထန်တဲ့စွမ်းအားတွေပါဝင်နေသလို မူလချီတွေလှည့်ပတ်နေတဲ့ ခြေထောက်တစ်ဖက်က ပျံသန်းထွက်ပေါ်လာခဲ့ကာ ပိုင်ယွန်ရဲ့ ရင်ဘတ်ပေါ်ကို လျင်မြန်စွာပဲ ကျရောက်သွားခဲ့ရသည်။
“သွားစမ်း…”
“ဘုန်း…”
မသဲမကွဲအသံတစ်ခုကို ပိုင်ယွန်ကြားခဲ့လိုက်ရပြီး မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အင်အားကြီးတစ်ခုက သူ့ကိုလာရောက်ထိမှန်တာကို ခံစားလိုက်ရသည်။ ဒီအင်အားက ကြီးမားလွန်းရကား မူလချီတွေရယူ၍ သူ့ရဲ့စွမ်းအင်ဝင်ပေါက်သုံးခုစလုံးကိုဖွင့်ပြီး အသုံးပြုခဲ့ရင်တောင်မှ ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် သူ့ခန္ဓာကိုယ်က ပြိုင်ပွဲစင်မြင့်ရဲ့အပြင်ဘက်ကို အရှိန်ပြင်းစွာ လွင့်ပျံသွားခဲ့ပြီး မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့ရကာ ပါးစပ်အပြည့်နဲ့ သွေးတွေအန်ထုတ်လိုက်မိသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းလုံးဝကို ငြိမ်သက်တိတ်ဆိတ်သွားခဲ့ရသည်။ လူတိုင်းက သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့သြလွန်း၍ စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။
ဇူယွမ်နဲ့ ပိုင်ယွန်တို့အကြား ဖြစ်ပေါ်သွားခဲ့တဲ့ အပြောင်းအလဲက အရမ်းကိုလျင်မြန်လှပေသည်။ သူတို့အနေနဲ့ ပိုင်ယွန်က ဇူယွမ်ကို တိုက်ခိုက်လိုက်သည်ကိုသာ မြင်ခဲ့လိုက်ရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဇူယွမ်ရဲ့ကန်ထုတ်ခြင်းကိုခံလိုက်ရသည့်အတွက် စင်မြင့်အပြင်ဘက်ကို လွင့်ပျံထွက်လာခဲ့သော ပိုင်ယွန်ကိုသာ ထပ်မံ၍မြင်တွေ့နိုင်ခဲ့ရသည်။
ဒီကန်ချက်မှာ စွမ်းအားတွေ ဘယ်လောက်တောင် ပါလိုက်မလဲ။
လူတိုင်းက ဇူယွမ်အား သရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ကြည့်နေခဲ့ကြသည်။ ဒီတစ်ကြိမ်မှာ သူကမူလမှော်စာလုံးတွေ အသုံးမပြုခဲ့တာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိခဲ့ကြပေသည်။
ဒါ့အပြင်ကို အစောပိုင်းက ခြေကန်ချက်မှာပါဝင်တဲ့ စွမ်းအားတွေဟာ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားတွေပင်ဖြစ်သည်။
ဝင်ပေါက်သုံးခုဖွင့်ထားနိုင်တဲ့သူတောင်မှ မယှဉ်နိုင်ဘူးလား… ဒါကအမှန်တကယ်ရော ဟုတ်ရဲ့လား…
သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့ သူတို့ပြောပြောနေခဲ့တဲ့ သူတို့ရဲ့ဒီမင်းသားက ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်သန်မာလာရတာလဲ…
စုယုဝေက သူမရဲ့လက်နဲ့ ပါးစပ်ကိုဖုံးကွယ်ထားလျက်မှ သူမရဲ့မျက်နှာပေါ်မှာ မယုံကြည်နိုင်မှုတွေဖြင့် ပြည့်နှက်နေခဲ့ရသည်။ သူမအနေနဲ့ အစောပိုင်းက ဇူယွမ်တစ်ယောက် ဘာကြောင့်ဒီလောက်ယုံကြည်မှုရှိနေခဲ့လဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။ ဒါပေမဲ့ အခုချိန်မှာတော့ သူမအလုံးစုံ နားလည်သွားခဲ့ရသည်။ ဒါဟာ ဇူယွမ်က သူ့ရဲ့စွမ်းအားတွေကို တစ်ချိန်လုံးလျှို့ဝှက်ထားခဲ့တယ် ဆိုတာကိုပင်။
မြင့်မားတဲ့စင်မြင့်ပေါ်မှာ မူလကကောင်းမွန်တဲ့ပြပွဲတစ်ခုကို ကြည့်ရတော့မယ်လို့ ထင်ထားခဲ့သည့် လူသုံးယောက်ရဲ့ပျော်ရွှင်နေမှုတွေက ခုချိန်မှာ သူတို့ရဲ့မျက်နှာပေါ်၌ ဒေါသထွက်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်တုန်လှုပ်ရခြင်းတို့အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ပြိုင်ပွဲရဲ့ ဒီအလှည့်အပြောင်းက သူတို့မျှော်မှန်းထားတာထက်ကို များစွာကျော်လွန်သွားခဲ့ရပေသည်။