Switch Mode

အပိုင်း (၂၅၃)

ဆေးလုံးချိပ်ပိတ်ခြင်းကို ဖွင့်ခြင်း (၂)

ထိုခဏ၌ မြေအောက်ခန်း အပေါ်၌ ချူယောင်ဇီက သူ့လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ သည့်နောက် သူက သူ့ကိုယ်သူ တစ်စုံတစ်ခု ခပ်တိုးတိုး ပြောလိုက်သည်။ အချိန်ခဏတာ ကြာပြီးနောက် သူက ဆေးမီးဖိုအလယ်သို့ စူးစိုက် ကြည့်လိုက်သည်။ ရုတ်တရက် ဆေးမီးဖိုထဲမှ အစိမ်းရောင် အခိုးငွေ့များ ထွက်လာပြီး နောက်ဆုံး ကြီးမားသော လက်ကြီးအဖြစ် ဖြစ်ပေါ်လာခဲ့သည်။

ချူယောင်ဇီက အသက်ဝဝ ရှူလိုက်ပြီး သိုလှောင်အိတ်ကို ယူလိုက်သည်။ သူက မရေမတွက်နိုင်သော ရတနာများကို သိုလှောင်အိတ်ထဲမှ ထုတ်၍ ထိုကြီးမားသော လက်ကြီးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် လက်ကြီးက အစိမ်းရောင် အခိုးငွေ့များ အဖြစ်သို့ ပြန်ပြောင်းသွားပြီး ဆေးမီးဖိုထဲသို့ ပြန်ဝင်ရောက် သွားလေသည်။

ချူယောင်ဇီ မျက်လုံးများက မြင့်တက်သွားကာ သူက အော်ဟစ်လိုက်သည်။

“ဆေးလုံး စွန့်လွှတ်ခြင်း … အဆင့်လေး နတ်ဆိုးသွေးဆေးလုံး …”

သူက ထိုသို့ ပြောလိုက်ပြီးသည်နှင့် ဆေးပညာရှင် ခြောက်ယောက်ထဲမှ တစ်ယောက်က ရှေ့သို့ ခြေလှမ်း အနည်းငယ်ရွေ့၍ သူ့သိုလှောင်အိတ်ထဲကို ရှာဖွေလိုက်သည်။ ထိုသို့ လှောင်အိတ်ထဲမှ အဖြူရောင် ကျောက်စိမ်း ပုလင်းတစ်လုံး ထွက်ပေါ်လာသည်။ သူက ဆေးမီးဖို တစ်ခုအပေါ်သို့ လျှောက်လာပြီး ကျောက်စိမ်းပုလင်းကို ဖွင့်၍ နတ်ဆိုးသွေးဆေး တစ်လုံးကို ထိုဆေးမီးဖိုထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ဆေးလုံး ထွက်ပေါ်လာသည်နှင့် သည်ဧရိယာ တစ်ခုလုံးက သွေးနံများ ဖုံးလွှမ်း သွားလေသည်။

ဆေးလုံးက ဆေးမီးဖိုထဲသို့ ရောက်သွားသည်နှင့် ဆေးမီးဖိုထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် သွေးနီရောင် အလင်းတစ်ခုက လေထဲသို့ မြင့်တက်လာပြီး ကောင်းကင်အထိ ရောက်ရှိသော အလင်းတိုင်တစ်ခု ဖြစ်ပေါ် လာခဲ့တော့သည်။

တစ်ချိန်တည်းမှာ ထိုသို့သော အဖြစ်က မြေအောက်ခန်းထဲ၌ ဖြစ်လာခဲ့သည်။ ဆေးမီးဖိုပေါ်မှ နဂါးတစ်ကောင်ကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင် ဆေးမီးဖို တစ်ခုထံမှလည်း အနီရောင် အလင်းတိုင်လုံး တစ်ခုက မြင့်တက် လာတော့သည်။ မြေအောက်ခန်း အပေါ်ရှိ ဖြစ်ပေါ်သော အလင်းတိုင်နှင့် အထဲရှိ အလင်းတိုင်လုံးတို့က အရွယ်အစားက လွဲလို့ ကျန်သည့် အသွင်သဏ္ဌာန်များက ထပ်တူညီ နေလေသည်။

ဝမ်လင်း မျက်လုံးများက မြင့်တက်သွားသည်။ သူက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်၍ မေးလိုက်သည်။

