Switch Mode

အပိုင်း (၂၅၆)

ဒါကို ဆေးဖော်စပ်ဖို့ ယူသွားလိုက် (၁)

မြေအောက်ခန်းထဲမှာတော့ လီမူဝမ် ပြုလုပ်ထားသော ဆေးမီးဖိုအဖုံးက အက်ကွဲရာများ ဖြစ်ပေါ်လာခဲ့သည်။ ကျယ်လောင်သော အသံနှင့်အတူ သည်အက်ကွဲကြောင်းများက အဖုံးမှသည် ဆေးမီးဖို ကိုယ်ထည်ထိ ချဲ့ထွင်လာခဲ့သည်။

တစ်ချိန်တည်းမှာ ထိုအက်ကွဲကြောင်းမှ သက်တန့်ရောင် အလင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အလင်းက ပို၍တောက်ပ လာလေလေ အက်ကွဲကြောင်းကလည်း ပိုမိုကြီးလာလေ ဖြစ်သည်။ မြေအောက်ခန်း တစ်ခုလုံးက သက်တန့်ရောင် အလင်းများနှင့် ဖုံးလွှမ်းလို့နေ၏။

ထို့နောက် အက်ကွဲသံများပို၍ ကျယ်လောင် လာသည့်နှင့် အတူ ဆေးမီးဖိုထဲမှ လက်တစ်ဖက် ထွက်လာခဲ့ပြီး ကျယ်လောင်စွာ ပေါက်ကွဲ ထွက်သွားသည်။ ဆေးမီးဖိုက အပိုင်းအစများ ပြန့်ကျဲသွားပြီး မြေအောက်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းလို့သွားသည်။

ဆံပင်အဖြူရောင်နှင့် လူငယ်တစ်ယောက်က ဆေးမီးဖိုထဲမှ ထွက်လာခဲ့ပြီး သူ့ခန္ဓကိုယ် တစ်ခုလုံးကလည်း ထွင်းဖောက်၍ပင် မြင်နေရသည်။ တစ်ယောက်ယောက်က ကြည့်လျှင် ထိုခန္ဓာကိုယ်၏ ဒန်ထျန်ထဲတွင် သေးငယ်သော ခန္ဓာကိုယ်လေး တစ်ခုကို တွေ့မြင်နိုင်၏။ ထိုခန္ဓာကိုယ်လေးက သက်တန့်ရောင် အလင်းများ ထုတ်လွှတ်လျက် ရှိနေပြီး အလွန် ထူးဆန်းလို့ နေသည်။

သူ့ခန္ဓာကိုယ်က ထွင်းဖောက်မြင်နိုင်မှုနှင့် အထည်ဒြပ် ဖြစ်မှုတို့ကြား ပြောင်းလဲလို့ နေသည်။ အချိန်တချို့ ကြာပြီးနောက် သူ့ခန္ဓာကိုယ်က ပြောင်းလဲမှု ဖြစ်စဉ် ရပ်တန့်သွားပြီး ပို၍ အတည်ဒြပ် ဖြစ်လာလေ၏။

ရုတ်တရက် သူက မျက်လုံးဖွင့်လိုက်ရာ တစ်ချိန်တည်းမှာ သူ့ကိုယ် အတွင်းရှိ ခန္ဓာကိုယ် လေးကလည်း လိုက်၍ မျက်လုံးဖွင့် လေသည်။ ထိုခန္ဓာကိုယ်လေး၏ မျက်လုံးများက မျက်လုံးသူငယ်အိမ် မရှိဘဲ အနီရောင် အလင်းများသာ ရှိနေ၏။ ထိုအနီရောင် အလင်းက အလန်းတန်း တစ်ခုမဟုတ်ဘဲ မျက်လုံးထဲ၌ အနီရောင် အလင်းအစုအဝေး ကဲ့သို့ ရှိလို့နေသည်။ သည်အနီရောင် အလင်း ထွက်ပေါ်လာသည့် အခိုက် မြေအောက်ခန်းထဲရှိ သက်တန့်ရောင် အလင်းများ အားလုံး ပျောက်ကွယ်ကုန်လေ၏။

အခုတော့ မြေအောက်ခန်းထဲ၌ သက်တန့် အလင်းများအစား အနီရောင် အလင်းများကသာ ရွေ့လျားလို့ နေတော့သည်။ ထိုအခါ ဆေးမီးဖို အပိုင်းအစ များကလည်း အမှုန်အဝါး အဖြစ်သို့ ရောက်ရှိ သွားတော့သည်။

မြေအောက်ခန်း အပေါ်ရှိ အဓိက ခန်းမထဲရှိ ကျင့်ကြံသူများက မည်သို့ဖြစ်ပျက် နေသည်ကို သတိပြုမိလိုက် ကြသည်။ သူတို့အားလုံးက နတ်ဘုရား အာရုံဖြင့် သည်အဖြစ်အပျက်ကို စစ်ဆေး ကြည့်လိုက်ကြသည်။ သို့ရာတွင် သူတို့ နတ်ဘုရား အာရုံက မြေအောက်ထဲသို့ ရောက်သွားသည်နှင့် အားကောင်းသော ဖိအားအောက် ရောက်သွားပြီး သူတို့၏ နတ်ဘုရား အာရုံကို တုန်လှုပ်စွာဖြင့် ပြန်ရုပ်သိမ်း လိုက်ကြရသည်။

တိမ်ကောင်းကင်ကလန်၏ အထက်ကောင်းကင်က မြေအောက်ထဲမှ အားပြင်းသော ဖိအား ပေါက်ကွဲမှုကြောင့် ပြောင်းလဲ သွားရသည်။ တိမ်ကောင်းကင် ကလန်တစ်ခုလုံး တုန်ခါ သွားသည်ဟု ခံစားလိုက်ရသည်။ ကောင်းကင်ထက်မှာလည်း သက်တန့်ရောင် အလင်းတိမ်တိုက်များ စုဝေးလာပြီး အဓိက ခန်းမတစ်ခုလုံး တုန်ခါလာခဲ့၏။

အခြား ကလန်များနှင့် မိသားစုများမှ အဖွဲ့ဝင်များ၏ အမူအရာ များကလည်း ပြောင်းလဲ သွားကြသည်။ ထိုမြင်ကွင်းကို ကြည့်၍ လူအနည်းငယ်ကသာ တည်ငြိမ်စွာ နေနိုင်တော့သည်။

“ဒါ … ဒါက တစ်စုံတစ်ယောက် စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်သွားတာပဲ …”

ထိုသို့သော စကား ထွက်လာပြီးနောက် ခန်းမထဲရှိ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူများက လွဲလို့ အခြားလူများက မယုံကြည်နိုင် ဖြစ်နေရလေသည်။ စဦးစိတ်ဝိညာဉ် အဆင့်သို့ တက်ရောက်ခြင်းက အလွန် အရေးကြီးသော ဖြစ်စဉ်ဖြစ်ပြီး တစ်ယောက်ယောက်က အနားတွင် စောင့်ရှောက် ပေးရပေသည်။

အခုတော့ လူတစ်ယောက်က တိမ်ကောင်းကင် ကလန်တွင် စဦးစိတ်ဝိညာဉ် အဆင့်ကို ဝင်ရောက်သွားပြီး ဖြစ်သည်။ လူတိုင်း၏ အတွေး၌ တိမ်ကောင်းကင်ကလန်က နောက်ထပ် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ပိုင်ဆိုင်သွားပြီလို့ ပထမဆုံး တွေးတော လိုက်ကြသည်။

အခြားကလန်များနှင့် မိသားစုများက သူတို့၏ ဂုဏ်ပြုသော ဟန်ပန်များကို ဖော်ပြလိုက်ကြသည်။ စီမာယွမ်နန်က ရယ်မော၍ ပြောလိုက်သည်။

“နောက်ထပ် စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် ရတဲ့အတွက် ဂုဏ်ယူပါတယ် တိမ်ကောင်းကင်ကလန်။ ငါက ဒီလူ ဘယ်သူလဲ ဆိုတာ သိချင်မိပါတယ်။ ဒီလူကို ငါတို့နဲ့ တွေ့ဆုံဖို့ ဘာကြောင့်များ မဖိတ်ခေါ်ကြ သေးတာလဲ …”

စုန်ချင်နှင့်လိုင်ဖန်တို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်မိလိုက်ကြသည်။ ထို့နောက်သူတို့က အကြီးအကဲများကို ကြည့်လိုက်ကြ ပြန်သည်။ အကြီးအကဲ အားလုံးက မည်သူကများ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိ သွားသနည်းဟု အသည်းအသန် တွေးတော နေကြသည်။ သို့သော် သူတို့က မည်သို့မျှ စဉ်းစားမရဘဲ ခေါင်းရမ်း လိုက်ကြ၏။

ထို့ကြောင့် စုန်ချင်နှင့် လိုင်ဖန်တို့၏ မျက်နှာက ရုပ်ဆိုးလို့ သွားသည်။ စုန်ချင်က ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး … ရောင်းရင်း စီမာ … ဒီကျင့်ကြံသူက ဘယ်သူလဲ ဆိုတာကို ငါကိုယ်တိုင် သိချင်နေမိပါတယ်။ ငါတို့က ဒီလူကို ဖိတ်ခေါ်နိုင်ရင် လူတိုင်းသူ့ကို တွေ့ခွင့်ပေးမှာပါ”

ထိုစကား ထွက်လာသည်နှင့် လူအားလုံးက မျက်ခုံးပင့်မိ သွား၏။ တိမ်ကောင်းကင်ကလန်မှာ စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေသည့်လူ မရှိလျှင် အခုအခြေအနေကြီးက အလွန် စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကလန် အသီးသီးမှ လူများက စိတ်မကောင်းမှုကို ခံစားလိုက်ရသည်။ သည်လူက ဒီနေရာမှာလာပြီး စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်သည့်အတွက် အမှန်ဉာဏ်မရှိသူ ဖြစ်နေသည်။ ကြည့်ရတာ သူက ဒီနေ့မှာ စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ပြီး ဒီနေ့မှာပဲ သေဆုံးရမည့်ပုံ ရှိနေ၏။

တိမ်ကောင်းကင်ကလန်၏ အပြင်ကလန် ခေါင်းဆောင်၏ အမူအရာက အလွန်ရုပ်ဆိုးလို့ နေသည်။ သူက အားတင်း၍ ပြုံးလိုက်ပြီး ပြောလိုက်လေ၏။

“ငါက ငါတို့ တိမ်ကောင်းကင် ကလန်ကို အမှီပြုပြီး စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်သွားလည်း ကြည့်ချင်မိတယ်။ သူ့စဦးစိတ်ဝိညာဉ်က ငါ့ဟာပဲ …”

လိုင်ဖန် မျက်နှာက ရှုံ့တွလို့ နေ၏။ သူက သူ့အင်္ကျီလက်အိုးကို ရမ်းလိုက်ကာ ပျောက်ကွယ်လို့ သွားလေ၏။ တစ်ပြိုင်နက်တည်းမှာ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူ အားလုံးကလည်း အဓိက ခန်းမထဲမှ ထွက်လာကြသည်။ တိမ်ကောင်းကင် ကလန်က ချူနိုင်ငံမှာ နံပါတ်တစ် ကလန်တစ်ခု ဖြစ်ပြီး အခုလိုမျိုး အဖြစ်အပျက်မျိုးက ရှားပါးလွန်း လှလေ၏။

သူတို့အားလုံးက ဒီနေ့ လာရောက်ရသည့် အကြောင်းရင်းကိုပင် မေ့ပျောက် သွားခဲ့ကြပြီး ဖြစ်သည်။ စဦးစိတ်ဝိညာဉ် အဆင့်နှင့် ယှဉ်လျှင် လက်ထပ်ပွဲက ဘာမျှမဟုတ်ချေ။

ထို့နောက် ခန်းမထဲရှိ လူအားလုံးက အပြင်သို့ ထွက်လာကြရာ ထို့အခိုက်တွင်ပင် ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခုက အပေါ်သို့ မြင့်တက် လာခဲ့သည်။ ခန်းမအလယ်ရှိ မြေကြီးများကလည်း အက်ကွဲလို့ လာခဲ့သည်။ ထိုအက်ကွဲကြောင်းထဲမှ အေးစက်စက် လေထုက လွင့်ပျံ့လို့ လာခဲ့၏။ ရုတ်တရက် ခန်းမတစ်ခုလုံးက အေးစက်မှုများ ပြည့်နှက် လာတော့၏။

စီမာယွမ်နန်၏ အသွင်က တည်ငြိမ် နေသော်လည်း သူက ကြိတ်၍ တုန်လှုပ်မိ နေသည်။ သည်လို အော်ရာမျိုးက ပုံမှန်စဦး စိတ်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်က ထုတ်လွှတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။သူက အခြား စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများကို လှည့်ကြည့်လိုက်ရာ သူတို့ အားလုံးကလည်း အလေးအနက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လိုင်ဖန်က အေးစက်စွာ နှခေါင်းရှုံ့လိုက်၏။ သူက မြေကြီး အက်ကွဲကြောင်းထဲသို့ လျှပ်စီးတစ်ခုအလား ရွေ့လျား သွားလိုက်ကာ အော်ဟစ်လိုက်၏။

“ရောင်းရင်း ကျင့်ကြံသူ မင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ရှိအောင် ငါ့တိမ်ကောင်းကင် ကလန်ကို အသုံးပြုခဲ့တယ်။ မင်းက တိမ်ကောင်းကင် ကလန်ကို ခိုင်းစရာ နေရာလို့ ထင်နေတာလား …”

သူက မြေကြီး ကွဲကြောင်းထဲသို့ ရောက်သွားသည်နှင့် ကြောက်လန့်စွာ အော်သံတစ်ခုက အထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ လိုင်ဖန်ထံမှ ထွက်ပေါ်လာသည် ဖြစ်ပြီး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေခဲ့လေ၏။ ထို့နောက် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများ အားလုံးက နောက်သို့ ပြန်ဆုတ် လိုက်ကြသည်။ သူတို့အားလုံးက အက်ကွဲကြောင်းကို အထဲ၌ ရှေးဟောင်း နတ်ဆိုးတစ်ပါး ရှိနေသကဲ့သို့ အထိတ်တလန့်ဖြင့် အလေးအနက် စိုက်ကြည့် လိုက်ကြသည်။

စွန်ကျန်ဝေ အဖေဖြစ်သူ ကတော့ နောက်သို့ ပြန်ဆုတ်ခြင်း မရှိဘဲ ရှေ့သို့ ထိုးတက် သွားလိုက်သည်။ တိမ်ကောင်းကင်ကလန်ရှိ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ အားလုံးက သူတို့၏ ရတနာများကို ထုတ်ယူလိုက် ကြတော့သည်။

ထိုအချိန်၌ စွန်ကျန်ဝေက အဓိက ခန်းမထဲမှ ထွက်လာခဲ့ခြင်း မရှိသေးပေ။ အကြောင်းမှာ သူက စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူများ ကဲ့သို့ တည်နေရာ ရွှေ့ပြောင်းခြင်း မပြုလုပ် နိုင်သောကြောင့် ဖြစ်၏။

လီမူဝမ်က အေးဆေး သက်သာစွာ လမ်းလျှောက်လာခဲ့ပြီး စွန်ကျန်ဝေကို ပြန်လှည့် ကြည့်လိုက်သည်။ သူ့မျက်နှာ ပေါ်မှာတော့ လှောင်ပြုံးများ တွဲခိုလျက် ရှိလေ၏။ ထို့နောက် သူက အက်ကွဲကြောင်းထဲသို့ နူးညံစွာ ကြည့်လိုက်သည်။

ထိုအခိုက်တွင် စွန်ကျန်ဝေ အဖေက အက်ကွဲကြောင်းကို စစ်ဆေးရန် ရောက်လာသည်အခါ ဖြစ်၍ စွန်ကျန်ဝေကို သတိပြုမိလိုက်သည်။ သူက ပြောလိုက်၏။

“စွန်ကျန်ဝေ အထဲက ထွက်သွားတော့ … ဒီနေရာက မင်းရှိရမဲ့ နေရာမဟုတ်ဘူး …”

“မင်းက ရောက်နေပြီးမှတော့ ထွက်သွား မနေတော့နဲ့ …”

ရေခဲတမျှ အေးစက်သော အသံကလည်း အက်ကွဲကြောင်းထဲမှ တစ်ပြိုင်နက်တည်း ထွက်ပေါ် လာခဲ့တော့သည်။

စွန်ကျန်တေက ထိုအသံကြောင့် မြေပေါ်သို့ ပုံကျလို့ သွားသည်။ သူက ထိုအသံနှင့် ရင်းနှီးလှပေသည်။ သည်အသံက သူ့ကို ရက်ပေါင်းများစွာ စိတ်ဂနာမငြိမ် ဖြစ်အောင် ပြုလုပ်နေခဲ့သော အသံပင် ဖြစ်တော့၏။

ထို့နောက်မှာတော့ အက်ကွဲကြောင်းထဲမှ ဆံပင်အဖြူရောင်နှင့် လူငယ် တစ်ယောက်က ထွက်ပေါ် လာခဲ့တော့သည်။ သူ့နဖူးပေါ်တွင်လည်း တောက်ပလျက် ရှိသော ခရမ်းရောင် ကြယ်တစ်လုံးလည်း ရှိလို့နေသည်။ သူထွက်ပေါ် လာလိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးက ပို၍ အေးစက်လို့ လာခဲ့တော့သည်။ သူ့လက်ထဲမှာတော့ လိုင်ဖန်ကို ဆံပင်က ဆွဲ၍ ကိုင်ထားလေ၏။

တစ်ချိန်တည်းမှာ စွန်ကျန်ဝေက နောက်သို့ ပြန်ဆုတ်လိုက်ပြီး သူက လူငယ်ကို စူးစိုက် ကြည့်လိုက်သည်။ တိမ်ကောင်းကင် ကလန်ရှိ အခြား စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံ သူများ၏ မျက်လုံးများကလည်း အေးစက်လို့ သွားလေသည်။

စီမာယွမ်နန် အပြင် အခြားမိသားစုများ၊ ကလန်များရှိ စဦးစိတ်ဝိညာဉ် အဆင့်များ ကလည်း တုန်လှုပ်လို့ သွားကြ၏။ သူတို့အားလုံးက သူတို့ရှေ့ရှိ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့် နေကြသည်။ တကယ်တော့ လိုင်ဖန်က ထိုလူကို မဆန့်ကျင်နိုင်ဘူး ဆိုရင် သူတို့အားလုံးက ကူညီမည် ဆိုရင်တောင် သည်အရာက မည်သို့မျှ အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset