Switch Mode

အပိုင်း(၂၄၆)

ပြတ်သားမှု

တိမ်ကောင်းကင် ကလန်ထဲ၌ စဦးစိတ်ဝိညာဉ် အဆင့် အများစုသည် အပြင်ဘက် ကလန်တွင်သာ ရှိသည်။ အတွင်းဘက် ကလန်ထဲ၌မူ ထိုအဆင့်က လူအနည်းငယ်သာ ရှိသည်။ သို့ရာတွင် စဦးကျင့်ကြံသူ အဆင့်များစွာက ဆေးပညာကိုသာ အာရုံစိုက်ကြ၍ တိုက်ခိုက်ခဲကြသည်။

အခုချိန် တောင်ဘက် ခြံဝင်းထဲ၌ ရှိသော စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်က သူ့စဦး စိတ်ဝိညာဉ်ကို မီးအဖြစ် အသုံးပြု၍ သူ့ကျင့်ကြံမှု အဆင့်ကို တိုးတက်စေသော ဆေးလုံးများ ပြုလုပ်နေ၏။

တောင်ဘက်ခြံသို့ သွားရာလမ်း တစ်လျှောက်၌ ဝမ်လင်းက သူ့လမ်းကြောင်း သဲလွန်စများကို ဖျောက်ကွယ်၍ တစ္ဆေတစ်ကောင် အလား သွားလာခဲ့ခြင်း ဖြစ်၏။ သူက တောင်ဘက်ခြံ အပြင်ဘက်သို့ ရောက်လာသည်နှင့် မြူများကြားထဲသို့ လမ်းလျှောက် ဝင်လာခဲ့သည်။

ချန်စီယန်က ဝမ်လင်းကို သူနေခဲ့သော နေရာအား ပြောပြခဲ့ဖူးသည်။ မြူများက အခုလက်ရှိ ဝမ်လင်းအား မည်သို့မျှ မသက်ရောက်နိုင်ပေ။ သူက နတ်ဘုရား အာရုံဖြင့် တောင်ဘက်ခြံ တစ်ခုလုံးကို ရှင်းလင်းစွာ တွေ့မြင်နေရသည်။

ခြံဝင်း အလယ်သို့ နီးကပ် လာသည်နှင့် ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင်များ မတည်မငြိမ် ဖြစ်နေသည်ကို သတိပြုမိ လိုက်သည်။ သူက အခုနေရာ၌ အစောပိုင်း စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက် ရှိနေသည်ကို သိလိုက်သည်။

ဝမ်လင်း၏ နတ်ဘုရား အာရုံကြောင့် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူက သူ့ကို သတိပြုမိ သွားလေသည်။ သူက ချက်ချင်း ထလိုက်၏။ သို့သော် ရုတ်တရက် ပြန်ရပ်လိုက်ပြီး ဆေးမီးဖိုကို ကြည့်လိုက်၏။ သည့်နောက် သူက တုံ့ဆိုင်း သွားလေသည်။

ဝမ်လင်းကလည်း စဦးစိတ်ဝိညာဉ် အဆင့် အစောပိုင်း တစ်ယောက်ကို သတိပြုမိ လိုက်သည်နှင့် သူက လက်ဝှေ့ယမ်း၍ သေးငယ်သော အလံတစ်ခုအား ထုတ်ဖော်လိုက်သည်။ အလံက ချက်ချင်း ကြီးမားသွားပြီး စဦးစိတ်ဝိညာဉ် ကျင့်ကြံသူကို ပိတ်လှောင်၏။

ဝမ်လင်းက အေးစက်စက် ပြုံးလိုက်သည်။ သည်ကျင့်ကြံသူကသာ စဦးစိတ်ဝိညာဉ် အလယ်အဆင့် ဖြစ်နေပါက သူက ချန်စီယန်ကို မကူညီနိုင်တော့ဘဲ ပြန်ထွက်ခွာသွားမည် ဖြစ်၏။

သို့သော် အခုလူက စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်သာ ရှိသေးသဖြင့် ဝမ်လင်းက ကြောက်လန့်ခြင်း မရှိတော့ချေ။ အတားအဆီး အလံက သူမ ထိန်းချုပ်လျှင် အားနည်း သွားသော်လည်း အခုလို စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် တစ်ယောက်ကိုတော့ ဆယ့်ငါးမိနစ်ခန့် ပိတ်လှောင် ထားနိုင်သေး၏။

သည်ဆယ့်ငါးမိနစ်က ဝမ်လင်းအတွက် သူလုပ်ချင်သည့် အရာများလုပ်ရန် လုံလောက်၏။

ဝမ်လင်းက စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်နှင့် အချိန်မဖြုန်းတော့ဘဲ မြူများကြား ဆက်လျှောက် လာလိုက်သည်။

ဝမ်လင်းက ချန်စီယန်၏ အခန်းသို့ ရောက်လာသည်။ သူက နတ်ဘုရား အာရုံဖြင့် သည်အခန်းကို စစ်ကြည့်လိုက်၏။ ချန်စီယန်က အထဲမှာ ရှိနေသည်။ သို့သော် သူ့အခြေအနေက အလွန် စိုးရိမ်ရသည်ကို တွေ့လိုက်ရသည်။

ချန်စီယန်က အိပ်ယာထဲ၌ လဲလျောင်းကာ မျက်နှာကြက်ကို ကြည့်လျက် ရှိနေသည်။ သူ့မျက်လုံးအစုံမှ မျက်ရည်များ ကျနေပြီး ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်မှာလည်း ကပြောင်းကပြန် ဖြစ်နေသည်။

ချန်စီယန်၏ဘေး၌ သက်လတ်ပိုင်း ခပ်ဝဝ လူကြီးတစ်ယောက်က မတ်တတ်ရပ်လျက် ရှိ၏။ ထိုလူကြီးက သက်ပြင်းချ၍ ချန်စီယန်၏ ပါးစပ်ထဲသို့ ဆေးနှစ်လုံး ထည့်ပေးလိုက်၏။ သည့်နောက် သူက ချန်စီယန်ကို ဆူလိုက်၏။

“ခွေးကောင်လေး … ငါမင်းကို ပြောခဲ့ပါတယ် … ဒီကောင်မလေးတွေက ပြဿနာပေးတာက လွဲလို့ ဘာမျှ မလုပ်တတ်ဘူး …။ အထူးသဖြင့် တုန်မိန်းကလေးပဲ …။ သူက ဉာဏ်နီဉာဏ်နက် များပြီး ရိုးသားမှုလည်း ရှိတာမဟုတ်ဘူး … ။ သူက မင်းကိုင်တွယ်နိုင်တဲ့လူ မဟုတ်ဘူး။ အခုက စပြီး မိန်းကလေးတွေကို စိတ်မဝင်စားဘဲ ငါ့နောက် လိုက်ပြီးတော့သာ ဆေးပညာသင်တော့။ ဒါမင်းအတွက် ပိုကောင်းတဲ့ လမ်းကြောင်းပဲ …”

ချန်စီယန်ကတော့ စကားတစ်ခွန်းတောင် နားထောင်ခြင်း မရှိချေ။ ဆေးလုံးများ သောက်ပြီးသည်နှင့် ချန်စီယန် ကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက တဖြည်းဖြည်း တည်ငြိမ်လာသည်။

ချန်စီယန်၏ဆရာက သက်ပြင်းချကာ ထပ်ပြောလိုက်ပြန်သည်။

“မင်းစိတ် မငြိမ်သေးတာ ငါသိပါတယ်။ ငါသာ ငါ့ဂုဏ်သိက္ခာကို မရင်းခဲ့ဘူးဆိုရင် မင်း ဘဝက ဆုံးနေလောက်ပြီ။ အနောက်ဘက်ခြံက မင်းလွတ်လွတ်လပ်လပ် သွားလို့မရဘူး …။ မင်းဆရာက မင်းကို ဒီမှာ ပိတ်လှောင်ထားတဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့။ သူတို့က ငါ့ကို ပြောလိုက်တယ်။ မင်းထပ်ပြီး နှောင့်ယှက်မယ် ဆိုရင် မင်းကျင့်ကြံမှု အဆင့်ကို ဖျက်ဆီးပစ်မယ်တဲ့ …” သက်လတ်ပိုင်း လူကြီးက ခေါင်းယမ်းကာ အခန်းထဲမှ ထွက်သွားတော့၏။

ဝမ်လင်းက ခြံထဲမှာ မတ်တတ်ရပ်လျက် ရှိသည်။ သည့်နောက်သူက ချန်စီယန် အခန်းထဲသို့ မည်သူမျှ သတိပြုမိခြင်း မရှိဘဲ လမ်းလျှောက် ဝင်လာခဲ့ လိုက်သည်။

ချန်စီယန်က နိုးလာပြီး ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“သူတို့က ငါ့ကို သတ်ဖို့ မင်းကို လွှတ်လိုက်တာ မလား …။ လာသတ်လိုက် …။ ငါက ကြောက်မနေတက်ဘူး …”

ဝမ်လင်းက မျက်နှာဖုံး တပ်ထားသည့် အပြင် သူ့ကျင့်ကြံမှု အဆင့်ကလည်း ချန်စီယန်နှင့် တွေ့ခဲ့သည့် အချိန်တုန်းကနှင့် လုံးဝ မတူပေ။ ထို့ကြောင့် ချန်စီယန်က သူ့ကို မှတ်မိရန် မဖြစ်နိုင်ပေ။

ဝမ်လင်းက ချန်စီယန်ကို ကြည့်၍ အတားအဆီး တစ်ခု ပြုလုပ်၍ အခန်းကို ကာထားလိုက်သည်။

ချန်စီယန် မျက်လုံး သူငယ်အိမ်များက ကျုံ့သွား၏။ သူက မဲ့၍ ပြောလိုက်၏။

“သူတို့က အပြင်ဘက် ကလန်က အကြီးအကဲ တစ်ယောက်ကိုတောင် ဒီဂျူနီယာအတွက် ရထားတာပဲ … လာပါ … သတ်လိုက်ပါ … မျက်တောင်တစ်ချက် ခတ်ရင်တောင် ငါ့နာမည်က ချန်စီယန် မဟုတ်တော့ဘူး …”

ဝမ်လင်းက အေးစက်စွာ ထပ်ပြောလိုက်သည်။

“ငါက တစ်စုံတစ်ယောက်ကြောင့် ဒီကို လာခဲ့ရတာပဲ … ဒါပေမဲ့ မင်းကို ကူညီဖို့။ သတ်ဖို့မဟုတ်ဘူး။ မင်းဘာတွေ ဖြစ်ခဲ့လဲ ငါ့ကို တိတိကျကျ ပြောပါ …”

ချန်စိယန်က မှင်တက်သွား၏။ သူက ဝမ်လင်းကို ကြည့်၍ ချီတုံချတုံ ပြောလိုက်သည်။

“ဘယ်သူက စီနီယာကို လာခိုင်းရတာလဲ …”

ဝမ်လင်းက မျက်မှောင်ကြုတ် သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ငါမင်းကို သုံးခွန်းပြောမယ်။ ဒါကပထမ မေးခွန်း။ နောက်နှစ်ခွန်းမှာ မင်းကောင်းကောင်း မဖြေရင် ငါထွက်သွားတော့မယ် …”

ချန်စီယန်က အံကြိတ်၍ ပြန်ပြောလိုက်သည်။

“ဒါတွေ အကုန်လုံးက အနောက်ဘက်ခြံက ဂွန်စွန်တုန် ကြောင့်ပဲ …။ သူက ငါ့နား လာကပ်တာက ငါ့လူဝံ နှစ်ကောင်ကြောင့်ပဲ …။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။

“ဒီတော့ ဂွန်စွန်တုန်က မင်းနားကပ်လာတာ လူဝံနှစ်ကောင် အတွက်ပေါ့ …။ မင်းက သူ့ကို ကျေနပ်စေချင်တော့ ဒီလူဝံနှစ်ကောင်ကို ပေးလိုက်တယ် … ဟုတ်တယ်မလား …”

ချန်စီယန်က နောင်တရဟန်ဖြင့် ပြောလိုက်၏။

“ဒါ … ဒါပေမဲ့ … ငါ … ငါကလူဝံနှစ်ကောက်ကို စီးနင်းဖို့အတွက်ပဲ ထင်တာပေါ့ … သူတို့ အမြုတေ အတွက်မှန်း မထင်မိခဲ့ဘူး …။ လူဝံအကြီးကောင်က သူ့အမြုတေ ထုတ်ခံရပြီး ပျောက်သွားခဲပြီ။ ငါထင်တာကတော့ သူသေသွားလောက်ပြီ။ အငယ်ကောင်ကတော့ ကျန်သေးတယ်။ ဒါပေမဲ့ ငါပြန်ခေါ်လို့ မရတော့ဘူး။ ဒီကောင်က ငါ့ကို ဒဏ်ရာအများကြီး ရစေခဲ့တဲ့ အပြင်တပည့် လုစုံစီမှာ …” ဝမ်လင်းက မျက်မှောင်ကြုတ် သွားမိသည်။ သူက အခုလောက် ရှုပ်ထွေးခဲ့မည် မထင်ခဲ့ချေ။ သို့သော် ချန်စီယန်က သူ့ကို အခြေခံ တည်ဆောက်ခြင်း ဆေးလုံးပေးခဲ့၏။ သူက သူ့ကို ကူညီရပေမည်။

ဝမ်လင်းက ချန်စီယန်ကို ကြည့်၍ မေးလိုက်သည်။

“မင်း ဘယ်လို လက်စား ပြန်ချေချင်လဲ …”

ချန်စီယန်က မျက်လုံးများက နီရဲသွား၏။ သူက အံကြိတ်ကာ ပြောလိုက်သည်။ လူဝံ အငယ်ကောင်က အသက်ရှင် နေသေးတယ် …။ တကယ်လို့ သူသာ သေခဲ့မယ်ဆိုရင် ငါက သူတို့ အကုန်လုံးကိုလည်း သေစေချင်တယ် …”

ဝမ်လင်းက ခေါင်းညိတ်ပြ လိုက်သည်။

“မင်းဆန္ဒ အတိုင်းပဲ …”

ထိုသို့ ပြောပြီးနောက် သူက သဲလွန်စမရှိ ပြန်ပျောက်ကွယ် သွားတော့၏။

ဝမ်လင်းက ချန်စီယန်အခန်းမှ ထွက်လာပြီးနောက် သူက အနောက်ဘက်ခြံသို့ လျင်မြန်စွာ ဉီးတည် သွားတော့သည်။ သူက တောင်ဘက်ခြံထဲမှ ထွက်လာပြီး အကွာအဝေး တစ်ခုကို လှမ်းကြည့်မိ လိုက်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး ပြန်ပျောက်ကွယ် သွားပြန်သည်။

သူပျောက်ကွယ် သွားပြီးပြီးချင်း လီမူဝမ်က အလင်းတစ်ခု အလား ထိုနေရာသို့ ရောက်လာ၏။ သူ့နောက်၌ သက်လတ်ပိုင်း လူကြီး တစ်ယောက်လည်း ပါလာခဲ့သည်။

သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ဂျူနီယာ ညီမ … မင်းဘာကို ရှာနေတာလဲ …”

လီမူဝမ်က ရပ်တန့်လိုက်သည်။ သူ့နဖူးထဲရှိ သွေးစက်ပိုင်ရှင်က သည်နေရာတွင် ရှိနေကြောင်း သူမက ရှင်းလင်းစွာ ခံစားမိသည်။ ငါဘာလို့သူ့ကို မတွေ့ရတာလဲ။ လီမူဝမ်က ထိုလူမှာ သူမကို မတွေ့ချင်မှန်းကို ရိပ်မိလိုက်သည်။

လီမူဝမ်က အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူမမျက်နှာပေါ်၌ ပူဆွေးမှုတို့က အပြည့်။

“နင် ဒီနေရာမှာ ရှိတာ ငါသိပါတယ် …။ ဘာလို့ငါ့ကို နောက်တစ်ခေါက် မတွေ့ချင်ရတာလဲ …”

သက်လတ်ပိုင်း လူကြီး၏ အမူအရာက ပြောင်းသွား၏။ သူက နတ်ဘုရား အာရုံဖြင့် စစ်ကြည့်သော်လည်း မည်သူ့မျှ မတွေ့ပေ။ သူက မျက်မှောင်ကြုတ်၍ လီမူဝမ်ကို မေးလိုက်၏။

“ဂျူနီယာညီမ … ဘယ်သူလဲ … ဒီမှာ ဘယ်သူမှလည်း မရှိပါဘူး …”

လီမူဝမ်က သူ့အား တစ်ချက်တောင် အဖက်မလုပ်ပေ။ သူက ဆက်ပြော လိုက်ပြန်သည်။ ဝမ်အာ ဘာပြောရမှန်း မသိပေမဲ့ တစ်ခါလောက်တော့ တွေ့ချင်သေးတယ်။ နှစ်ပေါင်းနှစ်ရာ အတွင်း ဝမ်အာက ဒီစိတ်ဝိညာဉ် အရည်အပေါ်မှီတည် ခဲ့ရတယ် … တကယ်လို့ နင်မထွက်လာခဲ့ဘူး ဆိုရင် ငါကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ် …” သူမအသံက တိုး၏။ သို့သော် ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြည့်နေ၏။

သက်လတ်ပိုင်း လူကြီးက ပတ်ဝတ်ကျင်းကို သေချာထပ်မံ ရှာဖွေပြန်သည်။

ထိုအချိန်၌ မည်သည့် နေရာကမှန်း မသိသော အရိပ်တစ်ခု ပေါ်လာခဲ့တော့သည်။ ထိုအရိပ်က ဝမ်လင်းပင်။ ဝမ်လင်း ထွက်ပေါ်လာသည်နှင့် သက်လတ်ပိုင်း လူကြီး၏ မျက်နှာက ရုပ်ဆိုးသွားသည်။ သို့သော် သူက အလျင်စလို မပြုမူရဲပေ။ သူက သိုလှောင်အိတ်ထံသို့ လက်လှမ်းလိုက်၏။

လီမူဝမ်က ဝမ်လင်းကို ကြည့်၏။ ဝမ်လင်းက မျက်နှာဖုံး တပ်ထားသော်လည်း သည်လူက အတိတ်တုန်းက သူနှင့်သိခဲ့သော သူမှန်း သူမက ရှင်းလင်းစွာ သိပေသည်။

“နင် … လာတယ် …” လီမူဝမ်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ ဝမ်လင်းက မေးလိုက်သည်။

“နင်ဘာလို့ အခုလို လုပ်ရတာလဲ …” ထိုသို့ပြောပြီးနောက်သူက သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်သည်။

“မင်းလက် သိုလှောင်အိတ်ကို ထိမယ်ဆိုရင် ချက်ချင်း သေရမယ် … ”

သက်လတ်ပိုင်း လူကြီး၏လက်က တန့်သွားသည်။ ဝမ်လင်းထံမှ ပေးသော ခံစားမှုက သူ့အတွက် ထူးဆန်းနေသည်။ သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်မှန်း သိသာ နေသော်လည်း သူ့ထံမှ ထွက်ပေါ်လာနေသော ဖိအားက စဦးစိတ်ဝိညာဉ် တစ်ယောက်၏ ဖိအားမျိုး ဖြစ်သည်။

လီမူဝမ်က ဝမ်လင်းကို ကြည့်သည်။ သူက စကားလုံးပေါင်းများစွာ ပြောချင်နေခဲ့သည်။ သို့သော် အခုချိန်၌ စကား တစ်လုံးတောင် မထွက်လာတော့ချေ။ သူက အနည်းငယ် စဉ်းစားပြီး မေးလိုက်၏။

“နင့်မှာ ငါပေးခဲ့တဲ့ ကျောက်စိမ်းပြား ရှိသေးလား …”

ဝမ်လင်းက သူမကို အချိန်အတော်ကာ စိုက်ကြည့်လိုက်သည်။ သူက တိတ်ဆိတ်မိ နေသည်။ ထို့နောက် ဝမ်လင်းက ဖြေလိုက်လေသည်။

“ငါလွှင့်ပစ် လိုက်ပြီ …”

လီမူဝမ် ကိုယ်လုံးလေးက တုန်ခါသွားသည်။ သူမျက်လုံးထဲ၌ ဝမ်းနည်းမှုများ ပြည့်သွား၏။ သူမက သူ့ကိုယ်သူမနည်း တည်ငြိမ်အောင် လုပ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“နင်ဒါကို လွှင့်ပစ်လိုက်တယ် … အို … ကောင်းပြီ …။ ဒါက ဘယ်လောက်မှ ‌စျေးမကြီးပါဘူး။ သူမက ထိုသို့ပြော လိုက်သော်လည်း ရင်ဘတ်ထဲ၌ မချိအောင် နာကျင် နေရသည်။ သူမနှလုံးသား တစ်ခုလုံး တိုက်စားသွားသလိုပင် ခံစားရသည်။

သည်နဂါး ကျောက်စိမ်းပြားလေးက သူမ အသက်ဓာတ်ကို ထည့်၍ အောင်မြင်အောင် ကြိုးစားထားသော အရာလေး ဖြစ်သည်။ သူမက ထိုသို့ မလုပ်ခဲ့လျှင် အခုချိန်၌ အနည်းဆုံး အမြုတေ ဖွဲ့တည်ခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

“သူမက အခုလို အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်မှာ ဘာလို့များ ရပ်တန့်နိုင်ခဲ့ ရတာလဲ …”

ဝမ်လင်းက သူမ ထိုသို့ အားစိုက်ပြုလုပ်၍ ပေးခဲ့သော ကျောက်စိမ်းပြားလေးကို ဝမ်လင်းက လွှင့်ပစ်လိုက်ပြီလို့ ပြောသည်ကို ကြားလိုက်ရသည်။ ထိုအခါ သူမနှလုံးသားထဲ၌ နာကျင်မှုတို့သာ ပြည့်နေ၏။ သူမက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလို့ မရနိုင်ဘဲ တုန်ခါလို့နေ၏။ သူမမျက်နှာလေးမှာ ဖျော့တော့ လာခဲ့သည်။

ဝမ်လင်းက ခေါင်းလှည့်လိုက်၏။ သူက လီမူဝမ်ကို ကြာကြာ မကြည့်နိုင်ပေ။ သူက အနည်းငယ် စဉ်းစားပြီး ပြောလိုက်၏။

“ငါသွားတော့မယ် …” ဝမ်လင်းက ဖြည်းညင်းစွာ ထွက်ခွာ၏။

လီမူဝမ်၏ နှလုံးသားမှာ တစစ်စစ် ကိုက်ခဲနေ၏။ သူမက ဝမ်လင်း နောက်ကျောကို ကြည့်၍ ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက တိတ်ဆိတ်စွာ ငိုကြွေးမှု မည်ပေသည်။

“တိမ်ကောင်းကင်ကလန်က ဘိုးဘေတွေက ဒီလူနဲ့ တာအို လက်တွဲဖော် ဖြစ်စေချင်ကြတယ် …။ အစတုန်းက ငါငြင်းခဲ့တယ်။ အခုတော့ ငါသူ့ကို ငြင်းမယ့် အကြောင်းပြချက် မရှိတော့ဘူး။ နင်က နောက် သုံးလအတွင်း ကျောက်နိုင်ငံမှာ ရှိနေဦးမယ် ဆိုရင် ကျေးဇူးပြုပြီး ငါတို့ လက်ထပ်ပွဲကို လာပေးပါလား …”

ဝမ်လင်း ခြေထောက်များက တုန်ရီသွားသည်။ သူ့နှလုံးသား ထဲ၌လည်း အလွန် စိတ်ရှုပ်ထွေးလာ၏။ သူက စတွေးမိတော့သည်။

လီမူဝမ်၏ မျက်လုံးများက သူ့တုံပြန့်မှုကို စောင့်မျှော်နေဟန် ရှိသည်။

သက်လတ်ပိုင်း လူကြီးက လီမူဝမ်က ဘာကြောင့် တာအိုလက်တွဲဖော် မရှာရသည်ကို နားလည်သွား၏။ ထိုလူကြောင့်ပင် ဖြစ်သည်။ သူမျက်နှာက တည်ငြိမ် နေသော်လည်း စိတ်ထဲ၌ သတ်ဖြတ်ချင်စိတ်များ ဖြစ်နေ၏။

ဝမ်လင်းက အချိန်အကြာကြီး စဉ်းစားလိုက်သည်။ သူက နောက်သို့လှည့်၍ လီမူဝမ်ကို ပြောလိုက်လေသည်။

“ဂုဏ်ယူပါတယ်” ထိုသို့ ပြောပြီးနောက် သူက ဖြည်းနှေးစွာ ထွက်ခွာ သွားတော့လေသည်။

လီမူဝမ် ကိုယ်လုံးလေးက တသိမ့်သိမ့် တုန်ရီနေ၏။ မျက်ရည်များက သူမ မျက်ဝန်းထဲမှ လိမ့်ကျ စီးဆင်း လာတော့သည်။ သူမက သူ့ကိုယ်သူ တိုးတိုးပြော လိုက်သည်။

“ငါနင့်ကို မုန်းတယ် … မုန်းတယ် …”

သက်လတ်ပိုင်း လူကြီး အသက်ရှူထုတ်မိ လိုက်သည်။ သူက ညင်သာစွာ ပြောလိုက်၏။

“ဂျူနီယာ ညီမ … သူက ထွက်သွားပြီလေ …”

လီမူဝမ်က သူမ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။ သူမက သက်လတ်ပိုင်း လူကြီးကို လျစ်လျူရှု၍ သူ့နေရာသို့ ပြန်လာခဲ့တော့သည်။

သက်လတ်ပိုင်း လူကြီး၏ မျက်နှာက နူးညံ့နေတုန်းပင်။ သို့သော် စိတ်ထဲမှာတော့ အေးစက်စွာ ပြောလိုက်သည်။

“မင်းရဲ့ နှစ်ပေါင်းနှစ်ရာ သက်တမ်းရှိတဲ့ ယွမ်ယင်ကြောင့်သာ မဟုတ်ရင် ငါက မင်းနဲ့တာအို လက်တွဲဖော် လုပ်ဖို့ ဘိုးဘေးကို သွားပြောမှာ မဟုတ်ဘူး …။ မင်းရဲ့ ယွမ်ယင်နဲ့ ငါစုဆောင်းထားတဲ့ ဆေးတွေ ပေါင်းစပ်လိုက်ရင် စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်။ နင်က ငါ့ကို စောစောစီးစီးထဲက လက်ခံခဲ့ရင် ငါက နင့်ကို ကောင်းကောင်း ဆက်ဆံမလို့ပဲ။ အခုတော့ ငါစဦးစိတ်ဝိညာဉ် အဆင့်ရောက်တာနဲ့ နင့်ရဲ့ လျစ်လျူရှုမှုတွေ အတွက် ပြန်ပေးဆပ် ရလိမ့်မယ် …”

ဝမ်လင်းက တောင်ဘက်ခြံမှ ထွက်လာခဲ့သည်။ သူက ကြမ်းကြုတ်ရက်စက်သော် လူတစ်ယောက် ဖြစ်သော်လည်း လီမူဝမ်နှင့် ပတ်သက်၍ နောင်တရမှုကို ခံစားနေရသည်။ သူက လီမူဝမ်ကို လက်ခံ နိုင်ပေသည်။ သို့သော် သူ့ဆက်လျှောက်ရမည့် လမ်းအတွက် အမျိုးသမီးတစ်ယောက် သူ့နောက်၌ကပ်ပါ လာခြင်းက သင့်တော်မည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset