Switch Mode

အပိုင်း(၂၅၄)

စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်း

လီမူဝမ်က ဆေးလုံးကို ကြည့်၍ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။

“တစ်ခုခုတော့ မှားနေပြီ။ ဒါက အဆင့် (၇) ဆေးလုံး ဆိုလျှင် တုံ့ပြန်မှု တစ်ခုခု ရှိရမှာပေါ့။အခုက ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ …”

ဝမ်လင်းက ညာလက်ဖြင့် လေထဲကို ဖမ်းဆုပ်လိုက်ရာ ဆေးလုံးက သူ့လက်ထဲသို့ ရောက်လာခဲ့သည်။သူက ၎င်းဆေးကို သေချာဂရုစိုက်၍ စမ်းစစ်ကြည့်လိုက်၏။

သည်ဆေးလုံး၏ အရောင်က စိမ်းပြာရောင်ရှိ၍ ဆေးလုံး အက်ကွဲကြောင်းထဲမှ စိတ်ဝိညာဉ် စွမ်းအင်များ ပေါက်ကွဲထွက်လျက် ရှိနေသည်။ အခန်းတစ်ခုလုံးက စိတ်ဝိညာဉ် စွမ်းအင်များဖြင့် သိပ်သည်းလို့နေ၏။

ဝမ်လင်းက လီမူဝမ်ကို ကြည့်၍ မေးလိုက်သည်။

“ဒါက အဆင့်(၇) ဆေးလုံးလား …”

လီမူဝမ်က ရှေ့သို့ တိုးလာလိုက်ပြီး ဝမ်လင်းအနားသို့ ရပ်လိုက်သည်။ သူမက ဝမ်လင်း လက်ထဲမှ ဆေးကို ယူ၍ သေချာ ဂရုတစိုက်ကြည့်လိုက်သည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏။

“တိတိကျကျ ပြောရရင်တော့ ဒီဆေးက တစ်ဝက်တစ်ပျက် အဆင့် (၇) ဆေးလုံးပဲ။ ဒီဆေးက အဆင့် ခြောက် ဆေးလုံးထက်တော့ သာလွန်တယ်။ ညီမတို့က ဆေးလုံး ချိပ်ပိတ်ထားတာကို ဖွင့်တာ အချိန်မှန် မဖြစ်ခဲ့တော့ ဆေးလုံးက ကွဲအက်သွားရတာဘဲ မဟုတ်ရင် ဒီဆေးက အဆင့်(၇) အထက် ဖြစ်လိမ့်မယ်။ ချီဟောင်ကလန်က အဆင့်လေးနိုင်ငံ တစ်ခုက ဖြစ်တော့ အဆင့်ငါး ဆေးလုံးထက် ဖန်တီးနိုင်ဖို့က တကယ့်ကို ရှားလိမ့်မယ်။ ပြီးရင် အဲဒီဆေးလုံးကို ချိပ်ပိတ် ထားကြတယ်။ ကြည့်ရတာ ဒီဆေးလုံးက ချိပ်ပိတ်ထားတာ အနည်းဆုံး နှစ်ထောင်ချီ ရှိနေလောက်ပြီ …”

ဝမ်လင်း မျက်လုံးများက မြင့်တက်သွားပြီး သူက ဆေးလုံးကို စူးစိုက် ကြည့်လိုက်သည်။

“ဒါက ဘာဆေးလုံးလဲ ဆိုတာ ညီမသိလား …”

လီမူဝမ်က အနည်းငယ် စဉ်းစားလိုက်သည်။ ရုတ်တရက် သူမ မျက်လုံးများက မြင့်တက်သွားကာ ပြောလိုက်၏။

“ချီဟောင်ကလန်မှာ ကျော်ကြားတဲ့ ဆေးသုံးလုံး ရှိတယ်။ ဝမ်အာ ထင်တာ မှန်မယ် ဆိုရင် ဒီဆေးက စိမ်းပြာရောင်တိမ်ဆေးလုံး ဖြစ်လိမ့်မယ်။ ဒီဆေးလုံးက အစ်ကို့ကို အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ချိုးဖျက်ဖို့ ပြုလုပ်ပေးလိမ့်မယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက လီမူဝမ်ထံမှ ဆေးလုံးကို ပြန်ယူ၍ ပြောလိုက်သည်။

“အစ်ကိုကို စောင့်ဦး …”

