ဝမ်လင်း၏မူရင်းကိုယ်က အတားအဆီးကြားထဲမှ တဖြည်းဖြည်း ထွက်ပေါ် လာပြီးနောက် အခန်းက ပို၍ အေးခဲသွားသည်။ အခန်းက ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော်လည်း နံရံအပေါ်၌ နှင်းအလွှာများ ဖြစ်လာခဲ့၏။
သူ့မူရင်းကိုယ် ထွက်ပေါ်လာသည်နှင့် ကိုယ်ပွားက လာရောက် ပေါင်းစပ်၍ တစ်ယောက်တည်း ပြန်ဖြစ်သွားသည်။
ဝမ်လင်း၏ မျက်လုံးများထဲမှ အေးစက်စက် အလင်းများ ဖြတ်ပြေးသွားပြီး အသတ်အဖြတ် စိတ်ဆန္ဒများလည်း ထွက်ပေါ်လာခဲ့၏။
ဝမ်လင်းက အနည်းငယ် စဉ်းစား၍ မျက်နှာဖုံးတစ်ခု တပ်လိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ သူ၏အခု ကျင့်ကြံမှု အဆင့်မှာ အနည်းငယ် တိုးတက် လာခဲ့သည်။ သူက အစောကတည်းက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ပုံမှန်ဆိုလျှင် သူက အခုလို အဆင့်အနည်းငယ်လေး တိုးတက်ရန်ပင် မဖြစ်နိုင်ပေ။ သို့သော် သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခဲ့တုန်းက သူ့အမြုတေထဲ၌ ခရမ်းရောင် စွမ်းအင်အမျှင်တန်း တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်နိုင်ခဲ့လျှင် ခရမ်းရောင်စွမ်းအင် ပေါ်လာမည်ကို သိ၏။ သည်ခရမ်းရောင် စွမ်းအင်က စဦးစိတ်ဝိညာဉ် စွမ်းအင်ဖြစ်ပြီး စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်ရှိရန် အတွက်လည်း သော့ချက်ဖြစ်သည်။
အမြုတေ တစ်ခုလုံးက ခရမ်းရောင် စွမ်းအင်များနှင့် ဖုံးလွှမ်ခြင်း ခံရပါက မကြာခင် စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်လာမည့် အဓိပ္ပာယ် ဖြစ်၏။
အတိတ်တုန်းက ဝမ်လင်းက မည်မျှ ကြိုးစားသည်ဖြစ်စေ သည်ခရမ်းရောင် စွမ်းအင်က ပေါ်ထွက်လာခဲ့ခြင်း မရှိခဲ့ပေ။ သူက စဦးစိတ်ဝိညာဉ် တစ်ခုကို ဝါးမျိုပြီး နောက်မှာ ထွက်ပေါ်လာသော စွမ်းအင်များကလည်း သူ့ဂျိနယ်ပယ်ကြောင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ သို့သော် အခုပေါ်လာခဲ့သော ခရမ်းရောင် စွမ်းအင် အမျှင်တန်းကိုတော့ ဂျိနယ်ပယ်က တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ ထို့အတွက် ဝမ်လင်းက သူ့အစီအစဉ် အတိုင်း ကိုယ်ပွားက စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်သွားသည်နှင့် မူရင်းကိုယ်ဖြင့် ပေါင်းစပ်ပြီးလျှင် သူ့မူရင်းကိုယ်က စဦးစိတ်ဝိညာဉ် အဆင့်သို့ ချိုးဖျက်နိုင်လိမ့်မည် ဖြစ်၏။ ထိုအခါသူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက်၌ ပြိုင်ဘက်မရှိ ဖြစ်လာလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူက များစွာသော နည်းစနစ်များ၊ ရတနာများနှင့် ရှေးဟောင်း နတ်ဘုရား အမွေအနှစ်တို့ကို အသုံးပြုနိုင်သည်။ သူက အခုချိန်၌ စဦးစိတ်ဝိညာဉ် အဆင့် တစ်ယောက်ကို တိုက်ခိုက်ရန် ကြောက်ရွံ့နေမည် မဟုတ်ချေ။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်သည်။ သည့်နောက်သူက လူဝံအနားသို့ တစ္ဆေတစ်ကောင် အလား ရောက်ရှိသွား၏။ ဝမ်လင်းက လူဝံကို အာရုံစိုက်၍ ကြည့်လိုက်သည်။ သူက တွေးလိုက်သည်။
“အံ့ဩစရာတော့ မရှိဘူးပဲ …။ ဒီကောင်က အဆင့်မြင့် စိတ်ဝိညာဉ် သားရဲပဲ …။ ငါ့ကိုယ်ပွား ကျင့်ကြံမှု အဆင့်နဲ့ သူ့စိတ်ဝိညာဉ်က ဒီမှာရှိနေခဲ့တာ မမြင်နိုင်ခဲ့ဘူး …”
ဝမ်လင်းက သူ့ညာလက်ဖြင့် လူဝံခေါင်းကို ဖိလိုက်သည်။
“ငါက မင်းကို အစကတည်းက တွေ့ခဲ့ဖူးတော့ အခုတစ်ကြိမ် ကယ်လိုက်မယ် …။ ဒီနေ့က စပြီး မင်က ငါ့ရဲ့ တတိယမြောက် မကောင်းဆိုးဝါးပဲ …”
ဝမ်လင်းလက်ထဲမှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အလင်းက လူဝံ၏ခေါင်းထဲသို့ ဝင်ရောက်သည်။ အနက်ရောင် အလင်းက လူဝံကိုယ်ကို ဖြတ်၍ သူ့ခေါင်းထဲမှ တစ်ဖန် ပြန်ထွက်လာ၏။ လူဝံ၏ ဝိညာဉ်မှာ အနက်ရောင် အလင်းထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။
လူဝံ၏ဝိညာဉ် ပေါ်လာသည်နှင့် သူ့အောက်ရာက လူများကို တုန်ရီစေနိုင်သည်။ ဥယျာဉ်ထဲရှိ ဆေးနံ့များလည်း ပျောက်ကွယ် သွားရသည်။ ဆေးပင်များလည်း တစ်ပင်ပြီးတစ်ပင် ညှိုးကျကုန်၏။
ဝမ်လင်းက မျက်လုံးပင့်မိ သွားသည်။ သူ့ဝိညာဉ်ထဲမှာ နဂိုရန်လိုစိတ်တွေ ရှိနေပုံပဲ … ကောင်းတယ် …။ ကြည့်ရတာ ဒီကောင် မသေခင်က ကိုယ်ကောစိတ်ပါ အတော်လေး ခံစားခဲ့ရပုံပဲ …” ဝမ်လင်းက သူ့အနားတွင်ရှိသော် အော်ရာနှင့် ရင်းနှီးသည်ဟု ခံစားရသည်။ သူက အခုလိုအော်ရာ ခံစားရသည်မှာ ပထမဆုံး အကြိမ်မဟုတ်ပေ။ သူက လွန်ခဲ့သော နှစ်ပေါင်း လေးရာလောက်က ကျောက်နိုင်ငံမှာ ကတည်းက အခုလို အော်ရာကို ခံစားခဲ့ဖူးသည်။ ထိုအော်ရာ၏ ပိုင်ရှင်ကတော့ သူကိုယ်တိုင်ပင် ဖြစ်ခဲ့၏။
အခုသူက လူဝံ၏ ဝိညာဉ်ထဲ၌ သူနှင့်တူညီသော အော်ရာကို ခံစားမိသည်။ ထို့နောက် သူက ဝိညာဉ်ကို ဖမ်း၍ သူ့စိတ်ဝိညာဉ် အလံထဲသို့ ထည့်ထားလိုက်သည်။
သူက အလံအပေါ်မှာ အတားအဆီး အချို့ ထားပြီးနောက် သူက သည်အတိုင်း ထားလိုက်သည်။ သူက အလံထဲ၌ အခြား စွမ်းအားကောင်းသော ဝိညာဉ်များ ထည့်ထားပြီး မကောင်းဆိုးဝါး အသစ် ဖန်တီးရာ၌ အသုံးပြုရန် စုစည်းထားခြင်းလည်း ဖြစ်သည်.
စိတ်ဝိညာဉ် လူဝံက အလံထဲရှိ အခြား ဝိညာဉ်များကို ဝါးမျိုပြီး သူက တတိယမြောက် မကောင်းဆိုးဝါး ဖြစ်လာနိုင်၏။ ထိုသို့ မဝါးမျိုနိုင်ခဲ့လျှင် ကျန်ရစ်နေသော သူ့ဝိညာဉ်ကသာ ဝါးမျိုခြင်း ခံရလိမ့်မည် ဖြစ်၏။
ဝမ်လင်းက လူဝံသားရဲ၏ ဝိညာဉ်ကို စုဆောင်းပြီးနောက် ခြံဝင်းထဲမှ ထွက်ကာ တောင်ဘက်ခြံသို့ ဦးတည် သွားလိုက်သည်။
ဝမ်လင်း မူရင်းကိုယ်က ပေါ်ထွက် လာသည်နှင့် လီမူဝမ်၏နဖူးက ရှုံ့တွသွားမိသည်။ ထိုအချိန်၌ သူမက အလွန် အရေးကြီးသော ဆေးလုံးကို ဖော်စပ်နေခဲ့ခြင် ဖြစ်၏။ သူမက ဆေးလုံး သန့်စင်ခြင်းအပေါ် အာရုံမစိုက်နိုင် ဖြစ်သွားရပြီး ဆေးမီးဖိုကို လွှင့်ပစ်မိ လိုက်သည်။
သူ့စိတ်ထဲ၌ သည့််လူ့ကို အဆင့်လေး ဆေးလုံးများက မည်သို့မျှ နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။
ထိုခဏ၌ သူမနဖူးထဲရှိ သွေးတစ်စက်က ဂနာမငြိမ် ဖြစ်လာ၏။ ၎င်းက သူ့ပိုင်ရှင်ထံ ပြန်ချင်နေသည် ဆိုသော ခံစားချက်ကို သူမအား ပေးနေ၏။
အခုလိုမျိုး အဖြစ်က နှစ်ပေါင်း နှစ်ရာအတွင်း လုံးဝ မဖြစ်ခဲ့ပေ။ သို့သော် သူမ နှလုံးသားထဲ၌ တစ်စုံတစ်ခုကို ခံစားနားလည် လိုက်မိသည်။ သူမ နှစ်ပေါင်း နှစ်ရာလောက် စောင့်နေသောသူက အခုသူမနားမှာ ရောက်နေတာလား။
လီမူဝမ်က အသက်ဝဝ ရှူလိုက်ပြီး တံခါးဝဆီ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ သူမက ခြံထဲမှ ထွက်ခွာ လိုက်သည်နှင့် နူးညံ့သော အသံတစ်ခုကို လှမ်းမေးသံကို ကြားလိုက်ရ၏။
“ဂျူနီယာညီမ … နင်ဘယ်သွား မလို့လဲ …”
သူမမျက်လုံးများက ဖျတ်ခနဲ အေးစက်သွားသည်။ သူမက ရှေ့သို့ ဆက်သွားရန် ကြိုးစား လိုက်သော်လည်း သက်လတ်ပိုင်း လူကြီးက ရုတ်တရက် သူမ ရှေ့သို့ ရောက်လာခဲ့ကာ ပိတ်ဆို့လာ၏။
သူက လီမူဝမ်ကို ကြည့်၍ ပြောလိုက်သည်။
“ဂျူနီယာညီမ … မင်းဘယ်သွားမယ်လို့ ငါ့ကို ဘာလို့ မပြောတာလဲ …။ နင်အခုလို အလောတကြီး နိုင်တာ မြင်ရခဲတယ် …”
လီမူဝမ်၏ မျက်လုံးများက ပို၍ပို၍ အေးစက် လာခဲ့သည်။ သူက သတ်လတ်ပိုင်း လူကြီးကို စူးစိုက်ကြည့်၍ ပြန်ပြောလိုက်သည်။
“စွန်ကျန်ဝေ … ငါ့ကိုနင့်ရဲ့ အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်နဲ့ တားနိုင်မယ် ထင်လား …။ နင်အခုငါ့ကို လမ်းမဖယ်ပေးရင် ဂျူနီယာညီမရဲ့ ရိုင်းစိုင်းမှုကို အပြစ် မတင်ပါနဲ့ …”
သက်လတ်ပိုင်း လူကြီးက ညင်ညင်သာသာ ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။
“ဂျူနီယာညီမ … ဒါကတိမ်ကောင်းကင် ကလန်နော်။ ငါက ဘာလို့ ဂျူနီယာညီမကို မတားဆီး ရဲရမှာလဲ …”ဂျူနီယာညီမ … နင်ဘယ်သွားမှာလဲ။ ငါ့က နင့်နောက်က ပျော်ပျော်ကြီး လိုက်ပေးမှာပါ …”
ထိုခဏ၌ ဝမ်လင်းက တောင်ဘက် ခြံထဲသို့ ရောက်လာခဲ့၏။ သူက တောင်ဘက်ခြံကို ဝန်းရံထားသော အဖြူရောင် မြူများကို စိတ်ခံစားချက် ကင်းစွာ စူးစိုက်ကြည့် နေလိုက်သည်။
***