ချန်စီယန်က ကျိတ်၍သာ သက်ပြင်း ချမိလိုက်သည်။ သူက ဝမ်လင်းက ဆရာတစ်ယောက် အလား တွေးလိုက်သည်။ အလွန်လှသော မိန်းကလေးတစ်ယောက် သူ့ရှေ့ ရောက်လာတာတောင် သူက မလှုပ်မယှက် နေနေလေသည်။ ချန်စီယန်က သူကိုယ်သူ ဝမ်လင်းလိုမျိုး အဆင့်သို့ ဘယ်တော့မှ မရောက်နိုင်လောက်လို့ ခံစားလိုက်ရသည်။
ချန်စီယန်က အသက်ဝဝ ရှူကာ ပြောလိုက်သည်။ လျို့ယွဲ့ … ဂျူနီယာ ညီမလေး … စီနီယာအစ်မ ရှိလား … ငါက ဝမ်လင်းနဲ့ တကယ့် သူငယ်ချင်းကောင်းပါ … သူကလန်ကို စရောက်ကတည်းက ငါသူ့ကို ဂရုစိုက်ခဲ့တယ် …။ ဒါကြောင့်နင် ငါ့ကို သူပြောသလို ကူညီပေးနိုင် မလား …”
လျို့ယွဲ့က ချန်စီယန်ကို စူးစိုက်ကြည့်ပြီး စိတ်အချဉ် ပေါက်ဟန်ဖြင့် ပြောလိုက်သည်။
“နင်က စီနီယာ တစ်ယောက်လား … ဟမ် …” သူမက ဝမ်လင်း ထွက်သွားသော အရပ်သို့ ကြမ်းတမ်းစွာ လှမ်းကြည့် လိုက်ပြီးနောက် ကြိုးကြာ တစ်ကောင်ပေါ်သို့ တက်ကာ လေထဲပျံတက် သွားတော့သည်။
ချန်စီယန်က သက်ပြင်း ချလိုက်တော့၏။ သူက ထွက်သွားရုံသာ ရှိတော့သည်။ လျို့ယွဲ့၏ သာယာသော အသံလေးက အဝေးမှ လွင့်လာလေသည်။
“ငါ့နောက် ကိုယ့်ဘာသာ လိုက်လာခဲ့ … ဒါပေမဲ့ ဒီတစ်ခါ နောက်ဆုံးပဲ …”
ချန်စီယန်က စိတ်လှုပ်ရှားမိ သွားသည်။ သူက ကြိုးကြာနောက်သို့ အလျင်အမြန် လိုက်သွားတော့သည်။
ဝမ်လင်က အနောက်ဘက်ခြံမှ ထွက်ခွာ လာပြီးနောက် သူနေသည့် မြောက်ဘက်ခြံသို့ ပြန်လာလိုက်သည်။ သူက သူထားခဲ့သော အတားအဆီးကို စစ်ဆေးလိုက်ရာ သူ့အခန်းထဲသို့ မည်သူမျှ မဝင်ရောက် သွားကြောင်း သိလိုက်သည်။
သူက အိမ်ပြန် ရောက်သည်နှင့် လီမူဝမ် ပေးခဲ့သော ဆေးမီးဖိုကို ထုတ်လိုက်သည်။ သည့်နောက် သူက စတင် လေ့ကျင့်တော့၏။
သူက သူ့ကျင့်ကြံမှု အဆင့်ကို မြှင့်တင်နိုင်ရန် အချိန် အနည်းငယ်သာ ရှိကြောင်း သိလေသည်။ သူက လီမူဝမ်ကို သူ့သရုပ်မှန်ကို ပြသခြင်း မရှိခဲ့ပေ။ သူက စဦးစိတ်ဝိညာဉ် အဆင့်သို့ မရောက်သေး သရွေ့ သူကိုယ်သူ ထုတ်ဖော် ပြသရန် အစီအစဉ် မရှိပေ။ အခြေအနေ တစ်ခုခုသာ ပြောင်းသွားခဲ့ရင် သူခက်ခက်ခဲခဲ ရအောင် လုပ်ခဲ့သော တိမ်ကောင်းကင် ကလန်၏ တပည့်တစ်ယောက် အဖြစ်က အလဟဿ ဖြစ်သွားပေလိမ့်မည်။
လီမူဝမ်က သူ့အရင် ခန္ဓာကိုယ်၏ နာမည်ကိုသာ သိခဲ့ခြင်း ဖြစ်သည်။ သို့သော် နာမည်လေး တစ်ခုက မည်သို့မျှ အရေးမကြီးပေ။
ဝမ်လင်းက လီမူဝမ်နှင့် ပတ်သက်လို့ စိတ်ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ သူက ကျင့်ကြံမှု လောကထဲသို့ ခုန်ဝင်လာ ကတည်းက သူက မိန်းမများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော် လီမူဝမ် တစ်ယောက်တည်းသာ သူနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့သော တစ်ယောက် ဖြစ်ခဲ့သည်။
တကယ်တော့ ဝမ်လင်းက သူမအပေါ် ခံစားချက်ရှိမည် ဆိုလျှင်လည်း သူက သူမနှင့် ဝေးအောင် နေရဦးပေမည်။
မျက်စိတစ်မှိတ် အတွင်း၌ လများစွာက ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်လင်း၏ တံခါးပိတ် လေ့ကျင့်မှုကလည်း မပြီးဆုံးသေးချေ။ ဝမ်လင်း၏ ဆေးဝါး ပညာနှင့် ပတ်သက်သော ကျွမ်းကျင့်မှုများ ကတော့ အတော်လေး တိုးတက် လာခဲ့ပြီ ဖြစ်သည်။ အမှန်တော့ သူက ဆေးပညာ၌ များစွာ အရည်အချင်း မရှိပေ။ သူက လီမူဝမ် ပေးခဲ့သော ဆေးမီးဖိုကို အသုံးပြုပြီး အကြိမ် (၉၃)ကြိမ် ကျရှုံးပြီးမှ မီးကို ကျွမ်းကျင်စွာ ထိန်းချုပ်လာနိုင်ခြင်း ဖြစ်သည်။
သည့်နောက် သူက ကျောက်လင်း ပေးခဲ့သော ကျောက်စိမ်းပြားထဲမှ အချက်အလက်များကို အသုံးပြု၍ ဆေးလုံး သန့်စင်ရန် စတင် လိုက်တော့သည်။ သူက ဥယျာဉ်ထဲမှာ ရှိသော ဆေးပင်များကို သုံး၍ တဖြည်းဖြည်း ဆေးလုံးကို ကြိုးစား သန့်စင်နေသည်။ သူက ဆယ်ကြိမ်လောက် ကြိုးစားမှ တစ်ကြိမ်လောက်သာ အောင်မြင်၏။
သူက ထိုသို့သာ ဆက်ဖြစ်နေမည် ဆိုပါက ဥယျဉ်ထဲ၌ ဆေးပင်မည်မျှ များပါစေ အခုလို သုံးစွဲပုံမျိုးကို ခံနိုင်မည် မဟုတ်ချေ။
နောက်ဆုံး၌ ဆေးအမယ် တစ်ခု ကုန်သွားသဖြင့် ဝမ်လင်းက စိတ်ဝိညာဉ် အရည်ကို ထိုအစား အသုံးပြုလိုက်သည်။ အံ့ဩစရာ ကောင်းသည်မှာ သန့်စင်ခြင်းက အောင်မြင်ခဲ့လေ၏။
သည်အရာက တစ်ကြိမ်တည်း အောင်မြင်ခြင်း မဟုတ်ပေ။ စိတ်ဝိညာဉ် အရည်ကို အသုံးပြုလိုက်သည့် အချိန်တိုင်း အောင်မြင်မှုနှုန်းက များစွာ တိုးလာခဲ့ခြင်း ဖြစ်သည်။ ဆယ်ကြိမ်လျှင် ကိုးကြိမ် အောင်မြင်ခဲ့လေ၏။ အကြိမ်များစွာ စမ်းသပ်ပြီးနောက် ဝမ်လင်းက စိတ်ဝိညာဉ် အရည်၏ စွမ်းရည်က ဆေးလုံး သန့်စင်ခြင်းနှုန်းကို တိုးစေကြောင်း သေချာ သိလိုက်သည်။
ရလဒ် အနေဖြင့် စိတ်ဝိညာဉ် အရည်နှင့် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့တို့၏ အကူအညီကြောင့် သူ့ကျင့်ကြံမှု အဆင့်က မယုံနိုင်ကောင်းအောင် တိုးလာခဲ့သည်။ အခုသူက ချီစုဆောင်းမှု အလွှာ (၁၅)သို့ ရောက်လာခဲ့ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်နှင့် လွန်စွာ နီးကပ်နေခဲ့ပြီ ဖြစ်၏။
ဝမ်လင်းက သူ့မူရင်း ခန္ဓာကိုယ်က အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်အောင် ကြိုးစားချိန်တုန်းက အကြောင်းကို ရှင်းလင်းစွာ ပြန်မှတ်မိနေ၏။ ထိုအချိန်တုန်းက သူက မည်မျှ ကြိုးစားကြိုးစား ကျရှုံးခဲ့ရသည်။ နောက်ဆုံးမှာ စစ်ထူနန်က သူ့ကို နည်းလမ်းသုံးခု ပြောပြခဲ့သည်။ ပထမ တစ်ခုက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး၊ ဒုတိယက အခြား တစ်ယောက်၏ အခြေခံကို ခိုးယူခြင်း၊ နောက်ဆုံး တစ်ခုက စဦးစိတ်ဝိညာဉ် တစ်ယောက်၏ အကူအညီ ဖြစ်၏။
အခြေခံ တည်ဆောက်ခြင်း ဆေးလုံးများကလည်း ရှားပါးလွန်းပြီး စဦးစိတ်ဝိညာဉ် အဆင့်ကလည်း သူ့ကို ကူညီပေးခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဝမ်လင်းက ထိုအချိန်တုန်းက အခြား တစ်ယောက်၏ အခြေခံကို ခိုးယူရန် ဆုံးဖြတ်ခဲ့ရသည်။
အခု သူ့ကိုယ်ပွား ခန္ဓာကိုယ်က သည်အဆင့်သို့ ရောက်လာသောအခါ သူက အခြေခံ ခိုးစရာလည်း မလိုသလို စဦးစိတ်ဝိညာဉ် အဆင့်တစ်ယောက်၏ အကူအညီလည်း မလိုတော့ပေ။ အကြောင်းမှာ သူက ဆေးပညာကို လေ့လာပြီးသောကြောင့် ဖြစ်သည်။
သို့သော် အခြေခံ တည်ဆောက်ခြင်းဆေးလုံး ဖော်စပ်နည်းက ရရှိရန် မလွယ်ကူပေ။ ပုံမှန်ဆိုရင် ဆရာက ဆေးလုံးကို သူ့တပည့်အတွက် လက်ဆောင်ပေးသည်။ သို့သော် ကျောက်လင်းက အခုချိန်၌ တံခါးပိတ် လေ့ကျင့်နေသည်။ သူက ဝမ်လင်းက ချီစုဆောင်းမှု အလွှာသုံးမှ အလွှာ (၁၅)သို့ အခုလို ရောက်လာလိမ့်မည် ဟုလည်း လုံးဝ ထင်ထားမိမည် မဟုတ်ပေ။
ဝမ်လင်းက ခြံထဲမှာ ထိုင်နေရင်း စဉ်းစားနေသည်။ သူက လက်ဝှေ့ယမ်း လိုက်ပြီး ချန်စီယန်ထံမှ ရခဲ့သော အသံပြောင်း ပစ္စည်းကို ထုတ်ယူလိုက်သည်။ သည်ခုနစ်လ အတွင်း ချန်စီယန်က ဝမ်လင်းထံ မကြာခဏ လာရောက် လည်ပတ်လေ့ ရှိသည်။
ဝမ်လင်း၏ အသွင်က လေးနက်လျက် ရှိသည်။ သူက အသံမက်ဆေ့ တစ်ခုကို ပို့လွှတ်လိုက်ပြီး ချန်စီယန်ကို ထိုင်စောင့်လို့ နေသည်။
သိပ်မကြာခှာ သားရဲအော်သံ တစ်ခုကို ကြားလိုက်ရပြီး ချန်စီယန်က စိတ်ဝိညာဉ် လူဝံကို စီးနင်း၍ ခြံထဲသို့ ဝင်လာခဲ့တော့သည်။ သူက ဝမ်လင်းကို မြင်လိုက်သည်နှင့် ပြုံး၍ ပြောလိုက်သည်။
“အစ်ကို … မင်းငါ့ကို ဘာအတွက် ခေါ်လိုက်တာလဲ …”
ဝမ်လင်းက သူ့ကို ကြည့်၍ ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။
“မင်းမှာ အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်နည်း ရှိလား …”
ချန်စီယန်က ပြန်ဖြေလိုက်၏။
“ဒီအခြေခံ တည်ဆောက်ခြင်း ဆေးညွှန်း မရှိဘူး …”
ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွားသည်။ သူက လီမူဝမ်ကို ထပ်ရှာ ရတော့မည်ဟု တွေးမိလိုက်ပြီး သက်ပြင်းချမိ လိုက်သည်။
“ဒါပေမဲ့ အစ်ကိုက အခုလို ပြောလာတော့လည်း ငါ ကြိုးစားပေးမယ် …။ ငါ့မှာ မရှိပေမဲ့ ငါ့ဆရာမှာတော့ ရှိမှာပဲ …။ ငါ့ကို အချိန်သုံးရက်ပေး …။ ငါ ဒီဟာကို ခိုးလာပေးမယ် …” ချန်စီယန်က ဂုဏ်ယူသည့် ဟန်ဖြင့် ဝမ်လင်းကို ထိုသို့ ပြောလိုက်သည်။ ချန်စီယန်က အပေါ်ကို မော့ကြည့်ကာ ထပ်ပြော လိုက်ပြန်သည်။
“ဒီနေ့က ငါအစ်မတုန်နဲ့ အပြင်မှာ ချိန်းထားတယ် …။ ငါစကားဆက် ပြောလို့မရတော့ဘူး …။ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးနဲ့ ပတ်သက်လို့တော့ မပူပါနဲ့ …” သူက ထိုသို့ ပြောပြီးနောက် လူဝံကို စီး၍ ထွက်ခွာ သွားတော့သည်။
ချန်စီယန်က သူပြောသလို သုံးရက်မကြာခင်ဘဲ နှစ်ရက်နှင့် ရောက်လာခဲ့သည်။ ချန်စီယန်က သူကိုယ်တိုင် မလာသော်လည်း လူဝံ အကြီးကောင်ကို လွှတ်၍ ကျောက်စိမ်းပြား တစ်ခု ပေးခိုင်းလိုက်ခြင်း ဖြစ်သည်။ လူဝံက ကျောက်စိမ်းပြားကို ထား၍ ချက်ချင်း ပြန်ထွက်ခွာ သွားသည်။
ဝမ်လင်းက အပြင်ထွက် လာသောအခါ လူဝံ၏ ကျောဘက်ကိုသာ တွေ့လိုက်ရသည်။ သူက လူဝံကို အာရုံစိုက်၍ ကြည့်လိုက်သော အခါ လူဝံ၏ညာဘက် ခြေထောက်က ဒဏ်ရာ ရနေသည်ကို သတိပြုမိ လိုက်သည်။
ဝမ်လင်းက ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူက အနည်းငယ် စဉ်းစား၍ ခြံဝင်းထဲသို့ ပြန်ဝင်သွား လိုက်သည်။
နောက်ဆယ်ရက်လုံး ဝမ်လင်းက သူ့ဆေးပညာကို အားသွန်ခွန်စိုက် ကြိုးစား နေလိုက်သည်။ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးက စိတ်ဝိညာဉ် ဆေးလုံး ဖြစ်၏။ ဝမ်လင်း၏ လက်ရှိဆေးပညာဖြင့် သည်ဆေးလုံး ဖော်စပ်ရာ၌ ကျရှုံးမှု အလွန် များလေသည်။
သို့သော် စိတ်ဝိညာဉ် အရည်အချို့ ထည့်လိုက်ပြီးနောက် အောင်မြင်မှုနှုန်းက များစွာ တိုးလာခဲ့သည်။ သို့ရာတွင် သည်တိုးတက်မှုက ပိုင်ယွမ် ဆေးလုံးကို မမိပေ။ စိတ်ဝိညာဉ် အရည်ကို အသုံးပြုပြီး ပိုင်ယွမ် ဆေးလုံးကို ပြုလုပ်တုန်းက ဆယ်ကြိမ်မှာ ကိုးကြိမ် အောင်မြင်ခဲ့သည်။ အခု အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကတော့ ဆယ်ကြိမ်မှာ (၅)ကြိမ်၊ (၆) ကြိမ်လောက်သာ အောင်မြင်ခဲ့၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက ကောက်ချက် ချလိုက်၏။ သည်စိတ်ဝိညာဉ် အရည်က အရည်အသွေး ပိုရှိသော ဆေးလုံးကို ပြုလုပ်ရာတွင် အကျိုးသက်ရောက်မှု ပိုနည်းပေသည်။
သို့သော် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့က မပြည့်စုံသေးပေ။ ဝမ်လင်းက ၎င်းအတွက် လိုအပ်သော ဒြပ်စင်များကို ကြိုးစား ရှာဖွေခဲ့၏။ သို့ရာတွင် သည်ဒြပ်စင်များက ရှာရန် အလွန် ခက်ခဲသည်။ မီးဒြပ်စင်ကို ဖြည့်ဆည်းရန် ပုတီးစေ့က စိတ်ဝိညာဉ် သားရိုင်း (မီးအထူးပြုသားရဲ) ကို လုံးဝ စုပ်ယူခဲ့ရသည်။
ထို့ကြောင့် ကျန်နေသေးသော မြေကြီး၊ သစ်သားနှင့် သတ္တု ဒြပ်စင်များကို ပုတီးစေ့အတွက် ဖြည့်ဆည်းနိုင်ရန် အလွန် ခက်ခဲလှကြောင်း သိနိုင်၏။ အခုချိန်ထိ ဝမ်လင်းက ထိုအတွက် မည်သည့် နည်းလမ်းမျှ မတွေ့မိသေးချေ။
ဒြပ်စင်များ အနက် ရေဒြပ်စင်က ရှာရန် လွယ်ခဲ့ပြီး သစ်သား ဒြပ်စင်ကလည်း သိပ်မခက်ပေ။ သစ်သားဒြပ်စင်က မပြည့်စုံသေးသော်လည်း သစ်ရွက် ခုနစ်ခုက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့၌ ပေါ်လာနိုင်ခဲ့ပြီး ဖြစ်သည်။
သတ္တုနှင် မြေကြီး ဒြပ်စင်တို့က လုံးဝ အရိပ်အယောင်တောင် မရှိသေးပေ။ ဝမ်လင်းက အရာများစွာကို စမ်းသပ်ကြည့်သော်လည်း သည်အရာ အကုန်လုံးက ပုတီးစေ့အပေါ် မည်သို့မျှ မသက်ရောက်ဘဲ ရှိနေသည်။
ဝမ်လင်းက ပုတီးစေ့မှ ရသော စိတ်ဝိညာဉ် အရည်ကို လုံးဝ နားလည်နေခဲ့ပြီး ဖြစ်၏။ မီးဒြပ်စင် အပြည့်အဝ ဖြည့်ဆည်း ပြီးသောအခါ စိတ်ဝိညာဉ် အရည်က အစကထက် ပိုသာလွန် လာပေလိမ့်မည်။
ရလဒ် အနေဖြင့် ထိုအခါကျလျှင် စိတ်ဝိညာဉ် အရည်က အဆင့်မြင့်ဆေးလုံး သန့်စင်ခြင်းကိုပါ သက်ရောက်မှု ရှိလာနိုင်မည် ဖြစ်သည်။
ဆယ်ရက် ကြာပြီးနောက် ဝမ်လင်းက ဥယျာဉ်ထဲရှိ ဆေးပင်များ အားလုံးကို အခြေခံ တည်ဆောက်ခြင်း ဆေးလုံးအတွက် အသုံးပြုခဲ့ပြီး ဖြစ်၏။ နောက်ဆုံးမှာ သူက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး (၁၃)လုံး ပြုလုပ် နိုင်ခဲ့လေသည်။
ဝမ်လင်း ကိုယ်ပွား၏ အရည်အချင်းသည် သူ့မူရင်းကိုယ်နှင့် များစွာခြားနားခြင်း မရှိပေ။ မူရင်းကိုယ်ကော ကိုယ်ပွားကောက သာမန် အရည်အချင်းသာ ရှိ၏။ ထို့အတွက် ဝမ်လင်းက အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်လုံးတည်းဖြင့် မလုံလောက်ကြောင်း သိသည်။ သည့်အတွက်ကြောင့်လည်း သူက ဆေးလုံးများကို ပိုများပြားစွာ ပြုလုပ်ခဲ့ခြင်းပင်။
သူက အကုန်လုံး ပြီးစီးသွားမှ သက်ပြင်းချ လိုက်နိုင်သည်။ သူက လက်ဖြင့် နဖူးကို ဖိလိုက်ပြီး ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်လိုက်သည်။ သူက ထိုနေရာလွတ် ထဲသို့ ရောက်သည်နှင့် စိတ်ဝိညာဉ် လူဝံသားရဲက ခြံအပြင်သို့ ရောက်လာခဲ့၏။ လူဝံက တစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နေခဲ့သည်။ သူက အပြင်မှာ ရပ်နေရင်း အချိန်အတော်ကြာ ဟိန်းသံပေး နေလိုက်၏။ ထို့နောက်တော့ ၎င်းက စိတ်ပျက်လက်ပျက် ပြန်ထွက် သွားတော့သည်။
***