Switch Mode

အပိုင်း(၂၅၅)

စဦးစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း(၂)

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး လီမူဝမ်နှင့် စွန်ကျန်ဝေ တို့လက်ထပ်ပွဲ နေ့သို့ပင် ရောက်လာခဲ့တော့သည်။

သည်နေ့တွင် တိမ်ကောင်းကင် ကလန် တစ်ခုလုံးတွင် လက်ထပ်ပွဲအတွက် ရွှင်ပျမှုများ ပြည့်နှက်နေ၏။ ကောင်းကင်တွင်လည်း မြူများ ရှင်း၍ အပြာရောင် သန်းနေပြီး မရေမတွက်နိုင်သော အလင်းတန်း များကလည်း ကလန်သို့ ပျံသန်း လာရောက်နေကြသည်။

ချူနိုင်ငံ တစ်ခုလုံးရှိ ကလန်တိုင်း၊ ကျင့်ကြံမှု မိသားစုတိုင်းက သည်နေရာ၌ လာရောက် စုဝေးနေကြသည်။ တိမ်ကောင်းကင် ကလန်သို့ ရောက်လာကြ သူများမှာ ကလန်တိုင်း၏ အကြီးအကဲများနှင့် အရေးကြီး အဖွဲ့ဝင်များ ဖြစ်ကြသည်။ သည်လိုမျိုး အဖြစ်အပျက်က တိမ်ကောင်းကင် ကလန်၌သာ ရှိနိုင်လေသည်။ အခြားကလန် တစ်ခုဆိုလျှင် အခုလိုမျိုး ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

တိမ်ကောင်းကင်ကလန်၌ လီမူဝမ်၏ အဆင့်အတန်းမှာ ထူးခြား ကောင်းမွန်လှ၏။ သူမက ကလန်၏ အဆင့်ငါး ဆေးဝါးပညာရှင် သုံးယောက်ထဲမှ တစ်ယောက် မဟုတ်လော။ စွန်ကျန်ဝေ၏ အနေအထားကလည်း လူသိများပေသည်။ သူက အပြင်ကလန် အကြီးအကဲ တစ်ယောက်၏ သားဖြစ်သည်။ ထို့ပြင် အကြီးအကဲဖြစ်သော သူ့အဖေမှာ စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်သို့ လွန်ခဲ့သော ရာစုနှစ်က ရောက်ရှိခဲ့သဖြင့် ကလန်၏ ဘိုးဘေးတစ်ယောက် အဖြစ် ဖြစ်လာခဲ့သူလည်း ဖြစ်လို့နေသည်။

စွန်ကျန်ဝေက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မြင့်မားသော အရပ်နှင့် ဖြောင့်တန်းသော ကိုယ်နေဟန်ထားက သူ့ကို ကြည့်ကောင်း စေလေသည်။ သူက ကလန်၏ အပြင်နှင့်အတွင်း အကြီးအကဲတို့၏ နောက်တွင် ရပ်နေပြီး ဧည့်သည်များကို ကြိုဆိုလို့နေ၏။

သူက ပြုံး၍ နေသော်လည်း သူ့မျက်လုံးများ ကတော့ ဂနာမငြိမ် ဖြစ်နေသည်။ တကယ်တော့ သူက လက်ထပ်ပွဲ နီးလာလေလေ ပို၍ စိတ်မတည်မငြိမ် ဖြစ်လာလေ ဖြစ်သည်။ အကြောင်းမှာ ကပ်ဆိုးတစ်ခုခု ဖြစ်ပေါ်လာမည်ကို သူက တွေးထင်မိ နေသောကြောင့် ဖြစ်၏။

သူက ထိုအတွေးမှာ ရယ်ဖွယ်ရာ ဖြစ်နေကြောင်း ခံစားမိနေသည်။ ယနေ့တွင် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် အကုန်လုံး နီးပါးသည် တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာပြီး အခမ်းအနားသို့ လာ၍ တက်ရောက် ကြသည်။ ထို့ကြောင့် တစ်ယောက်ယောက်က လာ၍ နှောင့်ယှက်မည် ဆိုပါက သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် မဟုတ်ပါက ထိုလူအတွက် သေလမ်းသာ ရှိပေသည်။

စွန်ကျန်ဝေက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်က တိမ်ကောင်းကင် ကလန်သို့ လာ၍ နှောင့်ယှက်မည်ကိုတော့ မယုံကြည်ပေ။ ထို့ပြင် တိမ်ကောင်းကင် ကလန်၏ နောက်ကွယ်၌လည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ ရှိသော ဘီလူးနတ်ဆိုး ကလန် ရှိပေသည်။

သည်အကြောင်းတရားများ ရှိရက်ဖြင့် သူက ဘာကြောင့်များ စိတ်ဂနာမငြိမ် ဖြစ်နေရသည်ကို သူ့ကိုယ်သူ နားမလည် နိုင်ဖြစ်နေရ၏။ သို့သော် သူ့စိတ်ထဲမှာတော့ လီမူဝမ်နှင့် စကား ပြောဆိုခဲ့သော လူ၏အေးစက်စက် အကြည့်ကို တွေးမိနေတုန်း ဖြစ်နေလေ၏။

ထိုခဏ၌ မီးခိုရောင်ဝတ်စုံနှင့် လူအိုကြီးက စွန်ကျန်ဝေ ရှေ့သို့ ရောက်ရှိ လာခဲ့တော့၏။ ထို့နောက် သူက စွန်ကျန်ဝေကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“စွန်ကျန်ဝေ … ဟိုလူအကြောင်းကို အများကြီး တွေးမနေတော့နဲ့။ သူ့ကျင့်ကြံမှု အဆင့်က ဘာပြဖြစ်ဖြစ် အဓိပ္ပာယ် ရှိလာမှာ မဟုတ်ဘူး။ ငါကလန် ခေါင်းဆောင်နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပြီး။ မင်း စိတ်အေးအေးထားတော့ …”

သည်လူအိုကြီး၏ အသံက ဖျော့တော့သော်လည်း ခန့်ညားမှုများ ပါဝင်လို့ နေသည်။ ထိုလူကြီးက အပြင်ကလန် အကြီးအကဲဖြစ်သော စွန်ကျန်ဝေ၏ အဖေ ဖြစ်လေ၏။

စွန်ကျန်ဝေက လေးစားစွာ ပြန်ပြောလိုက်သည်။ သူက လူတိုင်းကို ဝမ်လင်း ကိစ္စအား မပြောပြခဲ့သော်လည်း သူ့အဖေကိုတော့ လိမ်လို့မရခဲ့ပေ။ ထို့ကြောင့် သူက ဝမ်လင်းနှင့် တွေ့ဆုံခဲ့သည့် အကြောင်း ပြန်ပြောပြခဲ့ပြီး ဖြစ်သည်။

သူက ကလန်ခေါင်းဆောင်ပါ ဖြေရှင်းပေးမည်ဟု ကြားလိုက်သည့်အခါ အတော်လေး ယုံကြည့်မှု ရှိလာခဲ့သည်။ သူက ခေါင်းမော့၍ ကလန် ခေါင်းဆောင်သို့ ကြည့်လိုက်ရာ သူ့ကို ပြုံးပြနေသော ဆံပင်ဖြူနှင့် လူအိုကြီးကို တွေ့လိုက်ရသည်။ ထိုလူကတော့ အပြင်ကလန် ခေါင်းဆောင် လိုင်ဖန် ဖြစ်လေသည်။

ထိုကလန်ခေါင်းဆောင်၏ ကျင့်ကြံမှု အဆင့်က အလွန် ထူးဆန်းလေ၏။ သူက သူ့စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်ကို ဖုံးကွယ်ရန် ဆေးတစ်လုံး သောက်ခဲ့သည်ဟု ပြောကြလေသည်။ သူ့ထက် တစ်ဆင့် ပိုမြင့်သည့်သူတောင် သူ့ကျင့်ကြံမှု အဆင့်ကို မြင်နိုင်ရန် ခက်ခဲလှလေသည်။

ထိုလူကြီး၏ ဘေးနား၌လည်း နောက်ထပ် ဆံပင် အဖြူရောင် အကြီးအကဲ တစ်ယောက် ရှိလေသည်။ သူက အတွင်းကလန် ခေါင်းဆောင် စုန်ချင် ဖြစ်၏။ သူ့နောက်၌ ကျင့်ကြံမှု အဆင့်အမျိုးအမျိုး ရှိသော လူတစ်စု ရှိနေသည်။ သူတို့အကုန်လုံးက အခြားကလန် တစ်ခုမှာ ဆိုလျင် တစ်နေ့ထဲ၌ ဆေးပညာ ခေါင်းဆောင် ဖြစ်လာနိုင်စွမ်းရှိသည် သူများဖြစ်ကြ၏။

“ဟိုရန်ကလန် ခေါင်းဆောင် စီမာယွမ်နန်နဲ့ အကြီးအကဲ ရှုလီတို့က ဒီအခမ်းအနားကို တက်ရောက်ပါတယ် …”

တိမ်ကောင်းကင် တောင်တန်းများကို ဖြတ်သန်း၍ အကွာအဝေး တစ်ခုမှ အသံတစ်သံက လွင့်လို့ လာခဲ့သည်။

တစ်ချိန်တည်းမှာ သက်တန့် နှစ်စင်းက အတူတကွ ရောက်လာခဲ့တော့သည်။ ထိုသက်တန့်နှစ်ခုမှာ လူရိပ်နှစ်ခု ဖြစ်လေသည်။ တစ်ယောက်မှာ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာပေါ်၌လည်း ရှေးဆန်မှုများ ပြည့်လို့နေခဲ့သည်။ သူကတော့ ဟိုရန်ကလန် ခေါင်းဆောင် စီမာယွမ်နန် ဖြစ်လေ၏။ ရောက်ရှိလာသည်နှင့် သူက ရယ်မောကာ ပြောလိုက်သည်။

“အစ်ကို စုန်နဲ့ အစ်ကို လိုင် … ဂုဏ်ယူပါတယ် …”

သူနှင့် ပါလာသည့် လူကတော့ ရှုလီ ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထား၏။ ရှုလီ အဆင့်အတန်းဖြင့် သူက စကားပြောဆိုခွင့် မရှိဘဲ တိမ်ကောင်းကင်ကလန် ခေါင်းဆောင် နှစ်ယောက်ကို လက်နှစ်ဖက် ယှက်ကာ ပြုံး၍ နှုတ်ဆက်လိုက်ရသည်။

အပြင်ကလန် ခေါင်းဆောင် လိုင်ဖန်က ရယ်မော၍ ရှေ့သို့ တိုးလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။

“ရောင်းရင်း ကျင့်ကြံသူ စီမာ … ငါတို့တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဆုံရတာ ဆယ်နှစ်ကျော်လောက် ရှိပြီပဲ။ ငါ့ကလန်က မင်းကို မဖိတ်ခဲ့ရင် ငါတို့ ထပ်မတွေ့ရ လောက်တော့ဘူးလို့ ထင်တယ် …”

အတွင်းကလန် ခေါင်းဆောင် စုန်ချင်က လည်းသူ့ မေးစေ့ကို ပွတ်၍ ပြောလိုက်သည်။

“လူအိုကြီး စီမာ … မင်းငါ့ကို နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျူ သစ်သီးပေးမယ်လို့ ကတိပေးခဲ့တယ်နော်။ ဒီနေ့ မင်း အဲဒီအသီးကို ယူလာသေးလား …”

စီမာယွမ်နန်က ရယ်မောလိုက်သည်။ မင်းတို့ နှစ်ယောက်က ငါ့ကို ရှက်ကိုးရှက်ကန်း ဖြစ်အောင် လုပ်ဖို့ မလိုပါဘူး။ မင်း မှတ်ဉာဏ်က အရမ်းကောင်းတာပဲ အစ်ကို စုန် … ငါမင်းအတွက် ကျူသစ်သီး ယူလာခဲ့ပါတယ်။ ဒါပေမဲ့ ငါ့မှာ အမြုတေ ဖွဲ့တည်မဲ့ မြေးတစ်ယောက် ရှိနေခဲ့တယ်။ ဒီတော့ ငါက မင်းကို ကျူသစ်သီး မပေးခဲ့ရင် ပိုကောင်းတဲ့ ဆေးလုံး ၁၈၀ ကိုပေးပါ့မယ် …”

သူတို့ သုံးယောက်က ရယ်ကာမောကာဖြင့် စကားစမြည် ပြောဆိုလို့‌ နေကြသည်။ လိုင်ဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ စွန်ကျန်ဝေက လျင်မြန်စွာ ရောက်လာပြီး စီမာယွမ်နန်ကို အဓိက ခန်းမသို့ ခေါ်ဆောင်လို့ သွားခဲ့တော့သည်။

စီမာက စွန်ကျန်ဝေကို သေချာ လေ့လာလိုက်ပြီး ပြောလိုက်သည်။

“မင်းက တကယ့် ပါရမီရှင်ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ စဦးစိတ်ဝိညာဉ် အဆင့်နဲ့ နီးကပ်လို့နေပြီ။ ကောင်းတယ် … ကောင်းတယ်။ တိမ်ကောင်းကင် ကလန်က နောက်ထပ် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက် တိုးလာဦးမှာပေါ့လေ …”

စွန်ကျန်ဝေက ညင်သာစွာ ပြုံး၍ ပြန်ပြောလိုက်သည်။

“စီနီယာက တကယ် ကြင်နာတက်တာပဲ။ ဂျူနီယာက အခုလို ဂုဏ်ပြုဖို့ မထိုက်တန်ပါဘူး …”

စီမာယွမ်နန်က ခေါင်းညိတ်ပြလိုက်ပြီး အဓိက ခန်းမထဲသို့ ရှုလီနှင့်အတူ ဆက်လျှောက် သွားလိုက်သည်။

အဓိက ခန်းမထဲ၌ စားပွဲများ အသေအချာ စီစဉ်ချထားပြီး စားပွဲများ အပေါ်တွင်လည်း ဝိုင်အကောင်းစားများနှင့် သစ်သီးများ ပြည့်လို့နေသည်။ လူများစွာက အဓိက ခန်းမထဲသို့ ရောက်နှင့်ပြီး ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောဆိုလျက် ရှိနေကြသည်။

စီမာယွမ်နန်က ခန်းမထဲ ရောက်လာပြီးနောက် စွန်ကျန်ဝေက တိတ်ဆိတ်စွာ ပြန်ထွက်သွားတော့သည်။

စွန်ကျန်ဝေနှင့် ရှုလီတို့က စားပွဲအနီးတွင် ထိုင်လိုက်ကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် စီမာက မေးလိုက်သည်။

“မင်းပြောတာက ဒီလူဟာ တိမ်ကောင်းကင် ကလန်မှာ ပုန်းနေတာလား …”

ရှုလီအသွင်က ပုံမှန်အတိုင်းပဲ ရှိနေပြီး သူက ပြန်ပြောလိုက်သည်။

“ကလန်ခေါင်းဆောင် … ကျွန်တော့် ခန့်မှန်းချက်အရ ဆိုရင် ဒီနတ်ဆိုး အော်ရာနဲ့ ပြည့်နေတဲ့ လူတစ်ယောက်က တိမ်ကောင်းကင်လန်နားမှာ ပျောက်ကွယ် သွားတာပဲ။ လွန်ခဲ့တဲ့ သုံးလလောက်က တိမ်ကောင်းကင် ကလန်မှာ ထူးဆန်းတဲ့ လူတစ်ယောက် ပေါ်လာခဲ့တယ်။ ဒီလူကို စဦးစိတ်ဝိညာဉ်အဆင့် သုံးယောက် လိုက်ဖမ်းတာတောင်မှ သူက လွတ်မြောက် သွားနိုင်ခဲ့တယ်။ သူလျှိုတွေရဲ့ တင်ပြချက်အရ ဆိုရင် ဒီလူက ငါတွေ့ခဲ့တဲ့ လူပဲလို့ ယုံကြည်တယ်။ ဒီလူက ဒီမှာ ပုန်းနေလား၊ မပုန်းနေဘူးလား ကတော့ ငါလည်း သေချာမသိဘူး …”

စီမာယွမ်နန်က အနည်းငယ် စဉ်းစားလိုက်သည်။

“ရှုလီ ပြောတဲ့လူ ဖြစ်နေမယ် ဆိုရင် ဒီလူက နတ်ဆိုး ပင်လယ်က လာခဲ့တဲ့ နတ်ဆိုးပဲ ဖြစ်ရမယ်။ ဒါဆို ငါတို့ ဟိုရန်ကလန်အတွက် ဆိုးတာ တစ်ခုခု ဖြစ်လာနိုင်လား …”

“လျို့ယွဲ့ကလန် ထျန်ယီကျန်းရန်နဲ့ ရှီထျန်လီတို့က ဒီအခမ်းအနားကို လာတက်ရောက်ပါတယ် …”

နောက်ထပ် အသံတစ်ခု ထွက်ပေါ် လာသောအခါ စီမာယွမ်နန်က ခန်းမ အပြင်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။

အခုချိန်၌ ကလန်အားလုံးနှင့် ကျင့်ကြံခြင်း မိသားစု အကုန်လုံး ရောက်နေကြပြီ ဖြစ်သည်။

အဓိက ခန်းမထဲ၌လည်း လူများ ပြည့်လာနေပြီး တစ်ယောက်နှင့် တစ်ယောက်လည်း စကားတွတ်ထိုး နေကြလေသည်။ အနည်းငယ်သော လူများသာ ထောင့်များတွင် ထိုင်၍ မျက်လုံးပိတ် လေ့ကျင့်လျက်ရှိသည်။

သိပ်မကြာခင်မှာ ခန်းမထဲသို့ လိုင်ဖန်နှင့် စုန်ချင်တို့က ခန်းမထဲသို့ ဝင်လာခဲ့ကြသည်။ သူတို့နောက်တွင် စွန်ကျန်ဝေနှင့် အကြီးအကဲ ဆယ့်နှစ်ယောက်ခန့် လိုက်ပါလာကြသည်။ သူတို့ထဲတွင် လီမူဝမ်က ဇာပဝါခရမ်းရောင်ဖြင့် မျက်နှာဖုံးအုပ်၍ လိုက်ပါလာသည်။

သူတို့ ဝင်လာပြီးနောက် ခန်းမထဲရှိ ဧည့်သည့်များ အားလုံးက စကားပြောဆို နေသည်ကို ရပ်တန့် လိုက်ကြပြီး သူတို့ထံသို့ အကြည့်များ ရောက်လာခဲ့သည်။

အဓိက ခန်းမထဲတွင် လိုင်ဖန်က စုန်ချင်ကို ကြည့်လိုက်သည်။ သူက ပြုံး၍ နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ စုန်ချင်ကလည်း ခေါင်းညိတ် ပြလိုက်သည်။ သူက ခန်းမ တစ်ခုလုံးကို ဝှေ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ရောင်းရင်း ကျင့်ကြံသူတို့ ဒီနေ့ဟာ ငါတို့ တိမ်ကောင်းကင် ကလန်ရဲ့ လက်ထပ်ပွဲ အခမ်းအနား နေ့ဖြစ်တယ် …”

သူက စကားပြေလို့ မပြီးသေးခင်မှာ ခန်းမအောက်ရှိ မြေကြီးထဲမှ ထိန့်လန့်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေကြီးက တုန်ခါလို့လာ၏။ ဒီဖိအား အောက်တွင် ခန်းမထဲရှိ စဦးစိတ်ဝိညာဉ် အကုန်လုံးသည် ထိန့်လန့်စွာ မတ်တတ် ရပ်လိုက်မိကြသည်။ သူတို့အားလုံးက နတ်ဘုရား စိတ်အာရုံများဖြင့် မြေအောက်ထဲသို့ မည်သို့ ဖြစ်ပျက်နေသည်ကို သိရှိရန် ပို့လွှတ်လိုက်ကြ၏။

လီမူဝမ် မျက်လုံးများက ကျေနပ်ဟန် အသွင်များ ပေါ်ထွက်လို့ လာခဲ့၏။ သူမက ထိုအရာမှာ ဝမ်လင်း ရောက်လာပြီ ဖြစ်ကြောင်းကို သိလိုက်သောကြောင့်ပင် ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset