Switch Mode

အပိုင်း(၂၄၈)

ဆေးလုံးများ

လီမူဝမ်က ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ သူမမျက်နှာက တဖြည်းဖြည်း နီရဲလာပြီး ပြောလိုက်၏။

“နင် … နင်ဝင်လာခဲ့ပါ …” သူမက တံခါးဝ သို့ ချက်ချင်း ထွက်လာခဲ့တော့သည်။

ဝမ်လင်းက ဘာမျှမပြောဘဲ အထဲဆက်ဝင် လာခဲ့သည်။ သူက လီမူဝမ်ကို ဖြတ်ကျော် လိုက်သည်နှင့် လူတစ်ယောက်၏ စိတ်နှလုံးကို ကပြောင်းကပြန် ဖြစ်စေနိုင်သော မွှေးရနံ့လေးက သူ့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။ ဝမ်လင်းက ရပ်တန့်လိုက်ပြီး လီမူဝမ်ကို ကြည့်သည်။ သူ့တို့နှစ်ယောက်၏ ခန္ဓာကိုယ် နှစ်ခုက အလွန် နီးကပ်နေခဲ့ပြီ။ ဝမ်လင်းက လီမူဝမ်၏ မျက်နှာလေးမှာ ပို၍ ရဲရဲလာသည်ကို ရှင်းလင်းစွာ တွေ့နေရ၏။ သူမလည်တိုင် ကျော့ကျော့လေးပင် ရဲလို့လာနေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက သူမခါးလေးကို ဖမ်းကိုင်မိ လိုက်သည့်အခါ သူ့မျက်လုံးများက ဆက်ပြီး မအေးစက်နိုင်တော့ပေ။ လီမူဝမ် ကိုယ်လုံးလေးက သူ့ရင်ဘတ်ပေါ်သို့ ညွတ်ကျလို့ လာ၏။ သူက သူမ၏ နှလုံးခုန်သံ ခပ်မြန်မြန်ကိုပါ ခံစားမိနေ၏။

အချိန်တစ်ခု ကြာမြင့်ပြီးနောက် လီမူဝမ်က သူ့အောက် နှုတ်ခမ်းလေးကို ကိုက်၍ ဝမ်လင်းကို တွန်းထုတ်လိုက်သည်။ သူကမ ဝမ်လင်းကို မေးလိုက်သည်။

“နင်ဘာလို့ အစတုန်းကလို မပြုမူတော့တာလဲ …”

ဝမ်လင်း လီမူဝမ်ကို လျစ်လျူရှု လိုက်ပြီး အခန်းကို စစ်ဆေးကြည့် လိုက်သည်။ ထို့နောက် သူက ခုံတစ်လုံးပေါ်သို့ ထိုင်ချလိုက်သည်။ လီမူဝမ်က လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူ့ဘေးနားတွင် အဖြေကို မတ်တတ်ရပ် စောင့်နေလိုက်၏။

ဝမ်လင်းက အနည်းငယ်ပြုံး၍ ပြောလိုက်သည်။

“မိုင်လန်က ငါအပိုင်စီးထားတဲ့ ခန္ဓာကိုယ် တစ်ခုပဲ …။ အခုက ငါ့ခန္ဓာကိုယ် အစစ်ပါ …”

လီမူဝမ်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး မေးလိုက်၏။

“နင့်နာမည် အစစ်က ဝမ်လင်းပေါ့။ အခု နင့်ကျင့်ကြံမှု အဆင့်က ငါတို့တွေ့ခဲ့တဲ့ အချိန်တုန်းကနဲ့ ဘာလို့ မတူတော့တာလဲ …”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ အနည်းငယ် စဉ်းစားပြီး သူက ပြန်ဖြေလိုက်သည်။

“ဝမ်အာ … အချိန်ကျရင် ငါပြောပြပါ့မယ်။ အခု ငါမေးချင်တာ တစ်ခုရှိတယ်။ ခန္ဓာကိုယ် တည်ဆောက်ခြင်း အဆင့်ကနေ စဦးစိတ်ဝိညာဉ် အဆင့်ကို နှစ်လအတွင်း ရောက်တဲ့ ဆေးလုံးရှိလား …”

လီမူဝမ်၏လှပသော မျက်နှာလေးပေါ်၌ စဉ်းစားတေသည့် အမူအရာလေး ပေါ်လာခဲ့သည်။ သူမက တိုးတိုးလေး ပြောလိုက်၏။