“ဒါက ဘာလို ဆေးလုံး သန့်စင်ခြင်း နည်းစနစ်လဲ …”

လီမူဝမ်မျက်လုံးထဲ၌ လေးစားမှုများ ပြည့်နေပြီး သူမက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

“ဒီနည်းလမ်းက ချူယောင်ဇီရဲ့ ကိုယ်ပိုင် ဆေးလုံး သန့်စင်ခြင်း နည်းလမ်းဖြစ်တဲ့ စွန့်လွှတ် သန့်စင်ခြင်းလို့ ခေါ်တဲ့နည်းပဲ။ အခြေခံအားဖြင့် ဒီနည်းလမ်းက အမျိုးမျိုးသော အဆင့်လေး ဆေးလုံးတွေကို အသုံးပြုပြီး အဆင့်ငါး ဆေးလုံး ပြုလုပ်နည်းပဲ။ ဒီနည်းလမ်းရဲ့ အောင်မြင်မှုနှုန်းက သိပ်မမြင့်ပေမဲ့ အခြားပုံမှန် နည်းတွေထက် စာရင်တော့ အများကြီး သာတယ် …”

ထိုအချိန်၌ မြေအောက်ခန်း အပေါ်ရှိ ချူယောင်ဇီ မျက်လုံးများက မြင့်တက်သွားပြီး သူက အော်ဟစ်လိုက်သည်။

“ဒုတိယ စွန့်လွှတ်ခြင်း … အဆင့်လေး လျိုလင်း ဆေးလုံး …”

ထိုအခါ အခြားတစ်ယောက်က နောက်ထပ် ဆေးမီးဖို တစ်ခုနားသို့ ရောက်လာပြီး အပြာရောင် ဆေးတစ်လုံးကို ဆေးမီးဖိုအထဲသို့ ထည့်လိုက်သည်။ ရုတ်တရက် အပြာရောင် အလင်းတိုင်လုံး တစ်ခုက ထိုဆေးမီးဖိုထံမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်ချူယောင်ဇီက အဆင့်လေး ဆေးလုံး (၄) လုံးထက် ပိုသော ဆေးလုံးများကို အသုံးပြုပြီး ဖြစ်သည်။ အခု အလင်းတိုင်လုံး ခြောက်ခုက ကောင်းကင်ထက်၌ ပေါ်ထွက်လို့ နေပြီ ဖြစ်သည်။ ထိုအလင်းတိုင်လုံးများကို တိမ်ကောင်းကင်ကလန် အပြင်ဘက်ရှိ တောင်တန်းများမှပင် မြင်ရပေ၏။

ချူယောင်ဇီက အလွန် စိတ်လှုပ်ရှား နေသည်။ သူက ဆေးမီးဖို အလယ်ကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“ဒါက အောင်မြင်တော့မယ် … ဒါက အောင်မြင်တော့မယ် …”

“ဒီတစ်ချိန် ငါအောင်မြင်အောင် လုပ်နိုင်မယ် ဆိုရင် ငါ့မှာ အဆင့်ငါး ဆေးလုံးသုံးလုံး ရှိလာတော့မယ်။ ဒီဆေးသုံးလုံးကို ပေါင်းစပ်ပြီး အဆင့်ခြောက် ဆေးလုံးကို လုပ်နိုင်လာလိမ့်မယ်”

သူ့မျက်လုံးများက ဆေးမီးဖိုများကို ကြည့်၍ အလွန် တောက်ပလာသည်။ သူက အသက်ဝဝ ရှူသွင်းလိုက်ပြီး လှမ်းအော်လိုက်သည်။

“မင်းတို့ ခြောက်ယောက် … ဆေးလုံး သန့်စင်ခြင်းက စတင်နေပြီ …”

ထိုဆေးပညာရှင် ခြောက်ယောက်၏ မျက်လုံးထဲ၌လည်း အလွန် စိတ်လှုပ်ရှားဟန်များ ပေါ်ထွက်လို့ နေသည်။ သူတို့က သည်တစ်ကြိမ် အောင်မြင်လျှင် အဆင့်ငါး ဆေးလုံးကို ဖန်တီးရာ၌ အကူအညီပေးသူများ ဖြစ်လာမည် ဖြစ်သည်။ ထိုအရာက ဆေးပညာရှင်များ၏ အိပ်မက်ပင်။

သူတို့ခြောက်ယောက်က လေထဲသို့ ခုန်တက်လိုက်ပြီး ဆေးမီးဖို ခြောက်ခုပေါ်၌ မျောလွင့် နေလိုက်သည်။ သူတို့က အလင်းတိုင်လုံးထဲ၌ ခြေချိတ်၍ ထိုင်လိုက်ကြပြီး သူတို့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ရွေ့လျားရန် မောင်းနှင် လိုက်ကြသည်။

ချူယောင်ဇီကလည်း နှေးကွေး တုံ့ဆိုင်းခြင်း မရှိပေ။ သူကလည်း နောက်ဆုံး ဆေးမီးဖို အပေါ်သို့ တက်လိုက်ပြီး မျက်လုံး ပိတ်လိုက်သည်။

ထိုခဏ၌ မြေအောက်အခန်း ထဲ၌လည်း ပုံရိပ်ယောင် ဆေးမီးဖို ခြောက်ခုကလည်း သူ့တို့ဆိုင်ရာဆိုင်ရာ အလင်းတိုင်လုံးများ ထုတ်လွှတ်လျက် ရှိသည်။

သည်အလင်းတိုင်လုံးများ ကြားထဲ၌ ချိပ်ပိတ်ထားသော ဆေးမီးဖို ရှိလေသည်။ ထိုဆေးမီးဖို အောက်၌ လီမူဝမ် ပြုလုပ်ထားသော ဆေးမီးဖို ရှိလေသည်။ ဝမ်လင်း၏ မူရင်း ခန္ဓာကိုယ်က လီမူဝမ် ပြုလုပ်ထားသော အထဲ၌ ရှိနေလေသည်။

ဝမ်လင်း၏ မူရင်း ခန္ဓာကိုယ်က ဆေးမီးဖိုထဲ၌ ရှိနေသော်လည်း အထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူခြင်း မရှိဘဲ ချိပ်ပိတ်ထားသော ဆေးလုံးကို ဖွင့်ရန် ကြိုပြင်ဆင် ထားလေသည်။ ဆေးလုံးချိပ်ပိတ် ထားသည်ကို ဖွင့်ပြီးနောက်မှ ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူရန် စောင့်နေနိုင်လေသည်။

လီမူဝမ်အသွင်က လေးနက်နေသည်။ သူမက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ဆေးမီဖို အသီးသီးသို့ ယင်ချိပ်ပုံစံ လက်ဟန်များကို ပို့လွှတ်လိုက်သည်။ သိပ်မကြာလိုက်ခင်မှာ ဆေးမီးဖို ခြောက်ခုမှ မရေမတွက်နိုင်သော ငွေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး အလယ်ရှိ ဆေးလုံး ချိပ်ပိတ်ထားသော ဆေးမီးဖိုထံသို့ တန်းဝင် သွားတော့သည်။

သည်ငွေရောင် စိတ်ဝိညာဉ် စွမ်းအင်များက အဆင့်လေး ဆေးလုံးများထံမှ လီမူဝမ် ခိုးယူထားသော စွမ်းအင်များ ဖြစ်သည်။ သည်အရာမှာ ဆေးလုံး ချိပ်ပိတ်ခြင်းကို ဖွင့်ရန် စိတ်စွမ်းအင် အမြောက်အများ လိုအပ်ခြင်းကို ဖြေရှင်းခြင်း ဖြစ်တော့၏။

အမှန်တော့ လီမူဝမ်က ဆေးလုံး ချိပ်ပိတ်ခြင်းကို ဖွင့်ရန် အရာနှစ်ခုသာ လိုလေသည်။ တစ်ခုက နေရာဖြစ်သည်။ သူမက စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်နေသော နေရာတစ်ခု လိုလေသည်။ သည်ပြဿနာကို ချူယောင်ဇီက ဖြေရှင်း ပေးလိုက်ခြင်း ဖြစ်သည်။ ဆေးလုံး ချိပ်ပိတ်ခြင်းကို ဖြေရှင်းရန် နောက်တစ်ချက်က အချိန်မှန်ဖြစ်ရန် ဖြစ်သည်။ စိတ်ဝိညာဉ် စွမ်းအင် အမြောက်အများ အပြင် နောက်လိုအပ်ချက် တစ်ခုက အချိန်မှန်ရန် ဖြစ်လေ၏။

သေးငယ်သော အချိန်ကွာဟလျှင် ဆေးလုံးက အနည်းငယ် ပျက်စီးပြီး ကြီးစွာ ကွာဟလျှင် ဆေးလုံးလည်း များစွာ ပျက်စီးမည် ဖြစ်သည်။ လီမူဝမ်က ထိုအရာကို ဝမ်လင်းအား ရှင်းပြပြီး ဖြစ်သည်။ အခုသူ့အတွက် မေးခွန်းမှာ …

“ ချိပ်ပိတ်ထားတာကို ဖွင့်ဖို့ အချိန်မှန်က ဘယ်ချိန်လဲ …”

လီမူဝမ်က စာအုပ်များစွာကို လေ့လာပြီးနောက် ထိုအချိန်ကို သိလာသည်။ သည်အချိန်မှာ သန်းခေါင်ယံ ကျော်ပြီး (၄၅) မိနစ်၌ ဖြစ်လေသည်။

ရလဒ်အနေနှင့် ဆေးလုံးကို အကောင်းဆုံး သန့်စင်ရန်နှင့် ဆေးလုံးများကို ချိပ်ပိတ်ရန်မှာ သန်းခေါင်ယံကျော် (၄၅) မိနစ် ဖြစ်နေလေသည်။ ထိုသို့ အကောင်းဆုံးချိန် ဖြစ်ရခြင်းမှာ ထိုအချိန်၌ ယင်နှင့်ယန် ကွဲသွားခြင်းကြောင့် ဖြစ်၏။ တကယ်တော့ သည်အရာက တန်ဖိုးရှိသော ဆေးလုံးများ သန့်စင် ရာ၌သာ အသုံးချကြပြီး သာမန် ဆေးလုံးများ အတွက်တော့ ထိုသို့ အာရုံစိုက် ပြုလုပ်ခြင်း မရှိကြပေ။

လီမူဝမ်အသွင်က လေးနက်လို့ နေသည်။ သူက ဝမ်လင်းကို ခပ်တိုးတိုး ပြောလိုက်သည်။

“ဒီဆေးမီးဖို တည်ရှိနေတဲ့ အတွက် ချူယောင်ဇီအတွက် အောင်မြန်ဖို့ အခွင့်ရေးက သိပ်မများတော့ဘူး။ သူ့အကျင့်အရ သွေးစွန့်လွှတ်ခြင်း နည်းလမ်းကို အသုံးပြုလိမ့်မယ်။ အဲဒီခဏမှာ စိတ်ဝိညာဉ် စွမ်းအင် ပေါက်ကွဲမှုတွေ ဖြစ်လာလိမ့်မယ်။ အဲဒီလို ဖြစ်လာတဲ့ အချိန်က ဆေးလုံး ချိပ်ပိတ်ခြင်းကို ဖွင့်ရမဲ့ အချိန်ပဲ …”

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလို့ လာနေသည်။ မြေအောက်ခန်း အပေါ်ရှိ ချူယောင်ဇီက မျက်လုံး ဖွင့်လိုက်သည်။ သူက သည်ဧရိယာတွင် ရှိသော စိတ်ဝိညာဉ် စွမ်းအင်တွေ လျော့နည်း လာသည်ကို သတိပြုမိလိုက်သည်။ အခုလက်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက အဆင့်ငါး ဆေးလုံးပြုလုပ်ရန် လုံလောက်ခြင်း မရှိပေ။

သည်လိုမျိုး အဖြစ်ကို သူက အခုမှ ပထမဦးဆုံး တွေ့ကြုံဖူးခြင်း ဖြစ်သည်။ အခု ဆေးလုံး သန့်စင်ခြင်း၌ ဖြစ်ပေါ်လာသော လက်ရှိအခြေအနေကို တွေးရန် သူ့အတွက် အချိန်အများကြီး မရှိပေ။ သူ့မျက်လုံးထဲ၌ အလင်းတချို့ ဖြတ်ပြေးသွားပြီး ချူယောင်ဇီက အော်ဟစ်လိုက်သည်။

“သွေးစွန့်လွှန်ခြင်း …”

အနားမှာရှိသော ဆေးပညာရှင် ခြောက်ယောက်၏ အသွင်ကလည်း ပြောင်းလဲလို့ သွားသည်။ သို့သော်သူတို့က ဆုံးဖြတ်ချက် ချလိုက်ကြသည်။ သူတို့က တုံ့ဆိုင်းခြင်း မရှိဘဲ သူတို့၏ အမြုတေများကို ပေါက်ကွဲစေလိုက်သည်။ ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်လာပြီး သည်ဧရိယာ တစ်ခုလုံးသည် သွေးမြူများဖြင့် ဖုန်းလွှမ်းလို့ သွားလေ၏။ ရလဒ်အနေဖြင့် သည်ဧရိယာ တစ်ခုလုံးတွင် စိတ်ဝိညာဉ် စွမ်းအင်များ ရုတ်တရက် မြင့်တက် လာခဲ့တော့သည်။

သည်ဧရိယာမှာ ရှိသော စိတ်ဝိညာဉ် စွမ်းအင်များက အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ ချူယောင်ဇီ၏ မျက်လုံးများက မြင့်တက်လာပြီး သူက လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး သူ့ရှေ့ရှိ ဆေးမီးဖိုပေါ်သို့ ပစ်လွှတ်လိုက်သည်။ ထိုဆေးမီးဖိုက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူ လေတော့သည်။ သိပ်မကြာခင်မှာ အလင်းတိုင်း ခြောက်ခုလုံးက အလယ်ရှိ ဆေးမီးဖိုသို့ ကွေးညွှတ်လို့ လာသည်။

ချူယောင်ဇီ၏ အမူအရာက ပို၍ပို၍ လေးနက်လို့ လာခဲ့သည်။ အခုက သေရေးရှင်ရေး အခိုက်အတန့် ဖြစ်နေသဖြင့် သူက မည်သည့် အမှားတစ်ခုကိုမျှ မပြုလုပ်ရဲပေ။ သူက ရှေ့၌ အကြိမ်များစွာ ရှုံးနိမ့်ပြီး ဖြစ်၍ သည်တစ်ကြိမ်၌လည်း အောင်မြင်ရန် သေချာမှုမရှိပေ။

ထိုအခိုက်၌ မြေအောက်ခန်းထဲ၌ လီမူဝမ်က သူ့မျက်ခုံးနှစ်ခုကြား လက်ညှိုးဖြင့် ထောက်လိုက်ရာ အမြုတေ သွေးတစ်စက် ပန်းထွက်လာခဲ့သည်။ထိုသွေးက ပုံရိပ်ယောင် ဆေးမီးဖို ခြောက်ခုကြားရှိ အလယ်တွင် မြောလွင့်နေခဲ့သည်။ ရုတ်တရက် ဆေးမီးဖို အားလုံးသည် တုန်ခါသွားပြီး အလင်းတိုင်လုံး များသည်လည်း ပြိုကျလာ၍ အလယ်ရှိ ဆေးမီးဖိုထံသို့ ရွေ့လျား သွားလေ၏။

ထိုဆေးမီးဖိုက သက်တန့်ရောင် အလင်းများ ဖြာထွက် လာခဲ့သည်။ သည်စိတ်ဝိညာဉ် စွမ်းအင်များ၏ ဖိအားအောက်တွင် ဆေးလုံး ချိပ်ပိတ်ထားခြင်းက တဖြည်းဖြည်း ပြေလျော့လာခဲ့ပြီး နောက်ဆုံး၌ လုံးဝ ပွင့်သွားတော့သည်။

တစ်ချိန်တည်းမှာ ဆေးမီးဖိုထဲမှ များစွာသော စိတ်ဝိညာဉ် စွမ်းအင်များထံမှ ဖိအားကြောင့် ဆေးမီးဖိုက ပေါက်ကွဲ သွားလေ၏။သို့သော် ထိုသို့ ဖြစ်ပွား သွားချိန်မှာပင် လေထဲ၌ အက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြီး ဆေးလုံးတစ်လုံး ထွက်ပေါ်လာတော့၏။

“အဆင့်(၇) စိတ်ဝိညာဉ်ဆေးလုံး …”

လီမူဝမ်၏ မျက်လုံးများက ပြူးကျယ်လို့ သွားသည်။ သူမက ကြိုတင် ပြင်ဆင်ခဲ့သော်လည်း လုံးဝ မအံ့ဩဘဲ မနေနိင် ဖြစ်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset