ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ မဝင်ခင် သူ့အခန်းကို လူမဝင်လာနိုင်ရန် အကာအကွယ်အချို့ ထားခဲ့၏။ သူတို့က အထဲသို့ ဝင်ရောက်နိုင်မည် ဆိုပါကလည်း ဝမ်လင်းအား တွေ့ရမည် မဟုတ်ချေ။
တကယ်တော့ ဒူမိုလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်ပင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၏ တည်ရှိမှုကို ရှာမတွေ့နိုင်ပေ။ တိမ်ကောင်းကင် ကလန်သည် စဦးစိတ်ဝိညာဉ် အဆင့်သာ ရှိသည့်အတွက် သည်တည်ရှိမှုကို မည်သို့မျှ ရှာတွေ့ရန် မဖြစ်နိုင်ပေ။
ဝမ်လင်းက ပုတီးစေ့ နေရာလွတ်ထဲတွင် ရှိနေသော သူ့မိဘနှစ်ပါးနှင့် စစ်ထူနန် တို့အား ဂါရဝ ပြုလိုက်သည်။ ထို့နောက်သူက အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ယူ၍ ဘေးနား၌ ချထားလိုက်သည်။ ဆေးတစ်လုံးကိုတော့ သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သွားသော ခဏ၌ ၎င်းဆေးလုံးက သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သည့်နောက် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။
သူ့ထိန်းချုပ်မှုအောက်၌ စိတ်ဝိညာဉ်စွမ်းအင်များက ခန္ဓကိုယ်ထဲသို့ မပျံ့နှံ့ဘဲ ဝမ်းဗိုက်နားတွင်သာ ဝဲ ပုံစံဖြစ်ပေါ်လို့နေ၏။
အခြေခံတည်ဆောက်ခြင်းဆေးလုံးထံမှ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းလေးတစ်ခု ဖြစ်ပေါ်လာပြီး ဝဲထဲသို့ ဝင်ရောက်ကာ အထက်သို့ ရုတ်တရက် တက်သွားလေသည်။
ဝမ်လင်းက အခုမှ စကျင့်ကြံသူ တစ်ယောက်မဟုတ်ဘဲ အတွေ့အကြုံ ရှိပြီးသူ ဖြစ်သည်။ သူက ထိုဝဲမှာ သူ့တစ်ကိုယ်လုံးကို လှည့်လည် သွားနိုင်မည် ဆိုပါက သူက အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ပြီ ဖြစ်သည်။ သူ၌ လုံလောက်သော အရည်အချင်း ရှိပါက ဝဲက ထို့သို့ လည်ပတ်ရန် ပြဿနာတစ်ခု ရှိလာလိမ့်မည် မဟုတ်ပါ။
သို့သော် သူ့အရည်အချင်းက မလုံလောက်ပါက ဝဲလည်ပတ်မည့် လမ်းကြောင်းက ပို၍ ခက်ခဲ သွားလိမ့်မည် ဖြစ်၏။
သူ့ကိုယ်ထဲရှိ ဝဲက စတင် လှည့်ပတ်ကာ မြန်၍မြန်၍ လာ၏။ ဝဲက သစ်ပင်ကြီး တစ်ခုအလား ဖြစ်နေပြီး သစ်မြစ်များက ဝမ်လင်း၏ကိုယ်ထဲသို့ မြန်ဆန်စွာ ပျံ့နှံ့သည်။
သို့သော် ဝမ်လင်း၏ကိုယ်ထဲ၌ အတားအဆီးများစွာ ရှိသည်။ ဝဲက လှိုင်းတစ်ခု အလား ဖြစ်လာပြီး ကမ်းခြေရှိ ကျောက်တုံးများကို ရိုက်ခတ် နေရသလို ဖြစ်လာသည်။ ပထမ၌ ဝဲက အတားအဆီးများကို ဖျက်ဆီး နိုင်သော်လည်း တဖြည်းဖြည်း နှေးလာခဲ့တော့သည်။ နောက်တော့ သူ့ကိုယ်ထဲရှိ ဝဲက ပြန်ကျုံ့လာသည်လို့ ဝမ်းလင်းက ခံစားမိ လာရသည်။
ဝမ်လင်းက အသက်ဝဝ ရှူလိုက်၏။ သူက နောက်ထပ် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးတစ်လုံး ထပ်ယူလိုက်သည်။ ဝဲက စွမ်းအားများ ပြန်မြင့်လာခဲ့ပြီး ထပ်မံ ပျံ့နှံ့ပြန်သည်။
ဝမ်လင်း အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ချိုးဖျက်နေသော ဖြစ်စဉ်မှာ တဖြည်းဖြည်း ဖြင့် အချိန်ကြာ လာခဲ့သည်။ အချိန်မည်မျှ ကုန်သွားသည်ကိုပင် မသိတော့ချေ။ ဝမ်လင်းက ရှစ်ခုမြောက် ဆေးလုံးကို သောက်သုံးပြီးနောက် ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဝဲက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့မြင့်တက် လာသည်။ သူ့တစ်ကိုယ်လုံးမှ မရေမတွက်နိုင်သော အလင်းများ ပေါက်ကွဲမှုနှင့်အတူ ခန္ဓာကိုယ်ရှိ ဒွါရပေါက်များ ထံမှ အမည်းရောင် အရည်များလည်း ထွက်လာခဲ့တော့သည်။
အချိန်တစ်ခု ကြာပြီးနောက် ဝမ်လင်းက မျက်လုံး ရုတ်တရက် ဖွင့်လိုက်သည်။ သူ့မျက်လုံးများက အလင်းတစ်ခုအလား တောက်ပနေ၏။ သူက ခန္ဓာကိုယ်ထဲရှိ သွေးကြောများက ကြည်လင်လို့ နေပြီး အစတုန်းက ထက်လည်း ပိုကြီးမား လာသည်ကို သိလိုက်၏။ သူ့မူရင်း ခန္ဓာကိုယ်ပင် အခြေခံ တည်ဆောက်ခြင်း အဆင့်၌ အခုလို အဖြစ်မျိုး မကြုံတွေ့ခဲ့ရပေ။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ အခုလိုမျိုး ဖြစ်လာခြင်းမှာ ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်ကြောင့် ဆိုတာကိုလည်း သူက သေချာမသိပေ။ တကယ်တော့ ရှေးဟောင်းနတ်ဘုရား ကျင့်စဉ်က စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူသော နည်းလမ်းဖြစ်သည်။
စိတ်ဝိညာဉ် စွမ်းအင်များက ခန္ဓာကိုယ် တစ်ခုလုံးကို ဆေးကြော ပေးခြင်းက ကျင့်ကြံခြင်း အတွက် သင့်တော်၏။ သည်အရာက စစ်မှန်သော အခြေခံ တည်ဆောက်ခြင်းလည်း ဖြစ်သည်။
သို့သော် သည်ပုံစံက ခန္ဓာကိုယ် အတွင်း၌ ပြောင်းလဲခြင်း ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်းကတော့ အပြင်ဘက်ပိုင်း ပြောင်းလဲမှု ဖြစ်၏။ တကယ်တော့ သည်အဖြစ် နှစ်ခုက ခပ်ဆင်ဆင်သာ ဖြစ်သည်။ ရှေးဟောင်း နတ်ဘုရားက စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူပြီး ခန္ဓာကိုယ် အပြင်ဘက်ကို ပို၍ သန်မာလာအောင် အသုံးပြုခြင်း ဖြစ်၏။ ကျင့်ကြံသူများ ကတော့ ကောင်းကင်နှင့် မြေကြီးရှိ စိတ်ဝိညာဉ် စွမ်းအင်များကို အာရုံခံ၍ ခန္ဓာကိုယ် အတွင်းကို ပြောင်းလဲအောင် လုပ်၍ ပိုမို သန်လာအောင် ပြုလုပ်ခြင်း ဖြစ်သည်။ တစ်ယောက်က ခန္ဓာကိုယ်အတွင်း သန်မာအောင် လုပ်၍ အခြား တစ်ယောက်ကတော့ ပြင်ပ ခန္ဓာကိုယ်ကို သန့်စင်ခြင်းလို့ ပြော၍ရသည်။
ဝမ်လင်း၏ မူရင်းကိုယ်က ပြန်လည် တည်ဆောက်ပြီးနောက် ခရမ်းရောင် ကြယ်တစ်ခုက သူ့နဖူးမှာ ပေါ်လာခဲ့ပြီး အပြင်ဘက် ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းကြောင်းသို့ ရောက်နှင့်နေခဲ့ပြီး ဖြစ်သည်။
သူက သူ့ကိုယ်ပွားကို ခန္ဓာကိုယ်ပြန်လည် တည်ဆောက်ခြင်း လမ်းစဉ် မဖြစ်သွားရန် အလွန် ဂရုစိုက်ခဲ့သည်။ ထို့ကြောင့်သူ့ ကိုယ်ပွားက အတွင်းဘက် ကျင့်ကြံခြင်း လမ်းကြောင်းကို လျှောက်လှမ်း နိုင်ခဲ့သည်။
ဝမ်လင်းက ကျောက်စိမ်းပုလင်းကို ထုတ်လိုက်၏။ ခန္ဓာကိုယ် တည်ဆောက်ခြင်း ဆေးလုံးက (၅)လုံးသာ ကျန်တော့လေသည်။ သူက အနည်းငယ် စဉ်းစား လိုက်ပြီးနောက် သည်ဆေးငါးလုံးကို သူ့ကိုယ်ထဲသို့ ထည့်လိုက်ပြီး စတင် လေ့ကျင့်တော့သည်။
အချိန်က တဖြည်းဖြည်း ကုန်လာခဲ့သည်။ ဆေးလုံးများထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကလည်း ပေါက်ကွဲ ထွက်လာခဲ့သည်။ သာမန်လူ တစ်ယောက်က အခုလို များပြားသော စိတ်ဝိညာဉ် စွမ်းအင်များကို တောင့်ခံနိုင်မည် မဟုတ်ပေ။ သာမန်လူ တစ်ယောက်က အခုလိုမျိုး ကြုံရလျှင် သေရင်သော မသေရင်လည်း သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်များ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။
သိုသော် ဝမ်လင်း၏ ရှေးဟောင်း နတ်ဘုရား ကျင့်စဉ်က စိတ်ဝိညာဉ်စွမ်းအင် မည်မျှများသည် ဖြစ်စေ စုပ်ယူ နိုင်ပေသည်။ အခု ခန္ဓာကိုယ် တည်ဆောက်ခြင်း ဆေလုံး(၅)လုံးမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ် စွမ်းအင်များကို သူက ခန္ဓာကိုယ်အား အန္တရာယ် မရှိစေဘဲ စုပ်ယူနိုင်ခဲ့၏။
ဝမ်လင်း၏ အခုလက်ရှိ ကိုယ်ပွားက အခြေခံ တည်ဆောက်ခြင်း အဆင့်အစဦး ပိုင်းလေးကိုသာ ရောက်ရှိသေး၏။ ဝမ်လင်းက သည်အတွက် ကျေနပ်သေးခြင်း မရှိပေ။ သူက အနည်းငယ် စဉ်းစားလိုက်ပြီး ဆေးမီးဖို တစ်ခုကို ထုတ်ယူလိုက်သည်။ သည်ဆေးမီးဖိုက သာမန်ပစ္စည်း တစ်ခုလိုသာ ဖြစ်သည်။ ထူးခြားတာ တစ်ခုက အဝါရောင် စာရွက်တစ်ခုနှင့် ချိပ်ပိတ်ထားခြင်းသာ ရှိသည်။
သည်ဆေးမီးဖိုက ဝမ်လင်း ယွင်ဖေးထံမှ ရခဲ့သော ဆေးမီးဖို ဖြစ်သည်။ ယွင်ဖေး သေသွားသောအခါ သည်ဆေးမီးဖိုက ဝမ်လင်းဟာ ဖြစ်လာခြင်းက ပုံမှန်သာ ဖြစ်၏။
ဝမ်လင်းက သည်ဆေးမီးဖိုကို သေချာ မလေ့လာကြည့်ဖူးပေ။ အခုချိန်မှာတော့ သူက ဆေးလုံး အများကြီး ထုတ်ရန်လိုနေ၏။ သူက ပုတီးစေ့ အထဲသို့ ဝင်ရောက် လာရသော အကြောင်းတစ်ခုမှာ သည်ဆေးမီးဖို အတွက် ဖြစ်ပေသည်။
ဝမ်လင်းက ဆေးမီးဖိုကို စူးစိုက်ကြည့် လိုက်ရာ သူ့မျက်လုံးများက တုန်ခါသွားသည်။ သူက သည်အရာဟာ သာမန် မဟုတ်ကြောင်း သိလိုက်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး ဆေးမီးဖိုကို ထုတ်၍ လှုပ်လိုက်၏။ ထိုအခါ ဆေးမီးဖို အထဲမှ မသဲမကွဲ အသံများ ထွက်ပေါ်လာသည်။ အထဲမှာ တစ်ခုခု ရှိနေသည့်ပုံပင်။ ဆေးမီးဖိုထဲမှာ ဖြစ်ပြောသောကြောင့် ဆေးလုံး တစ်လုံးဖြစ်ရန် များ၏။
ဘာလို့ တစ်ယောက်ယောက်က အဝါရောင် စာရွက်ကို ဆေးမီးဖိုး ပေါ်မှာ ထားထား ရတာလဲ။ ဒီအဝါရောင် စာရွက်ရဲ့ အသုံးဝင်ပုံက ဘာလဲ။ ဝမ်လင်းက အဝါရောင် စာရွက်မှာ မည်သည့်အရာမှန်း မသိသေးသည့် အတွက် ဆေးမီးဖိုကို မဖွင့်သေးပေ။
အနည်းငယ် စဉ်းစား လိုက်ပြီးနောက် ဝမ်လင်းက စိတ်ဝိညာဉ်စွမ်းအင် ငွေရောင်အမျှင်တန်း တစ်ခုကို စာရွက်ပေါ်သို့ ထိတွေ့စေ လိုက်သည်။ စာရွက်နား ရောက်လာသည်နှင့် သည်ငွေရောင် အမျှင်တန်းက စာရွက်ထဲသို့ ဝင်ရောက်သွား၏။
ဝမ်လင်း၏ မျက်လုံးများက တောက်ပသွားသည်။ သူက ဆေးမီးဖိုကို မြေပေါ်သို့ ချလိုက်၏။ သူ့လက်က ချိပ်ပိတ်ဟန် များစွာ ပြုလုပ်လိုက်ပြီး အော်လိုက်၏။
“ပြန့်ကျဲစမ်း …”
မရေမတွက်နိုင်သော အလင်းများက သူ့ကိုယ်မှ ထွက်ပေါ်လာပြီး ငွေရောင် စိတ်ဝိညာဉ် အမျှင်များ အဖြစ်သို့ ပြောင်းကာ ဆေးမီးဖို ပေါ်သို့ နီးကပ်စေ လိုက်သည်။ သို့သော် သည်အမျှင်များ အားလုံးက စာရွက်နှင့် အလွန် မနီးကပ်ခင်မှာပင် ပြန်ကျဲ့၍ အဝါရောင် စာရွက်ထဲသို့ ပျောက်ကွယ် သွားပြန်၏။
ဝမ်လင်းက မျက်မှောင်ကြုတ် လိုက်မိသည်။ သည်စာရွက်က အမှန် ထူးဆန်းလှ၏။ ၎င်းက စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူ နိုင်နေသည်။
သူက တစ်ခုခု တွေးလိုက်ပြီး လက်ချောင်းဖြင့် ဆေးမီးဖိုကို ဖိလိုက်၏။ လက်နှင့် ထိသောအခါ ဆေးမီးဖိုက မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။ ဝမ်လင်းက ခပ်ဖြည်းဖြည်း စာရွက်ကို ဖယ်လိုက်သည်နှင့် စာရွက်ထံမှ စုပ်အားများ ထွက်လာခဲ့သည်။ ဝမ်လင်း၏ စိတ်ဝိညာဉ်စ ွမ်းအင်များက မထိန်းချုပ်နိုင်ဘဲ စုပ်ယူခြင်း ခံရလေ၏။
ဝမ်လင်းက အစောကတည်းက သတိရှိနှင့် နေသည်က ကံကောင်း သွားခဲ့၏။ သူက စုပ်ယူခံရသည်နှင့် တစ်ပြိုင်နက် လက် ပြန်ဆုတ်လိုက်၏။
သူက နောက်ထပ် မကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သူက ဆေးမီးဖိုကို ဂရုတစိုက် ကောက်ယူ၍ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သည်မီးဖိုက အလွန် ထူးဆန်းလှ၏။ သူက မီးဖိုကို စရခဲ့တုန်းက သိုလှောင်အိတ်ထဲသို့ ထည့်၍ မရပေ။ သို့သော် အခု သူ့ကိုယ်ပွားကတော့ ထည့်၍ ရနေသည်။
မီးဖို၏ထူးဆန်းမှုများက သူ့ကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်နေ၏။
သူက မီးဖိုကို ထားလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ပုတီးစေ့ထဲမှ ပြန်ထွက်လာခဲ့၏။
သူက ခြံထဲ၌ ပေါ်လာသည်နှင့် တစ်စုံတစ်ခုကို သတိပြုမိ လိုက်သည်။ သူက သွေးနံ့ ဖျော့ဖျော့ကို အနံ့ခံမိ၏။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု လိုက်ရာ ခြံတံခါးမ အဝသို့ အကြည့်ရောက် သွားသည်။ သွေးနံ့က ထိုနေရာမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။
ဝမ်လင်း ဂိတ်တံခါးဝသို့ ရောက်လာသောအခါ စိတ်ဝိညာဉ် လူဝံ၏ အလောင်းကို တွေ့မြင်လိုက် ရသည်။ တစ်ကိုယ်လုံးလည်း ဒဏ်ရာဗရပွ ရှိနေ၏။ သေသွားချိန်က မကြာသေးသည့် အတွက် သွေးနံ့များက လေထဲ၌ ပြန့်နေသေးသည်။
ဝမ်လင်းက လူဝံ၏ ညာခြေထောက်ကို ထိကြည့်လိုက်ရာ အရိုးအားလုံး ကျိုးကျေ နေသည်ကို တွေ့ရ၏။ သည်လူဝံက သူ့ကို အခြေခံ တည်ဆောက်ခြင်း ဆေးလုံးဖော်စပ်နည်း လာပေးခဲ့သော အကောင်ပင် ဖြစ်သည်။
ဝမ်လင်း မျက်လုံးများက မြင့်တက်လို့ လာ၏။ လူဝံ၏ ဝမ်းဗိုက်မှာ လက်ရိုက်ချက် တစ်ခုကြောင့် ကြေမွပျက်စီး နေလေသည်။ ထို့ကြောင့် လူဝံ၏ အမြုတေကို ယူရန် ဖြစ်နေသည်မှာ ရှင်းလင်းလို့ နေ၏။ ဝမ်လင်းက သူကိုယ်တိုင်လည်း အခုလိုမျိုး လုပ်ခဲ့ဖူးသည်။ ထို့အတွက်ကြောင့် အနည်းငယ် စဉ်းစား လိုက်သည်နှင့် အဖြေတန်း ရခဲ့သည်။
သူက ချန်စီယန်က အခုလိုမျိုး လုပ်လောက်လား၊ မလုပ်လောက်လား မသိချေ။ သည်တစ်နှစ်ခွဲ အတွင်း ချန်စီယန်နှင့် လူဝံ နှစ်ကောင်မှာ နက်ရှိုင်းသော ဆက်နွှယ်မှု ရှိခဲ့သည်။ လူဝံက ချန်စီယန်အစား ဆေးနည်းကို လာပို့ကတည်းက ဝမ်လင်းသည် တစ်ခုခု ဖြစ်နေလားဟု တွေးမိခဲ့သေးသည်။
ချန်စီယန်က သူ့ကို ဆေးနည်း ပေးခဲ့သည့် အတွက် သူက အခုကိစ္စကို လျစ်လျူမရှုနိုင်ပေ။
သူက သက်ပြင်းတိတ်တဆိတ် ချမိလိုက်သည်။ သူက လူဝံကို ထပ်မံ မကြည့်တော့ပဲ သူ့အခန်းထဲသို့ ပြန်ဝင် လာခဲ့တော့၏။ အခုချိန်၌ သူက စိတ်ဝိညာဉ် အရည်ကို သောက်ခြင်းမရှိဘဲ အတားအဆီး စက်ဝိုင်းတစ်ခုကို ဖော်ထုတ်နိုင်ပြီ ဖြစ်၏။ အတားအဆီး စက်ဝိုင်းက မြေပေါ်သို့ ကျလာသည်နှင့် မြေကြီးများကို ဖြတ်၍ လှိုင်းတွန့်များ ဖြစ်သွား၏။ သည့်နောက် တဖြည်းဖြည်းနှင့် အဖြူရောင်ဝတ် လူငယ် တစ်ယောက်က စက်ဝိုင်းကြားမှ ထွက်လာခဲ့တော့သည်။ သူထွက်ပေါ် လာသည်နှင့် အေးစက်သော လေများပါ အတူ ထုတ်လွှတ်လာ ဟန်ရှိသည်။
***