လီမူဝမ်က ခေါင်းညိတ် ပြလိုက်သည်။ သူမက ဝမ်လင်းကို နူးညံ့စွာ ကြည့်၍ ပြောလိုက်သည်။

“အစ်ကို အေးအေးဆေးဆေး လုပ်နိုင်ပါတယ်။ အစ်ကို ကျရှုံးခဲ့ရင် ဝမ်အာက ဒီကောင်းကင် ခိုးယူခြင်း ဆေးမီးဖိုတွေကို ဖျက်ဆီးပစ်မယ်။ ညီမ အဲဒီလို လုပ်လိုက်မယ် ဆိုရင် သူတို့က ညီမနောက်ကို လိုက်လာနိုင်မှာ မဟုတ်တော့ဘူး …”

ဝမ်လင်းမျက်လုံးထဲ၌ အလင်းတချို့ ဖြတ်ပြေးသွားသည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဆိုးဆိုးဝါးဝါး ဖြစ်လာမှာ မဟုတ်ပါဘူး …”

ထိုသို့ ပြောပြီးနောက် သူက ဆေးမီးဖိုရှေ့သို့ ထိုက်ချလိုက်သည်။ သူက လက်ညှိုးဖြင့် သူ့မျက်ခုံး နှစ်ခုကြား ထိုးလုကိက်ပြီး ပျောက်ကွယ် သွားတော့သည်။

လီမူဝမ်က သူ့အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်မိသည်။ သူမက အိမ်ကနေ ခွဲခွာ လာရသည်မှာ အချိန်အကြာကြီး ထွက်ခွာလာပြီး ကတည်းက သံသယ ထားမှုများ မြင့်တက် လာခဲ့ပေသည်။ ထို့နောက်သူမက အနည်းငယ် စဉ်းစားလိုက်ပြီး ညာလက်ဖြင့် နံရံပေါ်သို့ ထားလိုက်ရာ အစီအရင်တစ်ခု ထွက်ပေါ် လာတော့သည်။ လီမူဝမ်က အစီအရင်ကို ဖြတ်၍ လမ်းလျှောက်လိုက်ရာ မြေအောက်ခန်းထဲမှ ပျောက်ကွယ် သွားတော့သည်။

ထိုအခိုက်တွင် မြေအောက်ခန်း အပြင်ဘက်၌ ချူယောင်ဇီ၏ ဆေးလုံး သန့်စင်ခြင်းက အဆုံးသတ် ခါနီးလာပြီ ဖြစ်သည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး သူက သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ဆေးမီးဖို အဖုံးက ပွင့်သွားတော့သည်။ သည်ခဏတွင် ကောင်းကင်သည် အရောင် ပြောင်းလာခဲ့၏။ နက်မှောင်နေသော ကောင်းကင်က ရုတ်တရက် တောက်ပလာသည်။ အကြောင်းမှာ ဆေးမီးဖိုထဲရှိ ရွှေရောင် ဆေးတစ်လုံးက မျောလွင့် လာသောကြောင့်ပင် ဖြစ်သည်။

စိတ်ဝိညာဉ် ခြောက်ခုက ထိုဆေးလုံး အနီး၌ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ သည်စိတ်ဝိညာဉ်များက စောနကတုန်းက သူတို့ကိုယ် သူတို့ စွန့်လွှတ် စတေးထားသော စိတ်ဝိညာဉ်များပင် ဖြစ်၏။ ၎င်းတို့က ခြေချိတ် ထိုင်လိုက်ပြီး ဆေးလုံး အနား၌ မျောလွင့် နေလိုက်သည်။

ချူယောင်ဇီ အသွင်က လေးနက် လာခဲ့သည်။ သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်သည်။

“မင်းတို့ ခြောက်ယောက်ကြောင့် ငါ့ဆေးလုံးကို အောင်မြင်အောင် ဖန်တီးနိုင်ခဲ့တယ်။ ဒီအတွက် မင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငါက မင်းတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ တာအိုခြောက်ဖော် စိတ်ဝိညာဉ် ဆေးလုံးလို့ နာမည် ပေးလိုက်မယ် …”

သူက ထိုသို့ ပြောလိုက်သောအခါ စိတ်ဝိညာဉ် ခြောက်ခုက ကျေနပ် သွားကြလေ၏။

တစ်ချိန်တည်းမှာ ဆေးလုံးက အောက်သို့ ပြန်ပြုတ်ကျလာပြီး ချူယောင်ဇီက ၎င်းဆေးလုံးကို ဖမ်းဆုပ်လိုက်သည်။ သူ့အပြင်ပိုင်း အသွင်က တည်ငြိမ် နေသော်လည်း စိတ်ထဲ၌ အလွန် လှုပ်ရှားနေခဲ့ပြီး သူက တွေးလိုက်မိသည်။

“နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ။ အခု ငါက အဆင့်ခြောက် ဆေးလုံးကို ပြုလုပ်နိုင်ခဲ့ပြီ”

ဝမ်လင်းကတော့ ထိုအချိန်၌ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲမှာ ထိုင်လျက် ရှိနေပြီး သူ့လက်ထဲရှိ ဆေးလုံးကို ကြည့်၍ လေ့ကျင့်လို့ နေ၏။ ခဏတာ ကြာပြီးနောက် သူက ဆုံးဖြတ်ချက်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

ဆေးလုံး ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ၎င်းက အပြာရောင် အလင်းတန်း စိတ်ဝိညာဉ် စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ဝမ်လင်းက ထိုအဆုံးမရှိသော အပြာရောင် အလင်းတန်း စိတ်စွမ်းအင်များကို ရှေးဟောင်း နတ်ဘုရား နည်းစနစ်ဖြင့် ဝါးမျို စုပ်ယူလိုက်သည်။

တစ်ချိန်တည်းမှာ ဝမ်လင်း၏ အမြုတေက လျင်မြန်စွာ လှည့်ပတ်လာပြီး ပို၍ ကြီးမားလာသည်။

တဖြည်းဖြည်းဖြင့် ခရမ်းရောင် စိတ်စွမ်းအင် အမျှင်တန်းများက သူ့အမြုတေမှ ထွက်ပေါ် လာခဲ့သည်။ သည်စိတ်စွမ်းအင် အမျှင်တန်းများက ပို၍ပို၍ သူ့အမြုတေထဲ၌ စုဝေး လာခဲ့သည်။ သူ့ကျင့်ကြံမှု အဆင့်ကလည်း အမြုတေ ဖွဲ့တည်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ဆက်လက် ပြီးတော့လည်း သူ့ကျင့်ကြံမှု အဆင့်က တိုးတက်လျက် ရှိပြီး သူ့အမြုတေကလည်း ပို၍ ကြီးမား လာခဲ့သည်။ သိပ်မကြာခင်မှာ ရွှေရောင် အရည်စက်များက အမြုတေထံမှ စိမ့်ကျလာ၏။ အကြောင်းမှာ သူ့အမြုတေက အရည်ပျော် လာသောကြောင့် ဖြစ်သည်။

ထိုခဏ၌ သူ့ခန္ဓာကိုယ်က ထွင်းဖောက်၍ပင် မြင်နိုင်လာသည်။ ဤအရာက သူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှု အားလုံးကို သူ့အား တွေ့မြင်နိုင်စေ၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ကျင့်ကြံခြင်းကို အာရုံစိုက်လျက် သူ့စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်လာမည့် အခိုက်ကို စောင့်ဆိုင်းလျက် ရှိသည်။

ဝမ်လင်းအတွက် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်းက အခြား လူများများနှင့် အလွန် ကွဲပြားလေ၏။

သူက စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်လာသည်နှင့် သူ့အစီအစဉ်၏ ပထမ ခြေလှမ်းက အောင်မြင်ပြီ ဖြစ်သည်။ တကယ်တော့ သူက သူ့မူရင်း ကိုယ်နှင့် ကိုယ်ပွားကို ပေါင်းစပ်မည် ဖြစ်သည်။ ထို့နောက်သူ့ သူ့ကိုယ်ပွားက မူရင်းကိုယ်ပေါ်၌ စဦးစိတ်ဝိညာဉ် အဆင့်သို့ ချိုးဖျက်ပေမည်။ သူ့မူရင်း ခန္ဓာကိုယ်ကသာ စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိမည် ဆိုပါက သူ့ဂျိနယ်ပယ်ကြောင့် သူက ချူနိုင်ငံတွင် အသန်မာဆုံး တစ်ယောက် ဖြစ်လာလိမ့်မည် ဖြစ်၏။ နတ်ဆိုး ပင်လယ်ထဲ၌ပင် သူက ကိုယ်ပိုင်ကလန် တည်ထောင်နိုင်စွမ်း ရှိလာမည် ဖြစ်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်လာ ပေလိမ့်မည်။

သူက ထိုသို့သော စွမ်းရည် ရှိလာခဲ့လျှင် အရေးကြီးဆုံး လုပ်မည့် အရာမှာ ကျောက်နိုင်ငံသို့ ပြန်ပြီး လက်စားချေရန် ဖြစ်၏။ ထျန်ဟွယွမ်… သည်နာမည်က နှစ်ပေါင်း လေးရာကျော် အတွင်း သူအမုန်းဆုံးအရာ ဖြစ်သည်။ သူ့အမုန်းများကို ဖော်ပြရန်ပင် မစွမ်းသာပေ။ သူ့လမ်းကြောင်း၌ ပိတ်ဆို့လျှင် မည်သူ့ကို မဆို သူက သွေးနှင့် တန်ဖိုးချေခိုင်းမည် ဖြစ်သည်။

ဝမ်လင်းက ထျန်ဟွယွမ်၏ ကျင့်ကြံမှု အဆင့်က နှစ်ပေါင်းလေးရာ အတွင်း မည်သည့် အဆင့်သို့ ရောက်နေမည်ကို မသိပေ။ သို့သော် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ မရောက်သေးသရွေ့ သူကြုံရမည့် ကံကြမ္မာက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းက နှစ်ပေါင်းလေးရာ လောက်ဖြင့် စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိလိမ့်မည်ကို မယုံကြည်ပေ။ အကြောင်းမှာ စဦးစိတ်ဝိညာဉ် အဆင့်က ချိုးဖျက်ရန် အလွန်ခက်ခဲ လှသောကြောင့် ဖြစ်၏။ ကျင့်ကြံမှု ကမ္ဘာက ပိရမစ်ပုံစံ ဖြစ်သည်။ အထက်သို့ ရောက်လေ လူနည်းသွားလေ ဖြစ်သည်။

ချီစုဆောင်းမှု အဆင့်၊ အခြေခံ တည်ဆောက်ခြင်း အဆင့်၊ အမြုတေ ဖွဲ့တည်ခြင်း အဆင့်၊ စဦးစိတ်ဝိညာဉ် အဆင့်၊ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်၊ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နှင့် ကောင်းကင်ဘုံ ရှာဖွေခြင်း အဆင့် စသည့် ကျင့်ကြံမှု အဆင့် (၇) ခုတွင် စဦးစိတ်ဝိညာဉ် အဆင့်သည် အတားအဆီးအဆင့် တစ်ခု ဖြစ်သည်။ ဆိုလိုသည်က စဦးစိတ်ဝိညာဉ် အဆင့်က ကျင့်ကြံမှု လောကသို့ အစစ်အမှန် ခြေချနိုင်သော အဆင့် ဖြစ်လေသည်။ လူတစ်ယောက်က ထိုအဆင့်သို့ ရောက်မှသာ ကျင့်ကြံမှု လောက၏ ထိပ်ဆုံးသို့ ဆက်၍ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဝမ်လင်း အတွက်က လက်စားချေပြီးလျှင် နောက်ထပ် ဖြစ်ချင်သည့် အရာမှာ ပို၍ သန်မာလာရန် ဖြစ်သည်။ သူက ရှေးဟောင်း နတ်ဘုရား နယ်မြေ၌ ဆံပင်အနီရောင်နှင့် လူကြီး၏ အန္တရာယ်ကို ခံစားမိကတည်းက ထိုသို့သော အတွေး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူက ဆံပင်အနီရောင်နှင့် လူကြီးက ရှေးဟောင်း နတ်ဘုရား နယ်မြေမှ လွတ်မြောက် လာမည်ကို ယုံကြည်ပေသည်။ အကယ်၍ သူလွတ်မြောက်လာလျှင် ပထမဆုံး လုပ်မည့် အရာမှာ သူ့ကို ရှာဖွေရန်သာ ဖြစ်ပေလိမ့်မည်။

