အချိန်တွေက လျှင်မြန်စွာကုန်ဆုံးသွားခဲ့သလို ကျောင်းသားသစ်စာမေးပွဲကျင်းပမည့်ရက်ကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လို့လာခဲ့ရပေသည်။
ကုန်လွန်ခဲ့တဲ့ တစ်လဆိုသည့်အချိန်အတောအတွင်းမှာ ဇူယွမ်တစ်ယောက် အနားယူခြင်းမရှိခဲ့ချေ။ သူကနေ့စဉ်နေ့တိုင်းလိုလို နဂါးကခုန်ခြင်းပုံစံတွေကို လေ့ကျင့်ခဲ့ပြီး သူ့ရဲ့စွမ်းအင်ဝင်ပေါက်တွေကို အချိန်တိုင်းထပ်တလဲလဲ အညှာအတာကင်းမဲ့စွာ တိုက်ခိုက်နေခဲ့သလို ညတိုင်းသူ့စိတ်ဝိညာဉ်ကို သန်မာလာအောင် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်ခဲ့ပေသည်။
ဒီကြားထဲမှာကိုမှ ယောင်ယောင့်ထံမှ မူလမှော်စာလုံးတွေသင်ယူခြင်းနှင့် နဂါးခြေလှမ်း၊ နဂါးလက်ဝါးကျင့်စဉ်တွေကို လေ့ကျင့်ခြင်းအားလည်း မပျက်မကွက်ပြုလုပ်ခဲ့သည်။
ဒီလိုအဆက်မပြတ် ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းတွေက နေ့တစ်နေ့ရဲ့အဆုံးမှာ ဇူယွမ်ရဲ့ခန္ဓာကိုယ်ကို မခံမရပ်နိုင်လောက်အောင် နာကျင်ကိုက်ခဲစေသည့်အပြင် သူ့ရဲ့စိတ်ကိုလည်း လွန်စွာပင်ပန်းနွမ်းနယ်စေပေသည်။ ကံအားလျော်စွာ ညဘက်မှာ မူလဖျက်စီးခြင်းနတ်ဘုရား၏စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို လေ့ကျင့်ပြီးတဲ့နောက် ဇူယွမ်ရဲ့ပုံစံက စွမ်အားတွေနဲ့ပြည့်နှက်နေတဲ့ ကျားတစ်ကောင်အလား ပြန်လည်ပြီး တက်ကြွနေခဲ့ရသည်။
ဒါက နောက်ဆုံးမှာ ဇူယွမ်တစ်ယောက် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနည်းလမ်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့လိုက်ရသည်။
လေ့ကျင့်ခြင်းက အရမ်းကိုခက်ခဲကြမ်းတမ်းပေမဲ့လည်း ရရှိလာခဲ့တဲ့ရလဒ်တွေက ဇူယွမ်အတွက် ကျေနပ်ပျော်ရွှင်မှုရှိရပေသည်။ နောက်ဆုံးမှာ ကျောင်းသားသစ်စာမေးပွဲမတိုင်ခင် နှစ်ရက်အလိုမှာပဲ သူ့ရဲ့ဒုတိယစွမ်းအင်ဝင်ပေါက်ကို ဖွင့်နိုင်ခဲ့သည်။
…
ပန်းခြံထဲ၌။
ဇူယွမ်ရဲ့ခြေထောက်တွေက လျင်မြန်စွာလှုပ်ရှားနေသကဲ့သို့ မှုန်ဝါးဝါးခံစားချက်တစ်ခုကို ပေးစွမ်းနေပေသည်။ သူ့ရဲ့ပုံစံက ဂရုမစိုက်စွာရွေ့လျားနေသည့်ပုံပေါ်ပေမဲ့ သူရဲ့အမြန်နှုန်းက လွန်စွာမှပင်လျင်မြန်လွန်းလှပြီး ခြေလှမ်းအနည်းငယ်အတွင်း ၁၂ ပေအကွာလောက်မှာ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာ သူ့ရဲ့လက်သီးကလည်း လှုပ်ရှားသွားခဲ့သည်။ လက်သီးချက်တိုင်းက နှေးကွေးလေးလံနေပေမဲ့လည်း သူထိုးချလိုက်တဲ့အခါ လေတိုးသံသဲ့သဲ့ကိုကြားနိုင်ပြီး ဒီလက်သီးချက်တွေမှာ ကြီးမားတဲ့စွမ်းအားတွေပါရှိပေသည်။
ဒါက နဂါးခြေလှမ်းနှင့် နဂါးလက်ဝါးဖြစ်ကြောင်း ထင်ရှားလှပေသည်။
နဂါးခြေလှမ်းက မြူခိုးကဲ့သို့ ဖမ်းဆုပ်ရန်မဖြစ်နိုင်သလို နဂါးလက်ဝါးကလည်း လေးလံတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ လျင်မြန်သည့်ခြေထောက်နှင့် နှေးကွေးသောလက်သီး။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ဒီနှစ်ခုကို ပေါင်းစပ်နိုင်ခြင်းက အထင်ကြီးစရာကောင်းလှပေသည်။
ဒုန်း…
ဇူယွမ်ရဲ့လက်သီးက လှုပ်ရှားသွားခဲ့ပြီး ပန်းခြံထဲရှိ အလှဆင်ထားသည့်ကျောက်တုံးပေါ်ကို ရုတ်တရက်အရှိန်အဟုန်ပြင်းစွာ ကျရောက်သွားခဲ့သည်။ ကျောက်တုံးကချက်ချင်းတုန်ခါသွားခဲ့ပြီး ၎င်းရဲ့အပေါ်မှာများပြားလှတဲ့ အက်ကွဲကြောင်းတွေဖြစ်ပေါ်လာသည်။ နောက်ဆုံးမှာ ကျောက်တုံးကကျယ်လောင်တဲ့အသံနဲ့အတူ ပြိုလဲသွားခဲ့သည်။
ဟူး…
ဇူယွမ်အသက်ကို ပြင်းစွာရှူထုတ်ခဲ့လိုက်ပြီး အဖြူရောင်ချီအလုံးတစ်လုံးကို လွှင့်ထုတ်ခဲ့သည်။ သူကအစိတ်စိတ်အမြွာမြွာကွဲထွက်နေသည့် ကျောက်တုံးကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်မိသည်။
ဇူယွမ်ကိုယ့်ကိုကိုယ် ရေရွတ်လိုက်သည်… “နဂါးလက်ဝါးမှာ တောင်ကိုဖြိုခြင်း၊ မြေကိုခွဲခြင်း၊ ကောင်းကင်ကိုချိုးဖျက်ခြင်းဆိုပြီး အဆင့် ၃ဆင့်ရှိတယ်… ငါရဲ့ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ ခွန်အားနဲ့ဆို တောင်ကိုဖြိုခြင်းအဆင့်ကိုပဲ အသုံးပြုနိုင်ဦးမယ်…”
လဝက်လောက်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပြီးတဲ့နောက်မှာ နဂါးလက်ဝါးကို သူကပိုပြီးနားလည်လာခဲ့ရကာ ဒီကျင့်စဉ်မှာ အဆင့် ၃ ဆင့်ရှိတယ်ဆိုတာကို သိခဲ့ရသည်။ တကယ်တော့ ဒီအဆင့်တွေရဲ့နာမည်က သူ့ပြိုင်ဘက်တွေ ထိတ်လန့်ကြောက်ရွံ့သွားစေရန်အလို့ငှာ ဇူယွမ်ကိုယ်တိုင်ပေးထားခြင်းဖြစ်သည်။ ဒါ့အပြင်လက်ရှိသူ့ရဲ့ ဝင်ပေါက်နှစ်ခုဖွင့်ထားနိုင်တဲ့ခွန်အားနဲ့ ကျင့်စဉ်တစ်ခုလုံးကို အောင်မြင်ခဲ့မယ်ဆိုရင်တောင်မှ တောင်ကြီးတစ်ခုလုံးကို ဖြိုဖျက်နိုင်လိမ့်မည်မဟုတ်ပေ။
မူလကျင့်စဉ်တစ်ခုက ဘယ်လိုပဲအဆင့်မြင့်နေပါစေ ၎င်းရဲ့စွမ်းအားအပြည့်အဝကို ဖော်ထုတ်နိုင်ဖို့အတွက် များပြားလှတဲ့အထောက်အပံ့တွေနဲ့ မူလချီတွေလိုအပ်ပေသည်။ ဒီနေရာမှာ သူ့ရဲ့လက်ရှိမူလချီတွေက လွန်စွာနည်းပါးလျက်ရှိသေးသည်။ တကယ်လို့သာသူက ကောင်းကင်ဘုံတံခါးအဆင့်ကို ရောက်ရှိသွားခဲ့မယ်ဆိုရင် သူ့ရဲ့မူလချီတွေက အရမ်းကိုများပြားလာလိမ့်မည်ဖြစ်ကာ အသက်တစ်ခါရှူချိန်အတွင်းမှာ တောင်တစ်လုံးကို ဖြိုဖျက်နိုင်လိမ့်မည်ဖြစ်သည်။
ဒါတောင်မှ ဇူယွမ်ကနဂါးလက်ဝါးရဲ့ စွမ်းအားနဲ့ပတ်သက်လို့ လွန်စွာစိတ်ကျေနပ်မှုရှိရပေသည်။ ဒါ့အပြင် သူ့ရဲ့လက်ရှိအဆင့်မှာ ရင်ဆိုင်တွေရမဲ့ ပြိုင်ဘက်တွေကလည်း စိုးရိမ်ပူပန်ရလောက်တဲ့အထိ စွမ်းအားမမြင့်သေးချေ။
“ကျောင်းသားသစ်စာမေးပွဲက အရမ်းကိုနီးကပ်နေပြီ… ပါရမီရှင်အတန်းကိုဝင်ရောက်နိုင်ဖို့ ထိပ်ဆုံးဆယ်နေရာထဲကတစ်နေရာကို ငါရအောင်လုပ်ရမယ်… ယုဝေကိုတစ်ယောက်တည်း လွှတ်ပေးထားလို့မဖြစ်ဘူး… ဒါကချီယွဲ့ရဲ့စောင့်ကြည့်နေမှုအောက်ကနေ ရှောင်နိုင်ဖို့ခက်ခဲလိမ့်မယ်…” ဇူယွမ်ရဲ့မျက်လုံးတွေ ဖြတ်ခနဲလင်းလက်သွားခဲ့သည်။ ကျောင်းအုပ်နေရာကို ချီအိမ်တော်ကပိုင်ဆိုင်နိုင်ဖို့ ယုံကြည်မှုရှိနေတဲ့ အဓိကအကြောင်းအရင်းက ချီယွဲ့ကြောင့်ပင်။
ကျောင်းအုပ်နေရာက လွန်စွာအရေးကြီးလှသည်။ တကယ်လို့သာ ၎င်းကချီအိမ်တော်ရဲ့လက်ထဲကို ကျရောက်သွားခဲ့မယ်ဆိုရင် ချီဘုရင်ကသေချာပေါက်ကို ကျောင်းတော်ထဲက ရာထူးအဆင့်အတန်းလိုက် လူများစွာကို ရှင်းထုတ်ပြစ်လိမ့်မည်ဖြစ်ပြီး တော်ဝင်ဇူကျောင်းတော်ရဲ့နာမည်က တော်ဝင်ချီကျောင်းတော်အဖြစ် ပြောင်းလဲသွားလိမ့်ပေမည်။
ဒါကတော်ဝင်ကလန်အတွက်တော့ သေစေနိုင်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပြီးတော့ ဒီလိုဖြစ်လာမှာကို ဇူယွမ်ကျိန်းသေပေါက်ခွင့်မပြုပေးနိုင်ပေ။ ဒါ့ကြောင့်ပဲသူကနှစ်ကုန် အတန်းအဆင့်သတ်မှတ်ချက်စာမေးပွဲမှာ ပါရမီရှင်အတန်းနဲ့အတူ ပထမနေရာကိုရယူနိုင်ဖို့အတွက် သူ့ရဲ့စွမ်းအားတွေမြင့်မားလာဖို့ အရာရာတိုင်းကို လုပ်ဆောင်ရပေလိမ့်မည်။
ဇူယွမ်အသက်ပြင်းစွာရှူလိုက်သကဲ့သို့ သူ့ရဲ့မျက်လုံးတွေကလည်း တဖြည်းဖြည်းနဲ့ စူးရှထက်မြက်လာခဲ့သည်။ တကယ်တော့ ဒီမတိုင်ခင်မှာ သူကကျောင်းသားသစ်စာမေးပွဲကိုကျော်ဖြတ်ပြီး ပါရမီရှင်အတန်းကို အောင်မြင်စွာဝင်ရောက်နိုင်ဖို့ ဦးစွာပြုလုပ်ရပေလိမ့်မည်။
…
နောက်ဆုံးမှာတော့ ကျောင်းသားသစ်စာမေးပွဲကျင်းပသည့်နေ့က ရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။ သူရိန်နေမင်းက မိုးကုပ်စက်ဝိုင်းဆီမှ တဖြည်းဖြည်းမြင့်တက်လာသကဲ့သို့ တော်ဝင်ဇူကျောင်းတော်ရဲ့အပေါ်က လေထုသည်လည်း လွန်စွာသက်ဝင်လှုပ်ရှားလာကာ လူတိုင်းကစိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေကြပေသည်။
ကျောင်းတော်ကိုဝင်ရောက်ခဲ့တဲ့ ကျောင်းသားသစ်အားလုံးက တစ်နှစ်လေ့ကျင့်ပြီးတဲ့နောက်မှာ ကျောင်းသားသစ်စာမေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြပေလိမ့်မည်။ ပိုပြီးအဆင့်မြင့်တဲ့လေ့ကျင့်ရေးတွေကို ဆက်လက်ပြုလုပ်နိုင်ဖို့ နောက်ပိုင်းမှာသူတို့ကို အတန်းတွေခွဲခြားသတ်မှတ်ပေလိမ့်မည်။
ဒါ့ကြောင့်ပင် ကျောင်းတော်ထဲမှာ ကျောင်းသားသစ်စာမေးပွဲရဲ့အရေးပါမှုက မေးခွန်းထုတ်စရာပင် မလိုချေ။
ဇူယွမ်စာမေးပွဲကျင်းပရာ ကွင်းပြင်ကိုရောက်ရှိလာသည့်အခါ ပွက်ပွက်ဆူနေတဲ့အိုးတစ်လုံးအလား ဆူညံနေလျက်ရှိပေသည်။ များပြားလှတဲ့ လူငယ်လေးတွေနဲ့ မိန်းခလေးတွေက အဖွဲ့လိုက်စုဝေးပြီး တစ်ဦးနဲ့တစ်ဦးစကားပြောဆိုနေလျက်ရှိကြပြီး လူတိုင်းလူတိုင်းရဲ့အမူအယာတွေက ရင်ခုန်စိတ်လှုပ်ရှားနေလျက်ရှိကြသည်။
ဇူယွမ်က စုယုဝေကို ကြီးမားတဲ့အဖွဲ့တစ်ခုအတွင်းမှာ မြင်လိုက်ရသည်။ သူမက သံသယရှိစရာမလိုလောက်အောင်ပင် အဖွဲ့ထဲမှာ အဓိကစိတ်ဝင်စားမှုအခံရဆုံးဖြစ်ပြီး ဒီမြင်ကွင်းက တောက်ပနေတဲ့လရဲ့ ဘေးပတ်ပတ်လည်မှာ ကြယ်တွေအစုလိုက်အပြုံလိုက် ဝန်းရံနေသည့်အလား ထင်မှတ်ရသည်။ ဒါ့အပြင်သူမက လှပမှုတစ်ခုတည်းသာမက သူမရဲ့ပါရမီကလည်း အံ့အားသင့်စရာကောင်းလှသလို အလျှော့မပေးတတ်တဲ့ စရိုက်တစ်ခုလည်းရှိပေသည်။ ဒီအချက်တွေအားလုံးက စုယုဝေကို ကျောင်းသားသစ်တွေကြားထဲမှာ အာရုံစိုက်အခံရဆုံး လူတစ်ယောက်အဖြစ်ကို ရောက်ရှိစေခဲ့သည်။
ဒီမြင်ကွင်းကို ကြည့်နေလျက်ရှိတဲ့ ဇူယွမ်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့တဲ့တစ်နှစ်က သူနဲ့စုယုဝေတို့ တွေ့ဆုံခဲ့တဲ့အချိန်ကို ပြန်စဉ်းစားလိုက်မိခဲ့ပြီး အဲဒီအချိန်တုန်းက သူမကညစ်ပတ်ပေရေနေတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပေသည်။ ဒါက သူမလုံးဝကိုမပြောင်းလဲသွားခင်အချိန်က ဖြစ်ပေသည်။ အခုအချိန်မှာတော့ သူမမှာ လှပမှုတစ်ခုတည်းသာမက စိတ်လှုပ်ရှားမှုကိုလည်းပေးစွမ်းနိုင်စွမ်းရှိပေရာ များစွာသောလူငယ်လေးတွေက သူမကို နှစ်သက်သဘောကျကြရသည်။
ဒီလိုအရာအားလုံးပြောင်းလဲသွားမှုက သူမရဲ့ကြိုးစားအားထုတ်မှုနဲ့ လုံလဝီရိယအပေါ်မှာသာ အရင်းခံပေသည်။ ဇူယွမ်လုပ်ပေးခဲ့တဲ့ အရာအားလုံးက သူမလျှောက်လှမ်းနိုင်ဖို့ လမ်းတစ်ခုကို ညွှန်ပြပေးခဲ့ခြင်းပင်။
လူအုပ်ကြားထဲမှာ ပြုံးရွှင်စွာနဲ့ စကားပြောနေလျက်ရှိသည့် စုယုဝေက တစ်စုံတစ်ခုကိုခံစားလိုက်မိသည့်အလား သူမရဲ့လှပတဲ့မျက်နှာလေးက မော့ကြည့်လာခဲ့သည်။ သူမအကြည့်က ဇူယွမ်နဲ့ဆုံတွေ့သွားသည့်အခါ သူမရဲ့နှုတ်ခမ်းမှာ အပြုံးတွေပွင့်လန်းလာခဲ့ရသည်။ သူမရဲ့အပြုံးကို မြင်လိုက်ရသည့်အခိုက်အတန့် ပတ်ဝန်းကျင်ရှိလူငယ်လေးတွေရဲ့ မျက်လုံးတွေထဲမှာ အရောင်တွေတောက်ပလာခဲ့ကြသည်။
သို့ပေမဲ့လည်း သူတို့တွေရင်းနှီးနိုင်ဖို့ မကြိုးစားရသေးခင်မှာပင် စုယုဝေက သူတို့ကိုယဉ်ကျေးစွာပြုံးပြခဲ့လိုက်ပြီး လူအုပ်ထဲကနေထွက်ခွာလာခဲ့လိုက်သည်။ သူမရဲ့လက်ကလေးတွေကို နောက်ကိုပစ်ထားလျက်က ဇူယွမ့်ဆီကို ပုံမှန်ခြေလှမ်းနဲ့လျှောက်လှမ်းလာခဲ့လိုက်ပြီး သူမရဲ့မျက်နှာက ဆန်းသစ်စလမင်းကဲ့သို့ တောက်ပနေကာ သူမရဲ့နှုတ်ခမ်းတွေမှာလည်း အပြုံးတွေတွဲခိုနေပေသည်။
ဇူယွမ်က စုယုဝေကို စိုက်ကြည့်လိုက်သည်။ သူမရဲ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ မူလချီတွေအရင်ကထက်ပိုပြီးသန်မာနေတာကို ခံစားမိလိုက်တဲ့အခါ ဇူယွမ်က ချက်ချင်းပဲမေးလိုက်မိသည်။ “နင့်ရဲ့ လေးခုမြောက်ဝင်ပေါက် ပွင့်သွားခဲ့ပြီလား…”
“ဒါကပွင့်ခဲ့တာကြာပေါ့… နင်ကကျောင်းတော်ကို မရောက်တာကြာပြီဆိုတော့ ဒါကိုဘယ်လိုလုပ်သိနိုင်မှာလဲ…” စုယုဝေရဲ့ တောက်ပတဲ့မျက်လုံးတွေက မျက်တောင်တဖျပ်ဖျပ်ခတ်လျက် မကျေမနပ်ဖြစ်နေသည့်အသံဖြင့် ပြောလိုက်သည်။
သူမရဲ့အကြည့်ကိုမြင်လိုက်ရသည့်အခါ ဇူယွမ်က ကသိကအောက်ဖြစ်စွာ ရယ်မောလိုက်မိသည်။
“ငါက ငါ့ရဲ့လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန်ပြုလုပ်နေလို့ပါ…”
“ဒါဆို နင်က ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိနေပြီလား…” စုယုဝေရဲ့ မျက်လုံးတွေထဲမှာ စိုးရိမ်မှုတွေ ထင်ဟပ်နေရပေသည်။ သူမအနေနဲ့ ဇူယွမ်တစ်ယောက် သူ့ရဲ့စွမ်းအင်ဝင်ပေါက်ကို ရှာတွေ့နိုင်ခြင်းမရှိသေးဘဲ မူလမှော်စာလုံးတွေပေါ်မှာသာ မှီခိုနေရဦးမယ်လို့ ထင်မှတ်ထားလျက်ပင်ရှိသေးသည်။
ဇူယွမ်ကပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်… “မစိုးရိမ်ပါနဲ့… ငါသေချာပေါက် ထိပ်ဆုံးဆယ်နေရာထဲကို ဝင်ရောက်နိုင်လိမ့်မယ်…”
စုယုဝေက ဇူယွမ်ရဲ့ယုံကြည်မှုရှိနေသည့်အပြုံးကို မြင်တွေ့လိုက်ရသည့်အခါ အနည်းငယ်သက်သာရာရသွားခဲ့ရပြီး ခေါင်းညိတ်၍သာ တုန့်ပြန်ခဲ့လိုက်သည်။
ဇူယွမ်က စုယုဝေနဲ့ စကားပြောနေစဉ်မှာ အနားမှာရှိသည့်စင်မြင်တစ်ခုပေါ်က များစွာသောအကြည့်တွေက သူတို့ကိုမနာလိုစွာနဲ့ စိုက်ကြည့်နေကြလျက်ရှိသည်။
“ကြည့်ရတာ ငါတို့ရဲ့မင်းသားက ကျောင်းသားသစ်စာမေးပွဲမှာ လူတွေရဲ့ပစ်မှတ်ဖြစ်သွားခဲ့တဲ့ပုံပဲ…” ချီယွဲ့ရဲ့မျက်နှာပေါ်မှာ လှောင်ပြောင်တဲ့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မူလမှော်စာလုံးလေးနည်းနည်းလောက် သင်ယူနိုင်တာနဲ့ ကိုယ့်ကိုကိုယ်ဒီလောက် စိတ်ကြီးဝင်နေမယ်လို့ မထင်ထားမိဘူး… သူက ကိုယ့်ကိုကိုယ်အရမ်းကို မျှော်လင့်ထားတာပဲ…” ချီယွဲ့ရဲ့ဘေးမှာရှိတဲ့ လျှိုစီလို့ခေါ်တဲ့ မိန်းခလေးကပြောလိုက်သည်။ သူမရဲ့ပုံစံက ပါးလျတဲ့အနီရောင်နှုတ်ခမ်းလေးတွေနဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာ သူမက ဇူယွမ့်ကို အထင်သေးစွာစိုက်ကြည့်နေလျက်ရှိပေသည်။ သူမရဲ့အကြည့်တွေက စုယုဝေအပေါ်ကို လျင်မြန်စွာရောက်ရှိသွားခဲ့ပြီး သူမရဲ့မျက်လုံးထဲမှာ မနာလိုမှုတွေနဲ့ ပြည့်နှက်နေရပေသည်။
အရင်အချိန်တွေတုန်းက လျှိုစီဆိုတဲ့သူမဟာ တော်ဝင်ဇူကျောင်းတော်ရဲ့ အတောက်ပဆုံးပုလဲလေးတစ်လုံးပင်။ သို့ပေမဲ့လည်း ဒီအရာတွေအားလုံးက စုယုဝေပေါ်ထွက်လာပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားခဲ့ရသည်။ သူမက ကျောင်းသားသစ်တွေထဲမှာ အရမ်းကိုထင်ရှားတဲ့မိန်းခလေးတစ်ယောက်ဖြစ်လာခဲ့ရုံသာမက များစွာသောအတန်းတွေက လူငယ်လေးတွေတောင်မှ သူမနဲ့စကားပြောခွင့်ရဖို့အရေး အချိန်တိုင်းကြိုးစားအားထုတ်ခဲ့ကြပေသည်။ ဒီလိုမျိုးထင်ပေါ်ကျော်ကြားမှုက သာမန်မဟုတ်ပေ။
ဒါက လျှိုစီကို အလွန်အမင်းဒေါသထွက်စေခဲ့သည်။ သူမရဲ့မျက်လုံးထဲမှာ စုယုဝေကအဆင့်အတန်းနိမ့်ပါးတဲ့ သာမန်လူတစ်ယောက်မျှသာဖြစ်ပြီး သူမလို အဆင့်အတန်းအရရော နောက်ခံအသိုင်းအဝိုင်းအရရော မြင့်မားတဲ့သူတစ်ယောက်နဲ့ နှိုင်းယှဉ်နေခဲ့ကြတာတွေက ကမ္ဘာခြားနေတဲ့လူနှစ်ယောက်ကို နှိုင်းယှဉ်နေကြသလိုပင်။ ဒါတောင်မှပဲ ဒီလိုသာမန်မိန်းခလေးတစ်ယောက်က သူမထက်ပိုပြီး ထင်ပေါ်ကျော်ကြားမှုကို ရရှိခဲ့ပေသည်။ ဒီကိစ္စက သူမကိုအမှန်တကယ် ဒေါသထွက်စေခဲ့သည်။
ချီယွဲ့ရဲ့နောက်မှာတော့ လင်ဖုန်းကတိတ်ဆိတ်စွာ ရပ်နေလျက်ရှိသည်။ သူက စကားပြောနေကြတဲ့ ဇူယွမ်နဲ့ စုယုဝေတို့ကို ခံစားချက်ကင်းမဲ့စွာကြည့်နေလျက်ရှိပေမဲ့ သူ့ရဲ့မျက်လုံးထဲမှာတော့ အေးစက်စက်အကြည့်တွေ ထွက်ပေါ်လာခဲ့ရသည်။
ချီယွဲ့က လင်ဖုန်းရဲ့မျက်လုံးထဲက အကြည့်တွေကို မြင်လိုက်ရသည့်အခါရယ်မောလိုက်ပြီး လင်ဖုန်းရဲ့ပုခုံးတွေကို ပုတ်လိုက်သည်။
“မင်း ဘာမှစိုးရိမ်နေစရာမလိုဘူး… အားလုံးအဆင်သင့်ဖြစ်နေပြီ… မင်းသားလေးရဲ့ ပြိုင်ပွဲတိုင်းအတွက် အရမ်းကိုထူးချွန်တဲ့ ပြိုင်ဘက်တွေကို ငါပြင်ဆင်ထားခဲ့ပြီးပြီ…”
သူကဟန်ဆောင်အပြုံးတစ်ခုပြုံးခဲ့လိုက်ပြီး ဇူယွမ်ကိုကြည့်လိုက်ကာ ပြောသည်… “သူကလာဖို့သတ္တိရှိနေမှတော့ သူ့ရဲ့မျက်နှာကို နောက်တစ်ကြိမ်တော်ဝင်ဇူကျောင်းတော်ထဲမှာ ထပ်မပြရဲအောင် ငါကအရှက်ခွဲပေးရမှာပေါ့…”
ဒီစကားတွေကို ကြားလိုက်ရသည့်အခါ လင်ဖုန်းနဲ့ လျှိုစီတို့ရဲ့အကြည့်တွေက ပြောင်းလဲသွားခဲ့ရပြီး ရယ်မောလိုက်ကြသည်။ ကြည့်ရတာ ဒီနေ့ကျောင်းသားသစ်စာမေးပွဲမှာ ကောင်းမွန်တဲ့ပြပွဲတစ်ခု ကြည့်ရှုရတော့မည့်ပုံပင်။