ထျန်လီဆေးလုံးက အမြုတေ ဖွဲ့တည်ရန် အတွက် အခွင့်ရေးကို တိုးမြင့်ပေးနိုင်စွမ်း ရှိသည်။ သည်ဆေးက ရှားပါးလွန်း လှသဖြင့် ကလန်၏ ပင်မအဖွဲ့ဝင် အချို့ကိုသာ ပေးသုံးပေသည်။
ထျန်လီဆေး ငါးလုံးက အလွန်များလှသော ပမာဏပင်။ တကယ်တော့ လီမူဝမ်က သည်ဆေးများကို အားစိုက်ပြုလုပ် ထားသော သူတစ်ယောက်လည်း ဖြစ်၏။
ဝမ်လင်းက ထိုဆေးလုံးများကို ကြည့်၍ ပါးစပ်ထဲသို့ တစ်လုံး ကောက်ထည့်လိုက်သည်။
သည် ထျန်လီဆေးလုံက လွန်ခဲ့သော အချိန်တစ်ခုက သူ့မူရင်း ခန္ဓာကိုယ် အသုံးပြုခဲ့သော ထျန်လီတေးထက် ပို၍ ကောင်းမွန်လေ၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလို့ လာသည်။ ဝမ်လင်း အသုံးပြုခဲ့သော ပထမ ဆေးလုံးက အဆင်မပြေ ဖြစ်ခဲ့သည်။ သို့သော် ထိုသို့ အဆင်မပြေ ဖြစ်ခဲ့သော်လည်း ထိုဆေးအာနိသင်က သူ့စိတ်ဝိညာဉ် စွမ်းအင်များကို သူ့ဒန်တျန်ထဲသို့ ရွေ့လျား သွားခဲ့သည်။
ဒုတိယ ဆေးလုံးလည်း ထပ်ကျရှုံး ပြန်သည်။ သို့သော် စိတ်ဝိညာဉ် စွမ်းအင်များက သူ့ပို၍ စုစည်းလာခဲ့သည်။ ဝမ်လင်း၏ ဒန်တျန်များက ပင်လယ်နှင့်တူကာ သူ့သွေးကြောများက မြစ်နှင့်တူလေသည်။ စိတ်ဝိညာဉ် စွမ်းအင်များက သူ့သွေးကြောမှ တစ်ဆင့် ဒန်တျန်ထဲသို့ စီးဝင်လို့ နေကာ အလယ်၌ ဝဲကတော့ သဏ္ဌာန် ဖြစ်ပေါ်သည်။
ဝဲကတော့က တစ်ကြိမ် လှည့်လည်တိုင်း သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက တလိပ်လိပ် တက်လာသည်။ ထိုဖြစ်စဉ်က အလွန် ထူးဆန်းလှ၏။
တတိယမြောက် ဆေးလုံးကလည်း ထပ်မံ ကျရှုံးပြန်၏။ သို့သော် ဝမ်လင်းဒန်တျန်ထဲရှိ ဝဲက ပို၍ပင် မြန်ဆန်စွာ လှည့်ပတ်လို့ လာသည်။
ဝမ်လင်းက လေးခုမြောက် ဆေးလုံးကို ချက်ချင်း မသောက်သေးပေ။ ထိုအစားသူက ဆေးအာနိသင်များ အသားကျအောင် လေ့ကျင့်လိုက်သည်။ အချိန်တစ်ခု ကြာမြင့်ပြီးနောက် ဝဲက လှည့်ပတ်ရာမှ တဖြည်းဖြည်း နှေးလာခဲ့သည်။ အခု ဝမ်လင်း၏ ဒန်တျန်ထဲ၌ ရွှေရောင် အရည်အစက် သုံးစက် ရှိလာခဲ့လေပြီ။
ထိုအရည် သုံးစက်က သူ့ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။ အရည်သုံးစက် ပေါ်လာသည့်အခိုက် ဝမ်လင်း ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက အားလုံး ပျောက်ကွယ်ကုန်၏။ သူ့ဒန်တျန်ထဲရှိ ဝဲကတော့ပင် တဖြည်းဖြည်း ပျောက်ကွယ်လို့ လာနေခဲ့သည်။
ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား နည်းစနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် စိတ်ဝိညာဉ် စွမ်းအင်များကို သူ့ခန္ဓာကိုယ်က စုပ်ယူရမည့် အစား သူက ထိုစွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ လှည့်လည် ပို့ဆောင်ခဲ့၏။
ရှေးဟောင်း နတ်ဘုရားများ အတွက်က အခြေခံ တည်ဆောက်ခြင်း၊ အမြုတေ ဖွဲ့တည်ခြင်းနှင့် စဦးစိတ်ဝိညာဉ် စသည့်အရာများ မရှိခဲ့ပေ။ တကယ်တော့ သည်အရာများ အားလုံးက ရှေးဟောင်း နတ်ဘုရားများ၏ အပြင်စွမ်းအားကို အရှုံးပေးခဲ့ရခြင်း ဖြစ်၏။ ထို့ပြင် ဝမ်လင်ကဲ့သို့ ရှေးဟောင်း နတ်ဘုရား နည်းစနစ်ကို ခန္ဓာကိုယ်တွင်း စွမ်းအင်အတွက် အသုံးပြုသူ မည်သူမျှ မရှိခဲ့ကြပေ။
ထို့ကြောင့် သူ့စိတ်ဝိညာဉ် စွမ်းအင်များက ခန္ဓာကိုယ်ထဲ၌ ရွှေရောင် အရည်အဖြစ် ဖွဲ့တည် သွားသည့်အခါ ဝမ်လင်းက စိတ်ရှုပ်သွားမိ၏။ သို့သော် သူက သူ့အဖြစ်နှင့် ပတ်သက်၍ ရှင်းပြထားသည်များကို သူ့မှတ်ဉာဏ်ထဲ၌ ရှာမတွေ့ခဲ့ပေ။
သူက ထိုရွှေရောင် အရည်တစ်စက်က အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူ၏ စိတ်ဝိညာဉ် စွမ်းအင်နှင့် ယှဉ်နိုင်ကြောင်း ခံစားမိနေသည်။ ဝမ်လင်း၏ မျက်လုံးများက ရွှေရောင်အရည် သုံးစက်ကို ကြည့်၍ မြင့်တက် သွားလေသည်။ သူက တတိယမြောက် ဆေးပုလင်းကို ကောက်ယူလိုက်၏။ ထိုပုလင်းထဲ၌ အမည်းရောင် ဆေးလုံး (၃၀)ကျော် ရှိလေသည်။
သည်ဆေးလုံးများက ဆူမိုင် ဆေးလုံးများ ဖြစ်ကြ၏။ လီမူဝမ်က သည်ဆေးလုံးကို အမြုတေဖွဲ့တည်ခြင်း အဆင့်သို့ရောက်ပြီးမှ သုံးသင့်ကြောင်း သူ့ကို ပြောလိုက်သည်။ အခြေခံ တည်ဆောက်ခြင်း အဆင့်၌ သည်ဆေးလုံးကို အသုံးပြုလျှင် အသုံးပြုသူ၏ ခန္ဓာကိုယ်က ရောင်ကိုင်းလာပြီး စိတ်ဝိညာဉ် စွမ်းအင်များကလည်း ကမောက်ကမ ဖြစ်လာမည် ဖြစ်၏။
ဝမ်လင်းက သည်ဆေးလုံးကို ကောက်ယူလိုက်ပြီး မျိုချလိုက်သည်။ ရုတ်တရက် ပုံမှန်အားဖြင့် သွေးကြောထဲ၌ မရှိသော ငွေရောင် စိတ်ဝိညာဉ် စွမ်းအင်များက ပေါ်ထွက်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ရှေးဟောင်း နတ်ဘုရား နည်းစနစ်ကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်ပြည့် လာခဲ့တော့သည်။
သူက စိတ်ဝိညာဉ် စွမ်းအင်များကို မြန်ဆန်စွာ လှည့်ပတ်လိုက်၏။ ထို့နောက်မှာတော့ ပျောက်ကွယ်လု ဖြစ်နေသော ဒန်တျန်ထဲရှိ ဝဲက တစ်ဖန် မြန်ဆန်စွာ လှည့်ပတ် လာခဲ့ပြန်၏။
အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလိုက်ချိန်မှာ ဝမ်လင်း ဒန်တျန်ထဲရှိ ရွှေရောင် အရည်က ငါးစက် ဖြစ်လာခဲ့သည်။
ဝမ်လင်းက သူ့ဒန်တျန်မှာ ရုတ်တရက် ရောင်ရမ်း လာသည်ဟု ခံစားလိုက် ရသည်။ သူ့မျက်လုံးများက မြင့်တက်သွားပြီး ကျန်နေသေးသော ထျန်လီ ဆေးနှစ်လုံးကို သုံးစွဲလိုက်၏။ ထို့နောက် သူက စတင် လေ့ကျင့်တော့သည်။
ထျန်လီ ဆေးလုံးနှစ်လုံးက ဝမ်လင်းကိုယ်ထဲ၌ ကြီးမားသော လှိုင်းနှစ်ခု အလား ဖြတ်သန်း သွားလေ၏။ ထိုလှိုင်းကြောင့် ဖြစ်လာသော ဖိအားက ရွှေရောင်အရည် ငါးစက်ပေါ်သို့ သက်ရောက်လေ၏။ ရုတ်တရက် ထိုအရည် ငါးစက်က နီးကပ်စွာ စုဝေးသွားပြီး သိပ်မကြာခင်မှာ တစ်ခုနှင့်တစ်ခု ထိုတိုက်၍ လောင်ကျွမ်းကြသည်။
တစ်ချိန်တည်းမှာ ထိုဆေးလုံး နှစ်လုံး၏ သက်ရောက်မှုကြောင့် ဝမ်လင်း၏ ဒန်တျန်က ကွဲအက်သွား၏။ ထိုကွဲအက်လာမှုက မရပ်တန့်ဘဲ ဝမ်လင်း၏ ဒန်တျန်တစ်ခုလုံး ကွဲကြေ သွားလေတော့သည်။
သည်ကွဲကြေသွားသော အပိုင်းအစများက သိပ်မကြာခင်မှာ ပေါင်းစပ်သွားပြီး ဝမ်လင်း၏ ဝမ်းဗိုက်အောက်၌ လက်သီးဆုပ်ခန့် ရွှေရောင်အမြုတေ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအမြုတေ တစ်ကြိမ်လှည့်ပတ် လိုက်တိုင်း များပြားသော စိတ်ဝိညာဉ် စွမ်းအင်များက ထွက်ပေါ် လာခဲ့သည်။
တစ်ချိန်တည်းမှာ ဝမ်လင်းက မျက်လုံး ဖွင့်လိုက်သည်။ သူ့မျက်လုံးများက အမြုတေ ဖွဲ့တည်ခြင်းနှင့် အခြေခံ တည်ဆောက်ခြင်း အဆင့်တို့ကြား အရည်အသွေးစံကို ကြည့်လိုက်သည်။
ထိုအချိန်၌ လီမူဝမ်က တိမ်ကောင်းကင် ကလန်၏ စာကြည့်တိုက်ထဲ၌ တစ်လကျော် ရှိနေခဲ့သည်။ သူမက ဆေးမီးဖိုကို ချိပ်ပိတ် ထားသည့်ဟာကို ဖွင့်ရန် စာကြည့်တိုက် ထဲ၌ အဆက်မပြတ် ရှာဖွေလို့ နေသည်။
တကယ်တော့ သူမက ချိပ်ပိတ် ထားသည်ကို ဖွင့်ရန် နည်းလမ်းသုံးခု တွေ့ခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုနည်းလမ်း တစ်ခုစီက ဆေးမီးဖို အထဲရှိ ဆေးလုံး အာနိသင်ကို လျော့ကျစေ နိုင်လေသည်။
လီမူဝမ်က ထိုသို့ ဖြစ်သွားမည်ကို လုံးဝ လက်မခံပေ။ သူမက ထိုဆေးမှာ ဝမ်လင်း စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်နိုင်မည့် သော့ချက် ဖြစ်နေသည်လို့ ခံစားချက် ရှိနေသည်။
စွန်ကျန်ဝေက လီမူဝမ် လုပ်ကိုင် နေသည်များကို မျက်စိဒေါက်ထောက် ကြည့်နေလေသည်။ လီမူဝမ် စာကြည့်တိုက်ထဲ၌ အချိန်အကြာကြီး လုပ်ဆောင်နေသည် များက သူ့အတွက် ထူးဆန်းလို့ နေသည်။
သို့သော် သူက ဘယ်လို ခန့်မှန်းခန့်မှန်း ဘာအတွက်လဲ ဆိုသည်ကို မရှာတွေ့နိုင် ဖြစ်နေသည်။
သူက ဝမ်လင်းကို ပေးခဲ့သော ဓားပျံကလည်း မည်သည့် တုံ့ပြန်မှုမှ မရဘဲ ဖြစ်နေသည်။ အကုန်လုံးက ပုံမှန် ဖြစ်နေသော်လည်း စွန်ကျန်ဝေက တစ်ခုခု မှားနေသည်ဟု ခံစားနေရ၏။
သို့သော် သူတို့တာအို လက်ထပ်ပွဲအတွက် တစ်လခန့်သာ ကျန်တော့လေသည်။ ထို့ကြောင့် သူကကလန်သို့ သူ့ကိုလာရောက် ဂုဏ်ပြုသော သူများကို နှုတ်ဆက် ဧည့်ခံရန် တာဝန်ရှိ နေသဖြင့် သူ့စိတ်ထဲက မတင်မကျ ဖြစ်နေသော ကိစ္စကို ကြာရှည်အာရုံ မစိုက်နိုင်ပေ။
ကလန်ထဲရှိ စဦးစိတ်ဝိညာဉ် ကျင့်ကြံသူ အနည်းငယ်ကလည်း လီမူဝမ်က တာအိုလက်တွဲဖော် အကြံဉာဏ်ကို မနှစ်သက်မှန်း သိသဖြင့် သူမ စာကြည့်တိုက်ထဲ၌ ဘာလုပ်နေသည်ကို မေးမြန်းခြင်း မရှိကြပေ။ သူတို့က သူမ နှစ်သက်လာအောင် သူမအတွက် ပုံမှန်အားဖြင့် ပြုလုပ်ထားသော အတားအဆီး နေရာအချို့ကိုပင် ဖွင့်လှစ်ပေး ထားလေ၏။
လက်ထပ်ပွဲ မကျင်းပမီ ရက်နှစ်ဆယ်ခန့် အလိုတွင် လီမူဝမ်က နောက်ထပ် နည်းလမ်း တစ်ခုကို ထပ်တွေ့လိုက်သည်။ ထိုနည်းက အောင်မြင်ရန် ရာခိုင်နှုန် းများလေ၏။
သူမက စိတ်ထဲကနေ ထိုနည်းလမ်းနှင့် ပတ်သက်၍ တွက်ချက်လိုက်သည်။ အန္တာရယ်မရှိဘဲ အောင်မြင်ရန် (၅၀) ရာခိုင်နှုန်း ရှိကြောင်း သူမက သိလိုက်သည်။ အကယ်၍ မအောင်မြင်တောင်မှ ဆေးလုံးအတွက် ဆိုးကျိုး သက်ရောက်မှုက ကြီးမားမှု ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူမက ထိုနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
သူမက ထိုသို့ ဆုံးဖြတ်ချက် ချပြီးနောက် ထိုနည်းလမ်းကို အလျင်အမြန် မှတ်သားလိုက်သည်။ သို့သော် သူမက စာကြည့်တိုက်ထဲမှ ချက်ချင်း ထွက်ခွာခဲ့ခြင်း မရှိပေ။
တကယ်တော့ လီမူဝမ်က ဒီစာကြည့်တိုက် ထဲ၌ ရှိနေသည့် အချိန်၌ အရာများစွာကို မှတ်သားထားပြီး ဖြစ်သည်။ သူမက ဆေးလုံးချိပ်ပိတ် ထားသည်ကို ဖွင့်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများ အပြင် အခြား အရာများကိုလည်း ဖတ်ရှုခဲ့လေသည်။
သူမ ထိုသို့ ပြုလုပ်ရသည့် အကြောင်းပြချက်မှာ အခြားလူများအား လှည့်စားရန် ဖြစ်သည်။ သူမက ကျင့်ကြံခြင်း လောက၌ အစိမ်းသက်သက် ဖြစ်နေသော အသစ်တစ်ယောက် မဟုတ်တော့ပေ။ များစွာ အတွေ့အကြုံ ရှိနေပြီး ဖြစ်သည်။ သူမစိတ်ကလည်း ပို၍ ထက်မြလာသလို အေးစက်လို့လည်း လာခဲ့ပြီး ဖြစ်သည်။ သူမက ထိုသို့ မဟုတ်လျှင် ရက်စက်သော ကျင့်ကြံခြင်း လောက၌ အမျိုးသမီး တစ်ယောက်အနေဖြင့် ရှင်သန်ရန် အလွန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။
သူမထိုသို့ သတိထား တတ်လာသည့် အကြောင်းရင်းများက ဝမ်လင်းကြောင့် အနည်းနှင့်အများ သက်ဆိုင်သည်။ လီမူဝမ်က သူမနှင့်ဝမ်လင်း နတ်ဆိုး ပင်လယ်ထဲ၌ အတူရှိခဲ့စဉ်က ဝမ်လင်းထံမှ ကူးစက် ရရှိခဲ့သော သတိထား တတ်လာသည့်စိတ် ဖြစ်လေသည်။
သူမက တိမ်ကောင်းကင် ကလန်၌ သူမ အချိန်အကြာကြီး ဘာကို ရှာဖွေနေသည်ကို သိချင်သော လူများ ရှိနေကြောင်း သိပေသည်။ အထူးသဖြင့် စွန်ကျန်ဝေပင်။
သို့သော် လီမူဝမ်က သတိကြီးစွာ ထားသောကြောင့် သူမ မည်သည့် အရာကို ရှာဖွေနေသည်ကို သိရန် အလွန် ခက်လေ၏။
သူတို့က သူမ ရှာဖွေရာတွင် အသုံးပြုခဲ့သော နည်းစနစ်များကို သိသည် ဆိုလျှင်လည်း သူမ ရှာဖွေနေသည့် အကြောင်းအရာကို များစွာသိရန် တတ်နိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ သူမက စာကြည့်တိုက်မှာ ရှိနေစဉ် ဆေးလုံး ချိပ်ပိတ်ခြင်းနှင့် ပတ်သက်တာ အပြင် အကြောင်းအရာ အများကြီးကို ရှာဖွေခဲ့သောကြောင့် ဖြစ်လေသည်။
သူမက စာကြည့်တိုက်ထဲမှ ထွက်ခွာ သွားပြီးသည်နှင့် စွန်ကျန်ဝေက စာကြည့်တိုက် ထဲသို့ လမ်းလျှောက်လာခဲ့သည်။ သူက လမ်းလျှောက်လာစဉ်မှာ “တိမ်” ဟုရေးထိုးထားသော ခရမ်းရောင် တုန်ကင်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။
သူက ထိုတုန်ကင်ကို ထုတ်လိုက်သည်နှင့် သူ့ရှေ့ရှိ သုံးမီတာ အကွာရှိ လေဟာနယ်က တွန့်လိမ်သွားပြီး မီးခိုးရောင် ဝတ်စုံနှင့် လူကြီးနှစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုလူနှစ်ယောက်က တုန်ကင်ကို ကြည့်၍ ဒူးထောက် လိုက်ကြသည်။
“အပြင်တပည့် နှစ်ယောက်က တိမ်အမိန့်ကို ကြိုဆိုပါတယ်”
“ဒီ စာကြည့်တိုက်က အပြင်ကလန်က အမြဲစောင့်ကြပ် ထားတယ်။ လီမူဝမ်က ဒီတစ်လလုံး စာကြည့်တိုက် ထဲမှာ ဘာတွေလုပ်နေခဲ့လဲ ဆိုတာကို မင်းတို့နှစ်ယောက် သိခဲ့လား …” စွန်ကျန်ဝေ မျက်နှာက နူးညံ့ခြင်း မရှိတော့ဘဲ နက်မှောင်လို့ နေသည်။
လူကြီး နှစ်ယောက်ထဲက တစ်ယောက်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
“အကြီးအကဲလီက နေရာ တစ်ခုလုံးကို ရှာဖွေ နေခဲ့တယ်။ ဆေးနည်းတွေ၊ ဆေးလုံးတွေရဲ့ အကျိုး သက်ရောက်မှုတွေ အကုန်လုံးပဲ … ”
စွန်ကျန်ဝေက မျက်မှောင်ကြုတ်မိ သွားသည်။ သူက လီမူဝမ်က သည်နေရာမှာ လာပြီး အချိန် ဖြုန်းသည်လို့ မယုံကြည်ပေ။ သူက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။
“သူက တစ်ခုခု မှတ်သားသွားတာ မရှိဘူးလား …”
အခြား တစ်ယောက်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“သူ မှတ်သားခဲ့ပါတယ်။ ဒါပေမဲ့ အဆင်ပြေသလို အကုန်လုံး မှတ်သား သွားခဲ့တာပဲ။ အကြီးအကဲလီက သတ်သတ်မှတ်မှတ် မှတ်သားသွားတာ မရှိဘူး။ ဒါက နောက်ဖြစ်နိုင်ချေ တစ်ခုတော့ ရှိတယ် …”
စွန်ကျန်ဝေ မျက်လုံးများက မြင့်တက်သွားပြီး သူက ပြောလိုက်သည်။
“ဆက်ပြောပါ …”
ထိုလူက ဆက်ပြောလိုက်သည်။
“အကြီးအကဲလီက အလွန်တော်ပြီး သတိလည်း ထားတက်တယ်။ သူမက သူ့ကို တစ်ယောက်ယောက် ထောက်လှမ်း နေတယ်ဆိုတာ သိမှာပဲ။ ဒါ့ကြောင့်သူက ရှာနေတဲ့ အရာကို ဖုံးကွယ်တဲ့ အနေနဲ့ အခြားအရာ အများကြီးကိုပါ ရောရှာခဲ့တဲ့ပုံပဲ …”
စွန်ကျန်ဝေက နှာခေါင်းရှုံ့ လိုက်သည်။ သူက တစ်ခုခု မူမမှန်သည်ကို ကြိုခန့်မှန်း ထားပြီးသား ဖြစ်သည်။ သို့သော် လက်ထပ်ပွဲက ရက်နှစ်ဆယ်လောက်သာ လိုတော့ပေသည်။ သူက လီမူဝမ် ထိုလက်ထပ်ပွဲနှင့် ပတ်သက်၍ ဘာလုပ်မည်ကို အမှန်သိလိုက် ချင်သေးသည်။
စွန်ကျန်ဝေက လီမူဝမ်၏သူငယ်ချင်းကို ထပ်မံ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ အကြောင်းမှာ လက်ထပ်ပွဲ အတွင်း၌ ဘိုးဘေးစဦး စိတ်ဝိညာဉ်အဆင့် မြောက်မြားစွာ ရှိနေမည် ဖြစ်သောကြောင့်ပင်။ ထိုလူက တစ်ခုခု လာလုပ်မည် ဆိုရင်တောင် ဘိုးဘေးများက သူ့ကို စောင့်ရှောက် ပေးပေလိမ့်မည် ဖြစ်သည်။
ဝမ်လင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ပြီးနောက် သူက ဆေးပုလင်း အများကြီး သုံးစွဲပြီး ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရား နည်းစနစ်က ဆေးလုံး အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင် အကုန်လုံးကို စုပ်ယူပြီးနောက် သူက အစောပိုင်း အမြုတေဖွဲ့တည်ခြင်း အဆင့်မှ အမြုတေ ဖွဲ့တည်ခြင်းအလယ်အဆင့် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
***