သူက အသိဉာဏ် အမွေအနှစ်ဖြင့် ပေါင်းစပ်ပြီး ကတည်းက သူက တစ်နေ့တခြား တဖြည်းဖြည်းချင်း ပြောင်းလဲ လာသည်ကို ခံစားမိနေသည်။ သူ့စိတ်ထဲက ပြောင်းလဲလာမှုက ရှေးဟောင်း နတ်ဘုရား အတွေးများဖြင့် တစ်လမ်းတည်း ဖြစ်လာလို့ နေခဲ့သည်။

ကျင့်ကြံမှု လောကသို့ မဝင်ရောက်ခင်က ဝမ်လင်း စိတ်ထဲရှိ အတွေးသည် ပြည်နယ် စာမေးပွဲ အောင်မြင်ရန်သာ ဖြစ်သည်။ ထိုအခါ သူ့မိဘနှစ်ပါးက သူ့အတွက ဂုဏ်ယူမည် ဖြစ်သည်။ သူကလည်း မိဘနှစ်ပါးကို ကောင်းမွန်စွာ ထားနိုင်မည် ဖြစ်သည်။ သို့သော် သူ့ဦးလေးနှင့် ကြုံတွေ့လိုက်ခြင်းက အရာအားလုံးကို ပြောင်းလဲ သွားစေတော့သည်။

သူပထမဆုံး ကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာသည့် အချိန်၌ သူ့ပန်းတိုင်မှာ အင်မောတယ် တစ်ယောက်ဖြစ်ရန် ဖြစ်သည်။ တစ်ချိန်တည်းမှာ သူက ကျောက်နိုင်ငံက သည်ဂြိုလ်ကမ္ဘာတွင် သေးငယ်သော နိုင်ငံလေး တစ်ခုအဖြစ် သိလာခဲ့ရသည်။

အခုချိန်၌ ဝမ်လင်းက ကိစ္စမြောက်များစွာကို တွေ့ကြုံပြီးနောက် သူ့ကိုယ်သူ ပိုသန်မာ လာရန်သာ အားစိုက်ခဲ့ လေသည်။ အခုသူ့ပန်းတိုင်မှာ ကျောက်နိုင်ငံသို့ ပြန်ပြီး လက်စားချေနိုင်ရန် ဖြစ်သည်။ သူက နိုင်ငံအများကြီး ရောက်ဖူးပြီး သွားသောအခါ သည်ဟင်္သာပြဒါးဂြိလ်တွင် နိုင်ငံပေါင်းများစွာ ရှိကြောင်း သိလာခဲ့သည်။ ကျောက်နိုင်ငံက သည်ဂြိလ်တွင် အဆင့်သုံးနိုင်ငံလေး တစ်ခုသာ ဖြစ်ကြောင်း သိလာခဲ့ပြီး ကျန်သည့် အဆင့်လေး၊ အဆင့်ငါးနှင့် အဆင့်ခြောက် နိုင်ငံများပင် ရှိကြောင်း သိလာခဲ့ရသည်။ အခု သည်ဟင်္သာပြဒါးဂြိုလ်တွင် တကယ့် အစစ်အမှန် အုပ်ချုပ်သူသည် ဟင်္သာပြဒါးနိုင်ငံ ဖြစ်ကြောင်းလည်း သိလာခဲ့ရသည်။

ရှေးဟောင်း နတ်ဘုရား နယ်မြေတွင် အသိဉာဏ် အမွေအနှစ်များ လက်ခံရရှိ ပြီးနောက်မှာတော့ သူ့အသိများက ပို၍ ချဲ့ထွက် လာခဲ့လေသည်။ ကြီးမားကျယ်ပြန့် လှသည့် စကြဝဠာတွင် သူနေထိုင်နေသော ဟင်္သာပြဒါးဂြိလ် ကဲ့သို့ အခြား ဂြိလ်များ အများအပြား ရှိကြောင်းကိုလည်း သိလာခဲ့သည်။ ရှေးဟောင်းနတ်ဘုရား တစ်ယောက်၏ စွမ်းအားက အခုလို ဂြိုလ်တစ်ခုကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိခြင်းက ဝမ်လင်းကို ယစ်မူးမိ သွားစေသည်။

ထိုကြောင့် ဝမ်လင်း၏ စိတ်နေစိတ်ထားများက ပြောင်းလဲလာပြီး သူ့ပန်းတိုင်က ကျင့်ကြံခြင်း၌ မြင်နိုင်သမျှ မြင့်ရန် ဖြစ်လာခဲ့တော့သည်။ ပို၍ သန်မာ လာသူသာ သည်ကျင့်ကြံခြင်း လောက၌ ရှင်သန်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

ဆယ်ရက် ကြာပြီးနောက် ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲမှ ထွက်လာခဲ့သည်။ သူကထွက်ပေါ် လာသည်နှင့် ဆေးမီးဖိုထဲတွင် ရှိသော မူရင်းကိုယ်နှင့် ပေါင်းစပ်လိုက်သည်။ ထိုအခိုက်တွင် မြေအောက်ခန်း အပေါ်ရှိ ကောင်းကင်ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခုထံမှ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းလေးများက လျော့နည်း လာခဲ့သည်။

သူ့မူရင်း ခန္ဓာကိုယ်နှင့် ကိုယ်ပွားက ပေါင်းစပ် နေသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ တစ်ခုခု အမှားအယွင်း ရှိခဲ့လျှင် သူအားစိုက် ထားခဲ့ရသည့် အရာများမှာ အလဟဿ ဖြစ်ကုန်မည် ဖြစ်သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီ ဖြစ်သည်။ ဝမ်လင်းအတွက်က သူ့ဂျိနယ်ပယ် အပြင် နောက်ထပ် အတားအဆီး တစ်ခုရှိသေး၏။ ထိုအရာမှာ သူ့ကိုယ်ပိုင် အရည်အချင်းဖြစ်၏။

ကောင်းကင် ခိုးယူခြင်း ဆေးမီးဖို ခုနစ်ခုအတွင်း၌ နှစ်ထောင်ပေါင်းများစွာ သိုလှောင်မိနေသော စိတ်ဝိညာဉ် စွမ်းအင်များကို ဝမ်လင်းက စုပ်ယူလျက် ရှိသည်။ သူ့ ရှေးဟောင်း နတ်ဘုရား နည်းစနစ်က စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို တွင်းနက်ကြီး တစ်ခုအလား စုပ်ယူလျက် ရှိသည်။ မူရင်းကိုယ်က ကိုယ်ပွားနှင့် ပေါင်းစပ်နေသည့် အခိုက် ရှေးဟောင်း နတ်ဘုရား နည်းစနစ်က ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။ ရှေးဟောင်း နတ်ဘုရား နည်းစနစ်၏ ပထမအဆင့်သည် ဝါးမျိုခြင်း ဖြစ်သည်။ဒုတိယ အဆင့်က စုပ်ယူခြင်း ဖြစ်သည်။

ဝါးမျိုခြင်းနှင့် စုပ်ယူခြင်းက မတူညီသော အဆင့်နှစ်ခု ဖြစ်သည်။ ဝါးမျိုခြင်းက ဝမ်လင်း ကိုယ်ထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ် စွမ်းအင်များကို ဝါးမျိုပြီး ဝမ်လင်းက အသုံးပြုသည်။ သည်အရာက အပြုလုပ်ခံရသော အဆင့်ဖြစ်သည်။ စုပ်ယူခြင်းကတော့ လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို စုပ်ယူခြင်းပင် ဖြစ်ပြီး ပြုလုပ်သော အဆင့်ဖြစ်သည်။

ရှေးဟောင်း နတ်ဘုရားများ အလွန်သန်မာခြင်းမှာ ထိုနည်းစနစ် နှစ်ခုကြောင့် ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရား အားလုံးသည် စတင် မွေးဖွားကတည်းက သည်နည်းစနစ်ကို သူ့တို့စိတ်ထဲ၌ အလိုအလျောက် ပါလာပြီး ဖြစ်၏။ ဝမ်လင်းကတော့ ရှေးဟောင်း နတ်ဘုရား၏ အသိဉာဏ် အမွေအနှစ်ကို ရရှိခဲ့သဖြင့် သူက တစ်ခါတည်း ဒုတိယအဆင့်သို့ ရောက်ရှိနိုင်သည်။ သို့သော် အခုသူ့သေမျိုး ခန္ဓာကိုယ်အတွက် ထိုအဆင့်မှာ အလွန်ခက်ခဲ လွန်းနေသေးသည်။

***

Comment

  1. Anonymous says:

    စာဖောင့်errorတက်နေတယ်

    1. Nay says:

      ပြင်‌လိုက်ပါပြီခင်ဗျာ

Leave a Reply

Options

not work with dark mode
Reset