တကယ့် အမှန်တရားမှာ ဝမ်လင်းက သူလီမူဝမ်ကို ပြောခဲ့သလိုမျိုး မရက်စက်၊ မကြမ်းတမ်းချင်ပေ။ သို့သော် သူ့ကိုယ်ပွားက စဦးစိတ်ဝိညာဉ် အဆင့်သို့ရောက်ရန် လိုနေသေး၏။ သူသာ အခုချိန်၌ လီမူဝမ်နှင့် ပတ်သက်လိုက်ပါက သူ့မူလ အစီအစဉ်တွင် မမြင်ရသော ပြောင်းလဲမှုများ ဖြစ်လာနိုင်သည်။
သူက သက်ပြင်း ချလိုက်သည်။ သူ့ခံစားချက်များက တက်လိုက်ကျလိုက် ဖြစ်နေပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေ၏။ သူက တောင်ဘက် ခြံဝင်းမှ ရှုပ်ထွေးသော ခံစားချက်များနှင့် ထွက်လာခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် သူက အချိန်ကို တွက်ချက်၍ အနောက်ခြံဝင်းသို့ လျင်မြန်စွာ ရောက်အောင် သွားလိုက်သည်။
ဝမ်လင်းက အနောက်ဘက်ခြံသို့ ရောက်လာပြီးနောက် ချက်ချင်းအထဲသို့ မဝင်သေးပေ။ ထိုအစား သူက ခြံဝင်းကို လှည့်ပတ်လိုက်ပြီး အတားအဆီးများ ထားလိုက်သည်။ သူ့သန်မာသော နတ်ဘုရား အာရုံကြောင့် ကင်းစောင့်နေသော တပည့်များက သူ့အား ထောက်လှမ်းမိခြင်း မရှိကြပေ။
ထို့နောက် ဝမ်လင်းက မြူများကို လျင်မြန်စွာ ဖြတ်၍ အနောက်ဘက် ခြံထဲသို့ ဝင်လိုက်သည်။
အပြင်ဘက်က ကြည့်ပါက သည်နေရာသည် သာယာသော နေရာတစ်ခု ဖြစ်သည်သာမက အတွင်းဘက်က ပို၍ မိုက်နေသေး၏။ အတွင်းရှိ အဆောက်အဦများက အပြင်ဘက်ထက် သာ၍ မြင့်မားလှ၏။
ချန်စီယန် ပြောပြခဲ့သော လမ်းကြောင်းအတိုင်း သွားခြင်းကြောင့် ဝမ်လင်းက သွက်လက်စွာ ခြံဝင်းကို ဖြတ်ကျော် လာနိုင်ခဲ့ပြီး ဂွန်စွန်တုန် အခန်းရှေ့သို့ ရောက်လာခဲ့သည်။ သူက နတ်ဘုရား အာရုံဖြင့် စစ်ကြည့်ရာ ထူးဆန်းသော အားတစ်ခုကို တွေ့ရ၏။
သူက မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။ ထို့နောက် အခန်းထဲသို့ ခုန်ဝင်လိုက်သည်။ အခန်းတစ်ခုကို မျက်နှာပြင် တစ်ခုက ကာရံထားပြီး အထဲ၌ လှပသိမ်မွေ့သော ပုံရိပ်နှစ်ခုက ရေချိုး နေကြလေသည်။ သူက အကာအရံကို ဖြတ်ကြည့်လိုက်ရာ အမျိုးသမီး နှစ်ယောက်လုံး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းများကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပွတ်သပ်ကျီစယ် ထွေးပွေ့ နေကြလေသည်။ တစ်ချိန်တည်းမှာပဲ ညည်းသံလေးများက အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့နတ်ဘုရား အာရုံကြောင့် သည်မိန်းကလေး နှစ်ယောက်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်နေရသည်။ အမျိုးသမီးလေး တစ်ယောက်က အသက်မဝတဝ ရှူကာ ပြောလိုက်၏။
“အစ်မတုန် … ချန်စီ … ယန် … အာ …” သူမစကား မဆုံးသေးခင်မှာပင် နောက်တစ်ယောက်က သူမ၏အာရုံခံ အမှတ်အသားလေးကို ထိတွေ့လိုက် လေတော့သည်။
“အာ …”
အချိန်တစ်ခု ကြာသောအခါ ပျင်းရိပျင်းတွဲ အသံလေးက အကာအရံနောက်မှ ထွက်လာခဲ့သည်။
“လင်းအာ … ချန်စီယန်နဲ့ ပတ်သက်လို့ နင် ခုထိစိုးရိမ် နေတုန်းလား … ဟုတ်ပါတယ် …။ ငါသူ့ကို လှည့်စားခဲ့တယ်။ ဒါကလည်း နင်ဆေးညွှန်းအတွက် အမြုတေ လိုနေလို့ပဲလေ။ ဒါကြောင့်ငါက သူ့လူဝံပေါ်မှာ ပစ်မှတ် ထားခဲ့ရတာပဲ …”
“ဒါပေမဲ့ … လုစုံကရော …” သည်မိန်းကလေး လင်းအာက တကယ်တော့ ချန်လင်းပင် ဖြစ်၏။
“ငါ့ကို ယုံပါ။ လုစုံ မနက်ဖြန်လာရင် ငါ့သူကို့ ကိုင်တွယ် လိုက်မှာပါ။ ဘာပြဿနာမှ မတက်ဖို့ ငါကတိပေးပါတယ်။ ဒီလုစုံက အလွန်ဆုံး … ငါကသူ့ကို အရသာနည်းနည်း ပေးလိုက်မှာပေါ့။ လင်းအာ နင့်အစ်မကြီးက နင့်အတွက် ကောင်းကောင်း လုပ်ပေးပြီးပြီနော်။ အခု နင့်အလှည့် …”
ဝမ်လင်းက အထဲသို့ မဝင်ပေ။ သူက မကောင်းဆိုးဝါး ရှုလီကောအား ဆင့်ခေါ်လိုက်သည်။ ရှုလီကောက အကာအရံ နောက်သို့ ကြည့်၍ စိတ်လှုပ်ရှားနေ မိသည်။
“ဒီကိစ္စကို မင်းဘယ်လို ကိုင်တွယ်မလဲကို ငါဂရုမစိုက်ဘူး။ စိတ်ဝိညာဉ်လူဝံ ဖြစ်သွားသလို သူတို့နှစ်ယောက်ရဲ့ ဝိညာဉ်တွေကို ယူလာခဲ့ …” ဝမ်လင်းက ထိုသို့ ပြောပြီးနောက် နောက်လှည့်၍ အခန်းထဲ၌ လမ်းလျှောက် နေလိုက်သည်။
ရှုလီကောက အခုလိုမျိုး ဘယ်တုန်းကမှ စိတ်မလှုပ်ရှားဖူးပေ။ သူက ဝမ်လင်းနောက် လိုက်ရခြင်းမှာ မှန်ကန်ကြောင်း ခံစားနေရသည်။ အခုသူက မကောင်းဆိုးဝါး ဖြစ်လာပြီး သွေးသား မရှိတော့တာတောင် သူ့သွေးများက ဆူပွက်နေသလို ခံစားမိနေသည်။
ရှုလီကောက မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်၏။ ထို့နောက် သူက အကာအရံ အနောက်သို့ ဝင်ရောက်လိုက်သည်။
သိပ်မကြာခင်မှာပဲ သူက ကျေနပ်မှု အပြည့်ရှိသော မျက်နှာပေးနှင့် ထွက်လာခဲ့သည်။ သူက စိတ်ဝိညာဉ် နှစ်ခုကို ထုတ်ယူလာပြီး ဝမ်လင်း မျက်ခုံးထဲသို့ ပြန်ဝင် လာခဲ့တောသည်။
သည့်နောက်သူက တစ်ခါတည်း ပြောလိုက်၏။
“ဒီလူဝံက သေပြီ …”
ဝမ်လင်းက သူ့လက်ကို ယမ်းလိုက်ရာ စိတ်ဝိညာဉ် အလံတစ်ခု ထွက်ပေါ်လာ၏။ သူက ဝိညာဉ်နှစ်ခုကို အလံထဲသို့ ပစ်ထည့်လိုက်သည်။ သည့်နောက်သူက အခန်းထဲမှ ထွက်လာခဲ့တော့သည်။
အခုချိန်က သူအတားအဆီး လုပ်ခဲ့သော (၁၅)မိနစ် ပြည့်သွားလေပြီ။ ဝမ်လင်းက သူ့အတားအဆီး အလံကို ပြန်ခေါ်လိုက်သည်။ အလံက တောင်ဘက်ခြံဝင်းမှ လျင်မြန်စွာ ပြန်ထွက် လာခဲ့တော့သည်။ တစ်ချိန်တည်းမှာ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက်၏ ဒေါသတကြီး အော်ဟစ်သံက ပေါက်ကွဲ ထွက်လာခဲ့သည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ အနောက်ဘက် ခြံဝင်းသို့ တစ်ဟုန်ထိုး လာခဲ့တော့သည်။
တိုတောင်းသော အချိန်လေးမှာ အနောက်ဘက် ခြံဝင်းထဲတွင် ကြမ်းကြုတ်သော နတ်ဘုရား အာရုံက ပျံ့နှံ့လာခဲ့သည်။ ဒီအာရုံက ဝမ်လင်းကို တွေ့ပြီးနောက် အမျိုးသမီးတစ်ယောက်က ခြံဝင်းအလယ်မှ ထွက်လာခဲ့ တော့သည်။ စကားတစ်လုံးမှ မပြောဘဲ ဝမ်လင်းက ထွက်ခွာရန် နောက်သို့ လှည့်လိုက်သည်။
ထိုအမျိုးသမီး ခန္ဓာကိုယ်က မြူများဖြင့် ဝန်းရံထားပြီး သူ့ပုံစံကို ကောင်းစွာ မမြင်ရပေ။ သူက ထွက်ပေါ်လာ ချင်းချင်း ဝမ်လင်းနောက်သို့ လျှပ်စီးအလား လိုက်လာခဲ့သည်။
ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သူက ထိုအမျိုးသမီး သူနှင့် နီးကပ်လာသည်ကို ကြည့်နေရင်း အေးစက်စွာ ပြုံးလိုက်၏။ သူက လက်ဝှေ့ယမ်း၍ အတားအဆီး စက်ဝိုင်းများကို အမျိုးသမီးထံ ပစ်လိုက်သည်။
“နင်က ကိုယ့်နေရာကို မသိဘူးပဲ …” အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။ သူက လက်ယမ်းလိုက်ရာ ပန်းခြင်းတစ်ခု ပေါ်လာခဲ့သည်။ များစွာသော၊ အရောင်စုံသော ပန်းပွင့်များ ထွက်ပေါ်လာသည်။ ထိုပန်းပွင့်များ၏ ပွင့်ချပ် ပွင့်ဖတ်တိုင်းက အဖျက်အဆီး အင်အားများ သယ်ဆောင်လာ၏။ ထိုအမျိုးသမီး၏ ကျင့်ကြံမှု အဆင့်သည် စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်ဖြစ်၏။ သို့သော် ဝမ်လင်းက တည်ငြိမ်စွာ ရှိနေပြီး စိတ်ထဲ၌ နှာခေါင်းရှုံ့ လိုက်သည်။ အတားအဆီး စက်ဝိုင်းများက ပန်းပွင့်ချပ်များနှင့် နီးလာသည့်အခါ ၎င်းတို့က ချက်ချင်း ပေါက်ကွဲသွားပြီး အတားအဆီး စက်ဝိုင်းလေးများ အဖြစ်သို့ ပျံ့နှံ့သွား၏။ အချို့ အတားအဆီးများက ပန်းပွင့်များကြောင့် ပျက်စီး သွားသော်လည်း အများစုကတော့ ပန်းပွင့်များကို ကျော်ဖြတ်၍ အတားအဆီး စက်ဝိုင်းများ အဖြစ်သို့ ပြောင်းသည်။
၎င်းအတားအဆီး စက်ဝိုင်းငယ်တို့၏ ပျံ့နှံ့မှုက အလွန် မြန်ဆန်၏။ သည်အတားအဆီး စက်ဝိုင်းငယ်များက အနောက်ဘက် ခြံပေါ်သို့ ကျသည်။
ဝမ်လင်းက သည်အနောက်ဘက် ခြံဝင်း တစ်ခုလုံးသည် ဧရာမ အတားအဆီးဖြင့် ကာရံထားကြောင်း သိသည်။ သူသာ အချိန်ရှိလျှင် သည်အတားအဆီးကို ဖျက်ဆီးနိုင်သည်။ သို့သော် အခုသူ့ ပန်းတိုင်က အတားအဆီးကို ဖျက်ဆီးရန် မဟုတ်ဘဲ ဟန်ချက် မညီအောင် လုပ်ရန်သာ ဖြစ်၏။
ပုံမှန်အားဖြင့် သည်အတားအဆီးမျိုးက အခုလိုမျိုးလုပ်ရန် မဖြစ်နိုင်ပေ။ သို့သော် ဝမ်လင်းက ရှေးဟောင်း အတားအဆီးကို အသုံးပြုခြင်း ဖြစ်၏။ နောက်တစ်ချက်က သူသည် အစောကတည်းက အတားအဆီး အချို့ကို တင်ကူး ပြုလုပ်ထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် အခုအခါ၌ အနောက်ဘက်ခြံဝင်း တစ်လျှောက် တုန်ခါမှုများ ပျံ့နှံ့သွားသည်။
အနောက်ဘက် ခြံဝင်း၏ ဧရာမ အတားအဆီးက ဟန်ချက်ပျက် လာခဲ့သည်။ အသံလှိုင်းများက အနောက်ဘက်ခြံမှ ထွက်ပေါ်လာခဲ့၏။ အမျိုးသမီး ကျင့်ကြံသူ အုပ်စုကြီးက ထွက်လာခဲ့ပြီး ထိုမြင်ကွင်း အသံလှိုင်းများကို သူတို့က ကြောက်ရွံ့စွာ ကြည့်သည်။
ဝမ်လင်းက လုပ်စရာရှိသည်များ လုပ်ပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ လျင်မြန်စွာ ပျံသန်း ပြေးတော့သည်။ သူ့နောက်မှ လိုက်လာသော အမျိုးသမီးက အံကြိတ်လိုက်သည်။ သူက ဝမ်လင်းနောက် လိုက်နေသည်ကို ရပ်တန့်လိုက်ပြီး ဧရာမ အတားအဆီးကို ဟန်ချက်ညီအောင် ပြန်လုပ်ရန် ပြန်လှည့်လာ ခဲ့တော့သည်။
ဝမ်လင်းက အနောက်ဘက် ခြံဝင်းမှ အနှောင့်အယှက်မရှိ ထွက်လာ နိုင်ခဲ့တော့သည်။ သို့သော် သူက သိပ်မကြာခင်မှာ စဦးစိတ်ဝိညာဉ် အလယ်အလတ် အဆင့် ကျင့်ကြံသူတွေ ရောက်လာတော့မည်ကို သိပေသည်။
ထိုခဏ၌ စွမ်းအားပြည့် လှသော နတ်ဘုရား အာရုံတစ်ခုက အကွာအဝေး တစ်ခုမှ ရောက်လာခဲ့ပြီး ဝမ်လင်းအား ဖြတ်ကျော်သွားသည်။ ဝမ်လင်းက တည်ငြိမ်ဆဲပင်။ အခြားတစ်ယောက် ဆိုလျှင် သည်နတ်ဘုရား အာရုံက အန္တရာယ်ရှိသည်။ သို့သော် ဝမ်လင်း၏ စိတ်ဝိညာဉ်က လွန်စွာ စွမ်းအားကြီးနေပြီ ဖြစ်သည်။ သူ့စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ထက် အားနည်းခြင်း မရှိတော့ပေ။ အခုချိန်၌ သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ် အတွင်း၌ ရှိနေပြီး အပြင်သို့ ထုတ်ဖော်လို့ မရသေးသော်လည်း စဦးစိတ်ဝိညာဉ် အဆင့်လေးက သူ့စိတ်ဝိညာဉ်ကို မည်သို့ အန္တရာယ်ပြု နိုင်ပါ့မည်နည်း။
ထိုနတ်ဘုရား အာရုံနှင့် ကြုံတွေ့လိုက်သော်လည်း သူက ရှေ့သို့သာ ဆက်သွားလိုက်သည်။
ထိုနတ်ဘုရား အာရုံပိုင်ရှင်က မှင်တက်မိ သွားသည်။ သို့သော် သူ့နတ်ဘုရား အာရုံက လျင်မြန်စွာ ဆက်လိုက်လာပြီး ဝမ်လင်း၏ မူရင်းကိုယ်နှင့် နီးကပ်လာသည်။
သည်အခါ ဝမ်လင်းက အနက်ရောင် အလံတစ်ခုကို ထုတ်ယူလိုက်သည်။ သည်အလံထဲ၌ ဝမ်လင်းက စဦးစိတ်ဝိညာဉ် တစ်ခုကို ပိတ်လှောင် ထားလေသည်။
သည်အလံကို သူက မြေကြီးပေါ်သို့ ချလိုက်သည်။ ထိုသို့ပြုလုပ်ပြီး ချက်ချင်းပင် အတားအဆီး အစီအရင်တစ်ခု ပေါ်လာခဲ့ပြီး သူ့ကိုယ်က သဲလွန်စမရှိ ပျောက်ကွယ် သွားတော့သည်။ ထိုအခါ သူနှင့် နီးကပ်လာသော နတ်ဘုရား အာရုံက သူ့အား ရှာမတွေ့တော့ပေ။
ဝမ်လင်း၏ မူရင်းကိုယ်က ကလန်အပြင်ဘက် ဂူသို့ပြန်ရောက် လာခဲ့သည်။ ထိုဂူကို သူက အတာအဆီးများ ကာရံထားပြီး နတ်ဘုရား အာရုံဖြင့်ပါ ပိတ်ဆို့ထားလေ၏။
တစ်ချိန်တည်းမှာ ဝမ်လင်းနေသော ခြံထဲ၌ သူ့ကိုယ်ပွားက ပေါ်လာခဲ့သည်။ သူက အလျင်အမြန် သန့်ရှင်းအောင် လုပ်၍ လေ့ကျင့်ရန် ထိုင်ချလိုက်သည်။
နောက်လဝက် လောက်ထိ ဝမ်လင်းမူရင်းကိုယ် အကြောင်းက ကလန်ထဲမှာ ပျံ့နှံ့လျက် ရှိသည်။ ထိုဖြစ်ပွားခဲ့သော ကိစ္စနှင့် ပတ်သက်၍လည်း အမြင်အမျိုးမျိုကို နေရာတိုင်း၌ တွေ့နေခဲ့ရသည်။
ထိုအဖြစ်အပျက်က တိမ်ကောင်းကင် ကလန်၌ အချိန်ကြာမြင့်စွာ ကတည်းက ဖြစ်ပွားခဲ့ဖူးခြင်း မရှိပေ။ လူတစ်ယောက်က ကလန်ထဲသို့ နေ့ဘက်မှာ ရောက်လာခဲ့ပြီး လူအချို့ကို သတ်ကာ မျက်စိအောက်မှာပင် ပြန်ပျောက်ကွယ် သွားခြင်း ဖြစ်နေသည်။ သည်အရာက တိမ်ကောင်းကင် ကလန်၏ မျက်နှာကို တံတွေးစွတ်ခြင်း မည်၏။
သည်အဖြစ်က တိမ်ကောင်းကင်ကလန်ရှိ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိရန် ပြင်ဆင်နေသော စဦးစိတ်ဝိညာဉ် အဆင့်အနည်းငယ်ကို သတိပေးသလို ဖြစ်နေသည်။ သူတို့က ထွက်လာခဲ့ပြီး ဂွန်စွန်တုန်နှင့် ချန်လင်းကို သတ်ခဲ့သော လူကို ရှာဖွေစုံစမ်းကြသည်။
သူတို့နှစ်ယောက်နှင့် ပတ်သက်ခဲ့သော လူတိုင်းကိုလည်း မေးခွန်းများ မေးကြသည်။ ဥပမာ … ချန်စီယန်နှင့် လုစုံ။ ဝမ်လင်းပင် မေးခွန်းမေး ခံခဲ့ရ၏။ စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် ဆိုရင် ဝမ်လင်းကို နတ်ဘုရား အာရုံဖြင့် စစ်ဆေးခဲ့သေး၏။ သို့ရာတွင် ဝမ်လင်း၏ စိတ်ဝိညာဉ်က သူ့ထက် သာလွန်နေသဖြင့် သူက မည့်သည့် အရာကိုမျှ ရှာတွေ့ခဲ့ခြင်း မရှိပေ။
သည်လိုနှင့် သည်ကိစ္စက ပြီးသွားခဲ့တော့၏။
ဝမ်လင်း၏ဘဝက တစ်ဖန် ပြန်ငြိမ်းချမ်းနေပြီ ဖြစ်သည်။ သို့သော် သူ့စိတ်ထဲ၌ လီမူဝမ်၏ ဝမ်းနည်းဖွယ် အပြုံးလေးက ပေါ်လာခဲ့သည်။ သူက သူမ၏ ဝမ်းနည်းဖွယ် အပြုံးကို မြင်လိုက်ရတိုင်း သူ့နှလုံးသားက အပ်နှင့်ထိုးစိုက် သလို ခံစားရသည်။
သူ့ထိုခံစားချက်က အကန့်အသတ်သို့ ရောက်လာခဲ့၏။ အကြောင်းမှာ တိမ်ကောင်းကင် ကလန်က ချူနိုင်ငံ တစ်ခုလုံးကို ကြေညာလိုက်သည့် သတင်းကြောင့်ပင်။ ထိုသတင်းမှာ အဆင့်ငါး ဆေးဝါးပညာရှင် လီမူဝမ်က တိမ်ကောင်းကင် ကလန်မှ အပြင်ကလန် အကြီးအကဲစွန်၏သား စွန်ကျန်ဝေနှင့် နှစ်လအတွင်း တာအိုလက်တွဲဖော် အဖြစ် ပေါင်းစပ်ကြမည့် အကြောင်းပင် ဖြစ်သည်။
ဝမ်လင်းက အခန်းထဲ၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ တစ်နေ့နှင့် တစ်ညလုံး စဉ်းစားပြီးနောက် သူက သက်ပြင်း ချလိုက်တော့သည်။ သူ့မျက်လုံးထဲ၌ လည်း ဆုံးဖြတ်ချက် ချပြီးဟန်များ ပေါ်နေခဲ့၏။ အေးစက်စက် အလင်းတစ်ခုက သူ့မျက်လုံးထဲ၌ ဖြတ်ပြေးသွားပြီး သူက ထထိုင်လိုက်သည်။ သည့်နောက် သူက တောင်ဘက်ခြံသို့ ဦးတည်၍ လမ်းလျှောက်သွားတော့သည်။
မြူများက ပိတ်ဆို့ နေသောကြောင့် သူက ချောချောမွတ်မွတ် မသွားနိုင်ပေ။ သို့ရာတွင် သူက သူ့နာမည်ကို ပြောလိုက်ရာ တစ်ယောက်က လီမူဝမ်ဆီသို့ သွားရောက် အကြောင်းကြားပေးပြီး သူ့အတွက် လမ်းကြောင်းဖွင့်ပေး လိုက်သည်။
ဝမ်လင်းက တဖြည်းဖြည်းချင်း ဆက်လျှောက်လာခဲ့၏။ သူ့ခြေလှမ်းများက နှေးကွေး နေသော်လည်း ခြေတစ်လှမ်းတိုင်းက ဆုံးဖြတ်ချက် ချထားသော ခံစားချက်များ ပါဝင်နေခဲ့လေ၏။
လီမူဝမ်၏ အိမ်ရှေ့သို့ ရောက်သောအခါ လီမူဝမ်၏ အသံလေးက ပျံ့လွင့်လာခဲ့သည်။
“နင့်ဆရာက တံခါးပိတ် လေ့ကျင့်တာ ပြီးတော့မယ်။ နင့်မှာ မေးစရာရှိရင် သူထွက်လာတဲ့ အခါမှ မေးပါ။ အခုကစပြီး ငါမခေါ်ရင် ဒီနေရာကို နောက်ထပ် မလာပါနဲ … ”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး ခပ်ဖြည်းဖြည်း ပြောလိုက်၏။
“ငါဆေးတစ်လုံး လိုချင်လို့ပါ။ အဲဒီဆေးက ငါ့ကျင့်ကြံမှု အဆင့်ကို နှစ်လအတွင်း စဦးစိတ်ဝိညာဉ် အဆင့် ရောက်နိုင်တဲ့ဆေး …”
ဝမ်လင်းက ညင်သာသည့်ဟန် ဖြစ်လာခဲ့၏။ ဤအရာက သူနဲ့ပတ်သက်၍ ရှားပါးလှသည့် မြင်ကွင်းပင်။ သို့သော် ထိုနူးညံ့ ညင်သာမှုက သူစကားပြော လိုက်သောအခါ တည်ငြိမ်သော အသံသို့ ပြောင်းသွားလေ၏။
“ဒီလိုဆေး ရှိလား …”
လီမူဝမ်က အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့မျက်လုံးများက ဝမ်လင်းကို စူးစိုက်ကြည့် နေပြီး အလွန် ပျော်ရွှင်မှုများက မျက်လုံးထဲ၌ ထင်ဟပ်နေ၏။ သူမစိတ်ထဲ၌ မပြတ်မသား မျှော်လင့်ချက်လေးက ရှိနေဆဲပင်။ သို့သော် သူ့မျက်လုံးများက ချက်ချင်း အေးစက်စက် ဖြစ်သွားပြီး အော်ဟောက်လိုက်၏။
“နင်က ဘယ်လို ကောင်မျိုးလဲ …”
လီမူဝမ်က သူမနဖူးရှိ သွေးစက်က တုန့်ပြန်မှု မရှိသည်ကို သတိရလိုက်၏။ ရှင်းလင်းစွာပင် သည်လူက သူမစိတ်ထဲက လူမဟုတ်နိုင်ပေ။ ထိုလူအပေါ် မုန်းတီးမှုက ထိုလူနှင့်အသံ ချွတ်စွပ်တူသော ဝမ်လင်းထံသို့ ရောက်သွားလေ၏။
ဝမ်လင်းက လီမူဝမ်ကို ကြည့်၍ သက်ပြင်း ချလိုက်၏။ သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားကို ယူ၍ အတန်ကြာ စိုက်ကြည့် နေမိသည်။ ထို့နောက် သူက ၎င်းကျောက်စိမ်းပြားကို လီမူဝမ်ထံ ပစ်ပေးလိုက်၏။
ထိုကျောက်စိမ်းပြား ပေါ်လာသည်နှင့် လီမူဝမ် ကိုယ်လုံးလေးက ပျော့ပျောင်း သွားလေ၏။ သူမက ကျောက်စိမ်းပြားကို ဖမ်းလိုက်ပြီးနောက် ပျော်ရွှင်မှု မျက်ရည်များက သူမပါးပေါ်သို့ တသွင်သွင် စီးကျလာခဲ့တော့သည်။
“စွန်ကျန်ဝေကို သတ်တာက လွယ်ပါတယ် …။ ဒါပေမဲ့ ငါ့ကျင့်ကြံမှု အဆင့်က တိမ်ကောင်းကင် ကလန်ထဲမှာ ရှိတဲ့ ဘယ့်သူမှ ဘာမှ မပြောရဲအောင် ဖြစ်ဖို့အတွက် အတော်လေး လိုသေးတယ်။ ငါစဦးစိတ်ဝိညာဉ် အဆင့်ရောက်ရင် နင့်ကို ချူနိုင်ငံ တစ်ခုလုံး ဘယ်နေရာရာ ဖြစ်ဖြစ် ခေါ်သွားနိုင်တယ်။ ဘယ်သူမှ ငါ့လမ်းမှာ လာတားရဲမှာ မဟုတ်ဘူး …”
ဝမ်လင်းအသံက ဖျော့တော့၏။ သို့သော် သူ့စကားလုံးတိုင်းက မောက်မာမှု အပြည့်ပင်။
***
Good ☺️