“အချို့ရှေးဟောင်း စာအုပ်တွေမှာတော့ စဦးစိတ်ဝိညာဉ် အဆင့်ကို ခဏလေး ရောက်နိုင်တဲ့ ဆေးလုံးအချို့ ရှိတယ်လို့ ဖော်ပြ ထားတာတွေ ရှိတယ်။ ဒါပေမဲ့ ဒီဆေးနည်းတွေက ပျောက်ကွယ်လု ဖြစ်နေပြီး ပါဝင်တဲ့ ဆေးအမယ်တွေကလည်း ရှားပါးလွန်း အားကြီးတယ်။ ဒီဆေး အမယ်တွေက ရှာတွေ့ဖို့ မဖြစ်နိုင်လောက်အောင် ခက်ခဲတယ် …”

ဝမ်လင်းအသွင်က တည်ငြိမ် နေသော်လည်း စိတ်ထဲမှာတော့ လှုပ်ခတ်နေပြီ ဖြစ်သည်။

“အဲဒီလို ဆေးလုံးမျိုး မရှိဘူးဆိုရင် သူက နှစ်လအတွင်း စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်ဖို့ ဘယ်လို လုပ်ရပါ့မလဲ …”

ဒါက တကယ့် ပြဿနာကြီး တစ်ခု ဖြစ်နေ၏။

လီမူဝမ်က ဝမ်လင်းဘေးမှာ ထိုင်ချလိုက်ပြီး သူမ မှတ်ဉာဏ်များကို ဂရုတစိုက် ရှာဖွေနေ လိုက်သည်။

ဝမ်လင်းက သူမကို စိတ်မပျက်စေချင်။ နှစ်ပေါင်းနှစ်ရာက သူမအတွက် မည်သို့မျှ မပြောင်းလဲခဲ့ပေ။ ဝမ်လင်းကိုတော့ အနည်းငယ် ထူးဆန်း သွားစေခဲ့၏။

သူမက အသက်ကြီး လာသည်သာမက ပို၍လည်း ဆွဲဆောင်မှု ရှိလာခဲ့၏။ သူမက မာနကြီးပြီး ကျက်သရေ ရှိလှသော မျက်နှာလေးလည်း ပိုင်ဆိုင်လာခဲ့သည်။

များစွာသော စာအုပ်များ၊ ဆေးနည်းများက သူမစိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ အချိန်တစ်ခု ကြာပြီးနောက် သူမမျက်လုံးများက မြင့်တက် သွားမိသည်။ သူက ပျော်ရွှင်သော လေသံဖြင့် ဝမ်လင်းကို ပြောလိုက်၏။

“စဉ်းစားမိတာ တစ်ခုရှိတယ်။ ဒီဟင်္သာပြဒါးဂြိုဟ် မှာတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကနေ စဦးစိတ်ဝိညာဉ် အဆင့်ကို တန်းရောက်နိုင်တဲ့ ဆေးမျိုးမရှိဘူး။ ဒါပေမဲ့ အမြုတေ အဆင့်ကနေ စဦးစိတ်ဝိညာဉ်ကို ရောက်နိုင်တဲ့နည်းတော့ ရှိတယ် …”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

လီမူဝမ်က ပြုံးလိုက်၏။ သူမမျက်လုံးထဲ၌ ယုံကြည်မှုများ ပြည့်လျက်ရှိသည်။ သူမက သူမ၏လှပသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်၏။ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို မြှင့်တင်ဖို့ အတွက်ဆိုရင် ဝမ်အာမှာ ဆေးအနည်းငယ် ရှိတယ်။ မိုင် … အာ … အစ်ကိုဝမ် နင် ဆေးအများကြီး သုံးစွဲပြီးခဲ့ပြီလား …”

ဝမ်လင်း အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။

“ငါ့အခု ကိုယ်ပွားက ဆေးအများကြီး မသုံးရသေးဘူး။ ပိုင်ယွန် ဆေးလုံးနှင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးနှစ်မျိုးပဲ သုံးရသေးတယ် …”

“အခြေခံ တည်ဆောက်ခြင်း ဆေးလုံးလား …” လီမူဝမ်၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများဖြင့် ဖြစ်ပေါ်သွားသည်။ သူက ဆက်ပြောလိုက်သည်။

“ပိုင်ယွန် ဆေးလုံးက အဆင်ပြေတယ် …။ ဒီဆေးလုံးတွေက အခြေခံအကျဆုံး ဆေးလုံးတွေလည်း ဖြစ်တယ်။ ဆေးဝါးပညာရှင် တစ်ယောက်က ဒီဆေးလုံးတွေ ပြုလုပ်နိုင်ဖို့ စသင်ယူ ကြရတယ်။ ဒါပေမဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကတော့ စိတ်ဝိညာဉ် ဆေးလုံးလို့ ပြောလို့ရတယ်။ အစ်ကိုဝမ်က အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ကိုယ်တိုင် လုပ်ခဲ့တာလား …” ထိုသို့ ပြောပြီးနောက် သူမက ပြုံး၍ ညင်သာစွာ ထပ်ပြောလိုက်၏။

“ဟမ် … ငါအခု မှတ်မိပြီ။ အစ်ကိုဆရာ ကျောက်လင်းက တံခါးပိတ် လေ့ကျင့်နေတာလေ။ အခုငါက အစ်ကိုရဲ့ ဘိုးဘေးဆရာသမားပဲ …”

ဝမ်လင်းမျက်နှာက ရှားပါးစွာ အနီရောင် သန်းသွားမိသည်။ သို့သော် ထိုအဖြစ်က ခဏတာသာ ကြာပြီး ပြန်ပျောက် သွားခဲ့သည်။ သူက ချောင်းဟန့်၍ ပြောလိုက်သည်။

“အခြေခံ ဆေးလုံးတွေကို ငါ့ဘာသာ လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီဆေးလုံးတွေ ထဲမှာ ငါတစ်ခါ နင့်ကို လက်ဆောင် ပေးခဲ့ဖူးတဲ့ စိတ်ဝိညာဉ် အရည်တွေ ရောစပ် ထားခဲ့တယ် …”

လီမူဝမ်မျက်လုံးထဲ၌ အရေးတကြီးဟန် ဖြစ်ပေါ်သွား၏။ သူမက မတ်တတ်ရပ် လိုက်ပြီး မေးလိုက်သည်။

“အစ်ကို့မှာ ဒီစိတ်ဝိညာဉ် အရည်တွေ ထပ်ရှိသေး တာလား …”

ဝမ်လင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြ လိုက်သည်။

လီမူဝမ်ရင်ဘတ်က ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်သွားခဲ့ပြီး သူက အသက်ဝဝ ရှူကာ ထပ်ပြောလိုက်၏။

“အစ်ကိုဝမ် … ဒီစိတ်ဝိညာဉ် အရည်တွေက ဘယ်လောက် ကျန်သေးလဲ။ တော်တော်များများ ရှိသေးလား …”

ဝမ်လင်းက သိုလှောင်အိတ်ထဲက အဖြူရောင် အရည်ပုလင်း တစ်ပုလင်းကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်။

လီမူဝမ် မျက်လုံးများက စိတ်ပျက်ဟန် ဖြစ်သွားကာ သူမက ခပ်တိုးတိုး ပြောလိုက်၏။ ဒီတစ်ပုလင်းထဲ ကျန်တော့တာလား …။

သူမက ပြောလို့ မပြီးသေးခင်မှာ ဝမ်လင်းက နောက်တစ်ပုလင်း ထပ်ထုတ်လိုက်၏။ တစ်ပုလင်းပြီး တစ်ပုလင်း သူ့လက်ထဲ၌ ပေါ်လာခဲ့တော့သည်။ စားပွဲပေါ်၌ ရှစ်ပုလင်း ရှိခဲ့ပြီ ဖြစ်၏။

လီမူဝမ်က မှင်တက်မိ သွား၏။ အချိန်အတန်ကြာမှ သူမက အာရုံပြန်လည် လာခဲ့တော့သည်။ သူမက ပုလင်း (၈) ပုလင်းကို ကြည့်လိုက်သည်။ ထို့နောက် ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။

“အစ်ကိုဝမ် … ဒီပုလင်း အကုန်လုံးကို သန့်စင်သော စိတ်ဝိညာဉ် တွေချည်းပဲလား။ ဒါမှမဟုတ် တစ်ခုခုရော ထားသေးလား …”

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။

“ငါဘာမျှ မရောထားဘူး။ ဒါက ငါမင်းကို အစတုန်းက ပေးခဲ့တဲ့ အရည်နဲ့ တူတူပဲ။ ဒါက လုံလောက်လား။ မလောက်သေးရင် ငါမေးကို ထပ်ပေး နိုင်သေးတယ် …”

လီမူဝမ် မျက်နှာက ရုတ်တရက် နီရဲသွားလေ၏။ သူက ဝမ်လင်းကို ကြည့်၍ မေးသည်။

“ထပ်ရှိသေးတာလား …”

ဝမ်လင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

“မင်းဘယ်လောက် လိုချင်လဲ …။ ငါ့မှာ ရှိတယ် …”

လီမူဝမ်၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်သွားချေတော့၏။ သူမက ပုလင်း အဖုံးများကို ဖွင့်၍ အထဲသို့ ကြည့်လိုက်လေ၏။ သူက ဝမ်လင်းအား မယုံကြည်နိုင်ဟန် ပြန်ကြည့်၏။ အချိန်အတော်ကြာမှ သူမက စကားတစ်ခွန်း စပြောနိုင် လာခဲ့ပေသည်။

“အစ်ကိုဝမ် … ဒီစိတ်ဝိညာဉ် အရည်တွေက ဘယ်လို အကျိုးသက်ရောက်မှု ရှိလဲသိလား …”

ဝမ်လင်းက ဘာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ ခပ်ဖြည်းဖြည်း ပြောပြလိုက်သည်။

“ငါက ငါ့ကျင့်ကြံခြင်း အဆင့်တိုးဖို့အတွက် ဆေးဝါးတွေ အစား ဒီစိတ်ဝိညာဉ် အရည်တွေကို အသုံးပြုခဲ့တယ်။ နောက်ပိုင်းမှာ ဒီစိတ်ဝိညာဉ် အရည်က ဆေးဝါးပညာရဲ့ အောင်မြင်မှုနှုန်း တိုးတက်အောင် လုပ်ပေးရာမှာလည်း အကူအညီပေးတယ် ဆိုတာ သတိထားမိ လာတယ် …”

လီမူဝမ်က မှင်တက် သွားမိပြန်၏။ သူမက ဝမ်လင်းကို ထူးခြားသည့် ပုံစံဖြင့် ကြည့်လိုက်သည်။

“ညီမက ဒီစိတ်ဝိညာဉ် အရည်တွေကို ဘယ်ကရလဲတော့ မသိဘူး။ အစ်ကို ထားခဲ့ပေးတဲ့ စိတ်ဝိညာဉ် အရည်ပုလင်းတွေက ညီမဘဝရဲ့ အဓိက အထောက်အပံ့ ဖြစ်သွားခဲ့တယ်။ အစ်ကိုပြောတဲ့ အတိုင်း ဒီဆေးက ဆေးဝါး အောင်မြင်မှုနှုန်းကို တိုးတက်စေ သလို အသက်ရှည် မအိုမင်း အောင်လည်း လုပ်ပေးနိုင်တယ်လို့ ပြေလို့ရပါတယ်။ ညီမက ဒါကို အချိန်အကြာကြီး သုံးပြီးနောက်မှာ လူတစ်ယောက်၏ သက်တမ်းကို တိုးနိုင်တယ် ဆိုတာ သိလိုက်တယ်။ ဒီအရည်အများကြီးနဲ့ ဆေးလုံး ဖော်စပ်မယ်ဆိုရင် သောက်ဖူးသမျှ ဆေးလုံးထက် အစများစွာ ပိုကောင်းတဲ့ စိတ်ဝိညာဉ် ဆေးလုံးကို ဖော်စပ် နိုင်လိမ့်မယ်။ ဒီအရည် တစ်စက်တည်းနဲ့တောင် တော်တော်လေး ကောင်းနေပြီ။ ဆယ်စက်ဆိုရင် ဒီကျင့်ကြံမှု ကမ္ဘာမှာ တန်ဖိုး ကြီးမားစွာဖြင့် ရောင်းချ နိုင်လိမ့်မယ် …”

ဝမ်လင်းက လီမူဝမ်စကားများကို ကြားလိုက် ရသော်လည်း သူက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

“အို … ညီမ နင် ဒီအရည်နဲ့ ဆေးတစ်လုံး ဖော်စပ်မယ် ဆိုရင် ငါက စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ အခွင့်အရေးကို တိုးမြင့် ပေးနိုင်လိမ့်မယ် မဟုတ်လား …”

လီမူဝမ်က အသက်ဝဝ ရှူ၍ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“စိတ်ဝိညာဉ်အရည် မရှိဘူးဆိုရင် အကို့ကို စဦးစိတ်ဝိညာဉ် အဆင့် ရောက်ဖို့ အကူအညီ ပေးနိုင်ဖို့ ယုံကြည်ချက် မရှိဘူး။ ညီမက တတ်နိုင်သလောက် ဆေးအများကြီး ပေးပြီး အကောင်းဆုံး မျှော်လင့်နိုင်ရုံပဲ ရှိတယ်။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ် စွမ်းရည် အကုန်လုံးနဲ့ ဆိုရင်တော့ အကို နှစ်လအတွင်း စဦးစိတ်ဝိညာဉ် အဆင့် ရောက်ဖို့ အခွင့်အရေး (၃၀) ရာခိုင်နှုန်း ရှိလာခဲ့ပြီ …”

(၃၀) ရာခိုင်နှုန်း … ဝမ်လင်းက မျက်မှောင်ကြုတ်၍ ခေါင်းညိတ်ပြ လိုက်သည်။ သူက သူ့သိုလှောင်အိတ်ထဲက ဆေးမီးဖိုကို ထုတ်လိုက်သည်။ သည်ဆေးမီးဖိုက ယွင်ဖေးရဲ့ ဆေးမီးဖို ဖြစ်၏။

“ဝမ်အာ … ညီမ ဒီဆေးမီးဖိုကို သိနိုင်လား …”

လီမူဝမ်က ဆေးမီးဖိုကို တစ်ချက်ကြည့် လိုက်ရုံနှင့် အမူအရာ ပြောင်းသွားလေ၏။ သူမမျက်နှာက မယုံကြည်ဟန်များ ဖြစ်ပေါ် လာခဲ့သည်။ အချိန်အတော်ကြာ ပြီးနောက် သူမက အသက်ဝဝ ရှူ၍ မေးလိုက်သည်။

“အစ်ကိုဝမ် … ဒီနှစ်ပေါင်းနှစ်ရာ အတွင်းမှာ အစ်ကို ဘယ်ရောက် နေခဲ့တာလဲ …”

ဝမ်လင်းက ပြုံး၍ ပြန်မေးလိုက်၏။

“ဘာလဲ …။ ဒါက ရတနာ ပစ္စည်းလား …”

လီမူဝမ်က အကြိမ်ကြိမ် ခေါင်းညိတ်ပြ လိုက်သည်။ သူမမျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေလေ၏။ သူမ ခန္ဓာကိုယ်မှာလည်း မထိန်းနိုင် မသိမ်းနိုင် ဖြစ်ရသည်။

“အကို ဝမ် … ဒီဆေးမီးဖိုရဲ့ အရည်အသွေးက အရမ်း မြင့်မားတယ်။ တကယ်တော့ ဒီဆေးမီးဖိုက တိမ်ကောင်းကင် ကလန်ရဲ့ ဧရာမဆေးမီးဖိုကြီး နဲ့တောင် နှိုင်းယှဉ်လို့ ရနိုင်တယ်။ ဝမ်အာ အမြင်ကတော့ ဒီဆေမီးဖိုက အခြား ဆေးမီးဖိုတေထက် အပြတ်အသတ် သာတယ်လို့ ထင်တယ် ။ အစ်ကိုဝမ် … ဒီမီးဖိုပေါ်က ရှုပ်ထွေးတဲ့ လိုင်းတွေကို ကြည့်ပါ။ ဒါတွေက မူလက မရှိဘူး။ ဒီဆေးမီးဖိုက မရေမတွက်နိုင်တဲ့ ‌ဆေးလုံးတွေ ထုတ်ပြီးမှသာ ဖြစ်လာခဲ့တာပဲ။ ဝမ်အာထင်တာ မှန်မယ်ဆိုရင် ဒီဟာက ဆေးဝါးကလန်ရဲ့ အဓိက ရတနာတစ်ခုပဲ …”

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။ သူမ၏တွေးဆချက်များက သူထင်တာနှင့် နီးစပ်လေသည်။

လီမူဝမ်က ရီဝေသော မျက်လုံးများဖြင့် ဆေးမီးကို ချိပ်ပိတ်ထားသော အဝါရောင် စာရွက်ကို ကြည့်၍ ပြောလိုက်ပြန်သည်။

“ဒါပေမဲ့ … နှိုင်းယှဉ်မယ် ဆိုရင် အဝါရောင် စာရွက်က ဆေးမီးဖိုထက် ပိုတန်ဖိုး ရှိတယ်။ ဒီစာရွက်ပေါ်မှာ ရှိတဲ့ ချိပ်ပိတ်ထားတဲ့ ဟာကို ကြည့်ပါ။ ဝမ်အာက ဒီလို အမျိုးအစားကို ရှေးဟောင်းစာအုပ် အချို့မှာ အရိပ်အမြွက် မြင်ဖူးတယ်။ ဒီစာရွက်ကို ဆေးဝါးချိတ်ပိတ်ခြင်း စာရွက်လို့ ခေါ်တယ်။ သူ့လုပ်ဆောင်ချက်ကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းရှိတယ်။ ဆေးလုံးကို ချိပ်ပိတ်ထားချိန်မှာ ဆိုရင်လည်း တစ်ချိန်တည်းမှာ ဆေးလုံးရဲ့ အဆင့်ကို တိုမြှင့်ပေး နိုင်စွမ်းလည်း ရှိတယ်။ ဒီလိုမျိုး လုပ်ပေးနိုင်တဲ့ နည်းစနစ်က ရှေးဟောင်း အချိန်တွေတုန်း ကတောင် အလွန် ရှားခဲ့တယ်။ ဒီဆေးဝါး ချိပ်ပိတ်ခြင်းက မေ့ပျောက်သွားခဲ့တာ ကြာလှနေခဲ့ပြီ။ ပိုရှားတာက အခုလို ဆေးဝါးချိတ်ပိတ်ခြင်း စာရွက်အပြည့်အစုံ ရှိဖို့နဲ့ လုပ်ဆောင်ချက် အကောင်းအတိုင်း ရှိနေတဲ့ စာရွက်မျိုးပဲ။ ဒီစာရွက်နဲ့ ချိပ်ပိတ် ထားမယ်ဆိုရင် သာမန်ဆေးလုံး တစ်ခုတောင် ရက်အနည်းငယ် အကြာမှာ သူ့အရည်အသွေးက တိုးလာလိမ့်မယ်။ ဆေးလုံးရဲ့ အကျိုးသက်ရောက်မှု ကလည်း ပိုကောင်း လာလိမ့်မယ် …”

“ကောလာဟလ ပြောကြတာကတော့ ကောင်းကင်ဘုံ ဆန့်ကျင်တဲ့ ဆေးလုံးတွေ ဖြစ်ပေါ် လာဖို့တောင် ဒီဆေးဝါး ချိပ်ပိတ်ခြင်း စာရွက်တွေက အဓိက နေရာမှာ ပါဝင် နေခဲ့တယ်တဲ့ …”

ဝမ်လင်းက အလွန် အံ့အားသင့် သွားလေ၏။ သူက အဝါရောက် စာရွက်အား ကြည့်လိုက်သည်။ သူက သည်စာရွက်က ဆေးမီးဖိုထက် ပိုတန်ဖိုး ရှိလိမ့်မည်လို့ မမျှော်လင့် ထားခဲ့မိပေ။ တိတိကျကျ ပြောရမည် ဆိုလျှင် ဆေးလုံး ချိပ်ပိတ်ခြင်းက ဆေးမီးဖိုထက် တန်ဖိုး ကြီးမားတယ်မလား။ အခုတိုင်း ဖြစ်နေမည် ဆိုပါက ဆေးမီးဖိုနှင့် ဆေးဝါးချိပ်ပိတ်ခြင်းတို့ ပေါင်းစပ် ထုတ်လုပ်သော ဆေးလုံးက ၎င်းတို့ နှစ်ခုထက် သာ၍ တန်ဖိုး ရှိနေပေလိမ့်မည် မဟုတ်လား။

လီမူဝမ်က ဆေးမီးဖိုကို ကြည့်၍ ပြောလိုက်ပြန်သည်။

“အစ်ကိုဝမ် … နင်က တကယ့် အစစ်အမှန် ရတနာက ဆေးဝါး ချိပ်ပိတ်ခြင်းနဲ့ ဆေးမီးဖို မဟုတ်ဘဲ အထဲက ဆေးလုံး ဆိုတာကို ခန့်မှန်းနိုင် ခဲ့တယ်။ ပြောကြတာ ကတော့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ဆေးလုံးတွေကိုသာ အခုလို ဆေးမီးဖိုနဲ့ ဆေးဝါး ချိပ်ပိတ်ခြင်းတို့ အသုံးပြုကြတယ်တဲ့။ ဝမ်အာက အခု ဒီဆေးမီးဖိုထဲမှာ ဘယ်လို ဆေးလုံးမျိုး ရှိသလဲကို အရမ်း သိချင်နေပြီ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset